Monday, February 2, 2009

ဤသို့ခရီးထွက်ခဲ့ရာဝယ်.. (နောက်ဆုံးအပိုင်း)

ကုန်သွယ်ရေးဌာနရဲ့ နောက်ဖေးပေါက်ကြီးဆိုတာက တခြားမဟုတ်ပါဘူး.. ဝင်လို့ထွက်လို့ တော်တော် အဆင်ပြေတဲ့ ဝင်ပေါက်ကြီး တစ်ခုပါ..။ ဆိုက်ကယ်ရပ်ဖို့ ကားရပ်ဖို့ အကုန်အဆင်ပြေတယ်.. စားသောက်ဆိုင် အကြီးကြီးတစ်ခုကလည်း ရှိသေးတယ်.. မိတ္တူဆိုင်တွေ.. ဖုန်းဆက်လို့ရတဲ့နေရာတွေနဲ့ တော်တော် စည်ကားနေတယ်.. သွင်းကုန်ထုတ်ကုန် ကိစ္စဆိုရင် နေပြည်တော်အထိ လာလုပ်ရတာ ဆိုတော့ အေ့ဂျင့်တွေရော.. ကုမ္ပဏီဝန်ထမ်းတွေရော များမှများ.. ရောက်ဖူးတယ်လို့ ရှိအောင်သာ လိုက်လာခဲ့တာ.. ကိုယ့်ကိစ္စက မရှိလေတော့ ကြောင်တောင်တောင်.. ဟိုကြည့် ဒီကြည့်နဲ့ပေါ့..။

“အန်ကယ်ရေ.. ခွင့်ပြုပါဦးနော်.. ကျနော်လည်း သွားစရာရှိတာလေးတွေ ဆက်သွားလိုက်ဦးမယ်.. အခုလို ကူညီတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်ဗျာ..”
“ကောင်းပြီ ငါ့တူရေ.. အန်ကယ်ကလည်း ကျေးဇူးတင်ပါတယ်.. လမ်းမှတ်မိတယ်မလား.. ဖြေးဖြေးသာ မောင်းသွားတော့ဟေ့.. ကြုံရင်တော့ ပြန်ဆုံကြသေးတာပေါ့ကွာ..”
“ဟုတ်ကဲ့..း) ”

အန်ကယ်ကြီးကို အဲ့ဒီလိုလေး ပြုံးပြနှုတ်ဆက်ပြီး ကုန်သွယ်ရေးကနေ ပြန်ထွက်လာခဲ့ပါတယ်..

တစ်ညနဲ့ တစ်မနက်လေးသာ ဆုံတွေ့ခဲ့ရတယ် ဆိုပေမယ့် အန်ကယ်ကြီးရဲ့ ရင်းနှီးဖော်ရွေမှု.. ရိုင်းပင်းကူညီမှုတွေက လေးစားခင်မင်ဖွယ်.. ဒီလိုပါပဲလေ.. ခရီးသွားရင်း တွေ့ဆုံရင်းနှီး အပြန်အလှန် အကူအညီ ပေးတတ်ကြတာ ဒို့မြန်မာတွေရဲ့ ချစ်စရာအမူအကျင့်လေးတွေပဲ မဟုတ်လား..။

ဆိုက်ကယ်ကို ဖြေးဖြေးမှန်မှန်လေးသာ မောင်းလာခဲ့တာဆိုတော့ စွမ်းအင်ဌာနကို တော်တော်နဲ့ မရောက်နိုင်ဘူး.. ဟိုးခပ်ဝေးဝေးမှာ တည်လက်စ စေတီတော်ကြီးကိုလည်း ဖူးမြင်ခဲ့ရပါတယ်.. ဆောက်လက်စ တံတားတွေ.. အဆောက်အဦးတွေ.. ဖောက်လက်စ လမ်းတွေ မနည်းပါလားနော်.. တွေ့တာမြင်တာတွေ အားလုံးကတော့ ထူးဆန်းရမလိုလို အံသြရမလိုလို..။ ပါလာတဲ့ ကင်မရာလေးကို ထုတ်ပြီး မြင်မြင်သမျှ အမှတ်တရ အကုန်ရိုက်ယူတော့တာပေါ့.. ဓါတ်ပုံက ရိုက်သာ ရိုက်နေရတယ် ခပ်ကြောက်ကြောက်.. တော်ကြာ သတင်းထောက်မှတ်ပြီး လိုက်လာမှ ရှင်းရခက်ဦးမယ်..။ နေကလည်းပူ လေကလည်းပူ.. ပင်ကလည်း ပင်ပန်းနဲ့ လူလည်း ပူတူတူ ပန်းတန်းတန်း ကြီးကိုဖြစ်နေပြီ...။

စွမ်းအင်ဌာနက အတွင်းထဲကို နည်းနည်း ဝင်ရတယ်.. ရုံးထဲကိုတော့ ပင်မဝင်ပေါက်ကနေပဲ ဝင်လိုက်တယ်.. ဒီမှာတော့ နောက်ဖေးပေါက် မရှိလောက်ဖူး ထင်ပါတယ်..း).. ရုံးထဲရောက်သွားတော့ ကိုယ်သွားချင်တဲ့ နေရာကို လိုက်ရှာ.. တွေ့စရာရှိတဲ့သူနဲ့တွေ့.. လုပ်စရာရှိတာတွေလုပ်.. စောင့်စရာရှိတာ ထိုင်စောင့်... ပေးစရာရှိတာပေး.. ဒီလိုနဲ့ ကိစ္စအားလုံးပြီးလို့ နာရီကြည့်မိတော့ နှစ်နာရီကျော်နေပြီ.. ဗိုက်ကလည်း တော်တော် ဆာနေပြီ..။

ဒီတစ်ခါတော့ ဆိုက်ကယ်ကို ခပ်မြန်မြန်လေးစီးရင်း နိုင်ငံခြားရေးဌာနကိုသွားတာ တော်တော်နဲ့ မရောက်ဘူး.. လမ်းတွေကလည်း ဘယ်လိုတွေမှန်းမသိ.. သွားရင်း.. သွားရင်းနဲ့ ဧရာမအဝိုင်းကြီး ရောက်တော့မှ လမ်းကို ပြန်မှတ်မိတော့တယ်.. အင်း ဝေးလေစွ ဝေးလေစွပေါ့..။

နိုင်ငံခြားရေးဌာနမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းနဲ့ လ္ဘက်ရည်ဆိုင်မှာ ခဏထိုင်ရင်း သူညည်းတာတွေ နားထောင် လိုက်ရတယ်.. “နေလို့ကောင်းလား” ဆိုတော့ “ကောင်းဘူး” တဲ့.. “ပျော်လား” ဆိုတော့ “ပျော်ဘူး” တဲ့.. အင်း.. ဒီလိုပါပဲလေ ပျော်ရာမှာမနေရ တော်ရမှာနေရဆိုတာ..” ဘာညာ နည်းနည်းပါးပါး သူ့ကို အားပေးရတာပေါ့..။

ဒီမှာလည်း လူတွေ စည်ကားနေတာပါပဲ.. ဘာလို့ပါလိမ့်လို့.. စပ်စုကြည့်တော့ နိုတြီမှာ တံဆိပ်တုံး လာထု.. လက်မှတ် လာထိုး ကြတာတဲ့.. အင်း.. မလွယ်ပါလားနော်.. ဒါကလည်း အလုပ်တစ်ခု..။

နိုင်ငံခြားရေးဌာနက ထွက်တော့ ဆိုက်ကယ်သမား တစ်ယောက်က သတိပေးသွားတယ်.. ညာမကွေ့ရဘူးနော်တဲ့.. တစ်လမ်းမောင်းတဲ့.. လမ်းထိပ်မှာ ဖမ်းနေတယ်တဲ့.. အဲ့ဒါမှ ခက်တော့တာပဲ ကိုယ်သွားချင်တဲ့လမ်းက ညာဘက်မှာ.. လှမ်းမြင်နေရတယ်.. နီးနီးလေးရယ်. လမ်းပြောင်းပြန် ဖြစ်နေတော့ သွားမရဘူးပေါ့.. အဲ့ဒါနဲ့ ဘယ်ဘက်ကို ကွေ့ပြီး လမ်းမကြီးအတိုင်း ပတ်ပြီး မောင်းသွားလိုက်တာ ကျနော်ထင်တယ် အဲ့ဒီကို ရောက်ဖို့ နှစ်မိုင်ကျော်လောက် မောင်းလိုက်ရရော.. အင်းး.. တစ်မျိုးပါလားနော်.. ပေါ့..။

စည်ပင်ရိပ်သာကို ပြန်ရောက်.. ဆိုက်ကယ် ပြန်အပ်.. အချိန်ကလည်း မနည်းတော့ဘူးဆိုတော့ “တုတ်တုတ်လေး” ကို စီးပြီး နေပြည်တော် မြို့မဈေးကြီးဘက်ကို ဆက်ထွက်လာခဲ့တယ်..။ တုတ်တုတ်ဆိုတာက လူစီးတွဲကို ဆိုက်ကယ်နဲ့ဆွဲတဲ့ ယာဉ်တစ်မျိုးပါ.. လူ (၁၅) ယောက် လောက်တော့ အေးဆေး စီးလို့ရတယ်.. တစ်ခါမှ မစီးဖူးတော့ ပျော်စရာလေးပါ.. အသံလေးကိုက ချစ်စရာ “ပလုတ်တုတ်တုတ်! ပလုတ်တုတ်တုတ်!” နဲ့..။

မြို့မဈေးရဲ့ ညနေခင်းက တော်တော်လေးကို စည်ကားနေပါတယ်.. ကားဂိတ်တွေကလည်း ဒီနေရာမှာပဲဆိုတော့ နေပြည်တော်ရဲ့ လူအစည်ဆုံးနေရာပေါ့.. အပြန်ကားကိုတော့ Air Con: ပါတဲ့ကား.. ကားကောင်း ကားသန့် သေချာရှာစီးမှ.. လာတုန်းကလို တစ်လမ်းလုံး စက်သေနပ်ပစ်လာတဲ့ ကားမျိုးနဲ့ဆိုရင်တော့ဖြင့် မဖြစ်ဘူး.. ဂိတ်ထိုး ရပ်ထားသမျှကားတွေကို အကုန်လိုက်ကြည့်တော့ ရွှေမန်းသူ ကားသစ်ကြီး တစ်စီးတော့ တွေ့တယ်.. ဒါနဲ့ ရွှေမန်းသူ ဂိတ်မှာ လက်မှတ်သွားစုံစမ်းတော့ ကံကောင်းပေလို့.. တစ်စောင်ပဲ ကျန်တော့တာတဲ့.. ခြောက်ထောင့်တစ်ရာတဲ့.. Air Con; လည်းပါတယ်တဲ့.. ပါရမီကားကွင်း အထိ ရောက်တယ်တဲ့.. အိုကေပေါ့.. လက်မှတ် ဖြတ်လိုက်တယ်.. သေချာထပ်မေးရသေးတယ်.. တော်ကြာ ပြောတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်နေရင် ဒုက္ခ..။

စိတ်တော့အေးရပြီ.. ကားလက်မှတ်လည်း ရပြီ.. ကိစ္စတွေလည်း ပြီးပြီ.. မပြီးသေးတာက ဗိုက်ကိစ္စ.. တစ်နေ့လုံး ဘာမှမစားရသေးဘူးလေ.. ညနေပိုင်းဆိုတော့ ထုံးစံအတိုင်း နည်းနည်းပါးပါးလည်း သောက်ချင်သေးတာလေ.. လူကလည်း ပင်ပန်းနေပြီ.. ဒီတော့ ဘယ်နား သောက်လို့ရတဲ့ ဆိုင်ရှိလည်း မေးရမြန်းရတော့တာပေါ့..။

အပါးပါး.. များလိုက်တဲ့ စားသောက်ဆိုင်တွေ.. လေဟာပြင်ထဲမှာ စားပွဲတွေချပြီး ခင်းထာတာဆိုတော့ ထိုင်ချင်စဖွယ်.. ရူခင်းကလည်း ကောင်းမှကောင်း.. လေလေးကလည်း တဖြူးဖြူးနဲ့.. မြို့မဈေးကွင်းကြီးနဲ့ ဟိုးခပ်ဝေးဝေးကိုပါ မြင်ရတဲ့ တောင်ကုန်းမြင့်ကြီးပေါ်မှာ..။ ကျနော့်အထင် နေရာအကျယ်က ဘော်လုံးကွင်း တစ်ကွင်းစာ လောက်တောင် ရှိမလားပဲ..။ အင်း.. ဘယ်ဆိုင်ထိုင်ရင်ကောင်းမလဲ..! စားပွဲခင်း အနီတွေ ခင်းထားတာက ဗီအိုင်ပီ ဝိုင်းတွေလားမသိဘူး.. အရမ်းတော့လည်း မဝင်ရဲဘူး.. တော်ကြာ လူကြီးဝိုင်းဆိုရင် ခက်ဦးမယ်.. နောက်ဆုံးတော့ လူတစ်ယောက်မှ မရှိတဲ့ ဆိုင်ကြီးတစ်ဆိုင်ထဲကို အတည်ပေါက်နဲ့ ဝင်ထိုင်လိုက်တယ်..။

ဗိုင်ဆာဆာနဲ့ မှာလိုက်တာ ငါးခေါင်းချဉ်စပ်ဟင်းချို တစ်ပွဲ၊ ဝက်နံရိုးကြော် တစ်ပွဲ၊ အစိမ်းကြော် တစ်ပွဲ.. နောက် ဘီယာ တစ်ဂျား..။ ဘီယာက မှာသာမှာရတာ သိတ်ကြိုက်လှတယ်တော့ မဟုတ်ဘူး.. အပြင်းကို ပိုကြိုက်တာ.. အပြင်းက မှာစရာမလိုဘူးလေ.. အိတ်ထဲမှာ ပါပြီးသား.. ဟီးးး)

ဟင်းပွဲတွေ လာချတော့ ကုန်ပါ့မလားတောင် မသိဘူး နည်းတဲ့ ပွဲကြီးတွေ မဟုတ်ဘူး.. ကယ်.. မထူးတော့ဘူး ဗိုက်ကလည်း ဆန္ဒပြနေပြီဆိုတော့ ဆွဲလိုက်တာ အားရပါးရ..။ ဘီယာလေးကမိုက် လေလေးကတိုက်နဲ့ ကောင်းမှကောင်း.. ဟိုဒီခိုးကြည့်ပြီ ပါလာတဲ့ ကိုယ့်ပုလင်းလေး အသာထုတ်ပြီး ခပ်များများလေး ဂွတ်လိုက်တာ ရင်ထဲကို ပူဆင်းသွားတာပဲ..။ ဗိုက်ကလည်း ဆာ.. အမြည်းကလည်း ကောင်း.. ရာသီဥတုကလည်း ကိုယ့်ဘက်ပါ ဆိုတော့ ပြီးပြီပေါ့.. ဒီလိုအချိန်မျိုး သောက်ဖော် သောက်ဖက် ဘော်ဘော်ကြီးတွေကို တော်တော် သတိရမိတယ်..။

ကားထွက်ဖို့က နာရီဝက်လောက်ပဲ လိုတော့တယ်လေ.. ကိုယ်စားထားတာ ကိုယ်ပြန်ကြည့်လိုက်တော့ ဟုတ်ရော ဟုတ်ရဲ့လားလို့.. ချဉ်စပ်တစ်ပွဲလုံးလည်း ကုန်ပြီ.. ဝက်နံရိုးလည်း အရိုးတွေတောင် ကြေလို့.. ထမင်းနည်းနည်းတောင် စားထားလိုက်သေးတယ်.. ဘီယာ တစ်ဂျားလည်းကုန်.. ပုလင်းပြားလေး လက်ကျန်လည်းကုန်.. အင်း.. အခုမှ လောကကြီး သာယာသွားတော့တယ်.. အေ့..။

နေပြည်တော်ကနေ ကားစထွက်တော့ ည (၇း၃၀) တိတိ.. နှုတ်ဆက်ပါသည် နော်ပြေတီ (နေပြည်တော်) ပေါ့..း) သိတ်တောင် မမှောင်သေးဘူး လမ်းမီးတိုင်တွေကတော့ လင်းနေကြပြီ.. ကားကတော့ ပြောထားသလိုပဲ တကယ်လည်း ကောင်းပါတယ်.. Air Con; က အေးစက်လို့.. လာတုန်းကနဲ့ တခြားစီ.. သီချင်းလေးက တိုးတိုးအေးအေး လူကလည်း မူးတူးတူး ငြိမ့်တိမ့်တိမ့်..။

သိတ်တော့ မငြိမ့်လိုက်ရပါဘူးဗျား( .. နာရီဝက်လောက်လည်းနေရော.. ဗိုက်ပြဿနာက စပါလေရော.. ချဉ်စပ်ကလည်း ဗိုက်ထဲမှာ သောင်းကျန်းနေပြီ.. ဘီယာတစ်ဂျားကလည်း ပေါက်ကွဲလုနေပြီ.. ဘုရားဘုရား ဒီဒုက္ခက ဆိုးဝါးလှပါလားနော်.. ဝမ်းနုတ်ဆေး စားထားသလိုကို ခံစားနေရပါလား.. အီးးးဟီးးးး..း(( ။

အော်.. နေပြည်တော်ရယ်.. လာတုန်းကလည်း အီလည်လည် ပြန်တော့လည်း အီလည်လည်ကြီးပါလား..!

လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်.. အံကိုတင်းနေအောင် ကြိတ်.. ဆန္ဒတွေကို မျိုသိပ်ထားရတယ်.. အိ.!

မဖြစ်တော့ဘူး.. မအောင့်နိုင်တော့ဘူး.. သွားချင်လှပြီ.. အမြန်ဆုံးရောက်ချင်လှပြီ.. ဗီဒီယိုခွေရစ်သလို အမြန်ဆုံး ရစ်ပြီး ရေးလိုက်မှ ဖြစ်တော့မယ်..

လမ်းတွေကောင်း..> မီးတွေလင်း..> မခံစားနိုင်..> ဗိုက်နာ..> အတွေးထဲမှာ..> အိမ်သာ..!..> အိမ်သာ..!!..> ချွေးတွေပြန်..> ဒူးတွေတုန်..> ကြက်သီးတွေထ..> အမြန်မောင်းပါ..> ကားခဏရပ်..> အပြေးအလွှား..> ရှာ..> အိမ်သာ..> ဝမ်းသာအားရ..> အားရပါးရ..> နေသာထိုင်သာ..> သက်ပြင်းချ..> ကားပြန်ထွက်..> နာရီဝက်..> ဗိုက်ပြန်နာ..> ရောက်ချင်နေတာ..> အိမ်သာ..!!..> ဆွာ..> တောင်ငူ..> ဖြူး..> ပဲနွယ်ကုန်း..> ညောင်လေးပင်..> ဒိုက်ဦး..> ပဲခူး..> ဗဂိုး..> နံနက်စာ..> ကားရပ်..> အိမ်သာ..> အားပါးတရ..> နေသာထိုင်သာ..> ကားပြန်ထွက်..> အိပ်ငိုက်..> ငိုက်..> လန့်နိုး..> ပြန်ငိုက်..> ဝေလီဝေလင်း..> လေးနာရီခွဲ..> လည်းကူး..> ကူး..> ကူးးးးးး..> ကူးးးးးးးးးးးးးး.....> လမ်းဖြတ်ကူး..> ရန်ကုန်..!..> ရန်ကုန်...!!..> ကုန်..> ကုန်..> လမ်းမီးတိုင်..> မီးမလာ..> ကားတွေကျပ်..> လမ်းတွေဆိုး..> လူတွေများ..> လမ်းတွေကျဉ်း..> ဖုန်တွေတက်..> ပန်းချီကား..> ပန်ချီကား..!!..> ကဗျာ..> သံစဉ်.....>>>>>>>>>>>>>>>>>>>>>

ရန်ကုန်ဟာ ကျနော်တို့ရဲ့ နှလုံးသား..၊
သာသနာ့အရောင်တွေ ထွန်းတောက်လို့ ကမ္ဘာမှာပေါက် ခဲ့တဲ့နေရာ..၊
သမိုင်းဝင်နေ့စွဲတွေ ထင်ကျန်ခဲ့တဲ့နေရာ..၊
လေးစားကြည်ညိုဖွယ် သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေ ရှင်သန်ရာနေရာ..၊
အမေနဲ့ အမေ့အိမ် ယိုင်နဲ့နဲ့လေး ရှိတဲ့နေရာ..၊
တစ်ခါတလေ ရန်ကုန်ဟာ ကဗျာတစ်ပုဒ်နဲ့တူတယ်..!!
ပန်းချီလိုလည်း လှပြန်တယ်...!!
သီချင်းတစ်ပုဒ် ဆိုရင်လည်း ဟုတ်တယ်..!!
သေချာတယ် ဟောင်းနွမ်းနေတဲ့ ရန်ကုန်ဆိုတာ ဖုန်တွေတက်နေတဲ့ အဖိုးတန် ပန်းချီကားတစ်ချပ်..!!
ပန်းချီကားထဲက ဆေးစက်တွေ၊ သွေးစက်တွေဟာ အနာဂတ်အတွက် ခွန်အားတွေ...!!
အခုတော့.. အဲ့ဒီ လှပတဲ့ ပန်းချီကားအဟောင်းကိုပဲ ရင်မှာပွေ့ပိုက် ကဗျာတစ်ပုဒ်လို မြတ်မြတ်နိုးနိုး ဖတ်ရင်း ခပ်တိုးတိုး သံစဉ်ရှာနေမိတော့တယ်........။


ပြီးဆုံးပါပြီ..။

အားလုံးကို လေးစားချစ်ခင်စွာဖြင့်.. Bye


(ကိုရင်နော်)



မှတ်ချက်။ ။ သွားရင်းလာရင်း တွေ့မြင် ခံစားခဲ့ရသည်များကို အမှတ်တရဖြစ်စေရန် ခရီးသွားဟန်လွဲ ရေးသားထားခြင်း သက်သက်သာ..။ မှတ်တမ်းဓါတ်ပုံများစွာကို သေသေချာချာ ရိုက်လာပါသော်လည်း Memory Card လေး ပျက်စီးသွားသောကြောင့် တင်ပြနိုင်ခြင်းမရှိတာကို “ညံ့ဖျင်းလိုက်လေခြင်း” လို့သာ ဝိုင်း၍ အပြစ်တင်ကြပါခင်ဗျာ..။ နေပြည်တော် ဓါတ်ပုံတွေကို ကြည့်လိုတယ်ဆိုရင်ဖြင့် “နေပြည်တော်” ဆိုသော ပိုစ့်လေးကို ဖတ်ရင်း ကြည်ရှုနိုင်ပါတယ်လို့ ညွှန်းလိုက်ပါရစေ..။


20 comments:

ရှင်ရဲထွတ် said...

ကိုရင် တော်တော်ဆိုးပါလား အများစီးတဲ့ မော်တော်ကားနဲ့ ခရီးထွက်ရင် အစားအသောက်ဆင်ခြင်ရတယ်။ ခုတော့ဗျာ တစ်ဂျားတဲ့။ ချဉ်စပ်တဲ့။ ခရီးတော်တော် ထွက်ဖူးတယ် ထင်တယ်။ ကြည့်လုပ်စရာ ခင်ဗျားအစား မောတယ် ခင်လေးလည်း သွားခါနီး လာခါနီး အရေးကြီးတာတွေ မမှာဘူး ထင်ပါရဲ့။

Craton said...

ဟုတ်ပါ့.. ခရီးရှည်သွားပြီဆို အစားအသောက် သတိထားရတယ်.. တော်ရုံတွေ့ကရာလည်း မစားလေနဲ့
ခုတော့ခံရပြီမှတ်လား.. ငါ့ဦးနော်ကြီး တော်တော်တော့ခံရရှာမှာ ဆိုပြီး သနားမလို့ပါပဲ။
အေ့ .. ဆိုတဲ့ ယမကာလုင်သံနဲ့ပြောလိုက်တော့ စိတ်ကိုကုန်ရော.. သားသားတို့က အရက်မကြိုက်စ်။

မိုးမောင်(happycloud) said...

ဟုတ်တယ်ဗျာ.. ရန်ကုန်ဆိုတာ ဖုန်တက်သွားတဲ့ ပန်းချီကားတချပ်ဆိုတာ လုံးဝသွေးထွက်အောင် မှန်ပါတယ် ကိုရင်ရေ...။ အပေါ်က စာတွေဖတ်ပြီး နောက်အုန်းမလို့ပဲ.. ဒါပေမယ့် နောက်ဆုံးစာပိုဒ်လေးက ရင်ထဲတော်တော်ရောက်လာတယ်ဗျာ။

မောင်bee said...

နောက်ဆုံး က Themeလေးကြိုက်တယ် ဦးနော်၊ ဒါနဲ့ အိတ်ထဲက အပြင်းလေး ထုတ်ပြီးခွက်ပုံးကစ်တာ အနော်တို့ကိုတောင် ခေါ်ဘူး။ အန်တီ ခင်လေးနဲ့တိုင်မယ် :P

Moe Myint Tane said...

အသွားမတော် တလှမ်း...အစားမတော် တစ်လုတ်...အသောက်မတော်တော့ နှစ်ပင်လိမ်တာပေါ့..ဘီယာနဲ့ အပြင်း...။
နောက်မှတ်ထားနော် အဲလိုလုပ်ရဘူး ကိုရင်..။
ပြောရင်းတောင်မှ လေတက်လာပြန်ပြီ..နေညိုတော့ လေပြိုတာပေါ့လေ..အေ့...။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မီယာ said...

ကိုရင်နော် အများကြီး တ၀ကြီး ဖတ်လိုက်ရလို့ ကျေးဇူးပါရှင့်။

sin dan lar said...

အဆုံးထိဖတ်သွားပါပြီ..။ မနောက်တော့ဘူးနော်....။

ဆောင်းယွန်းလ said...

သောက်အားကောင်းသွားလို့ ပေါက်အားကောင်းသွားတာနေမှာပေါ့
သောက်သောက်နိုင်လွန်းချည်ရဲ့ဗျာ..
အားကျတယ် အားကျတယ်
ကျေကျေနပ်နပ်ကြီးဖတ်သွားပါပြီဗျို့

mtj said...

တယ်ဂွတ်တဲ့ ခရီးသွားဟန်လွဲဆောင်းပါးပဲဗျာ။ အိမ်သာအပိုဒ် အကြိုက်ဆုံး :D

နှင်းဆီနက် said...

ဦးနော် နေပြည်တော်ခရီးကလဲ ဂီတသံစဉ်တွေတောင်ဖြစ်လို့ပါလား မဆိုးဘူး သီချင်းတောင်စပ်တတ်နေပီ ရက်ပါဖြစ်ပီ ရက်ပါ ရက်ပါ ဟီးးးးးး

ကိုအောင်ကြီး said...

အိမ်သာ ဗီဒီယိုခွေရစ်တာ ဖတ်ပြီး ရယ်နေတုန်း နောက်ဆုံးအပိုဒ်က ရုတ်တရက် ရသပြောင်းပြီး ရေးလိုက်တာ ရင်ထဲမှာ ထိတယ်ဗျာ အရမ်းကောင်းတယ်။

ကလေးလေး said...

ဦးနော်ကနေပြည်တော်ကိုသွားပီးနေပြည်ပန်းလာတာ...
နောက်ဆိုရွာမှာဖဲနေ မေမေခင်နဲကလေးလေးအတွက်လဲ
ဘာမှပါဖူး...တိဖူးတိဖူး ဗိုက်ချာဒယ်

မီးတောင် said...

... တော်သေးတာပေါ့နော ရန်ကုန်ပြန်ရောက်သွားလို့ ...း)
ပျဉ်းမနား အဲ နေပြည်တော်နေက တော်တော်ပြင်းသလား ရန်ကုန်တို့ မန္တလေးတို့နဲ့စာရင်

မေ့သမီး said...

ဟား ဟား ခံစားရတာတွေကို အမြန်ရေးသွားတာမိုက် တယ်။ နောက်ကျရင် အစားအသောက်မသောင်းကျန်း နဲ့တော့ပေါ့။

ခင်မင်လျှက်

တောင်ပေါ်သား said...

ဟား ဟား ဦးနော် က အစားသောင်းကျန်းတာကိုး
ဘာပဲပြောပြော နေပြည်တော်သွား တောလား အမှတ်တရပေါ့နော့် အဲမှားလို့ နေပြည်တော်သွား နေပြည်တော်လား ပေါ့နော့် သြော် နော်ပြေတည် အဲ မှားပြန်ပြီ နေပြည်တော် နေပြည်တော်


လေးစားလျက်
တောင်ပေါ်သား

chanye` said...

နေပြည်တော် အကြောင်းတော်တော်လေးသိသွားတယ် ဟဲဟဲ ။ ဗီဒီယိုရစ်သလိုလည်း ရစ်လိုက်သေးတယ်.. ။ ဟိဟိ မိုက်အိ မိုက်အိ။

Republic said...

အပြင်းက အိတ်ထဲမှာ ပါပြီးသား ဆိုတာ သမားတော်ပီသ တယ်၊၊ ဂုဏ်ယူပါတယ် ကိုရင်ကြီး ၊၊
(မခင်လေး မကြားစေနဲ့) ၊၊ ပါပါဂနာ ကိုလည်းသတိရပါတယ်၊၊ အားလုံး အမှတ်တရပါ ၊၊

အိန္ဒြာ said...

ရန်ကုန်ဟာ ကျနော်တို့ရဲ့ နှလုံးသား..၊ သာသနာ့အရောင်တွေ ထွန်းတောက်လို့ ကမ္ဘာမှာပေါက် ခဲ့တဲ့နေရာ..၊ သမိုင်းဝင်နေ့စွဲတွေ ထင်ကျန်ခဲ့တဲ့နေရာ..၊ လေးစားကြည်ညိုဖွယ် သူရဲကောင်းတွေရဲ့ ဝိညာဉ်တွေ ရှင်သန်ရာနေရာ..၊ အမေနဲ့ အမေ့အိမ် ယိုင်နဲ့နဲ့လေး ရှိတဲ့နေရာ..၊
တစ်ခါတလေ ရန်ကုန်ဟာ ကဗျာတစ်ပုဒ်နဲ့တူတယ်..!!
ပန်းချီလိုလည်း လှပြန်တယ်...!!
သီချင်းတစ်ပုဒ် ဆိုရင်လည်း ဟုတ်တယ်..!!
သေချာတယ် ဟောင်းနွမ်းနေတဲ့ ရန်ကုန်ဆိုတာ ဖုန်တွေတက်နေတဲ့ အဖိုးတန် ပန်းချီကားတစ်ချပ်..!!
ပန်းချီကားထဲက ဆေးစက်တွေ၊ သွေးစက်တွေဟာ အနာဂတ်အတွက် ခွန်အားတွေ...!!
အခုတော့.. အဲ့ဒီ လှပတဲ့ ပန်းချီကားအဟောင်းကိုပဲ ရင်မှာပွေ့ပိုက် ကဗျာတစ်ပုဒ်လို မြတ်မြတ်နိုးနိုး ဖတ်ရင်း ခပ်တိုးတိုး သံစဉ်ရှာနေမိတော့တယ်........။

ကိုရင်..
ရသဆန်ဆန် အတည်ရေးတာလေးတွေကလှလိုက်တာ..
ကဗျာတစ်ပုဒ်တောင်ရေးချင်လာတယ်...
နောက်ဆုံးရေးထားတာလေးကိုဖတ်ပြီး...တော့ လေ.....

လားရှိုးသူ said...

နေပူ၊ လေပူ ကြားက ရေပူပါ သောက်ရဲတဲ့ ကိုရင်နော်၊ အင်း သတိထား။ ကျန်းမာရေး အရပြောတာနော်။

Thet Oo said...

ဖတ်ပြီး မောသွားတယ်။ ငွေလည်း အတော်ကုန်ခဲ့မှာပေါ့။