Wednesday, May 27, 2009

ကျနော်လူဆိုး (၄)


“ကဲ ထိုးကြ.. ထိုးကြ.. ကိုယ်ထိုးမှ ကိုယ်ရမှာ..”


ဆယ်ပြားစေ့ကို ဒေါင်လိုက်ထောင်ပြီး လက်ညိုးနဲ့ လက်မကြား ညှပ်ကာ မွတ်နေအောင် လည်လိုက်တယ်..။ ပြီးတော့ မွတ်နေတဲ့ ဆယ်ပြားစေ့ကို ဘယ်ဘက်လက်ဝါးနဲ့ “ဖတ်” ကနဲ နေအောင် ဖုံးအုပ်လိုက်တယ်..။ နောက်တစ်ခါ နောက်တစ်စေ့ကို ညာလက်နဲ့ လည်ရင်း ညာလက်နဲ့ပဲ ဖုံးအုပ်လိုက်ပြန်တယ်.. “ဖတ်” ကနဲ ပါပဲ..။ အကြွေစေ့ နှစ်စေ့ကို လက်ဝါးနဲ့ အုပ်ပြီး ထိုးသားတွေကို ကြည့်လိုက်တဲ့ ကျနော့် မျက်နှာက တကယ့် ဝါရင့် လောင်းကစားသမားကြီးလိုလို..။ တင်ပျဉ်ခွေ ထိုင်နေတဲ့ ကျနော့် ပုဆိုးကွင်းထဲမှာတော့ သားရေကွင်းတွေ အတွဲလိုက်၊ အထွေးလိုက်..။

“ပန်းစုံ...))) ခေါင်းစုံ..))) ဘက်...)))..”

ပန်းစုံ ထိုးတဲ့လူက ထိုး..၊ ခေါင်းစုံ ထိုးတဲ့လူက ထိုး..၊ ဘက် (ပန်းတစ်ဖက်၊ ခေါင်းတစ်ဖက်) ထိုးတဲ့လူက ထိုး.. နဲ့ ကျနော် ဒိုင်ကိုင်နေတဲ့ ပိုက်ဆံလည့် ဝိုင်းကတော့ မုန့်စားဆင်းချိန်မှာ စည်ကားနေပါတယ်..။ ထိုးသမျှတွေကိုလည်း ကျနော်ကြီးသာ စားစားနေတော့ သူတို့တွေလည်း အရှုံးကြီးရှုံးကြရောပေါ့..။ ဝိုင်းလည်း သိမ်းလိုက်ရော ကျနော် နိုင်တဲ့ သားရေ ကွင်းတွေက ပုဆိုးနဲ့ အပြည့် အများကြီးပါပဲ..။

မုန့်စားဆင်းချိန်သာပြောတယ် ကစားချိန်လိုပါပဲ..။ အားလုံး ကိုယ်စီ ကစားနေကြတာ ချွေးတွေ တရွှဲရွှဲ..။ တချို့ စိန်ပြေးတမ်း၊ တချို့ ထုပ်စည်းတိုးတမ်း၊ တချို့ ဘောလုံးပေါက်တမ်း၊ ကစားနည်းတွေကလည်း အမျိုးမျိုး အဖုံဖုံ စုံလို့..။ ကျနော်ကတော့ ခေါင်းပန်းလှန်တမ်းကစားပြီး နိုင်လာတာ သားရေကွင်း သူဌေးကြီး ဖြစ်လို့ပေါ့..။ နိုင်လာတဲ့ သားရေကွင်းတွေကို စိန်ပန်းပင်ကြီးအောက်မှာ ထိုင်တွဲမယ်လို့ စိတ်ကူးပြီး ထွက်လာခဲ့လိုက်တယ်..။ စိန်ပန်းပင်ကြီးက ကွန်ကရစ်ခင်းထားတဲ့ ကျောင်းကွင်းပြင်ကြီးရဲ့ အနောက်ဘက်စွန်းစွန်းမှာ..။ စိန်ပန်းပင်ကြီးနားရောက်တော့..

“တော်ပြီဟာ ခင်လေး ငါတို့ နင်နဲ့ မဆော့ချင်တော့ဘူး နင်ကြီးပဲ နိုင်နေတယ်.. ငါတို့ကျတော့ မခုတ်ရတော့ဘူး..”
“ဟုတ်တယ်.. တစ်ခါတလေ အရှုံးပေးမယ် မရှိဘူး.. သူကြီးပဲ ခုတ်နေ.. အကျင့်ကို ပုပ်တယ်..”
တစ်ယောက် တစ်ပေါက် ဝိုင်းပြောနေကြတဲ့ မကျေနပ်သံတွေနဲ့ ခင်လေးတို့ သူငယ်ချင်း တစ်စု..

“ဟဲ့ ငါ့လို နိုင်ချင်ရင် ငါ့လို လေ့ကျင့်ထားပါလား.. ခစ်ခစ်..”
ခင်လေးကတော့ အောင်နိုင်သူဆိုတော့ လေသံက အပေါ်စီးက.. ပြောလည်းပြော ခုတ်လည်းခုတ်..

ကျနော် စိန်ပန်းပင် အကွယ်ကနေ ချောင်းကြည့်လိုက်တယ်..။
အော်... ခင်လေးနဲ့ သူ့ သူငယ်ချင်းတွေ ဇယ်ခုတ်တမ်း ကစားနေကြတာကိုး..

လက်ဖမိုးဖြူဖြူလေးနဲ့ လက်ချောင်းကော့ကော့လေးပေါ်မှာ တင်ထားတဲ့ ဇယ်သီးလေးတွေ လေထဲ ဝဲတက်သွားအောင် မြှောက်တင်လိုက်ပြီး “ဖတ်” ကနဲ နေအောင် ခုတ်ဖမ်းလိုက်တဲ့ ခင်လေးရဲ့ ဇယ်ခုတ်ချက်က အရမ်းကို မြန်ဆန်သွက်လက် လွန်းပါတယ်..။ ခေါင်းကလေး ခါခါ ခါခါ နဲ့ မြှောက်သွားတဲ့ ဇယ်သီးလေးတွေကို မော့ကြည့်လိုက်.. လက်ပေါ်တင်နေတဲ့ ဇယ်သီးတွေကို မာန်ပါပါ ခုတ်ချလိုက်နဲ့ သူဟာ သူတော့ ဟုတ်နေတာပါပဲ..။ သူကြီးပဲ နိုင်နေတော့ ကျန်တဲ့သူတွေ ခုတ်ဖို့ အလည့်က မရောက်တော့ဘူး..။

ကျနော် တစ်ချက် ပြုံးလိုက်တယ်..။ ပြီးတော့ ကျနော့် လက်ထဲမှာ ကိုင်ထားတဲ့ သရေကွင်းတွေထဲက ခပ်တင်းတင်း တစ်ကွင်းကို လက်ညိုးဖျားမှာချိတ်.. ကျန်လက်တစ်ဖက်နဲ့ တင်းနေအောင် အားကုန် ဆွဲလိုက်တယ်.. ရာမမင်းသား လေးတင်သလိုပေါ့..။ ပြီးတော့ ဇယ်သီးလေးတွေကို ဖမ်းဖို့ ကော့ထားတဲ့ သူ့လက်ဖမိုး တည့်တည့်ကို ပစ်ထည့်လိုက်တာ “ရွှီးးး..” ကနဲ..။

“အားးးးးးးးး..”
သားရေကွင်း မှန်သွားတဲ့ လက်ကို ခါပြီး “အား..” ကနဲ့ အော်လိုက်တဲ့ သူ့ပုံစံက မြားမှန်သွားတဲ့ ယုန်လေးလို့ ထိတ်လန့်တကြား..

ဇယ်သီးလေးတွေ “ကတောက် ကတောက်” နဲ့ ကျကုန်တယ်..
သူ့ သူငယ်ချင်းတွေက “ဝေးးးးး..” ဆိုပြီး ထအော်ကြတယ်.. ခင်လေး ဇယ်တွေကျသွားပြီ.. သူတို့ အလည့် ရောက်ပြီ.. သူတို့ ခုတ်ရတော့မယ်ပေါ့..

ခင်လေးတစ်ယောက် ငိုမဲ့မဲ့နဲ့ ဟိုကြည့်ဒီကြည့်..
စိန်ပန်းပင်ကြီး အကွယ်မှာ မုဆိုးကြီး သားကောင်ရသလို ပြုံးပြုံးကြီး ရပ်နေတဲ့ ကျနော့်ကိုလည်း တွေ့ရော.. ဒေါသူပုန် ထတော့ တာပါပဲ..

“သေနာ.. နင်.. နင်..”
ဇယ်သီးတွေကို ကောက်ပြီး ကျနော့်ကို လှမ်းပေါက်..။ ပြီးတော့ လက်သီးထောင်ပြီး ပြေးလာတာ ကျားထိုးပြီး ပြေးတက်လာသလိုပါပဲ..။ တကယ် တိုက်တော့ ခိုက်တော့မလို.. သတ်တော့ ဖြတ်တော့မလိုလို..။

ကျနော်လည်း ဘယ်ရမလဲ ဖနောက်နဲ့ တင်ပါး တစ်သားတည်းကျအောင် ပြေးတော့တာ တန်းနေတာပဲ.. “တဟားဟား” အော် ရယ်ရင်းပေါ့..

အတင်း ပြေးလိုက်လာတဲ့ ခင်လေးကတော့ အနောက်ကနေ တွေ့သမျှကောက်ပြီး ထုတော့တာပါပဲ..။ ပြေးသူပြေး လိုက်သူလိုက်နဲ့ ကျနော်တို့ အဖြစ်က ရယ် (ရီ) စရာ..။ ကျနော့်ပုံစံကလည်း ခွေးရူးလိုက်ဆွဲလို့ အသည်းအသန် ပြေးနေရသလို..။

တစ်နေရာ အရောက် ကျနော် ခြေချော်ပြီး ဟတ်ထိုး ဟတ်ထိုး လဲမလို ဖြစ်သွားတော့ ပြေးလိုက်လာတဲ့ ခင်လေး.. မီလာတယ်..။ လက်တစ်ကမ်းအလိုရောက်တော့ ကျနော့်ကို ကုတ်ဖဲ့တော့မယ့် လက်သည်းတွေက နေရောင်မှာ ထောင်လိုက်တဲ့ ဓါးသွားလို ဝင်းဝင်းလက်..။ သေချာတယ် ကုတ်ခံရတော့မယ်.. ဒါမှမဟုတ် ကိုက်ခံရတော့မယ်..။

ကျနော် ချောင်ပိတ်မိသွားပြီ..။ အဲ့ဒီတော့ လက်မှာ ပတ်ထားတဲ့ သားရေကွင်း တစ်ကွင်းကို “ဖြတ်” ကနဲ ချွတ်လိုက်တယ်.. ပြီးတော့ လက်ညိုးမှာ ချိတ်ပြီး ဒင်း မျက်နှာကို ထိုးချိန်ထားလိုက်တယ်..။ ဘာတတ်နိုင်သေးလဲ.. တကယ် ပစ်လိုက်မှာနော်ပေါ့..။ ဂျစ်ကပ်ကပ် ကျနော့်ရုပ်က တကယ် ပစ်မယ့်ပုံ..။ အဲ့ဒီတော့ ခင်လေးခမျာလည်း သေနတ်ပြောင်းနဲ့ ထိုးချိန်ခံလိုက်ရတဲ့ မျောက်လေးလို လန့်ဖြန့်ပြီး ရှေ့ဆက်မတိုးရဲတော့..။

“သေနာ.. နင်တွေ့မယ်.. မိလို့ကတော့ အသေပဲ.. တိုင်ပြောမှာ မေမေနဲ့ တိုင်ပြောအုန်းမှာ..”
ခင်လေးလည်း ပါးစပ်က ပတွတ်ပတွတ်နဲ့ ပြောပြီး ခြေဆောင့်ကာ လည့် ပြန်သွားလေရဲ့..

“တိုင် ပလိုင်တိုင်.. တိုင် တစ် လုံး သုံး မတ်.. ဟီးးဟီးးးဟီးးးးး...”

................................. ၂ .................................

“((((((... ဒေါင်း ဒေါင်း ဒေါင်းဒေါင်း ဒေါင်း... ))))))..”

မုန့်စားကျောင်း ပြန်တက်တော့ ကျနော်လည်း တော်တော် မောနေပြီ ကျောင်းကို ပတ်ပြေးလိုက်ရတာ သုံးလေးပတ်..။ ခင်လေးကတော့ ဆူပုပ်ပုပ် မျက်နှာနဲ့ ခြေဆောင့်ပြီး သူ့ အခန်းထဲ ဝင်သွားလေရဲ့..

ကျနော်တို့ အတန်းက ဆရာမ ဒေါ်ဘေဘီ (The wheel) ရဲ့ အင်္ဂလိပ်စာ အချိန်..။ ဆရာမက မလာသေးဘူး.. အဲ့ဒီတော့ ထုံးစံအတိုင်း The Wheel ကို အကျယ်ကြီး အော်ပြီး ဖတ်နေကြတာပေါ့..။ ဟိုတစ်ခေါက် ကြာဇံကြော်ကိစ္စထဲက ကျနော်လည်း ဆရာမ The Wheel ကို ခပ်လန့်လန့် ဖြစ်နေတာ အခုထက်ထိပါပဲ..။ (ကျနော်လူဆိုး - ၂ ) သူ့အချိန်ဆို ဟိုအရင်လို ပြောင်စပ်စပ် မလုပ်ရဲဘူး..။

ခဏနေတော့ ဆရာဦးခင်မောင်သန်းက ပြူတင်းပေါက်ကနေ လာအော်တယ်..
“ဟေ့.. ဟေ့.. အားလုံးနော်.. ဒေါ်ဘေဘီ အစည်းအဝေးရှိလို့ မလာနိုင်ဘူး.. စာကျက်ထားကြ..” တဲ့
ပြီးတော့ ဆရာက ခင်လေးတို့ရဲ့ A ခန်းထဲကို ဝင်သွားတယ်..
“ဝေးးးးးးးးးး..” ဆိုပြီး ထအော်ကြတာ တစ်ခန်းလုံးပါပဲ.. ကျနော့် အသံကတော့ အကျယ်ဆုံးပေါ့..။ ဘာလို့ မှန်းတော့ မသိဘူး.. ကျောင်းသား သဘာဝပဲ ပြောမလား.. အတန်းထဲကို ဆရာ/ဆရာမ မလာရင်တော့ ပျော်လို့ကို မဆုံးဘူး..။

အခန်းထဲမှာတော့ စာကျက်သံတွေ “ဝရော... ဝရော..” နဲ့ ဆူညံ နေတာပါပဲ..
နောက်တစ်ချိန်က ဦးခင်မောင်သန်းရဲ့ အချိန်.. သူက စာမေးမယ်လို့ မနေ့ထဲက ပြောထားတာ.. ခုထိတော့ စာက မရသေးဘူး..။ ပြောသာ ပြောတာ ကြောက်လည်း မကြောက်.. ကျက်လည်း မကျက်..။ နည်းနည်းတော့ ကျက်ကြည့်ဦးမှပါလေ ဆိုပြီး စာအုပ်ကိုင်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ အခန်းပြင် ထွက်လိုက်တယ်..။ ဆရာက စာမေးမယ်သာ ပြောတယ် မေးရော တကယ် မေးရဲ့လားလို့ စပ်စုရင်း ခင်လေးတို့ အေခန်းဘက်ကို ကြည့်လိုက်တော့.. ဆရာဆီမှာ စာပြန်နေကြပြီ..။

ဆရာထိုင်နေတဲ့ ဆရာ့စာပွဲက အတန်းဘက်ကို မျက်နှာမူပြီး ပြူတင်းပေါက်ကို ကျောပေးထားတယ်..။ စာဖြေတဲ့သူက အတန်းဘက်ကို ကျောပေး.. ပြူတင်ပေါက်ကို မျက်နှာမူပြီး ဖြေရတယ်..။ စာဖြေဖို့ တန်းစီပြီး စောင့်နေကြတဲ့ အတန်းသားတွေကတော့ လှုပ်လှုပ်ရွရွ..။ အဲ့ဒီ တန်းစီနေတဲ့ထဲမှာတော့ ခင်လေး က အရှေ့ဆုံးက..။ အခုဖြေနေတဲ့ တစ်ယောက်ပြီးရင် သူ့အလည့်..။

ကျနော် ခေါင်းထဲမှာ “တိန်..” ကနဲ မီးလင်းသွားတယ်..
အကျင့်တော် ပုပ်ဖို့ဆို ရွှေဉာဏ်တော် စူရှလှပါပေ့..

ကျနော် ကုန်းကုန်းကွကွနဲ့ ဆရာကျောပေးထားတဲ့ ပြူတင်းပေါက် အနောက်ကို ကပ်သွားလိုက်တယ်..
ခဏလေးနေတော့ ပြူတင်းပေါက်မှာ ခင်လေး ပေါ်လာတယ်.. လက်ကလေး ပိုက်လို့..။ အခန်း အပြင်ဘက်ကို မျက်နှာမူရင်းပေါ့..။ သူစာဖြေတော့မယ်..။ ဟီးးး.. ကျနော် ရယ်ချင်နေတယ်.. ခုဏကပဲ သားရေကွင်းနဲ့ ပစ်ပြီး စပြီးပြီ.. အခု လုပ်ပြန်ပြီလေ..။

လက်သန်းနှစ်ဖက်ကို ပါးစပ်အစွန်း နှစ်ဖက်ကို ချိတ်.. ဆွဲ..၊ လက်ညိုးနှစ်ဖက်က မျက်လုံးဒေါင့်နှစ်ဖက်ကို ဖိ.. ဆွဲ..၊ နှာခေါင်းကို ရှုံ့နိုင်သလောက် ရှုံ့..၊ လျှာကို ရှည်နိုင်သလောက် ရှည်အောင် ထုတ်ထားလိုက်တော့ ကျနော့် မျက်နှာက ဖားကြီးတစ်ကောင် လျှာတစ်လစ် ငိုမဲမဲ့နဲ့ ပြုံးနေသလို..။

ကျနော့် မျက်နှာဆိုးကြီးကို မထင်မှတ်ပဲ ရုတ်တရက် မြင်လိုက်ရတော့ ခင်လေး လန့်သွားတယ်..။ မျက်နှာလည်း ပျက်သွားတယ်..။ စာဖြေနေတာ ရပ်သွားတယ်..။ ပြီးတော့ ရယ်ချင်တာလား ဒေါသထွက်တာလား မသိနိုင်တဲ့ မျက်နှာနဲ့. စာဆက်ဖြေတာ ထစ်အအ..။ ကျနော့် မျက်ခွက်ကြောင့် ရပြီးသားစာတွေတောင် လန့်ဖြန့်ပြီး မေ့ကုန်တယ် ထင်ပါရဲ့..။ ကျနော်ကတော့ ရယ် (ရီ) ချင် ပက်ကျိ..။ သွားကြီး ဖြဲပြလိုက်.. နားကြီးကားပြလိုက်နဲ့..။ ဆရာ စာထောက်ပေးနေတဲ့ အသံ ကျနော် ကြားလိုက်ရတယ်..။ ခင်လေးကတော့ စာတွေ တကယ်ကို မေ့ကုန်ပြီ ထင်ပါရဲ့.. အသံတွေတုန်ပြီး စာတစ်ကြောင်းကို ထပ်ခါ ထပ်ခါဆိုရင်း မျက်ရည်တွေ ဝဲတက်လာတယ်..။

သေချာပြီ ကျနော့်ကြောင့် သူစာတွေ မေ့ကုန်ပြီ.. ကျနော် ခါးကြားမှာ ထိုးထားတဲ့ စာအုပ်ကို ဆွဲထုတ်လိုက်တယ်.. သူဖြေနေတဲ့ စာက နောက်တစ်ချိန်ဆို ကျနော်တို့ အခန်းမှာလည်း ဖြေရတော့မှာကိုး ကျနော် သိတာပေါ့.. အဲ့ဒီ အပုဒ်ကို လှန်ပြီး သူ့ကို ထောင်ပြလိုက်တယ်..။ သဘောကတော့ ကြည့်ပြီးသာဆိုတော့ပေါ့..။ ခင်လေး တစ်ချက်လှမ်းကြည့်ပြီး မျက်နှာတွေ နီရဲလာတယ်.. ပြီးတော့ မျက်လုံး ပြန်မှိတ်ပြီး “အ” နေတယ်..။ အဲ့ဒီ အချိန်မှာပဲ ထစ်အ ထစ်အ ဖြစ်နေတဲ့ ခင်လေးကို ဆရာက လည့်အကြည့်နဲ့ အခန်း အပြင်ကနေ ကျနော် စာအုပ်အထောင် တန်းတိုးတော့တာပဲ..။

ဆရာက ရုတ်တရက် ထရပ်ပြီး ပြူတင်း ပေါက်ကနေ ကိုယ်တစ်ပိုင်း ထွက်လာတယ်..
“ဟမ်.. ဟေ့ကောင် မင်း ဘာလုပ်နေတာလဲ..”

ကျနော်လည်း ကုန်းကုန်းကွကွ ကြောက်ကြောက်လန့်လန့်နဲ့..
“မ.. မဟုတ်ဘူး ဆရာ.. သူ..သူ.. စာ..”
အယောင်ယောင် အမှားမှားနဲ့ ခင်လေးကို လက်ညိုးထိုးပြပြီး စာအုပ်ကို ပြလိုက်မိတယ်..

ခင်လေးကလည်း အသံ တုန်တုန် တုန်တုန်နဲ့...
“မ.. မဟုတ်ဘူး ဆရာ.. သူ..သူ..”

အတန်းသားတွေ အားလုံးကလည်း ပြူတင်းပေါက်တွေကနေ ထွက်ကြည့်ကုန်ပြီ.. ဆရာလည်း ဒေါသထွက်နေပြီ..

“အော်.. ခင်လေးငယ်.. ဆရာက ညည်းကို စာတော်တယ် မှတ်နေတာ.. ဘယ်ဟုတ်မလဲ.. အခုတော့ ညည်းက စာမကျက်လာပဲ ခိုးကြောင် ခိုးဝှက်နဲ့ ဒီကောင့်ကို စာအုပ်လာထောင်ခိုင်းတာကိုး.. ဒါမျိုးလုပ်တာ ဆရာ နည်းနည်းမှ မကြိုက်ဘူး.. မိန်းကလေးဖြစ်ပြီး မရှက်ဘူးလား.. သွား.. ခုံပေါ်မှာ မတ်တတ် သွားရပ်နေ..”
“ဟေ့ကောင် ရင်နော်.. အေ.. ခဏနေ မင်းနဲ့ ငါနဲ့တွေ့မယ်.. သွား ကိုယ့် အခန်းကိုယ်...”


ကျနော်လည်း လစ်တော့တာ နောက်တောင် လည့်မကြည့်တော့ဘူး..
ခင်လေး တစ်ယောက်တော့ ကျိန်ဆဲနေတော့မှာ သေချာတယ်..။ ခုံပေါ်မှာ ရပ်ပြီး ရှက်လွန်းလို့ ငိုနေမှာလည်း သေချာတယ်..။

................................. ၃ .................................

အချိန် ပြောင်းခါနီးကျတော့ သူတို့ အခန်းကို တစ်ချက် သွားချောင်းကြည့်လိုက်သေးတယ်.. ဟုတ်ပါတယ်.. ခုံပေါ်မှာ ရပ်နေတုန်းပါပဲ..။ ကျနော် မှားသွားပြီ ကျနော် အစလွန်သွားပြီ..။ ခုံပေါ်မှာ ရပ်နေတဲ့ သူ့ပုံစံက တောင့်တောင့်ကြီး..။

ဆရာ ကျနော်တို့ အခန်းရောက်တော့ မျက်နှာက ရှုတည်တည်နဲ့..
စာမေးတော့လည်း ကျနော့် နာမည်ကို ခေါ်ပြီး အရင်ဆုံး မေးပါလေရော..။ ကျနော်ကလည်း သိတဲ့ အတိုင်း တစ်လုံးမှကို မရတာ..။ အဲ့ဒီမှာတင် ဆရာလည်း ပေါက်ကွဲပြီး ကျနော့်ကို ကြိမ်နဲ့ ဆော်ပလော် တီးတော့တာပါပဲ... “ဖုန်းးး” ကနဲ “ဖုန်းးး” ကနဲ ရိုက်လိုက်တဲ့ ဆရာ့ရိုက်ချက်က စိန်ပန်းပင်ကြီး ကျိုးကျသလို တစ်ကျောင်းလုံး ကြားလောက်တယ်..။ ခင်လေးလည်း ကြားမှာပါ..။ ပြီးတော့ ကျနော့်ကိုလည်း ခုံပေါ်မတ်တတ်ရပ်ခိုင်းထားတာ ကျောင်းဆင်းချိန်အထိပါပဲ..။ ကျနော်လည်း ခင်လေးလို တောင့်တောင့်ကြီးပဲပေါ့..။

ကျောင်းဆင်းတော့ ခင်လေးတစ်ယောက် စက်ဘီးကို တွန်းထုတ်ပြီး နင်းပြေးသွားပြီ..။ သေချာပါတယ်.. သူသွားတာ ကျနော့်အိမ်ကိုပဲ နေမှာပါ..။ သူလည်း ရှက်မှာပေါ့..။ ကျနော့်ကြောင့် သူအရှက်ကွဲရပြီလေ..။
ဘယ်တတ်နိုင်မလဲ ရင်ဆိုင်ရုံသာ ရှိတော့တာပေါ့..။

အိမ်ရောက်ရင် မေမေ့ကို ငိုယိုပြီး တိုင်နေတဲ့ သူ့ကို တွေ့ရမယ်..
မေမေ့ရဲ့ ဒေါသတွေနဲ့ ကျနော် ရိုက်ခံရဦးမယ်..
ကျနော်ကရော ခါတိုင်းလိုပဲ ငိုရဦးမှာပဲလေ..။
ဒါတွေက ခင်လေးတိုင်တိုင်း ကျနော် ရိုက်ခံရနေကျ ဖြစ်ရိုးဖြစ်စဉ်..။

အဲ့ဒီ ဖြစ်ရိုးဖြစ်စဉ်တွေကို ကျနော်ကရော ရိုးသွားသလား..! သူကရော ရိုးသွားသလား..!
သေချာတာက ကျနော်တို့ နှစ်ယောက်လုံး ဘယ်တော့မှ မရိုးနိုင်တဲ့ ကျနော်ဆိုးခဲ့သမျှ နေ့တွေပေါ့....။

(ကိုရင်နော်)

26 comments:

မောင်မျိုး (ပြာသို) said...

ကျနော် လူဆိုး ဆိုတဲ့ ပို့စ်တွေဖတ်ရတိုင်း ကျနော်ကတော့ရယ်ပြီးပျော်နေတယ် ဦးနော်ရေ့ ဘာလို့ပါလိမ့် ။း) တကယ်ဖတ်လို့ကောင်းတယ်။

မယ်ကိုး said...

လူဆိုးလေးကို မျှော်နေတာ။ မခင်လေးကို သနားပေမယ့် စာရေးကောင်းတော့ လူဆိုးလေးကို ပျော်ပျော်ရွှင်ရွှင်ဖတ်နေမိပါတယ်။ :)

ကောင်းကင်ကို said...

:D

ကြယ်သောကြာ said...

ကျွန်တော်ကတော့ လူဆိုးလေးကို ရော လူဆိုးလေးရဲ့ ငယ်ဖော်လေးကိုရော အရမ်းအားကျတာပဲဗျာ။ တကယ်ပါ ငယ်ဘဝမှာ အဲလို အပျော်မျိုး တစ်ခါမှ မရဘူးပါဘူး။ စောင့်ဖတ်နေမယ်နော် လူဆိုးလေးကို။
ကျေးဇူးတင်ပါတယ် ဦးနော်

ဝေလေး said...

အသစ်တင်တာတွေ့လို့ အပြေးတပိုင်းလာတာ..
ဦးနော် တော်တော်ဆိုး.....

flowerpoem said...

ကိုရင်နော် တော်၂ဆိုးပဲ မခင်လေးတော့သနားပါတယ် သူ့ကြောင့်အမြဲဒုက္ခရောက်တာပဲ နော်.

ဖိုးစိန် said...

်မခင်လေးက ခံရပြန်ပြီး
ကိုကြီးဦးနော်ကလဲ ထွက်လိုက်တဲ့ဥာဏ်
တော်တောလဲ မျက်နှာပြောင်ပုံရတယ် ကိုကြီးဦးနော်က အဟီးးး
မခင်လေးက အူတူတူ အတတ မျက်နှာ
ကိုကြီးဦးနော်ရဲ့ ဂျစ်တစ်တစ် ပြောင်စပ်စပ်မျက်နှာကိုမြင်ယောင်သေးတယ်
ကဲ..ငိုနေရတဲ့ မခင်လေးရေ... ထိုးစစ်ဘယ်တော့များဆင်မလဲလို့ စောင့်နေပါတယ်
ဖြူဖြူချောချော ကိုကြီးဦနော်ခံရတာများရှိလားဆိုတာ
သိချင်နေပါတယ်
အဟီးးး
စဉ်းစားရင်း မျက်စိထဲမြင်လာလို့
တကယ်လဲ မခင်လေးကစာမရဘူးနေမှာနော့် အဟိ
ကိုကြီးဦးနော်နဲ့တွေရင်


လက်သန်းနှစ်ဖက်ကို ပါးစပ်အစွန်း နှစ်ဖက်ကို ချိတ်.. ဆွဲ..၊ လက်ညိုးနှစ်ဖက်က မျက်လုံးဒေါင့်နှစ်ဖက်ကို ဖိ.. ဆွဲ..၊ နှာခေါင်းကို ရှုံ့နိုင်သလောက် ရှုံ့..၊ လျှာကို ရှည်နိုင်သလောက် ရှည်အောင် ထုတ်ထားလိုက်တော့ ကျနော့် မျက်နှာက ဖားကြီးတစ်ကောင် လျှာတစ်လစ် ငိုမဲမဲ့နဲ့ ပြုံးနေသလို.” အဲဒီမျက်နှာကိုလုပ်ခိုင်းမယ် ဖြူဖြူချောချော တို့ အကိုကြီးကို ..ဟီးးး

တော်ပီး..ရယ်ရလို့ ဆက်မန့်နေရင် အမြင်ကတ်စရာဖြစ်တော့မယ်
ခင်မင်လေးစားချစ်ခင်စွာဖြင့်
တူမောင်
တူစိန်
(ဖိုးစိန်)

ကလေးလေး said...

ဦးနော်.. ရေးထား မကြာခင်ဦးနော်အလှည့်
ရောက်တော့မယ်
မေ့ ကိုလဲပြန်ရေးခိုင်းမယ်
မေ့ ရေ မညှာမတာလေးကိုရေးပေးပါ
မေ့ရဲ့ဦးနော်ကို လက်စားချေခန်းလေး
ကိုမကြာခင်ရေးခိုင်းရမယ်

မိုးမောင်(HappyCloud) said...

အော်.. ကိုရင်.. ကိုရင်...
လိုချင်တဲ့ နေရာကို (((ဖတ်))) ကနဲ.. (((ဖတ်))) ကနဲ မြည်အောင်ပြစ်နိုင်တာကိုးး... :D

တောင်ပေါ်သား said...

ဦးနော်ရေ လာပြီး ရီသွားတယ်.. တီငယ်ကတော့ သနားစရာပါ အဟီးးးးး နောက်တခါဆို ဦးနော်အလှည့်လာတော့မယ်နော့် သတိထား အဟဲဟဲ


လေးစားလျက်
တောင်ပေါ်သား

ဇော် said...

ဟားဟား
ဒေါ်လေးငယ် ခံလိုက်ရပြန်ပြီ။ ဘယ်တော့လက်စားချေမှာလဲ ဒေါ်လေးငယ်။ အဲ့ဒီ ဥနော်ကို ကြည့်မရတော့ဘူး။ အဟိဟိ။ ခွိ။

ကိုလူထွေး said...

ကလေးမလေးသနားပါတယ်ဗျာ..

ကိုရင်ကြီးကလဲ ခင်လေးကိုပဲ ငယ်နိုင်ဖြစ်နေတော့တာပဲ...

ကိုးတန်းကျောင်းသားဘဝဆိုတော့ ဆိုးနိုင် ပျော်နိုင်သေတယ် ထင်ပါ့...

ခီခန့် (ငပျင်း) said...

အဟီး... ဖတ်ရတာ အားကျလိုက်တာ.. အဟီး.. အနော်လဲ သူများတို အဲလိုစချင်လိုက်တာ.. အဟီး.. စာလဲညံတယ် အနော်က အဟီး.. ပထမဆုံးလာမန့်တာနော်.. အစကတည်းက ဖတ်ပါတယ် အခုမှမန့်တာ.. ။

mtj said...

ကြည်နူးစရာတွေဗျာ... အားကျမိပါရဲ့ :)

Upasaka said...

လူဆိုးရယ် မျှော်လိုက်ရတာ...မခင်လေးကတော့ အတော်သီးခံနိုင်တာပဲနော်။

မီယာ said...

ကိုရင်နော်ကြီးပဲ ရေးနေတယ်။ မခင်လေးရေ တလှည့်ပြန်ရေးပါဦး။ ဒီလောက်ဆိုးတဲ့ လူဆိုးကြီးကို ဘယ်လို လက်စားချေတဲ့ အကြောင်းတွေလေ။

တားမြစ် ထားသော... said...

တကယ့်အဖြစ်အပျက်ကို ပုံပြတွေနဲ့တင်သွားတယ်။ ရေးတတ်တယ်ကိုး။ ဖတ်လို့ကောင်းတယ်။ နောက်ပြီး ပျော်စရာ ငယ်ဘဝတွေပါပဲ။

သုခမိန်(E-Journal)

ခင်လေးငယ် said...

ကိုရင်... ကောင်စုတ် ကောင်နာ..

နင်လုပ်တာနဲ့ ငါလည်း အကောင်မျိုးစုံ ဖြစ်နေပြီ..
သိပ်ကျေနပ်နေတယ် မထင်နဲ့.. ငါမအားသေးလို့ အားလို့ကတော့ နင့်ကို ပြန်တွယ်မှာ.. ဟွန်းးးး
နင့်ရဲ့ ချောကလက်မှိုတက်မ အကြောင်း ငါရေးဦးမှာ..

Taungoo said...

ကိုနော်ကြီး ခုကော လိမ္မာရဲ့လား။

စကားမစပ်
“ကောင်းစေသူ” ကို ကိုနော်ပါ ဝင်ထောက်ခံတာ ဝမ်းသာတယ်ဗျာ။ ကလေးမိဘတွေ မရွေးပေမယ့် ကျွန်တော်လည်း အဲဒီနာမည်လေးကို တကယ်သဘောကျတယ်။ ကိုနော် သားလေးမွေးရင် အဲဒီနာမည်လေးပေးပါလားး)

ူlittlebrook said...

အင်း ကိုရင်နော်လေးကြီးလာတဲ့အခါ မခင်လေးလွယ်အိတ်ထဲ ညကကောက်ခဲ့တဲ့ကြယ်တွေ သီပီး မခင်လေးလွယ်အိတ်ထဲထည့်ခဲ့မလား တွေးမိတယ် လေးဖြူသီချင်းလေးလိုလေ ...

မေတ္တာရောင်ပြန် said...

ဦးနော်ကြီးက အနိုင်ကျင့်တယ်နော်။ သားရေကွင်းကို ပစ်တာတောင် ရာမမင်းသားလေးညှို့သလိုဆွဲမှတော့ တီငယ် နာလို့သေမှာပေါ့။ ဒီလောက်ဆိုးတဲ့ ဦးနော် စကာင်္ပူလာမှသိမယ်။ ရောင် သရက်သီး ရိုက်ချတဲ့တုတ်နဲ့ ဆော်ပလော်မယ်။ ဟီးဟီး

ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်

Moe Myint Tane said...

ဖတ်ပြီးပြုံး ပြုံးပြီးဖတ်သွားပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

GreenGirl said...

အပိုင်း ၁ ကနေ ၄အထိ ဒီနေ့မှ အကုန်တစ်ခါတည်း ဖတ်သွားတယ်နော်။ ဖတ်ရင်းနဲ့ ပျော်လည်းပျော်တယ်။ ဘယ်ဘ၀က ရေစက်များလဲလို့လညိး တွေးနေမိတယ်။
နောင်ဘ၀တွေအထိလည်း ဘယ်တော့မှ မရိုးနိုင်တဲ့ နေ့ရက်တွေ ရှိနေပါစေလို့ ဆုတောင်းပေးသွားတယ်။
း)

ဂျပန်ကောင်လေး said...

ဦးနော်.. ဒီတစ်ခါတော့လွန်တယ်ဗျာ.. တီငယ်လေး သနားပါတယ်..း(

ဟန်သစ်ငြိမ် said...

ကောင်းတယ်ဗျာ... တကယ့်ကို သဘာဝကျကျ ဆိုးခဲ့တာတွေပဲ.... အကုန်လုံးသဘောကျတယ်ဗျာ... ဘ၀အမှတ်တရလေးတွေပဲ။

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော် ပထမပိုင်းမှာ မမခင်လေးကို နှိပ်စက်သမျှ မမခင်လေးကလည်း ဘယ်တော့မှ ကျောင်းမှာကို မတိုင်ဘူးလေ။ အခုတော့ ဦးနော်အပြစ်နဲ့ ဦးနော် ဆရာကမိသွားတာလေ။ အဲဒါ ဦးနော် ၀ဠ်လည်တာနော်။

လေးစားလျှက်
ရောင်