Friday, November 28, 2008

နို့စို့ဖက် (သို့) ကျနော်လူဆိုး နိဒါန်း

“အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ...”
အဲ့ဒီလို နှုတ်ဆက်သံနဲ့ ကျနော် လောကကြီးထဲကို စရောက်လာခဲ့တာပါ..။ ကျနော်ကတော့ လူဖြစ်လာပြီဟေ့ လို့ ဟစ်ကြွေးရင်း ဝမ်းသာမြူးထူး ပျော်ရွှင်စွာပေါ့...။ လောကကြီးရဲ့ ကြိုဆိုပုံတွေက ရက်စက်တယ်.. မသင်းဘူး...။ ပထမဦးဆုံး မြင်လိုက်ရတာက ကျနော့်ကို ဖမ်းညှပ်ထားတဲ့ စတီးညှပ်ကြီး..။ နောက် သွေးသံရဲရဲနဲ့ ကတ်ကြေးတွေ.. ဇလုံတွေ...။ ကျနော် စမြင်ဖူးတဲ့ လူသားတွေကလည်း ဇောက်ထိုးတွေ..။ ဇောက်ထိုး ဖြစ်မှာပေါ့ ကျနော့်ကို ခြေထောက်ကနေ ကိုင်ပြီး ဇောက်ထိုး လုပ်ထားကြတာကိုး..။

ကျနော့် ခြေအစုံကိုမပြီး “ဖြန်း” ကနဲ တင်ပါးကို ရိုက်လိုက်တဲ့ ရိုက်ချက်တွေက “မင်းဟာ လောကဓံရဲ့ အထုအထောင်းတွေကို ခံရတော့မယ်လို့” ပြောနေတာများလား..!! အေးသလို နွေးသလို ရေဇလုံထဲကို အထည့်ခံရပြန်တော့ ပထမဦးဆုံး လောကကြီးထဲကို ယူလာတဲ့ အညစ်အကြေးတွေကို ဆေးကြောလိုက်သလို ခံစားရပြန်တယ်။ အနှီးပိတ်ဖြူဖြူလေးကတော့ အမည်းတစ်စက်မှမရှိ ပကတိ ဖြူစင်မှုတွေနဲ့..။ နီတာရဲလေး ကျနော်ကလည်း သန့်ရှင်းဖြူစင် အပြစ်ကင်းလျှက်...။

“အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ...” (( မေမေ.... မေမေရေ ))
နွေးထွေးလွန်းတဲ့ ရင်ခွင်တစ်ခု..။ ဒါဟာမေမေ့ရင်ခွင်ပါပဲ...။ မေမေ့ရင်ခွင်ထဲကနေ ကျနော်မော့အကြည့်.. ကျနော့်ကို ငုံ့ကြည့်နေတဲ့ မေမေ့မျက်နှာလေးက မောပန်းနွမ်းနယ်လွန်းနေပေမယ့် မျက်လုံးတွေက အကြင်နာမေတ္တာတွေ အရောင်လဲ့လို့..။ ဝမ်းသာကြည်နူးမှုတွေနဲ့ မေမေ့နှုတ်ခမ်းတွေ ပြုံးနေတယ်..။ မေမေက မျက်လုံးတွေနဲ့ ကျနော့်ကို စကားစပြောခဲ့တယ်... ။

“သားရေ... လောကကြီးထဲမှာ တွေ့ကြုံရမယ့် လောကဓံ တရားတွေအတွက် မေ့သားလေး.. ဘာမှ မကြောက်ရဖူးနော်.. သားရှေ့မှာ မေမေအမြဲရှိမယ်” လို့ အားပေးခဲ့တာ မဟုတ်လား မေမေ...!! ဒါဟာ မေမေကျနော့်ကိုပေးတဲ့ ပထမဦးဆုံးသော စိတ်ဓါတ်အင်အား...။ နူးညံ့ညင်သာတဲ့ အထိအတွေ့နဲ့ ချိုစိမ့်နေတဲ့ မေမေ့နို့ရည် နွေးနွေးတွေက ကျနော့်ကိုပေးတဲ့ ပထမဆုံး အဟာရခွန်အား...။ နို့စို့ရင်း မေမေ့မျက်နှာကို မော့ကြည့်နေရတာ အေးချမ်းလိုက်တာ..။ ကျနော် နို့သောက်ရင်း အိပ်ပျော်သွားခဲ့တယ်...။

“အဲ့... အဲ့... ဝဲ... အဝဲ... အဝဲ... အူဝဲ... အဲ့... အဲ့... အူဝဲ... အူဝဲ...”
ခပ်စွာစွာ ခပ်ကျယ်ကျယ် ငိုသံတစ်ခုကြောင့် လန့်ပြီး နိုးလာချိန်မှာ မေမေ့နို့ကို စို့နေတဲ့ ကျနော့်လို နီတာရဲလေး တစ်ယောက်..။ ကျနော် အရမ်းကို အံ့သြသွားတယ်.. သူလည်း ကျနော့်ကို မျက်လုံးလေး အဝိုင်းသားနဲ့ လှမ်းကြည့်ပြီး...

“အဲ့... အဲ့... အဲ့...” ((ဟယ်လို... နင်ကဘယ်သူလဲ...))
“အဲ့... အဲ့... အဲ့...” ((အောင်မာ... မင်းကများ ငါ့ကိုမေးရသေးတယ်.. မင်းကဘာလို့ ငါ့အမေနို့ကိုစို့နေရတာလဲ...))

“အဲ့... အဲ့... အဲ့....” ((ဒါနင့်မေမေလား.. ငါမသိဘူး.. ငါ့မေမေကနို့မထွက်လို့ ဒီကိုခေါ်လာပြီးတိုက်တာ...))
“အဲ့... အဲ့... အဲ့....” ((မသောက်နဲ့......))ဲ့

အဲဒီကတည်းက ကျနော်ဟာ မနာလိုခြင်း မကျေနပ်ခြင်းတွေကို စရင်းနှီးခဲ့တော့တာ ယခုထက်တိုင်...။

“အဲ့... အဲ့... အဲ့......” ((ငါအရမ်း ဗိုက်ဆာနေလို့ပါဟယ်...))
“အူဝဲ... အူဝဲ... အူဝဲ.... အူဝဲ..... အူဝဲ... အူဝဲ့ဲ့ဲ့ဲ့ဲ့ဲ”

ကျနော် ဒေါသတကြီးနဲ့ ကျယ်ကျယ်လောင်လောင် ငိုချလိုက်မိတယ်..။ ဖြစ်နိုင်ရင် ကျနော်သူ့ကို လှမ်းပြီး ကန်ထည့်လိုက်ချင်တာလေ ခြေထောက်တွေကို ယားနေတာ..။ ကျနော့်ခြေထောက်တွေကို ကောက်ညှင်းထုပ်လို အနှီးတွေနဲ့ တင်းနေအောင် ထုပ်ထားလို့သာပေါ့..။ မေမေက ကျနော့်ကျောကုန်းလေးကို ပုတ်ပြီး ဖြေသိမ့်ရင်း ချော့သိပ်ပြန်တယ်..။ “သားရယ်.. သူလည်းဆာရှာမှာပေါ့ တိုက်လိုက်ပါနော်.. သားအတွက် မေမေ့မှာ နို့ချိုချိုတွေ အများကြီး ရှိတယ်နော်” လို့ ပြောနေသလို ကျနော်ခံစားလိုက်ရတယ်..။

မေမေ့ဆန္ဒတွေ နှစ်သိမ့်မှုတွေရယ်ကြောင့် လိုက်ရောလိုက်ရပေမယ့် သူ့ကို မကျေနပ်ခဲ့တာ အဲ့ဒီအချိန်ကစလိုက်တာ ခုအချိန်အထိပါပဲ...။ သူနဲ့ကျနော်က လူ့ဘဝထဲကို မတိမ်းမယိမ်း အချိန်လေးအတွင်းမှာ စရောက်ခဲ့ကြတာဆိုရင် အံ့သြကြမယ် ထင်တယ်..။ ကျနော်ကစပြီး သူ့ကို အလျှော့ပေးလိုက်ရသလို ဖြစ်ခဲ့တဲ့ ခံစားမှုနဲ့ ကျနော့်ဟာကျနော် မကျေနပ်ဘူ...။ ဆော့တတ် ကစားတတ်တဲ့ အရွယ်ရောက်တော့လည်း “သူက မိန်းကလေး” ဆိုပြီး မေမေက အလျှော့ပေးခိုင်းပြန်ရော..။ ကျနော်ကလည်း မရပါဘူး နိုင်စားတာပဲ..။ အဲ့ဒီလို ကျနော်က နိုင်စားလိုက်.. သူက တိုင်လိုက်.. မေမေက ရိုက်လိုက်နဲ့ ကျနော် အရိုက်ကြီးကို ခံနေရတာ..။

ကျနော့်မှာသာ မကျေနပ်စိတ်တွေ ထပ်ထပ်လာတာ... ခုလူကြီးတွေ ဖြစ်လာတဲ့အထိပဲ ဆိုပါတော့..။ သူနဲ့ မြန်မြန်ဝေးပါရစေလို့ ဆုတောင်းခဲ့တဲ့ ကျနော့်ဆုတောင်းက မူကြိုရောက်တဲ့နှစ်မှာ ပြည့်ခဲ့တယ်...။ သူ့ ဖေဖေက တာဝန်နဲ့ နယ်ပြောင်းရတော့ သူလည်းလိုက်ရပြီပေါ့...။ ကျနော်လေ အတော်လေးကို ပျော်ခဲ့တာဗျ..။ သူကတော့ နိုင်စားမယ့် ကျနော်နဲ့ဝေးရလို့ အတော်ငိုခဲ့သလားပဲ..။ ဘယ်သူက သူ့ကိုသည်းခံမှာတုန်း...!! သူ့လို စွာတေးတေး ဂျစ်ကန်မကိုများ လူတိုင်းက အော့ကြောလန်..။ အဲ... ကျနော်ခြောက်တန်းအောင်လို့ ခုနှစ်တန်းတက်တဲ့နှစ်မှာ ကံဆိုးမိုးမှောင်ကျစွာ သူနဲ့ပြန်ဆုံရတော့တာ..။ ကံတရားက ကျနော့်ကို မျက်နှာသာ မပေးလိုက်ပုံများနော်....!! “သေချင်တယ်.. သေသာသေချင်တယ်..” နဲ့ လူတွေပြောကြတာ အသက်တွေ တော်တော်ကြီးမှပါ... ကျနော်က အဲဒီ အရွယ်ကတည်းက တစ်ဖွဖွ ငြီးတွားခဲ့မိတာဗျ...။

အချိန်ရရင်တော့ သူနဲ့ကျနော့် အကြောင်း စာတွေ ထပ်ရေးမိဦးမလားမသိ...!! ကျနော့်မှာ အချိန်တိုင်း သူ့ကို လက်စားချေလိုစိတ်က တာဝန်တစ်ခုလို အမြဲတွေးနေမိတာ... မေမေ့ နို့ကိုသောက်ခဲ့တဲ့ သူ့ကို ဘယ်လိုနည်းနဲ့ လက်စားချေရမလဲ အကြိမ်ကြိမ် ကြိုးစားနေမိတာ ခုထက်ထိ...။ နေနှင့်ဦးပေါ့ကွာ.... ကျနော်တေးထားတယ်...!! ကျနော်များ မိန်းမရလို့ကတော့ ကျနော့်မိန်းမကို အမွှာပူးကိုမွေးခိုင်းဦးမှာ... ဟီးးး... ပြီးရင် သူ့ဆီ မရောက်ရောက်အောင်ပို့.... သူ့သား ဒါမှမဟုတ် သူ့သမီးကို ကျနော် နီတာရဲဘဝက ခံစားခဲ့ရတဲ့ မနာလိုမှုမျိုး ထပ်တူခံစားခိုင်းဦးမှာ...။ ကျနော့်မေမေ့ အကြွေးကို ပြန်ဆပ်ဖို့..တောင်းရမယ်..။ ကျနော်လက်စားချေတာခံရဖို့ ဒင်းရော ဒင်းမွေးထုတ်မယ့် နီတာရဲရော အသင့်သာ စောင့်နေကြပေရော့....!!
တွေ့ကြသေးတာပေါ့ ခင်လေးငယ် ဆိုတဲ့ အပေအတူးမရေ..။

(ကိုရင်နော်)

လက်စားချေတာကနောက်... ခုတော့... ကြောက်လို့ပြေးပြီဗျိုးးးး... အမလေး...!!


21 comments:

ခင်လေးငယ် said...

ဟဲ့.... ကောင်စုတ် ကောင်နာ...

ဘာလို့ ဒါတွေရေးလိုက်ရတာတုန်း..!!
ဘာဘဲဖြစ်ဖြစ် ငါကကော နင့်ကို စေတနာတွေ ရှိနေမယ်ထင်လား.. ဝေးသေးးးးး ဟေ့...

နင့်ဟာနင် နန့်တလူးစိန်ပြီး မိန်းမ တစ်ယောက် မကဘူး အယောက် တစ်ရာ ယူယူ... ငါ့ဖာသာ ငါနေနေတာနော်...!!

တော်တော်အားနေလား ဟတ်လား..!!
ငါတို့ပြောင်းတော့ငိုတာ ငါလား..နင်လား..
ပြန်စဉ်းစားဦး ကောင်စုတ်...

ငါမှတ်မိသေးတယ် အဲ့တုန်းက ဆံပင်က လိမ်ကွေးကွေးနဲ့ ဘောင်းဘီရှည် အစိမ်းနဲ့ အနီကြား ဂျိုကာပုံ နင်ဝတ်ထားလို့တောင်
ငါအော်ရယ်မိသေးတာလေ...

နင်သာ အရှက်မရှိ နှပ်ချေးတွေနဲ့...
ငါမအားသေးလို့ post နဲ့တော့ မတွယ်အား
သေးဘူးးး... နင်မှတ်ထားး ငါနဲ့တွေ့မယ်..
ဒါဘဲ... “လဒ”

အိမ် said...

ဟေးဟေးဟေး ကိုနော်နဲ့ မနွယ်က ငယ်သူချင်းတွေကိုး
ခွေးလွှတ်လိုက်ပါ ကိုနော်ရယ် သူ့ခမျာမိန်းကလေးပါဗျာ
ကျနော်နဲ့များကွားပါ့ဗျာ ကျနော်သာဆို အဟေးဟေး
ဒါမျိုးစောင့်နေတာ( စောင့်ရှောက်သည်းခံဖို့ပါနော်)
ခက်တာက ဘယ်သူမှ အနားမကပ်ကြဘူးဗျာ အီးဟီး ကယ်ပါဦးဗျာ

ဟန်သစ်ငြိမ် said...

အော်.... ချိုချို စို့ဖက်တွေကိုး...။ ဘာပဲဖြစ်ဖြစ်... လက်စားချေမယ့်နည်းကတော့ အလန်ပဲဗျို့...။

myooo.nyan said...

အမေ့ရင်ခွင်ထဲက ငြိမ်းချမ်းခြင်းတွေကို.. ရင်ထဲမှာ ပြန်မြင်မိရင်း.. ပြုံးချင်စရာအရေးသားလေးကို ပေါ့ပါးစွာဖတ်လိုက်ရတယ်.. ကျေးဇူးကိုရင်ရေ.. ဘလော့တွေမရောက်ဖြစ်တာကြာပြီ ရောက်ဖြစ်လို့ဖတ်လိုက်ရင်း ကိုရင့်တိုက်ပွဲခေါ်သံကို နှစ်နှစ်ခြိုက်ခြိုက်ဖတ်သွားတယ်ဗျို့....

မိုးမောင်(happycloud) said...

လုပ်ပြန်ပြီ.. ဖြစ်ကျပြန်ပြီ... ကိုရင်.. ကုလသမဂ္ဂ ခေါ်တော့မယ်ဆိုပြော..း)

ခင်မင်လျက်...

တောင်ပေါ်သား said...

ဦးနော် တီငယ် အရမ်းစိတ်တွေ ဆိုးနေပြီ။ ပြန်ချော့လိုက်ပါအုံး။ တော်ကြာ ဦးနော် ငယ်က ဟာတွေ ပြန်ဖော်နေမယ်နော့်း)

Dream said...

ဟားဟား.. ဦးဦးနော်ရေ.. အမြွာပူးမွေးမယ်ဆိုတော့..ကိုပတ်ကျိကို အားကျလို့
လား.... ဒါဆိုမွေးရင် တကောင်လောက်ပစ်လိုက်နော်
ကြော်စားချင်လို့... ဟိဟိ..
ဒါနဲ့ နီတာရဲ က နီကိုရဲ ရဲ့ ညီလား ဦးနော်.. :P :P

တော်သေးတာပေါ့.... လက်စားချေတာ အဲလို အနစ်နာခံပြီးချေလို့ .. ဟတ်ဟ်..
ဒင်းကိုမကျေနပ်လို့တော်သေးတယ်.. ဒွင်းကိုသာ မကျေနပ်ရင် မလွယ်ဘူး.. ဟိဟိ.. ပြေးပြီးဗျို့...
မက်မက် နောက်တာက အသာထား..အရင်တွေ့ရင် ပုလင်းနဲ့ ကောက်ပေါက်နေမှဒွတ်ခ... ပြေးပြီ.... :P

:P :P

Heartmuseum said...

ကိုရင်နော်..... မခင်လေးက အူဝဲကထဲက ဘော်ဘော်ကိုး... မိုက်တယ်ဟ....

Republic said...

ခုလိုရေးမှပဲ တယ်ရင်း ကိုရင်နဲ့ မခင်လေး အကြောင်းပိုသိရတော့တယ် ၊၊ ပြောမနာ ဆိုမနာ ရိုက်မနာ ထောင်းမနာ သူငယ်ချင်းကောင်းတွေပါ ၊၊စာလေးတွေနဲ့ ပျော်ရွှင်ရန်ဖြစ်နေတာ ဖတ်ရသူအတွက် စိတ်ကိုပေါ့ပါးစေပါတယ်၊၊ ကိုရင်ကြီး က ကတ်သီးကတ်သတ် ရေးတတ်ပဗျာ ၊၊
မခင်လေးရေးနေကြ ပေါက်ကွဲသံစဉ်တွေကိုလည်း နားထောင်ချင်သေးတယ် ၊၊ ကလေးလေး အသံလည်းမကြားရတာကြာပီ ၊၊အားလုံးကို သတိရလျက်ပါဗျာ ၊၊
ခင်မင်တဲ့
ကိုလစ်

တားမြစ် ထားသော... said...

အော်၊ နို့စို့ဖက်တွေကိုး။ ကိုရင့်မကြေနပ်ချက်တွေ ဘယ်ကစလည်း ခုမှသိရတော့တယ်။
လက်စားချေနည်းလည်း သဘောကျသဗျ။

ဒါနဲ့ မခင်လေးကတော့ သူငိုတာမဟုတ် ကိုရင်ငိုတာတဲ့နော်။း)

သုခမိန်(E-Journal)

အိန္ဒြာ said...

အော်...
တော်တော်ကြည်နူးစရာကောင်းတာပဲ..
ငယ်ငယ်ကနို့စို့ဖက်သူငယ်ချင်းနှစ်ယောက်က
အခုဝါသနာတူ..စိတ်တူကိုယ်တူ
ရန်ဖြစ်ဖြစ်နေတာလေးတွေကိုက..တစ်ယောက်နဲ့တစ်ယောက်
ဘယ်လောက်ခင်မင်ကြမှန်းသိသာနေပါတယ်..
ခင်လေးရေ..
မျက်ရည်စက်လက်ကျန်ရစ်ခဲ့တဲ့..သူငယ်ချင်းလေးအကြောင်း
တစ်ပုဒ်လောက်ရေးပါလား...
အရမ်းလှမှာ

အိန္ဒြာ

mgngal said...

ဟားဟားဟား .... ဒီနှစ်ယောက် ဒီလိုကိုး ။ ကိုရင်နော်
အကြံကတော့ မိုက်တယ်ဗျာ ။ ဖတ်လို့ ကောင်းတာတော့
အမှန်ပဲ ။ အဆင်ပြေပါစေဗျာ ။

sin dan lar said...

သြော် နို့စို့ဖက်ကိုး....
ခုအချိန်ထိ ချစ်ချစ်ခင်ခင်နဲ့ အဆက်အသွယ်မပြတ်ကြတာ
မင်္ဂလာတစ်ပါးပဲ

GreenGirl said...

ဟယ်..အားကျစရာ။ GreenGirlများ အဲ့လို နို့စို့ဘက် လိုချင်လွန်းလို့ :P

Moe Myint Tane said...

အရမ်းခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ခုလို ရန်ဖြစ်နေတာကိုက ကြည်နူးပျော်ရွှင်စရာလေးပါ။ ဖတ်ရင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးသွားပါတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ရှင်ရဲထွတ် said...

ကိုရင် ခင်ဗျား လက်စားချေမယ့် ဗျူဟာက ကြောက်ခမန်းလိလိ ပါလား ကွယ်ရို့...... တော်ကြာ ဗျူဟာမှားလို့ ခင်ဗျားမိန်းမဆီ သူ့ကလေးတွေ လာစို့နေဦးမယ်.... ကိုရင် နှစ်ခါနာဆို ကြားလို့ မကောင်းဖြစ်ဦးမယ်...... စိတ်လျှော့ စိတ်လျှော့....

အိမ်မက်ရှင် said...

ကိုရင်နော် အမွှာပူးဆိုတာချည်းပါလားဗျ ... ပြုံးမိ ကြည်နှုးမိတယ် အကိုနော်ရေ ... ။


ခင်မင်လေးစားစွာဖြင့်

ကိုရင်နော် said...

အဟေးလို့ တောင် မရယ်နိုင်တော့ပါဘူးဗျာ...
အီးးဟီးးး လို့ ငိုနေတော့မယ်..

ဝေလေး said...

သြော် လတ်စသတ်တော့
ဦးနော်နဲ့ မမခင်လေး နဲ့က ဂလိုကိုး ..
ငယ်ငယ်တည်းကသူငယ်ချင်းတွေ သံယောဇဉ်ကြီးကြမှာနော်.
မိုက်တယ်နော်. လက်စားချေနည်းကတော့ အင်း.. ဦးရှင်ကြီးပြောသွားသလိုဖြစ်နေဦးမယ် စဉ်းစားအုံးနော်.. အဟီးး .. :P

ဇင်ယော် said...

ကိုရင်နော်ကြီး လက်စားချေနည်းကတော့ မိုက်သဗျ။ ဒါပေမယ့် စဉ်းစားဦးနော်။ တော်ကြာ ကိုရှင်ရဲထွတ်ကြီးပြောသလို ဖြစ်နေရင် ဟီးဟီး။ ပွဲကတော့ စပြီ။ မခင်လေးကတော့ ဘယ်လိုပြန်တွယ်မယ် မသိဘူး။ လက်ဝှေ.ဆိုင်းဝိုင်းကို ကြိုပြီးဘွတ်ကင် တင်လိုက်ရတော့မလား။

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော်ကတော့လည်း မွေးကတည်းက မနာလိုတတ်လိုက်တာနော်။
လက်စားချေမယ့်နည်းကလည်းနော် ဦးနော် အရမ်းနစ်နာနေအုံးမယ်။းP

လေးစားလျှက်
ရောင်