Saturday, May 16, 2009

ကျနော်လူဆိုး (၃)

“သားရယ် လက်ရေးကို ပြင်စမ်းပါ.. ပဲပင်ပေါက်တွေ ကျနေတာပဲ.. မေမေစိတ်ညစ်လိုက်တာ..”
“ဟုတ်.. မေ့..”
မေမေက ကျနော် စာကူးနေတဲ့ စာကြည့်စားပွဲဘေးမှာ လာရပ်ကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါနေလေရဲ့.. စွေစွေစောင်းစောင်း ချွန်တွန့်တွန့် လက်ရေးတွေက မေမေ စိတ်ညစ်မယ် ဆိုရင်လည်း ညစ်စရာပါ.. တစ်ခါတလေ ကိုယ်ဟာကိုယ်တောင် ဖတ်မရ..။

“ပြောလိုက်ရင် ဟုတ်.. မေ့.. လုပ်ဖို့ပဲ.. ဘယ်တော့ မှ မပြင်ဘူး.. သားအတွက် မေမေ ရင်လေးတယ်.. ရုပ်ကလေးကြည့်တော့ ဖြူဖြူချောချောလေးနဲ့ လက်ရေးကြည့်တော့ စုတ်ပြတ်နေတာပဲ..”
“မေ့ကလည်း.. သားက ဆရာဝန်ကြီး လုပ်မှာမို့လို့ လက်ရေးကို သေချာ လေ့ကျင့်ထားတာ..”
“ခေါင်း ခေါက်လိုက်မယ်.. ပြောလိုက်ရင် နောက်တီးနောက်တောက်နဲ့ ဟွန်းး.. ခင်လေး လက်ရေးနဲ့များ တခြားစီ..”

ခင်လေးဆိုတဲ့ အသံကြားတော့ စိတ်ထဲမှာ ကလိကလိ ဖြစ်သွားတယ်..။ မေမေက ကျနော့်ကိုဆို ခင်လေးနဲ့ နှိုင်းနှိုင်းပြီး အမြဲ ဆူတတ်တယ်.. သူ့ကြောင့်မို့ ရိုက်ခံရလိုက် ဆူခံရလိုက်နဲ့..။ သူဟာသူ လက်ရေးပဲလှလှ.. စာပဲ တော်တော် ကျနော်ကတော့ ဂရုမစိုက်ပါဘူး..။ မေမေက သူ့ကို ချီးမွမ်းနေရင်တော့ ကျနော် မကျေနပ်တာ အမှန်ပဲ..။ ခင်လေးစုတ်ကလည်း ဘာလို့ ဒီလို တော်နေတာလဲ မသိဘူး.. ဒင်းတော်နေလေ.. ကျနော် ဆူခံရလေ..။ ကျေကို မကျေနပ်ဘူး..။

စာတွေ ကူရမှာကလည်း အများကြီး ကျန်သေးတယ်..။ ကျောင်းပိတ်ရက်လေး အားရအောင် ဆော့ရမလားလို့ များလိုက်တဲ့ စာတွေ.. သင်္ချာတွေလည်း တွက်ရဦးမယ်.. မနက်ဖြန် ဆရာမက စာအုပ်စစ်မှာတဲ့ မပြီးလို့လည်း မဖြစ်ဘူး.. ညောင်းလည်း ညောင်းလာပြီ.. ပျင်းလည်း ပျင်းလာပြီ..။

အဲ့လို တွေးနေတုန်းမှာပဲ... “တိန်” ဆိုပြီး ခေါင်းထဲမှာ မီးလင်းသွားတယ်..။ အကြံ.. ဟုတ်တယ်.. ဒီအကြံ..။ ကိုယ့်ဟာကိုယ် ခေါင်းညိတ်.. ကိုယ့်ဟာကိုယ် ကျေနပ်ပြီး.. စာကြည့်စားပွဲကနေ ထလိုက်တယ်..။ ပြီးတော့ မေမေတို့ အခန်းထဲကို ဝင်.. ဖေဖေ့ ဆေးသေတ္တာထဲက ပတ်တီးလိပ် တစ်လိပ်ကို ယူလိုက်တယ်.. နောက် ကျနော့် စာအုပ်တွေကို ယူလိုက်တယ်..။

“မေ့.. သား ခင်လေးတို့ အိမ်ခဏသွားဦးမယ်.. သားရဲ့ သင်္ချာစာအုပ် သူ့ဆီပါသွားတာ အဲ့ဒါ သွားယူမလို့..”
“ဟမ်.. သား နင် လမ်းပေါက် မရှာနဲ့နော်.. စာလေးလုပ်နေလို့ ချီးကျူးမလို့ ရှိသေးတယ် ဇာတိကပြပြီ.. သွား.. မြန်မြန်သွား.. မြန်မြန် ပြန်လာခဲ့..”
“ဟုတ်... မေ့..”
ကျနော် စိတ်ထဲကနေ ကြိတ်ပြုံးလိုက်တယ်.. ကျနော် ငရဲရောက်မှာတော့ သေချာတယ် မေမေ့ကို လိမ်ပေါင်းလည်း များပြီ..

စက်ဘီးကို ပြေးပြေးလွှားလွှားတွန်းရင်း.. မြူးကြွစွာ နင်းထွက်လာခဲ့တာ ခင်လေးတို့ အိမ်ဆီကို..

............................................ ၂ ............................................

လမ်းတဝက် စိန်ပန်းပင်ကြီးနားရောက်တော့ စက်ဘီးကို ထိုးရပ်လိုက်တယ်..။ အိတ်ထဲက ဖြူဖွေးဖွေး ပတ်တီးလိပ်ကြီးကို ထုတ်ပြီး ညာဘက် လက်ကောက်ဝတ်ကို လက်ဝါးကနေစပြီး တစ်ပတ်ချင်း တစ်ရစ်ချင်း တင်းကျပ်နေအောင် ပတ်ပြီး စည်းလိုက်တယ်..။ ပြီးတော့ ကိုယ့်ဟာကိုယ် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်တယ်..။ ပြုံးရင်းနဲ့ပဲ မဲ့ကြည့်လိုက်တယ်.. နာသလိုလို.. ကိုက်သလိုလို.. ငိုချင်သလိုလို မျက်နှာပေးကို ပြင်လိုက်တယ်..။ စက်ဘီးကို ဘယ်လက်တစ်ဘက်နဲ့ စီးရင်း ဟန်မပျက်...။

“ခင်လေးရေ... ခင်လေး..)))))..”
ခင်လေးခဗျာ ကျနော် အော်သံကြားတော့ ပြူးကြောင်ကြောင်မျက်လုံးနဲ့ ကြောက်လန့်တကြား ပြေးထွက်လာတယ်..။ အိပ်ငိုက်နေတဲ့ ကြွက်စုတ်လေးရှေ့ကို ကြောင်ကြီးတစ်ကောင် ရုတ်တရက် ရောက်လာသလို.. လန့်လို့.. ဖြန့်လို့..။

“ဘာတုန်း..”
သူ့အသံက စွာတာတာ ရှတတ..
“နင်ကလည်းဟာ ရန်ထောင်မယ်ဆိုတာပဲ.. ငါ မနက်က စက်ဘီး မှောက်လို့ဟ..”
ကျနော့် မျက်နှာပေးက ဝမ်းလျှောထားသလို ပျော့စိပျော့ဖတ်..

“ဟမ်.. ဘယ်မှာ မှောက်တာလဲ.. ကောင်းတယ် မျောက်လို စီးတာကိုဟ နည်းတောင် နည်းသေးတယ်..”
အံ့သြသွားရဲ့သားနဲ့ ဟန်ဆောင်ဝမ်းသာ ပြနေတာ ကျနော် သိလိုက်တယ်..

ပတ်တီးစည်းထားတဲ့လက်ကို ဖွဖွလေးကိုင်ရင်း
“အေး..ဈေးထိပ်က ကုန်းဆင်းမှာ မှောက်တာ.. လက်က အရိုးအက်သွားတာလား မသိပါဘူး.. အရမ်းနာနေတယ်ဟ.. အဲ့ဒါ အရေးမကြီးဘူး.. အခု ငါ စာမရေးနိုင်တော့ဘူးဟ.. အားး.. ကျွတ်ကျွတ်.. ကျွတ်စ်စ်”

ခင်လေးက မျက်လုံးပြူးပြီးသားကို ပိုပြူးအောင် ပြူး.. ပါးစပ်ကလေး ဟရင်း..
“ဟယ်.. ဟုတ်လား.. နင်တို့ အခန်းက မနက်ဖြန်စာအုပ်တွေ စစ်မှာဆို.. အဲ့ဒါ ဘယ်လို လုပ်မလဲ”
“အေ.. ဟုတ်တယ် အဲ့ဒါကြောင့် နင့်ဆီ ပြေးလာတာပေါ့ မေမေကလည်း နင့်ဆီသွားတဲ့..”
မှင်သေသေနဲ့ အကယ်ဒမီရှော့ ဖမ်းရင်း မေမေ့ကိုပါ ဆွဲထည့်လိုက်တယ်..

ခင်လေးက ကျနော့် စာအုပ်တွေကိုထုတ်.. စာရွက်တွေကို လှန်ကြည့်ရင်း..
“ဟဲ့ နင်ဟာက ကူးရမှာ အများကြီးပါလား.. ဟိုအရင်ရက်က စာတွေလည်း မရှိဘူး..”
ကျနော် ညာဘက်လက်နဲ့ ခေါင်းကုတ်.. ပတ်တီးကို သတိရတော့ ဘယ်ဘက်လက်နဲ့ပြောင်းကုတ်.. အချိုမချဉ် မျက်နှာနဲ့..
“အေ.. ဟ.. ဟုတ်တယ်.. ဟိုလေ.. ဟို.. အဲ့ဒါ မကူးရသေးဘူး.. အဲ့ဒီနေ့က အိမ်မှာ မီးပြတ်လို့..”

ခင်လေးက စိတ်ပျက်လက်ပျက်..
“နင်ဟာလေ.. အေအေ.. ပြီးရော ငါ ကူးလိုက်မယ်.. နင်ကျောင်းရော တက်မှာလား..”
“အန်.. အေ.. ကျောင်းတော့ တက်မှာပါ.. နောက်.. ဟိုဟာ..”

ခင်လေးက ကျနော့် လက်ကိုကြည့်လိုက် မျက်နှာကိုကြည့်လိုက်နဲ့..
“ဘာလဲ..”
“ဟို.. နင့် သင်္ချာစာအုပ်လည်း ခဏပေးလိုက်ဦး ငါ တွက်ဖို့ အချိန်မရတော့လို့..”
“ဟမ်.. နင်ကူးချမလို့ မလား..”
“ဟာ နင်ကလည်း ငါလက်နာနေတာ စဉ်းစားလို့ရမှာ မဟုတ်ဘူးဟ.. နင်တွက်ထားတာတွေ ကြည့်မလို့..”
“ဘာဆိုင်လို့လဲ လက်နာတာနဲ့ စဉ်းစားတာ..”
“ဟမ်.. အေ.. မဆိုင်ဘူးလား.. ပေးပါကွာ.. မေမေ စိတ်ပူနေလိမ့်မယ်.. ငါပြန်တော့မယ်..”

ခင်လေးလည်း သူ့သင်္ချာစာအုပ်ကို မပေးချင် ပေးချင်နဲ့ ထုတ်ပေးတယ်..
“ဟဲ့ ဖြေးဖြေးစီးအုန်း ထပ်မှောက်လို နောက်တဖက် ကျိုးအုန်းမယ်..”
“အေ.. အေ.. မနက်ကျ ငါ့ စာအုပ်တွေ မေ့မနေနဲ့အုန်းနော်..”
“အေးပါ..”

သူ့စာအုပ်လေးနဲ့ လက်ရေး ဝိုင်းစက်စက်တွေကတော့ ကျနော့် အကြံကို သိပုံမပေါ်ဘူး..။ ကျနော်ကတော့ စိတ်ထဲကနေ “ခွီ..” ကနဲနေအောင် ပြုံးလိုက်တယ်..။ ပြီးတော့ မဲ့တဲ့တဲ့ နှုတ်ဆက်ရင်း.. စက်ဘီးကိုဆွဲ.. သုတ်တော့တာပဲ.. စိန်ပန်းပင်ကြီးဆီကို..။

ပတ်တီးပြန်ဖြည်ရမယ်.. အိမ်ရောက်ရင် သင်္ချာတွေ ကူးချရမယ်.. ပြီးရင် ဂျင်သွားပေါက်မယ်.. သားရေကွင်း သွားပစ်မယ်..။

“ရဟူးးး... ဆော့ရပြီကွ.. ဟီးးဟီးးးး..ဟီး.. ))))..”

............................................ ၃ ............................................

(((ဒေါင်း.. ဒေါင်း.. ဒေါင်းဒေါင်း.. ဒေါင်း.. ဒေါင်း..)))
ဒီနေ့တော့ ကျောင်းတက်ခေါင်းလောင်း ခေါက်ပြီးမှပဲ ကျောင်းကို ရောက်တော့တယ်..။ နောက်ကျမှာပေါ့.. လမ်းမှာ ပတ်တီး ပြန်စည်း နေရတာလေ..။ ပတ်တီးကို တင်းတင်းကျပ်ကျပ်ကြီး စည်းထားလို့လားမသိ လက်က တကယ်တောင် နာချင်သလိုလို ဖြစ်လာပြီ..။ အခန်းထဲကို မဝင်သေးပဲ ခင်လေးတို့ အခန်းကို အရင် ပြေးသွားလိုက်တယ်..

“ခင်လေး..”
“ဟဲ့.. သက်သာလား.. ငါက နင် ကျောင်းမတက်တော့ဘူးတောင် ထင်တာ.. နောက်ကျလိုက်တာ..”
“အေဟ.. လမ်းမှာ ပတ်တီး.. အဲ့.. အင်း.. ပတ်တီးက ကျပ်လို့ဟ ငါ ဖြေးဖြေး လာနေတာ..”
တကယ်တာ့ ပြောမိတာက ဘာမှမဆိုင်.. ကျနော့်ဟာ ကျနော်တော့ ရယ်ချင်ပက်ကျိဖြစ်နေမိတယ်..

ခင်လေးခမျာ သူ့လွယ်အိတ်ထဲက စာအုပ်တွေကို ဟိုနှိုက် ဒီနှိုက်နဲ့..
“ရော့ရော့ ဒီမှာ နင့် စာအုပ်တွေ.. အကုန် ကူးပြီးပြီ.. နင့်စာတွေ ထိုင်ကူးနေလို့ ငါ့မှာ အိပ်ရေးတောင် ပျက်ရတယ်..”
“အေးပါဟာ.. နင်ကလည်း ဒါလေးကိုများ.. ပေးပေး.. ဆရာမလာတော့မယ် ငါသွားပြီ..”
စာအုပ်လည်း ရရော.. ကျနော် တချိုးတည်း လစ်တော့တာ..။ စိတ်ထဲမှာ တဟားဟား နဲ့ကို ပျော်နေတာ.. ခုတော့ ကျနော့် စာအုပ် စာတွေ စုံပြီ.. ဒီအကြံ မပိုင်ပေဘူးလား..။

ခင်လေးက ပြူတင်းပေါက်ကနေ ကိုယ်တခြမ်းထွက်လာပြီး.. လှမ်းအော်တယ်..
“ဟဲ့.. ဟဲ့ ကိုရင်.. ငါ့ သင်္ချာ စာအုပ်..)))..”
သူလှမ်းအော်တော့ ဆရာမက ကျနော်တို့ အခန်းထဲတောင် ဝင်နေပြီ..

“ဟေ.. အေ..”
ကျနော်လည်း သတိရပြီး.. ပုဆိုးတစ်ဖက်ကိုမ.. လက်တစ်ဖက်ကလည်း လွယ်အိတ်ထဲကို နှိုက်ရင်း သူ့နားကို ပြန်ပြေးသွားလိုက်တယ်..။ လွယ်အိတ်ထဲက စာအုပ်တွေကို ဟိုစမ်း.. ဒီစမ်း.. ဟိုလှန် ဒီလှန်.. ဟိုမွေ.. ဒီနှောက်..

“ဟဲ့.. မြန်မြန်.. ဆရာမ လာနေပြီ..”
ကျနော် ခေါင်းကြီးသွားတယ်..
“အေးဟ.. ငါသေချာထည့်လာပါတယ်.. အခုရှာမတွေ့ပါလား.. နေပါဦး..”
“ဟမ်..)))..”
ခင်လေး အလန့်တကြား အော်လိုက်သံက ကျနော့်ကို တွန့်သွားစေတာတော့ အမှန်ပဲ..

ကျနော့်ခေါင်းကြီးကို လွယ်အိတ်ထဲ ဝင်လုမတတ် ပြူးပြဲပြီး ထပ်ရှာကြည့်တာ တကယ်ကို မပါလာဘူး..။ သေချာပြီ.. စားပွဲပေါ်မှာ ကျန်ခဲ့ပြီ..
“မတွေ့ဘူးဟ.. အိမ်မှာ ကျန်ခဲ့ပြီ..”
“ဟားကွာ.. နင်ကွာ.. ငါ စာအုပ်ထပ်ရမှာ.. အခုဘယ်လို လုပ်မလဲ..”
ခင်လေးမျက်နှာက ဇီးရွက်ထက်တောင် နည်းနည်း သေးသွားသေးတယ်.. မျက်ရည်တွေလည်း ဝဲတက်လာတယ်..။ စိတ်ဆိုးတာ..၊ ဒေါသထွက်တာ..၊ ငိုချင်တာ..၊ ဆရာမဆူမှာကြောက်လန့်တာ..၊ ဝမ်းနည်းတာ..၊ အဲ့ဒီပုံရိပ်တွေက သူ့မျက်နှာပေါ်မှာ တစ်မျိုးပြီး တစ်မျိုး ပြောင်းနေတယ်..။

ကျနော်.. ဘာပြောရမှန်း မသိ ကြောင်အအနဲ့..
“အေးဟာ ဘယ်လိုလုပ်မလဲ.. ဆရာမကို ပြောလိုက်ကွာ ငါငှားသွားတာ ပြန်မပေးလို့ လို့..၊ ငါသွားပြီ.. ငါ့တို့ အခန်းကို ဆရာမရောက်နေပြီ..”
ကျနော် ပြောပြောဆိုဆို ပြေးထွက်လာခဲ့တယ်.. ကိုယ်လွတ်ရုန်းလိုက်တယ် ဆိုပါတော့..
သေချာတယ်.. ခင်လေးကတော့ နှုတ်ခမ်းကို ကိုက်ပြီး မျက်ရည်တွေ ကျနေမယ်ဆိုတာ..

............................................ ၄ ............................................

ကျနော်ဒီနေ့ အရိုက်မခံရတော့ဘူး.. အတန်းထဲမှာ စာအုပ်တွေ လိုက်စစ်တော့.. ကျနော့်စာအုပ်က စာတွေ အပြည့်..။ စာမကူးလာတဲ့သူတွေ အရိုက်ခံရတာ ကြည့်ပြီး ကျနော် သဘောတွေ ကျနေတာ..။ ဟဲဟဲ.. ကျနော်ကတော့ ဥုံဖွ ဆိုပြီး ဉာဏ်ကို အသုံးချလိုက်တာ.. စာအုပ်ထဲမှာ စာတွေ ပြည့်သွားရော..

ဒုတိယအချိန်က ဆရာဦးခင်မောင်သန်း ရဲ့ သမိုင်းအချိန်.. ဆရာက စာသင်တာလည်း ကောင်းတယ်.. ရယ်စရာတွေလည်း ပြောတတ်တယ်.. စစနောက်နောက်နဲ့ ကျနော်တို့ကို သူငယ်ချင်းလိုပေါင်းတာ..။ ကျနော့်မှာတော့ ဆရာ စာသင်တာ စိတ်မဝင်စားနိုင်ဘူး.. ခင်လေးတစ်ယောက် ငိုနေသေးလား.. ဘာတွေဖြစ်နေပါလိမ့်လို့ စိတ်ကရောက်နေတယ်..။

“ဆရာ..”
ညာဘက်လက်တစ်ခြမ်းကို ပိုက်ရင်း ဘယ်ဘက်လက်က လက်ညိုးတစ်ချောင်းထောင်ကာ အပေါ့သွားမယ် ဆိုတာကို ဆရာ့ကို ခွင့်တောင်းလိုက်တယ်..

ဆရာက မျက်မှန်အပေါ်ကနေ မျက်လုံးကို လှန်ကြည့်ပြီး..
“ဟေ့ယောင်.. မင်းငါ့ အချိန်တိုင်း အပြင်ထွက်တယ်.. စာသင်နေပြီဆိုရင် အပြင်ကသွားချင်ပြီ.. မင်းတော့နော်.. သွား.. မြန်မြန်သွား.. မြန်မြန်လာ.. နောက်ဆို ငါ့အချိန်ရောက်ရင် သားရေကွင်းနဲ့ စည်းထား..”
အခန်းဖော်တွေက “ဝါးးးး...)))..” ကနဲ ဝိုင်း ရယ်(ရီ) ကြတယ်..

ဆရာ့ကို သွားကြီးဖြဲပြီး “ဟီးးး..” လို့ ရယ်ပြရင်း.. အတန်းသားတွေကို ဘုကြည့် ကြည့်ပစ်လိုက်တယ်.. ရယ်သံတွေ တိတ်သွားတယ်.. ကောင်မလေးတွေ ပါးစပ်ကို လက်ဝါးလေးတွေ အုပ်ပြီး တခွီးခွီးနဲ့..။ ကျနော်နဲ့ တူတူထိုင်တဲ့ သန်းဝင်းက သားရေကွင်း ထောင်ပြတယ်.. စိတ်ထဲကနေ ဒီကောင့်ကို “မအေဘေး” လို့ ဆဲပြီး အခန်းထဲကနေ အပြေးတစ်ပိုင်း ထွက်ခဲ့လိုက်တယ်..။

ပြောသာပြောတာ ကျနော်က အတန်းထဲမှာ ဗိုလ်..။ အစသန်.. အနောက်သန်.. ခပ်ဆိုးဆိုး ပေတေတေ မို့လားတော့ မသိဘူး.. ကျနော့်ကိုဆို တော်တော်များများ လန့်ကြတယ်..။ တကယ်တော့ အော်ကြောလန် ဖြစ်နေတာ ကိုယ့်ဟာကိုယ် မသိဘူးလေ..။

ဒီလိုနဲ့ ခင်လေးတို့ အတန်းဘေးရောက်တော့.. ကျနော် မျက်လုံး ပြူးသွားတယ်..
ဟင်းးးးးး... ခင်လေး ခုံပေါ်မှာ မှတ်တပ်ရပ်နေပါလား..!!
တစ်ခန်းလုံးကတော့ ငြိမ်ပြီး တိတ်ဆိတ်လို့.. သူ့မျက်နှာကလည်း မျက်ရည်တွေနဲ့ နီရဲလို့ပါလား..!!
ဆရာမကို လှမ်းကြည့်လိုက်တော့ မျက်နှာတည်တည်နဲ့ စာအုပ်တွေ အမှတ်ခြစ်နေလေရဲ့..
သေချာပြီး ခင်လေး သင်္ချာစာအုပ် မထပ်နိုင်လို့ ဒဏ်ပေးခံထားရပြီ..
ကျနော် စိတ်မကောင်းဖြစ်သွားတယ်.. သူစာပြီးရဲ့သားနဲ့.. အခုတော့ ကျနော့်ကြောင့်..

ကျနော် သူရပ်နေတဲ့ ပြူတင်းပေါက်နား ဆရာမ မမြင်အောင် ကုန်းကုန်းကွကွနဲ့ အသာ ကပ်သွားပြီး..
“ခင်လေး.. ရွတ်..! ရွတ်..!! ခင်လေး..”
လေသံတိုးတိုးလေးနဲ့ ခေါ်ကြည့်လိုက်တယ်..

ကျနော့်ကို ရုတ်တရက် မြင်လိုက်ရတဲ့ ခင်လေးမျက်နှာက marah ပန်းသီးနီနီရဲရဲကို မီးဖုတ်လိုက်သလို ချက်ချင်းကို ညိုပုပ်သွားတယ်..။ ဒေါသတွေလည်း နားထဲကနေ “ရှူး..” ကနဲ ထွက်သွားသလား မှတ်ရလောက်အောင် နားရွက် ကားကားကြီး ထောင်လာတယ်..။ မျက်ထောင့်နီနီထဲက မျက်ရည်တွေကလည်း လက်နဲ့ဖိညှစ်လိုက်တဲ့ သံပုရာသီးလို ရွမ်းရွမ်းဝေ ကျဆင်းလာတယ်..။ သွားဖြူဖြူတွေနဲ့ ဖိကိုက်လိုက်တဲ့ နှုတ်ခမ်းကွေးကွေးကလည်း အသားကြိတ်စက်ထဲ ထည့်လိုက်တဲ့ ဝက်သားတုံးလိုလို..။

သူ့မျက်နှာကို ကြည့်ပြီး ကျနော် ကျောချမ်းသွားတယ်.. အခြေအနေမကောင်းဘူး..
ကျနော် ပါးစပ်လေးကိုဟ.. ခေါင်းလေးကို ဆတ်ရင်း ဆရာမကို လက်ညိုးထိုးလိုက် ကျနော့ကိုယ် ကျနော် လက်ညိုးထိုးပြလိုက်နဲ့ Sign Language နဲ့ စကားတွေ ပြောနေတာ.. သူကတော့ နားမလည်လောက်ဘူး..။ လာစတယ်ထင်ပြီး ရုပ်က ပိုပြီး တင်းမာလာလေရော..။ ကျနော် ပြောချင်တာက “ပြောလိုက်ပါလား ဆရာမကို ငါ ငှားသွားလို့.. ငါမေ့ကျန်ခဲ့လို့.. သမီးမှာ အပြစ်မရှိဘူးလို့..” အဲ့လို ပြောလိုက် စေချင်တာ.. ဒင်းက ဘာမှ မပြောပဲ ပေတေပြီး ရပ်နေတယ်..။

တစ်ချက် ရှိုက်လိုက်တဲ့ သူ့ ငိုသံနဲ့ ဒေါသအရောင်တွေ ရဲတက်လာတဲ့ သူ့မျက်နှာပြင်ကြီးက နှာခေါင်းထဲကို စနစ်တံ မီးရှို့ထားတဲ့ ဗျောက်အိုးတစ်လုံး ထည့်ထားသလို ပေါက်ကွဲလုဆဲဆဲ..။ သေချာကြည့်ရင် ကြောက်ရွံ့စရာ..။ ကျနော် လန့်သွားတယ်.. အော်များ ငိုလိုက်ရင် ဒုက္ခ.. မဖြစ်ဘူး.. လစ်မှ ဆိုပြီး.. နောက်ကြောင်းပြန်လည့်ပြီး အတန်းထဲ ပြန်ဝင်ပြေးလိုက်တော့တယ်.. အပေါ့သွားဖို့တောင် မေ့သွားလေရောဆိုပါတော့..။

............................................ ၅ ............................................

ကျောင်းလည်းဆင်းရော စက်ဘီးကို မြန်မြန်ထုတ်ပြီး အသားကုန် နင်းတော့တာ.. တန်းနေတာပဲ အိမ်ကို..

မကြာမီအချိန်အတွင်းတွင် မုန်တိုင်းကျရောက်တော့မည်..။
ခင်လေးငယ်ဆိုသော မုန်တိုင်းမကြီး ကျနော့်အိမ်ကို ဗဟိုပြုရင်း တရွေ့ရွေ့ ရွေလျားလာနေပြီ..။
မကြာမီ တရှီးရှီး တဟီးဟီးနှင့် လေလုံးကြီးတွေ တိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းတော့မည်..။
တရွမ်းရွမ်း ရိုက်ခတ်တော့မည် မေမေ့ ရိုက်သံသည်လည်း မုန်တိုင်းနှင့်အတူ ပါလာတော့မည်..။
ကြိုတင် ကယ်ဆယ်ရေးများ ဆောင်ရွက်ထားနိုင်ရန်.. အိမ်သို့ အရင်ရောက်မှ ဖြစ်မည်..။
ခြေသလုံး ပရုပ်ဆီလူးခြင်း..၊ ဘောင်းဘီရှည် သုံးထပ်နှင့် ပုဆိုးနှစ်ကွင်း ထပ်ဝတ်ထားခြင်း..၊ စသည်တို့ကို ကြိုတင် စီမံထားရမည်..။

ဘာမှ မသိသေးတဲ့ မေမေကတော့ ကြက်မွှေးကိုင်ရင်း အရုပ်စင်ကို ဖုန်သုတ်နေပါတယ်..
ခြံထဲလှမ်းဝင်လာတဲ့ ခင်လေးရဲ့ ခြေသံတွေက ကျနော်အတွက်တော့ မိုးကြိုးပစ်လိုက်သလို..

ကျနော့် အပြစ်ဒဏ် ကျနော် ခံရတော့မည်..
ကျနော်လူဆိုးပါ..အဲ့ဒီနေ့ကတော့ ကျနော် တကယ် ငိုခဲ့ရပါတယ်..
ခင်လေး ဘယ်လောက် တိုင်တိုင်..
မေမေ ဘယ်လောက် ရိုက်ရိုက်..
ကျနော် ဘယ်လောက် ငိုရ ငိုရ..
ကျနော်ကိုက အမှတ်မရှိတာ မခက်ပေဘူးလားဗျာ..။

တွေ့ကြသေးတာပေါ့ ခင်လေးငယ် ဆိုတဲ့ အပေအတူးမရေ..
နင်ပဲ တိုင်နိုင်မလား.. ငါပဲ ဆိုးနိုင်မလား.. ဆိုတာ..။

(ကိုရင်နော်)


29 comments:

ဖိုးစိန် said...

နံပတ်မှာ ၁

ဖိုးစိန် said...

အဟားဟားးးး
ဘာတဲ့ တို့ကိုကြီးတို့က
ဖြူဖြူချောချောလေး တဲ့
ကိုဖြူချော ကလဲ ထွက်လိုက်တဲ့ဥာဏ်တွေ
မခင်လေးတစ်ယောက် ကလဲဒီလောက်ကိုဖြူချော
ဒီလောက် လှည့်ပတ်ခံထိတာတောင် ယုံတယ်နော်
တို့ကိုကြီးကလဲ ဖြူချောလေးဆိုတော့
အကယ်ဒမီရှော့နေမှာပေါ့လေ

စာအုပ်က တကယ်ကျန်ခဲ့တာလား
မခင်လေးသနားပါတယ်
တို့အကိုဖြူဖွေးလဲ သံယောဇဉ်တော့ရှိသားနော်
ဒါပေမယ့် အကျင့်ကဖျောက်လို့မရတာနော့်
အဟီးး
ဖတ်ရတာပျော်စရာကောင်းလို့ ပြောချင်ရာပြောသွားတယ်
တော်ကြာမခင်လေးက ပန်းသီးနီနီရဲရဲကို မီးဖုတ်လိုက်သလို ချက်ချင်းကို ညိုပုပ်သွားတယ်..။ ဒေါသတွေလည်း နားထဲကနေ “ရှူး..” ကနဲ ထွက်သွားသလား မှတ်ရလောက်အောင် နားရွက် ကားကားကြီး ထောင်လာပြီး ဖိုးစိန်ကိုလာထုနေမှ ပြေးပေါက်မှားနေမယ်လေ

မခင်လေးရေးမယ် ဖြူးဖွေးရဲ့ညိုပြာကိုစောင့်နေပါတယ်ဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ကျားကျား said...

har har har ko yin yay!ma easy par lar

pm said...

သားရေကွင်းကော အခု ဝယ်ဆောင်ဖြစ်သေးလား :P

ကလေးလေး said...

ဦးနော်ရေ...မေ့ကိုလဲပြန်ရေးခိုင်းမှဖစ်တော့မယ်

မမသီရိ said...

ကိုရင်..
တဆိတ်တော့ လွန်လာပြီနော်..း)
ဘာပဲပြောပြော ဖတ်လို့ကောင်းတာတော့ အမှန်

ရေးပါအုံး.. ကျန်တဲ့ အပိုင်းတွေ
ပြီးတော့
မြန်မာပြည်ပြန်ရောက်ရင် စာအုပ်ထုတ်ပါလား
အောင်မြင်မှာ အမှန်..

MANORHARY said...

အော် ဖြူဖြူချောချောလေး တဲ့
း)း) ကြော်ညာလည်းပါတယ်။
mnhy

နေမင်းသံစဉ် said...

ဟားဟား..တကယ့်ကို ကောင်းတယ် အကိုရေ၊အကိုစာတွေ ဖတ်ပြီး ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြန်ပေါ်လာတယ်
မခင်လေးတစ်ယောက်တော့ တော် တော် ဒေါသဖြစ်နေရှာမှာဘဲနော်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

ဆန်းဦးဇော် said...

ရီလိုက်ရတာဗျာ။ ကိုရင်နော်ကြီးလုပ်လိုက်မှဖြင့် မခင်လေး သနားပါတယ်။ ;)

sin dan lar said...

ဖြူဖြူချောချောလေး... ဟုတ်စ.....။

ကောင်းကင်ကို said...

မကြာမီအချိန်အတွင်းတွင် မုန်တိုင်းကျရောက်တော့မည်..။
ခင်လေးငယ်ဆိုသော မုန်တိုင်းမကြီး ကျနော့်အိမ်ကို ဗဟိုပြုရင်း တရွေ့ရွေ့ ရွေလျားလာနေပြီ..။
မကြာမီ တရှီးရှီး တဟီးဟီးနှင့် လေလုံးကြီးတွေ တိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းတော့မည်..။

ဟီးဟီး။ :D

WWKM said...

ပျင်းပျင်းနဲ့ အိမ်လျှောက်လည်တာ... ရယ်လိုက်ရတာ
ကိုရင်ရေ... ဟီးဟီးဟီးး
အဲဒီလိုဆိုးတာကိုးးးးးး)

တောင်ပေါ်သား said...

ပြောချင်ဘူး ပြောချင်ဘူး ဦးနဲ့ တီငယ်က အမြဲ ရန်ဖြစ်နေတာပဲ


လေးစားလျက်
တောင်ပေါ်သား

ZT said...

ဖြူဖြူချောချောကလေးကိုတော့ လူတိုင်းသတိထားမိသား။ ဟားဟား။ :D

ဂျပန်ကောင်လေး said...

ဆိုးလိုက်တာနော်...း(..

ပျိုပျို said...

မိနော်.....ကောင်မရေ့ ညည်းကအဲ့လောက်တော့ လုပ်ဖို့ကောင်းပါဘူးတော် ဆိုးလိုက်တာ မျောက်မး)

မယ်ကိုး said...

(၁) ကနေ စဖတ်သွားပါတယ်။ ဖတ်ရင်း ဖတ်ရင်း မခင်လေးကို အရမ်းသနားမိတယ်။
စိတ်ဝင်စားအောင်လည်း ရေးတတ်တာမို့  နောက်အပိုင်းတွေကို မျှော်နေမိဦးမှာပါ။
ကိုရင်နော်နဲ့ မခင်လေးတွေရဲ့  စာလေးတွေကို နှစ်သက်မိတာမို့  ကျွန်မလည်း လင့်ခ်ထားပါရစေ...

လေးစားခင်မင်စွာဖြင့်
မယ်ကိုး

Taungoo said...

ငယ်ပေါင်းတွေကိုး

little brook said...

တစ်ခါဖတ်မိသွားတော့ နောက်တခါလာရတော့တာပေါ့ဗျ
ကျွန်တော်ငယ်ငယ်ကတော့ ဘေးအိမ်ကကောင်မလေးစာကျက်ရင် ခဲနဲ့သွားထုတာပဲ ဟီးဟီး

ဝေလေး said...

ရီလိုက်ရတာ...... ဦးနော်ကတော့ တစ်ကယ်ပဲ...
:)

သီဟသစ် said...

ကိုရင်နော်ရေ..

အကြံဥာဏ်တွေ တယ်ကောင်းသကိုး..
:D

Upasaka said...

ကိုရင်နော်ရေ ဖတ်တဲ့သူတောင် ရင် ထဲ ကျန်ရစ်မှတော့

ခံရတဲ့ သူဆို ရင်.....။

ကိုရဲ said...

နောက်ဆုံးပိတ် အိတ်နဲ့လွယ် ။ စာလုပ်ရင်းနဲ့ ဦးနှောက်ဆေး ဦးနော်တီခင် ရန်ပွဲလေး မြန်မြန်လာပါ ချောင်းမနှေး ဖတ်ပြီးပြုံးကိုပြုံးမယ်လေး ဟေဟေ့ဟေးးးး ။

စာလုပ်ရင်း လာရောက်မန့်သည် ဒန်တန့်တန် ။ ဦးနော် ဦးနော် ။ မသိလို့မေးမို့ ဦးနော်နဲ့ တီခင် နပန်းလုံးရင် ဘူတူနိုင်တုန်းဟင် ။ :P

(ငရဲ) စာကျက်ရင်းမန့်သည် ။ မန့်ချိန် လင်မယား မသိတစ်သိအချိန် ။ :D

flowerpoem said...

ကိုရင်နော် ကတော်၂ ညဏ်နီညဏ်နက်များတာပဲ ဟား၂ မခင်လေးသနားပါတယ် ဒါပေမယ့် ခုချိန်ထိ ခင်နေတုန်းပဲနော် .၀မ်းသာစရာပဲ

မြစ်ကျိုးအင်း said...

မခင်လေးငယ်ရေ ချဲဆီးဘက်က သုံး ဂိုး ထည့်ထားပြီ
မန်ယူကလည်း ပြန်သွင်းအုံးလေ...။

တားမြစ် ထားသော... said...

လူဆိုး။

မမေ့နိုင်လောက်တဲ့ အပေါင်းအသင်းကောင်းတစ်ယောက် ငယ်ဘဝကတည်းကရခဲ့တာ ထူးတဲ့ကံပါ။ အားကျနေမိပါတယ်။
ပျော်ရွှင်အဆင်ပြေကြပါစေ။

သုခမိန်(E-Journal)

ကဗျာဦး said...

စာတွေလာဖတ်သွားပါတယ်

နှင်းဆီနက် said...

ဦးနော်ရေမဖတ်အားလို့ ကူးသွားတယ်နော် သူများတွေရေးထားတာကြည့်ရတာတော့ ဦးနော်နယ်နယ်ရေးကို ဘာမဟုတ်တာတွေလုပ်ပြန်ပီလဲမသိဘူးး)

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော်ရေ ......လူလိမ်လူညာကြီးး)
မမခင်လေးက သနားပါတယ်။ သူများကိုလည်း တော်တော်ဒုက္ခပေးတတ်တယ်နော်။ စာတွေကိုလည်း ညာပြီး ကူးခိုင်းသေးတယ်။ စာအုပ်ကို ငှားပြီးတော့လည်း အိမ်မှာမေ့ခဲ့တယ်။ ဦးနော် တော်တော်ဆိုး ...


လေးစားလျှက်
ရောင်