Sunday, June 22, 2008

ငရုတ်ဆုံထဲကစပ်ဖျဉ်းဖျဉ်းနှလုံးသား...

ကျနော် အိပ်ရာကနိုးတော့ စပ်ဖျဉ်းဖျဉ်းနဲ့ ကျနော့်တစ်ကိုယ်လုံးလည်း နံစော်နေတယ် ကျနော်ပထမဆုံး စသိလိုက်တာက ငရုတ်သီး.. နောက်.. ကျနော့်ဘေးမှာ ကြက်သွန်ဖြူ..နီ.. နောက်.. ဂျင်း။ ကျနော် ကြောက်လန့်တကြား အပေါ်ကို မော့ကြည့်လိုက်တော့ ကျနော့်ကို ရွယ်ထားတဲ့ ငရုတ်ကျဉ်ပွေ့ကြီး.. နောက်.. သူ။

ကျနော့်ကိုယ်ကျနော် ပြန်ကြည့်လိုက်တော့ တဆတ်ဆတ်တုန်နေတဲ့ ကျနော့်နှလုံးသား။ ဟုတ်ပါပြီ.. သေချာပါပြီ.. ကျနော့်နှလုံးသား ငရုတ်ဆုံထဲရောက်နေပါပြီ။ အဲဒီ့အချိန်မှာဘဲ ငရုတ်ကျဉ်ပွေ့ကြီး “ဝှီး”ခနဲ လေထဲဝဲသံ ကြားလိုက်ရတယ်။ ကျနော် အရဲစွန့် မော့ကြည့်လိုက်တော့.. ရက်စက်တဲ့အကြည့်တွေနဲ့ စိမ်းစိမ်းကားကား ကြည့်နေတဲ့..သူ.. ကျနော် အရမ်းချစ်တဲ့သူ.. ကျနော်ကို အရမ်းချစ်တယ်ဆိုတဲ့သူ.. ကျနော့်ချစ်သူ။

ကျနော် လက်နှစ်ဖက်ကာပြီး တားလိုက်သော်လည်း မမီတော့ဘူး.. အရှိန်ပြင်းပြင်ကျလာတာ “ဒုန်း” ခနဲ ကျနော့် နှလုံးသားတည့်တည့်ကို။ ကျနော် ကြိတ်မှိတ်ခံလိုက်တယ်.. ကွဲအက်သွားပြီ.. သွေးတွေ့စို့နေပြီ.. ငရုတ်သီးတွေနဲ့ စပ်ကုန်ပြီ.. ကြက်သွန်တွေနဲ့ ရောနေပြီ။ တရစပ်.. တရကြမ်း.. အချက်ပေါင်းများစွာ ဆက်တိုက်ကျလာပြီ.. “ဒုန်း..ဒုန်း..ဒုန်း....ဒုန်း” နဲ့ ကျနော် နာကျင်ကြေကွဲစွာ အလူးလူးအလှိမ့်လှိမ့်။ စိစိညက်ညက်ကြေနေပြီ သွေးစိမ်းရှင်ရှင်ကြားမှာ စပ်ဖျဉ်းဖျဉ်းနှလုံးသား တစ်ချက်တစ်ချက် ခုန်သံကြားနေရသေးတယ်။

ကျနော် ပူစပ်ပူလောင်မျက်လုံးကို အားယူဖွင့်ကြည့်လိုက်တော့ ဝေဝေဝါးဝါးတွေ့လိုက်ရတယ် သူ့မျက်ရည်တွေ။ ငိုနေတယ်.. သူငိုနေတယ်.. မျက်ရည်တွေကြားက သူ.. ကျနော့်နှလုံးသားကို ကြေကွဲစွာကြည့်နေတယ်။ ကျနော် အသက်ရှုသံမမှန်တော့.. တစ်ချက်တစ်ချက်သာ ခုန်တော့တဲ့ ကျနော့်နှလုံးခုန်သံတွေ ရပ်လုမတတ်ဖြစ်နေပြီ.. တုန်ရီနေပြီ.. ငိုရှိုက်နေပြီ။ ဒီတစ်ချက်ဟာ နောက်ဆုံးတစ်ချက်များ ဖြစ်နေမလား.. ဒီနောက်ဆုံးတစ်ချက်ကို ခံနိုင်ဦးပါ့မလား.. ကျနော် ကျနော်လေ.. မျက်လုံးကို မှိတ်ထားလိုက်တယ်။

မသိစိတ်က အသိတစ်ခုဝင်လာတယ်.. ဟုတ်တယ်.. ကျနော် သူ့ကို ချစ်နေသေးတယ်.. ချစ်တယ်.. သေချာတယ် ကျနော်နောက်ဆုံးအချိန်ထိ သူ့ကိုချစ်နေမယ်။ အဲဒီအချိန်မှာ ကျနော့်နှလုံးသား ဒေါင့်တစ်နေရာကို “ဖေါက်”ခနဲ မျက်ရည်တစ်စက်လာကျတယ်.. ကျနော်နောက်ဆုံးအကြိမ် သူ့မျက်နှာလေးကို မော့ကြည့်လိုက်တယ်.. အကြင်နာမဲ့ နှုတ်ခမ်းလေးတွေ တုန်နေတယ်.. နောက်ဆုံးတစ်ချက်က ကျနော့်ကို အဆုံးသတ်တော့မှာလား.. တကယ်အဆုံးသတ်သွားပြီလား.... ကျနော်လေ...။

(ကိုရင်နော်)

10 comments:

RePublic said...

ရဲရဲကြီးသာပေးဆပ်လိုက်ပါ ကိုရင်နောင် ၊ ခင်လေးငယ် တစ်ဘ၀လုံးအမှတ်ရနေမှာပါ ၊ ဟီး
ပြောကြည့်တာနော် ၊ဟုတ် မဟုတ်သိဝူးဂျ ၊၊

Anonymous said...

ဟယ်.....ကိုရင်...နင်တော်တော်လျှိုဘဲဟယ်.....
နင့်ချစ်ချစ် ဟင်းချက်တတ်တာ ငါ့ကိုတောင်ပြောပြဘူးဖူးလေဟယ်...
အမေချက်တဲ့ အသဲအမြစ်ကြော်တို့ ချက်တို့တော့ ငါစားဖူးတယ်လေဟယ်.......
ဒါပေမဲ့ ...ဂျင်း ၊ ကြက်သွန်ဖြူ နီ ၊ စပ်သီးတွေ နဲ့ထောင်းထားတဲ့ “အသဲထောင်းကြီး”တော့ တစ်ခါမှ မစားဖူးလို့ပါဟယ်.....
ဟယ်...တော်လိုက်တဲ့ နင့် ချစ်ချစ်.....
ဟယ်....တကယ်တော်...အဟုတ်သားကြီး“တော်”ဘဲ ဟယ်......။
နောက် သူထောင်းရင် ငါ့ကိုခေါ်ပါဟယ်...နော်....
ရွံပေမဲ့ စားကြည့်ချင်လွန်းလို့ပါဟယ်........။

PP said...

ပေါင်ချိန်ရဲ့ ဓါးစက်ထက် ဆိုးနေပါလား :P

Anonymous said...

ကိုရီပတ်ဗလိတ်ကြီး.. Comment က မှားနေပြီ.. ဟုတ်ဘူးနော် အဲ့လို.. ဟဟား.. ဘော်ဘော်အရင်းကြီးတွေ..
ဒင်းကိုများ...ဗျာ.....

Tea said...

နောက်၁၀ချက်လောက် ဒုန်းလိုက် ..ပြီးရော.. ဟီးး

ကိုရင်နော်က တယ်အဒုန်း ခံနိုင်တာပဲနော်..
လေ့ကျင့်ထားလားမသိဘူး..

:D

အိတာ said...

ငရုတ်ကျဉ်ပွေ့ကြီးတဲ့ ...ဟီဟီ မိုက်တယ် ...

မင်းကျန်စစ်။ said...

ဘဝက ဆိုးလိုက်တာ ငါ့ညီရယ်။ အကိုတောင် သနားလိုက်မိလို့ မျက်ရည်ဘုသီးလုံးလောက် ကျမိပါရဲ့။ ရက်စက်လိုက်တဲ့ ကောင်မလေးနော်။ ဟင်းမရှိတာနဲ့ အဲဒါကြီး ချက်ရသလားကွာ။ ဟတ်ဟတ်

Unknown said...

ကျုပ်တော့ မစားရဲပေါင်။ ကိုရင်နော်ကြီးက ဘာရောဂါ ရှိမှန်းမသိ။ ဟီးးးးးးးးး

Eduking said...

Blog က တိမ်တွေပေါ်မှာ ဆောက်ထားတာပဲဗျ၊
ပထမဆုံး ရောက်ဖူးတာပါ၊ နောက်လည်း လာခဲ့ပါမယ်။ :)

(C-box မပေါ်လို့ဗျ ) :D

Anonymous said...

ဒီလောက်ထုထောင်းနေတာတောင် မော့ကြည့်နေနိုင်သေးတယ်နော်။း)
ငြုပ်သီးဆားထောင်းပဲ ကြားဘူတယ်။ အသည်းနှလုံးထောင်း ကြားဘူးဘူးနော်။း)

လေးစားလျှက်
ရောင်