Friday, April 10, 2009

ဆူးဖြစ်လိုက်.. ဖက်ဖြစ်လိုက်..

ဆံပင်ကို ဘယ်ခွဲလိုက်.. ညာခွဲလိုက်နဲ့ မှန်ရှေ့မှာ အမျိုးမျိုး စတိုင်ထုတ် ဂိုက်ပေးကြမ်းနေတာ အချိန်တောင် တော်တော် လင့်နေပြီ..။ ဘယ်လိုပဲ ပြင်ပြင်ပါလေ ဒီရုပ်ဒီရည်ကတော့ ပိုပြီး ကြည့်ကောင်းလာနိုင်စရာ အကြောင်းကတော့ မရှိတော့ဘူး.. ဒါကအကုန်ပဲလေ..။ ဝတ်ထားတဲ့ ရှပ်အင်္ကျီအဖြူကတော့ ကျုပ်အသား ခပ်ညိုညိုပေါ်မှာ ပိုပြီးဖြူနေသလိုလို..။ ချည်ပုဆိုး နီညိုရောင် ကွက်စိပ်လေးနဲ့ တွဲဝတ်ထားလိုက်တော့ ကျုပ်ပုံစံက သန့်သလိုလိုတော့ ရှိသား..။ သန့်တာ မသန့်တာ အသာထား.. လွယ်အိတ်ထဲက စာရွက်စာတမ်းတွေ စုံမစုံ သေချာစစ်ဦးမှ.. တစ်ခုခုကျန်ခဲ့ရင် ခက်မယ်..။ မှန်ကိုလည်း ကြည့်ရသေးတယ် ကျုပ်ကိုယ်ကျုပ် ကြည့်ရတာတော့ ဝါးတားတား..။ အင်းး ဝါးမပေါ့.. မျက်မှန်မှ မတပ်ရသေးတာ..။ စားပွဲပေါ်က မျက်မှန်ထူကြီးကို ကောက်တတ်လိုက်တော့မှ ကျုပ်ရဲ့ အူကြောင်ကြောင်ရုပ်က ပိုပြီး ပီပြင် ထင်ရှားသွားတော့တယ်..။

ဒီနေ့က ကျုပ်အတွက်တော့ တော်တော်ကို အရေးကြီးတယ်ဗျ..။ အင်တာဗျူးတစ်ခု သွားရမယ်လေ.. ဒီအင်တာဗျူးလေး အောင်မှ ကျုပ်ရန်ကုန်လာရကျိုးလည်း နပ်လိမ့်မယ်..။ ဘုရားတွေ ဘာတွေလည်း ရှိခိုးထားပြီးပြီ.. အစစအရာရာ အဆင်ပြေအောင်လို့ပေါ့..။ ကျုပ်ကိုယ်ကျုပ် စိတ်ထဲကနေ ပြန် ဗျူးကြည့်တာတော့ အထစ်ထစ် အငေါ့ငေါ့.. ကတုန်ကယင်နဲ့..။ ကယ်.. မတတ်နိုင်ဘူး.. မီးစင်ကြည့်ကရုံပေါ့..။ နာရီကိုကြည့်လိုက်တော့ ရှစ်နာရီ ခွဲနေပြီ.. အိမ်ကနေ ထွက်မှ ဖြစ်တော့မယ်.. ကားစီးမှာနဲ့ဘာနဲ့ တော်ကြာ နောက်ကျနေမှဖြင့် ဟုတ်ပေ့ ဖြစ်နေလိမ့်မယ်..။

ဈေးဘေးနားက လမ်းကျဉ်းလေးထဲမှာတော့ ဆိုက်ကား ရှောင်ရ.. စက်ဘီးရှောင်ရ.. ဗွက်အိုင်ရှောင်ရနဲ့ တော်တော် ရှုပ်တဲ့ ရပ်ကွက်..။ ရန်ကုန်မြို့တော်ကြီးရဲ့ နေမင်းကြီးကလည်း သိတဲ့အတိုင်း လင်းတာနဲ့ လွှတ်ပူတာလေ..။ နေပူကျဲကျဲအောက်မှာ ခပ်သုတ်သုတ် လျှောက်လာရတော့ ချွေးတွေလည်း ထွက်လာပြီပေါ့..။ ကားမှတ်တိုင်ကလည်း တော်တော်နဲ့ မရောက်နိုင်ဘူး.. တည်းတဲ့ အိမ်ကပြောတော့ သိပ်မဝေးပါဘူးတဲ့.. ဘယ်ဟုတ်မလဲ.. တော်တော်ကို လှမ်းတာပဲ.. ထီးဖြစ်ဖြစ် ခမောက်ဖြစ်ဖြစ် ပါလာရင် ကောင်းသား.. ခုတော့.. ချွေးတွေထွက်လို့ ရှိုးတွေပဲ့ကုန်ပေါ့..။

အလိုလေ..!!! များလိုက်တဲ့ ပရိတ်သတ်ကြီး.. ကားမှတ်တိုင် တစ်ခုလုံးလည်း ပြည့်ကျပ်လို့.. ဒီလူအုပ်နဲ့ ဘယ်လိုခရီးဆက်ရပါ့..။ ကားတစီး ဆိုက်လာလိုက် တိုးတက်သွားလိုက်ကြ.. နောက်တစ်စီး ထပ်ဆိုက်လာလိုက် တက်သွားလိုက်ကြနဲ့..။ အော်.. လူတွေ.. လူတွေ.. နေပူထဲမှာ တိုးတက်ဖို့ စောင့်နေကြတာပါလားနော်..။ ရုံးချိန်ဆိုတော့လည်း ဒီလောက်တော့ ရှိမပေါ့လေ..။ ကယ် မတတ်နိုင်ဘူး..ကျုပ်လည်း တွယ်ပဲ တက်ရ တက်ရ.. တိုးပဲ တက်ရ တက်ရ.. ကားလာရင်တော့ လိုက်မှ ဖြစ်တော့မယ်.. အချိန်က မနည်းတော့ဘူး..။

ဟော.. လာပါပြီဗျာ.. ကျုပ်စီးရမယ် ဘစ်(စ်) ကားကြီး.. လိမ့်ကာ လိမ့်ကာနဲ့..။ ဒီကားကတော့ ရှားရှားပါးပါး စစ်ကျန် ဗိုက်ပူ ဘစ်(စ်) ကားကြီး ပါလားနော်..။ ကားက ဘရိတ်ပဲ မမိလို့လားတော့ မသိဘူး မှတ်တိုင်နဲ့ တော်တော်လှမ်းလှမ်းအထိ လိမ့်နေတုန်း..။ လူအုပ်ကြီးကလည်း ဗိုက်ပူကြီးနောက်ကို ပြေးလိုက်ရတာပေါ့..။ ကျုပ်လည်း ပုဆိုးကို တင်းနေအောင် ပြင်ဝတ်ပြီး ပြေးပြေးလွှားလွှား ကားအနောက်ပေါက်ကနေ တိုးတက်လိုက်တာပေါ့..။ တော်ပါသေးရဲ့ ကားက ဂိတ်စနဲ့ နီးလို့.. လူက သိပ်တော့မများဘူး..။ ကားပေါ်လည်း ရောက်ရော ဒုက္ခက တွေ့တော့တာပဲဗျို့.. ကျုပ်အရပ်က ဂလန်ဂလားကြီးကိုး.. ဘစ်(စ်)ကားခေါင်မိုးက တော်တော် နိမ့်တာဆိုတော့.. ကျုပ်အရပ်နဲ့က မလွတ်ဘူးလေ.. ခေါင်းက မျက်နှာကျက်နဲ့ ထိနေလို့ ခါးကို ကိုင်းထားရတယ်..။ ကယ်.. ဘယ်လိုပဲ စီးရ စီးရ အရေးမကြီးဘူး.. ခရီးရောက်ဖို့က အရေးကြီးတယ်မလား.. စီးရုံပေါ့..။

ကားကတော့ အိပဲ့ အိပဲ့နဲ့ သွားနေတာပဲ.. အပြင်ကပူ.. အတွင်းကပူနဲ့ လူလည်း ပူတူတူ နွေးတွေးတွေးကြီး ဖြစ်နေပြီ..။ မှတ်တိုင် တစ်ခုရောက်လိုက် လူက ထပ်တက်လာလိုက်.. ကားကလည်း ကျပ်ပြီးရင်း ကျပ်ကျပ်လာတော့တယ်..။ ကျုပ်လည်း လူတွေ တိုးရင်း ခွေ့ရင်း.. ဖိရင်း.. တွန်းရင်းနဲ့ ခါးလည်း မကိုင်းထားနိုင်တော့ဘူး..။ လက်တစ်ဖက်က ခေါင်မိုးက သစ်သားလက်ကိုင်တန်းကို သေချာ ကိုင်.. နောက်တဖက်က မျက်နှာကျက်ကို ဖိတွန်း.. ခေါင်းကိုလည်း စောင်းပြီး မျက်နှာကျက်နဲ့ ဖိကပ်.. ခြေနှစ်ဖက်ကိုလည်း ရှိသမျှအားတွေ အကုန်ထုတ်ပြီး ငြိမ်နေအောင် ရပ်ထားရတယ်..။ လည်ပင်းတွေလည်း အုန်းလွဲချင်သလိုလို နာနေပြီ.. ချွေးတွေလည်း တော်တော်ထွက်နေပြီ..။ နားသယ်စပ်က စီးကျလာတဲ့ အုန်းဆီတွေကလည်း ချွေးတွေနဲ့ ရောကုန်ပြီ..။ အင်းး အုန်းဆီလိမ်းတာ နည်းနည်းတော့ များသွားပြီ.. မတတ်နိုင်ဘူး.. အင်တာဗျူးဆိုတော့လည်း အသန့်ဆုံး ကြည့်အကောင်းဆုံးဖြစ်အောင် လုပ်လာတာလေ..။ လူတစ်ယောက်က ဆံပင်က အရေးကြီးတယ်မလား.. ရန်ကုန်သားတွေ ကြည့်လိုက်ရင် သူတို့ ဆံပင်တွေက ပြောင်လက်ပြီး ကော့ထောင် နေတာပဲလေ.. ကျုပ်ကတော့ ရန်ကုန်သားကို အတုခိုးလိုက်တာ အုန်းဆီတွေ စီးကျလာပါရောလား..။

လူတွေက တက်ရင်း တက်ရင်း.. တိုးရင်း တိုးရင်း.. အနံ့တွေလည်း စုံလာပြီ.. အမွှေးနံ့တွေ ချွေးနံ့တွေ..။ အဲ့ဒီအချိန်မှာပဲ.. ကျုပ်အရှေ့ကို အမျိုးသမီးငယ် တစ်ယောက် အတင်းတိုးဝင်လာပါလေရော..။ ကျုပ်ကို ကျောပေးပြီး ကားနံရံကို လက်တစ်ဖက်နဲ့ လှမ်းထောက်ထားလေရဲ့..။ သူ့ခေါင်းက ကျုပ် မေးစေ့အောက်လောက်မှာ ရှိနေတယ်.. အနံ့ပေါင်းစုံကြားမှာ သူ့မခေါင်းက ခေါင်းလျှော်ရည်နံ့ကတော့ မွှေးသလိုလိုတော့ရှိသား..။ သတိတော့ ထားနေရတယ်.. ကားကကြပ်တော့ လူချင်းက ထိလုမတတ် နီးနေတယ်လေ..။ ထိလုမတတ်ဆိုတာထက် ကျုပ်ရင်ဘတ်နဲ့ ချာတိတ်မရဲ့ကျောနဲ့ ထိတော့လည်း ထိနေပါပြီ.. သိပ်အထိကြီးတော့ မဟုတ်ဘူးပေါ့.. မထိတထိဆိုပါတော့..။ ကားက ဘရိတ်ကလေးများ အုပ်လိုက်ရင် လူက ရှိသမျှအား အကုန်သုံးပြီး တောင့်ထားရတယ်.. မတော် အရှိန်လွန်ပြီး ချာတိတ်မကို ဆိုးဆိုးဝါးဝါး သွားထိမှဖြင့် အားနာစရာ.. အားနာစရာဆိုတာထက် တမျိုးထင်ခံရမှဖြင့် ဒုက္ခ..။ ခက်တယ်.. ခက်တယ်.. ဒီဘစ်(စ်)ကားတွေနဲ့ ဒီလူဦးရေနဲ့..။

အဲ့ဒီ အချိန်မှာပဲ ကျုပ်နှာခေါင်းထဲ ကုလားမာဆလာနံ့ ခပ်ဆိုးဆိုးက တိုးဝင်လာတယ်..။ ဒီအနံ့က တော်တော်ဆိုးပါလား.. ချွေးနဲ့ မဆလာနဲ့ ရောထားတဲ့ အနံ့မျိုး..။ ကျုပ်ကျောကုန်းကိုလည်း တစ်စုံတစ်ယောက်က အတင်းဖိတွန်းထားသလို ခံစားလာရတယ်..။ ကျုပ်လည်း အားရှိသလောက် တင်းခံထားရတာပေါ့..။ ဒီအထိအတွေ့ကြီးကတော့ တော်တော့်ကို ဆိုးနေပြီ.. တောင့်ပြီး ပြန်တွန်းထားလိုက်တာ ခံရခက်ကြီး ဖြစ်နေပါပြီ..။ မျက်နှာကျက်နဲ့ ကပ်ပြီး စောင်းနေတဲ့ ခေါင်းကို ပိုစောင်းအောင် လည့်.. ရွဲ့နေတဲ့ မျက်မှန်ကို လက်တစ်ဖက်နဲ့ ကြိုးစားတည့်ပြီး လည့်ကြည့်လိုက်တော့..။ ကုလားကြီး..!! ကုလားကြီး..!! ကျုပ်ကျောကို ကပ်နေတာ နှုတ်ခမ်းမွှေး ကားကားကြီးနဲ့ ကုလားကြီးပါလား... ကြက်သီးတွေလည်း “ဖြန်း” ကနဲ “ဖြန်း” ကနဲ့ ထသွားတယ်.. လူကလည်း ရှိန်းတိန်း ဖိန်းတိန်းကြီး ဖြစ်သွားတယ်..။

ဒင်းကြီးကလည်း ကျုပ်လို့ပဲ ဂလန်ဂလားကြီးဆိုတော့ ပါးကို မျက်နှာကျက်နဲ့ ကပ်ပြီး ခေါင်းကြီး ခေါက်ထားရလေရဲ့..။ ခက်တာက ဒင်းကိုယ်လုံးကြီးက ကျုပ်ကို တွန်းဖိထားတာ..။ ကျုပ်ကတော့ အရှေ့က ချာတိတ်မကို ထိမှာစိုးလို့ တောင့်ထားရပါတယ်ဆိုမှ အခုတော့ ဒင်းက တွန်းတွန်းပြီး အတင်းထိခိုင်းသလို ဖြစ်နေပြီ..။ ကျုပ်တို့ သုံးယောက်ကလည်း သမဆိုင်မှာ ဆန် တန်းစီနေသလို ရှေ့ဆင့်နောက်ဆင့်..။ ခက်တာက ကျုပ်က ကြားက.. ရှေ့ပိတ် နောက်ပိတ်.. မလှုပ်နိုင် မရှားနိုင် ဖြစ်နေတော့ မရှူနိုင် မကယ်နိုင်နဲ့ ခက်ပြီပေါ့..။ ကား ဘရိတ်အုပ်လို့ တစ်ချက်ဆောင့်လိုက်တိုင်း ကျုပ် ကျောကုန်းကို လှိုင်းလုံးကြီး ဝင်ဝင်ဆောင့်သလို “ဝုန်း” ကနဲ “ဝုန်း” ကနဲ..။ ကျုပ်မှာတော့ လှိုင်းလုံးကြီးနဲ့ ရောပြီး အရှေ့ကို လဲပြိုမသွားရအောင် တာတမံကြီးအလား တောင့်ထား တင်းထားရပြီပေါ့.. တင်းခံထားလေ လှိုင်းလုံးကြီးက ပိုပိုဖိလေ..။

ချာတိတ်မ ကတော့ တာတမံကြီးရဲ့ အဖြစ်ကို မသိရှာပါဘူး.. ကျုပ်မှာသာ ညှပ်ပူး ညှပ်ပိတ်.. ဒင်းကုလားကြီးကလည်း မညှာမတာ ဖိဖိတွန်းနေတာ အသက်ရှူရပ်လောက်တယ်.. ကျုပ်ကျောပြင် တစ်ခုလုံးလည်း ဒင်းရင်ဘတ် ပူနွေးနွေးကြီးကို ကပ်ပြီး နံပြားဖုတ်နေသလား မှတ်ရတယ်.. တစ်ကိုယ်လုံးလည်း ကြွပ်ရွရွကြီးကို ဖြစ်လို့..။ ဘေးဘီကို မသိမသာ အကဲခတ်ကြည့်တော့ သူလို ကိုယ်လို ချွေးတလုံးလုံးနဲ့ နံပြားဖုတ်နေကြသူတွေ ပါပဲလေ..။ ကားကိုက ကျပ်တာကိုး.. ဘယ်သူ့ အပြစ်တင်ရမလဲနော်..။ အင်း.. ကျုပ်နေရာမှာသာ ဒီချာတိတ်မ ဆိုရင် မတွေးရဲစရာပဲ.. ဒင်းကုလားရဲ့ လှိုင်းလုံးကြီးအောက်မှာ စိစိညက်ညက် ကြေလောက်တယ်..။ တော်ပါသေးရဲ့ ကျုပ်လို တာတမံကြီးကယ်လို့.. ချာတိတ်မ သက်သာရာ ရနေတယ်.. မဟုတ်လို့ကတော့...။

ကားစပယ်ယာရဲ့ မှတ်တိုင်အော်သံကိုလည်း နားစွင့်ရသေးတယ်.. လိုတော့ လိုပါသေးတယ်..။ လူတွေကတော့ တက်ပြီးရင် တက်ရင်းပဲဟေ့.. အဆင်းပေါက်မပါတဲ့ ကားလားမသိ..။ ကားကတော့ ငါးပိသိပ်.. ငါးချဉ်သိပ်..။ သိပ်ထားတဲ့ ငါးပိကောင်တောင် အမြီးပြန်ထောင်လောက်တယ်.. ကျပ်ချက်.. ညပ်ချက်..။ စပယ်ယာရဲ့ မြည်တွန်တောက်တီးသံ.. ခရီးသည်တွေရဲ့ ငြီးငြူသံ.. ဘစ်(စ်)ကားကြီးရဲ့ တဖုန်းဖုန်း.. တဒုန်းဒုန်း အသံ.. ဒင်းကုလားကြီးရဲ့ တဝုန်းဝုန်း လှိုင်းပုတ်သံ.. အော်.. အသံတွေ .. အသံတွေ.. ငရဲအသေးစားလေးပါလားနော်.. ဝဋ်ရှိရင်လည်း ကြေပါတော့ လို့သာ အော်လိုက်ချင်တော့တယ်..။

ဟင်း... ရှေ့မှတ်တိုင်ဆို ကျုပ်ဆင်းရတော့မယ်.. ကျုပ်ဘယ်လို လုပ်ရမလဲ..!! ချာတိတ်မ..! ကုလားကြီး..! နံပြားဖို..! လှိုင်းလုံးကြီး..! ဟား.. မဖြစ်ဖူး.. မဖြစ်ဖူး.. ကျုပ်ခံစားနေရတာ ကျုပ် အသိဆုံး..။ မဖြစ်ဖူး.. ကျုပ်ဆင်းလို့ မဖြစ်ဖူး.. ကျုပ်သာဆင်းလိုက်ရင် ချာတိတ်မအတွက် မတွေးဝံ့စရာ..။ ကုလားကြီးရဲ့ လှိုင်းလုံးကြီးက ကျုပ်ကိုတောင် ဒီလောက် ဖိထားတာ ချာတိတ်မလေးကို ဆိုရင်တော့.. ပိုပြီးအင်အားကြီးလာမယ့် သဘောမှာရှိတယ်..။ ကယ် မထူးတော့ဘူး.. အင်းတာဗျူး နောက်ကျရင်လည်း နောက်ကျတော့.. မတတ်နိုင်ဘူး.. ချာတိတ်မ ဆင်းပြီးမှာသာ ကျုပ်လည်း ဆင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်..။ ကျုပ်လည်း တာတမံကြီး မပြိုလဲအောင် တောင့်နိုင်သမျှ တောင့်.. တင်းနိုင်သမျှ တင်းထားရင်းပေါ့.. လှိုင်းလုံးကြီးကတော့ ဝုန်းဆဲ ဝုန်းမြဲ..။

ဒီလိုနဲ့ ကျုပ်လည်း ပင်ပန်း နွမ်းချိလာပြီ.. ကျုပ်တကိုယ်လုံးလည်း ကြေမွနေပြီ..။ ခါးကပုဆိုးကလည်း ကျွတ်လုနီးနီး ဖြစ်နေပြီ..။ ချာတိတ်မကတော့ ဘယ်အထိသွားမယ်မသိ.. ကျုပ်အဖြစ်ကိုလည်း သိမယ်မထင်..။ ခရီးလည်း တော်တော် ဝေးလာပြီ..။ အခုထိ မဆင်းနိုင်သေးဘူး..။ ကုလားကြီးကလည်း မဆင်းသေးဘူး..။ ကျုပ်ဆင်းတဲ့ အထိများ စောင့်နေလေသလား မသိ..။ လူတွေကလည်း တက်ပြီးရင်းတက်ရင်း ကျပ်မြဲ.. ကျပ်ဆဲ..။ အဲ့ဒီလို တွေးတုန်းမှာပဲ.. ဗြုန်း.. ဆို ချာတိတ်မက ကျုပ်ဖက် လည့်လာပါရော..။ ဟင်း..! အဲ့ဒါမှ ဒုက္ခ.. ကျုပ်နဲ့ မျက်နှာချင်းဆိုင်ကြီး ဖြစ်နေပြီ..။ ဘယ်လောက်တောင် နီးကပ်နေသလဲဆိုရင် တိုက်တန်းနစ် ဇာတ်ကားထဲက မင်းသားနဲ့ မင်းသမီး ရင်ချင်း အပ်ထားသလိုကြီး..။ ကျုပ်ဘာလုပ်ရမလဲ.. ဘာလုပ်သင့်သလဲ...။ ချာတိတ်မ မျက်နှာက ကျုပ်ရင်ဘတ်နဲ့ ကပ်နေပြီ..။ အသက်ကို အောင့်ပြီး အနောက်ကို ပိုတွန်းဖိထားလိုက်တာ လှိုင်းလုံးကြီးက ဘယ်လို သဘောပေါက်တယ်မသိ.. ပြုံးပြုံးကြီး ဝုန်းရောပေါ့..။

ကျုပ်ကြာကြာ မတွေဝေအားပါဘူး ကျုပ်ကို တစ်ချက် မော့ကြည့်လိုက်တဲ့ ချာတိတ်မလေးရဲ့အကြည့်စိမ်းစိမ်း တစ်ချက်က စကားတွေ အများကြီးပြောလိုက်သလိုပါ..။ သူ့အကြည့်ကို အတွေးထဲကနေ ဘာသာပြန်ကြည့် လိုက်တော့.. “သေနာကြီး ဟိုဖက်ကို လည့်ပါလား.. ကားကြပ်တာကို အခွင့်ကောင်းယူတာလား.. လူကို ဘာမှတ်နေလဲ..” တဲ့..။ ကျုပ်လည်း လန့်သွားတာရော ရှက်သွားတာရောပေါင်းပြီး ရုတ်တရက် အားကုန်ရုန်းပြီး အနောက်ကိုလည့်လိုက်တယ်..။ အဲ့ဒီမှာတင် “ဝုန်းးး” ဆို တိုးဝင်လာတဲ့ လှိုင်းလုံးကြီးနဲ့ ပက်ပင်းကြီး ရင်ဆိုင်လိုက်ရတာပါပဲ..။ ကျုပ်လည်း “အု” ကနဲနေအောင် ခံလိုက်ရတယ်..။ ကုလားကြီးလည်း ကျုပ်မျက်နှာကြီး ရုတ်တရက် မြင်လိုက်ရတော့ နည်းနည်းတော့ လန့်သွားမယ် ထင်ပါတယ်..။ ဒင်းနဲ့ ကျုပ်က ဆူမိုနပန်းသမား နှစ်ယောက် ဖက်သတ်တော့မလို ရင်ချင်းကပ်ကြီး..။ ဒီတစ်ခါ ရင်ဆိုင်လိုက်ရတာက တာတမံကြီး မဟုတ်ပဲ အလွန်မာကြောတဲ့ ကျောက်ဆောင်နံရံကြီးဖြစ်နေတော့.. ကုလားလှိုင်းလုံးကြီးလည်း လန့်တော့.. လန့်သွားမှာပေါ့..။

ကုလားကြီးကို ခပ်တည်တည်နဲ့ ဘုကြည့် ကြည့်လိုက်တော့ နည်းနည်းတော့ ရှိန်သွားမယ် ထင်တယ်..။ ကျုပ်ကလည်း အညာသား.. ငယ်ငယ်ထဲက အုန်းပင်တက်လိုက် ထန်းပင်တက်လိုက် အကြမ်းပတမ်း ဆိုတော့ ထောင်ထောင်မောင်းမောင်း ဗလကလည်း ခပ်ကောင်းကောင်းလေ..။ ဒင်း လန့်မယ်ဆိုလည်း လန့်စရာ.. တကယ်လုပ်မယ့် ရုပ်ကိုး..။ ကျုပ်မျက်နှာ မြင်မှ ကနွဲ့ကလျ မဟုတ်ပဲ တကယ်ကိုက်မယ့် ကျားမှန်းလည်း သိရော လှိုင်းလုံးကြီးလည်း မဝုန်း နိုင်တော့ပဲ “ဗြုန်း” ဆို အနောက် လည့်သွားလေရဲ့..။ အဲ့ဒီတော့ ကျုပ်တို့ သုံးယောက်လည်း ရထားလက်မှတ် တန်းစီရင်း ကိုယ့်အလည့် ရောက်ခါမှ လက်မှတ်ကုန်သွားလို့ နောက်ကြောင်း ပြန်လည့်လိုက်ရသလို ပြောင်းပြန် ပြန်ဖြစ်သွားရောပေါ့..။ ကျုပ်ကတော့ ညှပ်မြဲ.. ညှပ်ဆဲ..။ ဒါပေသည့် ဒီတစ်ခါတော့ ကျုပ်က လှိုင်း ပြန်ဖြစ်ပြီ..။

ကယ်.. ကုလားရေ.. ဘာတတ်နိုင်သေးလဲ နင် တူ ဖြစ်တုန်းက နှံခဲ့ပြီးပြီမလား.. နင် အခု ပေ ဖြစ်ပြီ.. ခံပေလရော့.. လို့ တွေးနေတုန်းမှာပဲ.. ချာတိတ်မလေးက ကျုပ်ကို တွန်းတိုက် တိုးခွေ့ ဖြတ်ကျော်ပြီး မှတ်တိုင်မှာ ဆင်းသွားပါလေရော..။ ကျုပ် လိုက်ဆင်းလိုက်ရင် ကောင်းမလား..။ မဖြစ်ပါဘူးလေ.. မထူးတော့ပါဘူး.. နောက်မှတ်တိုင် ရောက်မှ ဆင်းတော့မယ် ဆိုပြီး ဆက်စီးလာလိုက်တယ်..။ တစ်လမ်းလုံး သူ့ကို ကာကွယ်ပေးလာတာကိုတော့ ချာတိတ်မက သိတောင် သိသွားပုံမပေါ်ဘူး.. ကျုပ်ကိုတောင် ဘုကြည့် ကြည့်သွားသေးတယ်..။

လူနည်းနည်းချောင်သွားလို့ ကုလားကြီးလည်း သက်သာသွားတယ်.. အိမ်ကွင်းတုန်းက ဂိုးပြတ်နဲ့ ရှူံးထားတော့ အဝေးကွင်းမှာ ပညာပြလိုက်ဦးမလို့.. မကောင်းတတ်လို့..။ မှတ်တိုင်လည်းရောက်ရော ကျုပ်ဆင်းမလို့ လုပ်တုန်း ကုလားကြီးက ဦးအောင် ဆင်းသွားလေရဲ့..။ ခက်ပြီ.. လိုက်ဆင်းလို့လည်း မဖြစ်လေတော့ မထူးတော့ပါဘူး.. နောက် တစ်မှတ်တိုင် ထပ်စီးရုံသာပေါ့..။ နောက်မှတ်တိုင်လည်း ရောက်ရော.. တုန်ရီနေတဲ့ ဒူးတွေကို အနိုင်နိုင် ထိန်းရင်း ပုဆိုးကို အသာမလို့ ကားပေါ်ကနေ ဆင်းချလိုက်တော့တယ်..။ လူလည်း မလှုပ်နိုင်တော့ဘူး.. ပလက်ဖောင်းပေါ် ငုတ်တုတ်ထိုင်ချရင်း.. ဗိုက်ပူဘစ်(စ်)ကားကြီကို စိတ်ပျက်လက်ပျက် ကြည့်လိုက်တာ သူကတော့ သူမဟုတ်သလိုပါပဲ.. တိုးတက်သူတွေကို တင်ဖို့ ခရီးဆက်သွားလေရဲ့..။

နာရီကိုကြည့်မိတော့ ဆယ်နာရီ ခွဲနေပြီ.. ကျုပ်သွားရမယ့် အင်တာဗျူးက ကိုးနာရီခွဲ..။ အချိန်လည်း တစ်နာရီလောက် နောက်ကျသွားပြီ..။ ကျုပ်ကိုယ်မှာလည်း ချွေးတစ်လုံးလုံးနဲ့ မာဆလာနံ့ သင်းနေပြီ..။ အင်္ကျီအဖြူဖွေးဖွေးလည်း တွန့်ကြေ ညစ်ထေးနေပြီ..။ ဒီပုံစံနဲ့ အင်တာဗျူး သွားလို့ကတော့ အလုပ်ရဖို့ မပြောနဲ့ ရုံးထဲတောင် ဝင်ခွင့်ပေးမယ်မထင်..။ ကျုပ်ဘာလုပ်ရမလဲ..! ဘစ်(စ်) ကား ပြန်စီးပြီး အိမ်ပြန်ရုံမှ တပါး အခြားမရှိတော့ပြီ..။
အော်.. ဘဝ.. ဘဝ.. ကားတိုးစီးရတဲ့ ဘဝ..။

ဟော.. ဗိုက်ပူကားကြီး အိပဲ့အိပဲ့နဲ့ လိမ့်ဝင်လာပြီ..
တိုးတက်သူတွေကြားမှာ ကျုပ်လည်း တိုးတက်ဖို့ ကြိုးစားရပေဦးမည်..
ခေတ်ဟောင်း ဘစ်(စ်) ကားကြီးနောက်ကို အပြေးအလွှား လိုက်ရင်း စိတ်လက် မအီမသာ တိုးတက်လိုက်ရပြန်ပါတော့သည်..။

အားလုံးကိုပျော်ရွှင်စေချင်တဲ့

(ကိုရင်နော်)Bye

20 comments:

ဖိုးစိန် said...

နံပတ်(၁)

ဖိုးစိန် said...

ရမလားလို့ဦးလိုက်တာ..ရတယ်..အဟီး..
ကိုရင်နော်ကြီး စာကိုဖတ်ရင်း မျက်စိထဲမှာ အရာအားလုံးက
ကွင်းကနဲ ကွက်ခနဲ
အဟီး...ဘာတဲ့လှိုင်း ကတလှည့်ဆီဖြစ်နေရတယ်ဆိုတာ..
အရေးအသားကကောင်းပါ့
စဖတ်ကတည်းကပြုံးပြုံး..ပြုံးပြုံးနဲ့ ရယ်နေရတယ်..
သနားပါတယ်.. အင်တာဗြူးလေးမမှီလိုက်ဘူးနော်..
ဒါပေမယ့် အတွေ့အကြုံကောင်းလေးရလိုက်တယ်ပေါ့..
နောက်တစ်ခါအင်တာဗြူသွားရင် ညနေလောက်ကတည်းက ရုံးခန်းရှေ့ငုတ်တုတ်သွားထိုင်စောင့်..
ဒါမှ အင်တာဗြူးအောင်လို့ပြန်လာရင် တနေကုန် ကြပ်နေတဲ့ကားတစ်စီးစီးကိုတိုးစီးပြစ်လိုက်..
အဟာားးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

အိန္ဒြာ said...

ကိုရင်ရေ....

အကွက်စေ့စေ့ ရေးတတ်လိုက်တာ....
ဖတ်လို့သိပ်ကောင်းတယ်....

မြင်ယောင်လာတယ်...
အညာသားမအူမလည်ကို....

Thant said...

ဟား..ဟား..ဟား...သရုပ်ဖော်ကကောင်းလွန်းတော့ အော်ရယ်ပစ်လိုက်တယ် ။သူ့ခမျာ သနားပါတယ်။ ဟိ ဟိ ။

MANORHARY said...

အမှန်က ကိုရင် ကောင်မလေးကိုသတိရနေတာမဟုတ်
လား...း)

မာရေးသျှင် said...

ခင်များနှယ် တော်တာကြီးကို။ဆေးစက်ကျရာ အရုပ်ထင်တယ်ဆိုတာ၊ အုတ်နံရံကို …….. တောင် ပန်းချီဖြစ်တယ်ဆိုတာ မဟုတ်မှလွဲရော ဒါမျိုးကိုပြောတာပဲဖြစ်ရမယ်။ အားရဝမ်းသာ ဂုဏ်ယူပါ့ဗျာ။

Phyo Maw said...

ကိုကိုအမောင်ရင်မောင်ရယ်...
သူလေးတစ်ချက်အကြည့် တသက်ငြိ
သူပြောတဲ့စကားမှာ တို့စိတ်လေးများ ကြွေကျခဲ့ပြီ
ဟုတ်တယ်ဟုတ်။
ဟင်းဟင်း... ကျောချမှ ကုလားမှန်းသိတယ် အဘား အဘား... ဆိုတာ ဒါပဲနေမှာပဲ။

ပါဂနာ said...


ကိုရင်ရေ...

ကျွန်တော်လည်း ကြုံဘူးတယ်. ကျောင်းသွားရင်း (၄၈) ချက် ကြီးစီးတုန်းကပေါ့. (ကုလားကြီး တော့ပါဘူး.:-)

နွေရာသီ ဆိုတော့ နေ ကလည်း ပိုးစိုးပက်စက် ပူ .ချွေး ဒီးဒီးကျတာဆိုတာ အစစ်ဘဲ ဗျိုးးး
ခေါင်း ကလည်း ကြက်လည်လိမ် တာက မှ ကြည့်လှဦးမယ် (အရင်ဘဝ ကများ ကြက်တွေကို ခြင်းကြီးနဲ့များ လိုက်ရောင်းခဲ့ ဘူးလား မသိပါဘူးဗျာ )
ရှေ့ က ကောင်မလေး က ခေါင်းလျှော်လာ ဆံပင် ကိုဖြန့်ထား ကားကလေတိုး တော့ နှစ်ခေါင်းထဲ တန်းတန်းမတ်မတ် ဘဲ. ...ဟတ်ချိုး ဆိတ်ဖွား တွေ မနည်းမနော ဘဲဗျိုးးး
အားနာပြီး လက်လေးနဲ့ စုသိမ်းပေမယ့်လဲ လွတ်နေတဲ့ ဆံပင် အတိုအစ တွေက ပလူပျံ နေတာလေ
(♫.ဆံနွယ်လေးတွေ ♫.♪. သံစဉ်တေးလိပ်ပြာ.♪) ဆိုနေလားမှတ်ရတယ်..ဖူးးး..


အဲ..ကျောင်းရောက်တော့ မယောင်မလည်နဲ့ ကားဂိတ်မှာ သူငယ်ချင်းစောင့် သလိုလိုနဲ့ နာရီဝက် လောက်ထိုင်စောင့်နေလိုက်ရတယ် .အဲ ဖြစ်ပုံက ဂလိုဗျ

ဒူး တွေကလည်း ရှေ့က ကျေးဇူးရှင်ကို မထိမိ လေအောင် ကျားကန်ထားရ လေတော့ နတ်ဝင်သလို ဆတ်ဆတ် တုန်လို့
ဇက်ကြီး က လည်း (မေးခိုင်ပိုး ဝင်ထား သလို တောင့်နေ)
အဲ အဆိုးဆုံးက ဘယ့်နှယ်ဗျာ ဆိတ်ခွံပုဆိုး အပြာလေးဝတ် သွားပါတယ် မရိုသေ့စကားဗျာ တင်ပါးမှာ ချွေးကွက်ကြီး ဘယ်လိုမှကို လှည့်ဝတ်မရတော့လို့ ကဲ.ကောင်းရော
(အဲဒီနောက်တော့ ဘောင်းဘီဘဲ ဝတ်တော့တယ် ကြိုက်သလောက် ပူ “ကျောက်” ဘဲပေါက်ပေါက် စိတ် နာ ဒ.ယ်)

အမှတ်တရ လေးတွေပေါ့ဗျာ
အင်း...အခုတော့ “ချက်ကြီး” တွေ “နယ်” နှင်နေပြီဗျ ...
သူတို့ကတော့ ပြောလိမ့်ဦးမယ်
“လွမ်းလို့ကျန်ရစ် ခဲ့မှာ အားနာပါတယ် လေ” လို့..

ဆောင်းယွန်းလ said...

ဘတ်စ်ကားတိုးစီးခဲ့ရတဲ့ ဘဝတွေကို ပြန်မြင်ယောင်မိသွားတယ်ဗျ..
အညာသားရဲ့ အဖြစ်ကိုဖတ်ရင်း ရယ်လိုက်ရတာ မနဲအရှိန်သပ်လိုက်ရတယ်...

Moe Myint Tane said...

ရေးထားတဲ့ အရေးအသားလေးတွေက ဆွဲဆောင်မှုအား တော်တော်ကောင်းတယ်။ ဖတ်လို့ကလည်းကောင်းတယ်။
မျက်စိထဲ မြင်ယောင်အောင်ရေးနိုင်တယ်။ ကုလားကြီးက အပုန်းမှန်းသိလို့လား မသိဘူးနော်။ ၀ုန်းတယ်ဆိုတော့ ။ ကောင်မလေး ဘုကြည့်ကြည့်တာ မရိုးသားဘူးဗျ။ ငါကတော့ရင်တွေခုန်လို့ အပုန်းကြီးပါလားဆိုတဲ့ အသိနဲ့ ကြည့်တာဖြစ်မယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

တောရိုင်းနှင်းဆီ said...

ရေးတတ်ပါပေ့ ....

ကုလားကြီးတိုးတာ တော်တော်ဒဏ်ခံလိုက်ရမှာပဲနော် ...
ဟုတ်ပ ဒီ ချာတိတ်မ ကလဲ .... ကျေးဇူးရှင်ကြီးကို ကျေးဇူးစကားတောင်မဆိုသွားဘူး ....

ကလူသစ် said...

ဒီအတွဲဘလော့ဂ်တော်ကြီးကို မကြာခဏမဟုတ်ပေမဲ့ လာဖတ်ဖြစ်ခဲ့ပါတယ်ဗျား။

ဂီယာတုတ်ထောက်၊ ကတ်တောက်ကြိုးချည်၊ ဂဟေ ၃တန်၊ ယာဉ် ၃တန်၊ သတိ ဆီ၊ရေ၊လေ၊၀ိုင် ဘတ်စ်ကားကြီးတွေ နယ်နှင်ခံနေရပါပြီ။ လေပူစက်တပ်ကားအသစ်ကြီးတွေနဲ့ဆိုရင် ပိုခေတ်မှီမလားပဲ :P

mikozan said...

ကလားကြီးရဲ့ကျောထောက်နောက်ခံ ကြောင့် ကောင်မလေးကို ကိုယ်ဖိရင်ဖိ ဆောင့်ရှောက်ပေးလိုက်ရတယ် ဆိုပါတော့

အကိုက ဆူးပါတဲ့ဖက်ကြီးပေါ့ :P

မီယာ said...

ကိုရင့်ပုံကို မြင်ယောင်ပြီး ရီလိုက်ရတာ.. ငယ်ငယ်က သောကြာစာစောင်တွေ ဖတ်ရသလိုပဲ

ကိုရင် စင်ကာပူက ဗွက်ထတဲ့ သင်္ကြန် အကြောင်းရေးပါဦး။ သက်ပိုင်သူဆီက ကော်မန့်ဖတ်ပြီး ကိုရင်ရေးတာလည်း ဖတ်ချင်သေးတယ်။ special request!!!!

မေ့သမီး said...

အညာသားသနားပါတယ်။ စာရေးကောင်းတော့ မျက်စိထဲထင်းခနဲပဲ။

flowerpoem said...

သနားပါတယ် သူ့ခမျာ အင်တာဗျူးလည်းနောက်ကျတယ် ကားတိုးစီးရတဲ့ဒုက္ခကတော့ ရန်ကုန်မှာလွယ်ဘူး

တားမြစ် ထားသော... said...

ဖတ်ကောင်းတဲ့ စာတစ်ပုဒ်ပါ။
သရုပ်ဖော်တာ ကောင်းတယ်။

ပြောချင်တာတော့ရှိတယ် နောက်မှာလူတစ်ယောက်လောက်ကိုပဲ ညွှန်းရင်ပိုကောင်းမလား။ ကုလားဆိုမုန်းတတ်နေတဲ့ အထင်သေးတတ်နေတဲ့ စိတ်တွေကို အားပေးရာ ရောက်မသွားစေချင်ဘူး။
အထင်ကို ဝင်ပြောတာပါ။

သုခမိန်(E-Journal)

ကိုရင်နော် said...

ကိုသုခမိန်ရေ..
ဟုတ်တယ်ဗျာ ကျနော် အဲ့ဒါကို မတွေးမိဘူး.. နောက်ဆို အဖက်ဖက်က ပြည့်စုံအောင် တွေးမှ ဖြစ်မယ်.. သတိပေးတာ ကျေးဇူးပါ.. ဒီထဲက ကုလားကြီးကိုတော့ ဟာသ တစ်ပုဒ်အဖြစ်သာ မြင်လည့်ပါတော့ဗျာ လက်က လွန်းသွားပြီ..

ခင်မင်လေးစားစွာနဲ့..

ကိုရင်နော်

ဂျပန်ကောင်လေး said...

ဟားဟား.. ဦးနော်တို့များနော်... ရေးတတ်လိုက်တာ လွန်ရော...း) ဖတ်ရတာ အူကိုနှိပ်နေတာပဲ..း)

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော်ရေ .......... အသံထွက်အောင်ကို အော်ရီလိုက်မိပါတယ်။ အပြန်ဆိုရင်တော့ ဦးနော် သတိထားနော်။ ဦးနော်တည်းတဲ့ ရပ်ကွက်ထဲက တိုရှည်ကုလားမက မုန့်ကြိတ်ပြီး အပြန် ဗိုက်ပူကားစီးပြီး ပြန်နေကြတဲ့။ ဟီး

လေးစားလျှက်
ရောင်