Wednesday, July 2, 2008

ရင်ထဲမှာဘာတွေဖြစ်..

အဟွတ်..! အဟွတ်..!! ဒီရက်ပိုင်း နေမကောင်းဖြစ်နေတာ.. နှာခေါင်းတွေပိတ်နေတာလည်း တစ်ပတ်ကျော်ပြီ.. အသက်ရှုရတာလည်း ဝကိုမဝဘူး.. ဆေးသောက်တာလည်း မသက်သာ.. စိတ်ညစ်ပါတယ်။ အိပ်လို့လည်းမကောင်း ခဏခဏလန့်လန့်နိုးနေတယ် လန့်နိုးမှာပေါ့.. ပါးစပ်တစ်ခုထဲနဲ့ အသက်ရှုနေရတာ လေကောင်းကောင်းမရတော့ လန့်ရောပေါ့.. ပါးစပ်ကြီးဟပြီး အိပ်အိပ်နေရတာ မောလှပြီ..။

ညက လန့်ဖြန့်ပြီးနိုးလာတယ် အိပ်မက်လိုလို တကယ်လိုလို၊ ငုတ်တုတ်ထထိုင် မျက်လုံးကိုပွတ် ကိုယ့်ရုပ်ကိုယ်ကြည့်မိတော့ သနားပါတယ် ပါးစပ်ကြီးဟပြီးအိပ်နေလိုက်တာ.. နှာခေါင်းကတော့ လုံးဝကိုလေမထွက်.. ဝင်လည်းမဝင် ပါးစပ်ကတော့ တဟူးဟူးနဲ့.. ကြည့်ရင်းနဲ့ မောလာတယ်။ နှာခေါင်းက ဘာတွေများဒီလောက်ပိတ်နေပါလိမ့်!!! ဘာလို့များ အသက်ရှုမရတာပါလိမ့်!!! စိတ်ဝင်တစား မျက်နှာနား အနီးကပ် ငုံ့ကြည့်မိတယ်ဆိုရင်ဘဲ... အာားးးးးးးးးး........။

ဘယ်ရောက်နေတာလဲ..!! ပတ်ဝန်းကျင်က မှောင်မဲနေတယ်၊ တိတ်ဆိတ်နေတယ်၊ လိမ့်ကျခဲ့တာ.. ဟုတ်တယ်.. တွင်းကြီးတစ်ခုထဲ လိမ့်ကျခဲ့တာ.. တစ်ချက်တစ်ချက် ဗုံတီးသံလိုလို ဘင်ထုသံလိုလို တောခြောက်သံလိုလို ကြားနေရတယ်။ ဘားမှမမြင်ရပါလား.. မမြင်မကန်း ဘေးဘီကိုလက်နဲ့ လိုက်စမ်းကြည့်တော့ ပျော့စိစိစိုထိုင်းထိုင်းနရံတွေ၊ တစ်ကိုယ်လုံးလည်း မိုးမိထားသလို ရေတွေစိုနေတယ်၊ အချိန်အနည်းငယ်ကြာတော့ ပတ်ဝန်းကျင်ကို ခပ်ဝါးဝါးလေးမြင်လာတယ်၊ စမ်းချောင်းလေးတွေ၊ နွယ်ပင်တွေ၊ ပိုးကောင်လေးတွေ.. နောက်.. လေတွေလည်းတိုက်နေတယ်၊ ပူတယ်.. လေပူတွေတိုက်နေတယ်.. ညလား.!! နေ့လား.!! ရာသီဥတုအရမ်းပူနေတယ်။ အားယူပြီးထလိုက်တယ်.. ဟေးး..)))!! လို့ အကူအညီရလိုရငြား အသံကုန် အော်ကြည့်တော့ ပဲ့တင်ထပ်သံတွေသာ ကြားနေရတယ်၊ ကြောက်ရွံ့စိတ်က အလိုလိုနေရင်း ရောက်လာတယ်..။

ချွေးတွေပြိုင်းပြိုင်းကျနေပြီ ရာသီဥတုပူလွန်းလို့လား.. အကြောက်လွန်လို့ ကြောက်ချွေးတွေ ထွက်နေတာလားမသိ။ ကြောက်နေလို့မဖြစ် အကူအညီရလိုရငြား စူးစမ်းကြည့်မှဆိုပြီး.. မရဲတရဲ ရှေ့တိုးဝင်လိုက်တယ်။ ဗွက်ထဲမှာ လမ်းလျှောက်နေရသလို မြေသားက ပျော့စိစိ၊ မညီမညာ၊ နှိမ့်လိုက်မြင့်လိုက်နဲ့.. ကျဉ်းတဲ့နေရာကကျဉ်း ကျယ်တဲ့နေရာကကျယ်.. သေချာပြီ တောနက်ကြီးတစ်ခုထဲရောက်နေတာ မဟုတ်သေးဘူး.. အိမ်ကြီးတစ်လုံးထဲရောက်နေတာ.. ဟုတ်သေးပါဘူး.. လိုဏ်ဂူကြီးတစ်ခုထဲများရောက်နေတာလား.. အသက်ရှုရခက်လိုက်တာ၊ မီးခိုးနံ့တွေရလာပြီ၊ ရှေ့မှာမီးများလောင်နေလား..။

အခန်းတစ်ခု.. ဒါအခန်းတစ်ခုဖြစ်မယ်.. ဆေးလိပ်နံ့.. ဟုတ်တယ်ဒါဆေးလိပ်နံ့.. အငွေ့တွေ... တစ်စုံတစ်ယောက်များ ရှိနေသလားလို့.. မီးခိုးငွေ့တွေထွက်နေတဲ့ အပြာရောင်အခန်းထဲကို ဝင်ကြည့်လိုက်တော့ ပျားသလက်လို ဇကာပေါက်တွေနဲ့ အပြားအကြီးကြီးတစ်ခု ဖေါင်းလာလိုက် ပိန်သွားလိုက်နဲ့ တစွန်းတစ မီးစွဲနေတယ်၊ လေတွေလည်း အရမ်းတိုက်နေတယ်.. မွှန်ထူလာတာနဲ့ အသက်ပြင်းပြင်းရှုရင်း ပြေးထွက်ခဲ့တယ်..။

ဒုန်း..ဒုန်း..ဒုန်းဒုန်း.. ဒုတ်..ဒုတ်..ဒုတ်ဒုတ်..!!! ဗုံသံ..! မဟုတ်ဘူး.. ဘင်သံ..! ဟုတ်သေးပါဘူး.. ဟော.. ရှေ့မှာအခန်းတစ်ခန်း။ အသံတွေကြားနေတဲ့ အခန်းထဲကို ဝင်ကြည့်လိုက်တော့ ရင်ခုန်သံတွေ ပိုမြန်လာတယ်.. စည်းချက်ညီညီတီးနေတဲ့ အနီရောင်သားရေ စည်ကြီးတစ်လုံး.. တီးသူမရှိသော်လည်း တုန်ခါနေတယ်။ အံသြတုန်လှုပ်သွားတယ်.. နားနှစ်ဖက်ကိုပိတ်ရင်း လည့်ပြေးလာခဲ့တယ်..။

ကြက်သွေးရောင် အခန်းကျယ်ကြီး.. အချစ်သီချင်းခပ်တိုးတိုးလေး ကြားနေရတယ်.. သေချာပြီ တစ်ယောက်ယောက်တော့ရှိနေပြီ.. ဝမ်းသာအားရ ပြေးသွားမိတယ်.. ပန်းရနံ့တွေမွှေးနေတယ်.. သီချင်းသံလာရာကို အားကိုးတကြီးကြည်မိတော့ အရိပ်တစ်ခု ရိပ်ခနဲတွေ့လိုက်တယ် သူ.. သူပါလား.. အနီရောင်စမ်းချောင်းလေးဘေးမှာ..။ သူဒီနေရာမှာရှိနေတယ် မယုံနိုင်စရာပါလား.. အသည်းထဲက တစစ်စစ်နာလာတယ် ရက်စက်လိုက်တာလို့ ပြောမလို့အားယူဆဲမှာ ရုတ်တရက်ကွယ်ပျောက်သွားတယ်..။

စိတ်ပျက်အားငယ်စွာ ခေါင်းကိုငိုက်စိုက်ချရင်း စမ်းချောင်းလေးအတိုင်း ဆင်းလာခဲ့တယ်.. ဟာား...!! တွေ့ပြန်ပြီအခန်းကြီးတစ်ခု သစ်သီးတွေ.. ထမင်းတွေ.. ဟင်းတွေ.. စားစရာတွေစုံလို့။ ဟုတ်တယ် ဗိုက်အရမ်းဆာနေတယ်.. စဉ်းစားမနေတော့ဘူး တွေ့တာအကုန်ယူစားလိုက်တယ်.. အရသာမရှိဘူး အရသာမရှိတော့ဘူး.. ဒီအစားအစာတွေက ဘာလို့ဒီနေရာမှာ စုပုံနေတာပါလိမ့်.. ထွက်ပေါက်တစ်ခု.. အပြင်ကိုတိုးထွက်လိုက်တယ်...... ရေကန်ကြီး..။

အဝါရောင်ရေကန်ကြီး.. လှိုင်းတွေထနေတယ် အနံ့မကောင်းပါလား.. ဘေးမှာတွင်းကြီးတစ်ခု.. တွင်းနက်ကြီးတစ်ခု အနံ့ကအရမ်းဆိုးနေတယ်.. ပုတ်ဟောင်ဟောင်အနံ့.. ဘယ်လိုမှမခံစာနိုင်လို့ နှာခေါင်းပိတ်ပြီး ပြေးထွက်ခဲ့တယ်.. နံတယ်.. နံတယ်.. ပြေးပြေး.. လာလမ်းအတိုင်း ပြန်ပြေးထွက်လာခဲ့တယ်.. တောင်ကုန်းပေါ်ပြေးတက်နေရသလို.. မောနေတယ် မှောင်မဲနေတယ် စိုစွတ်စွတ်နရံတွေ.. ပျော့စိစိမြေသားတွေ.. ချိုင့်ခွက်တွေ.. လမ်းလေးကျဉ်းကျဉ်းလာတယ်.. ရေတံခွန်ပေါ်တက်နေရသလို..။

ကျောက်တုံးတွေ.. အဖြူရောင်ကျောက်တုံးတွေ.. စီစီရီရီ.. တစ်လုံးနဲ့တစ်လုံးဆက်နေတယ်.. ရေညှိတွေနဲ့ချောနေတယ်.. ကြိုးစားအားယူကာ တွယ်တက်ခဲ့တယ်.. အလင်းရောင်မြင်နေရပြီ.. လေတွေတိုက်နေတယ်.. ထွက်ပေါက်.. ဒါဟာ..ထွက်ပေါက်ဖြစ်မယ်.. ဟူးးးး..... ပေါ့ပါးသွားတယ် အခုမှအသက်ရှု ချောင်သွားတော့တယ်.. အရင်ဆုံးမြင်ရတာ ဖုန်တက်နေတဲ့ဂီတာတစ်လက်.. စားပွဲတစ်လုံး နောက်..စာအုပ်တွေ.. အောက်ကိုငုံ့ကြည့်လိုက်တော့ ကျနော့်မျက်နှာ.. ဟုတ်တယ် ကျနော်မျက်နှာ.. ပါးစပ်ကြီးဟပြီးအိပ်နေတဲ့ ကျနော့်မျက်နှာ..။

အံသြစရာပါလား..!! နှလုံးခုန်သံတွေတကယ်မြင်ခဲ့တယ်.. ဆေးလိပ်အရမ်းသောက်တဲ့ ကျနော့် အဆုပ်တွေ မီးလောင်နေတယ်.. အသည်းဒေါင့်တစ်နေရာမှာ သူလည်းအခုထိ ပုံရိပ်တစ်ခုအဖြစ် ရှိနေသေးတယ်.. သေချာတာက ကျနော့်ခန္ဓာတွင်းမှာ အလွန်ဆိုးတဲ့ အပုတ်နံ့တွေရှိတယ်.. ဒါဟာအိပ်မက်လား တကယ်လား.. ကျနော်တကယ်ဘဲ ကျနော့်ရင်ထဲလိမ့်ကျခဲ့တာလား....!!

(ကိုရင်နော်)

9 comments:

Tea said...

ကိုရင်နော်ရေ.. စုံပလုံးကို စိနေတာပဲ.. သေချာဖတ်သွားပါတယ်.. ၀ိညာဉ်လား ဘာလား.. အဟိ..

အိမ်မက်ဖြစ်မှာပါ..

အကျယ်ကြီး ဖွင့်ဟထားတဲ့ ပါးစပ်ကြီးကို ပိတ်ပြီး.. နှာခေါင်းနားမှာ ခင်လေးကို ရေမွှေးသုံးချက် လာစွတ်ခိုင်းလိုက်နော်.. ပိုးဟတ်နံ့ကို နိုင်တဲ့ ရေမွှေးလေးပေါ့.. ဟတ်ဟတ်..

ပြီးရင်.. ခင်လေးရေ.. တစ်ခါထဲ.. အလစ်မှာ တွယ်ပလိုက်.. ဟတ်ဟတ်.. :P

တားမြစ် ထားသော... said...

ကျွန်တော်တို့ရင်ထဲမှာ ကျွန်တော်တို့ရဲ့ မသိခြင်းတွေ ရှိနေတတ်တယ်။

PP said...

ကိုရင်နော်တို့ဘ၀ သနားပါတယ်။ ငရုတ်ဆုံထဲ ရောက်လိုက်၊ အမှိုက်ပုံနားရောက်လိုက်နဲ့ အရင်ဘ၀က လမ်းဘေးအသုတ်စုံတို့၊ ၀က်သားဒုတ်ထိုးတို့ ဖြစ်ခဲ့တယ်နဲ့ တူတယ်။ :P

Anonymous said...

ကိုရင်
ပေဖူး ပြော သလိုဘဲ....နင့်ဘဝက ....
အော်....ငိုတောင်ငိုချင်လာဘီ
ချစ်ချစ် ကထောင်းလိုထောင်း
နှာတွေကစီးလိုစီး
ဂရုစိုက်ဦးနော်
တော်ကြာ တစ်ခုခုဖြစ်ရင်ဒုက္ခ
ဟီးးးးး
ငါ သရဲကြောက်တယ်ဟဲ့..

မြရွက်ဝေ said...

ဖတ်ရင်းနဲ့ ကိုယ်တွင်းကလီစာတွေ မြင်ယောင်လာတာ။ တော်သေးတယ် ထမင်းစားပြီးမှ လာဖတ်မိလို့။ :D

RePublic said...

ကိုရင်နော် ကြီး ရေးချက်ကတော့ တကယ့်ရုပ်ရှင်
ဝင်ကြည့်နေရသလို ..သည်းထိတ်ရင်ဖိုပဲဗျာ...
အဆုပ် ပဲ ..အကောင်းမှ မဟုတ်တာ..မီးလောင်ပါစေ..
အသည်းထောင့်မှာ သူလေးရှိသေးတယ်ဟုတ် ....
ဒါအဓိကပဲ ......

ပါဂနာ said...

.♫.ဆက်သောက် .♪..ဆက်သောက်
♫♪..နောက်ထပ် ♫.♪.တစ်လိပ်လောက်.♪

“ဆေးလိပ် ဖြတ် ခြင်းဖြင့်ဂုဏ်ယူပါ”

Unknown said...

လာလည်သွားပါတယ်ဗျာ "တေလေ"
လေးလိပ်ဖြတ်ခြင်းသည်ကျန်းမာရေးကိုသိခိုက်စေပါတယ်

Anonymous said...

ဟုတ်တယ်နော် လူတွေဟာ တခါတလေ အဲလိုပဲ။ ဘယ်တွေရောက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ မသိကြဘူး။ မမြင်နိုင်တဲ့ အရာတွေများစွာနဲ့ အနာဂါတ်ကလည်း မှုံပြပြ။

လေစားလျှက်
ရောင်