Thursday, June 11, 2009

ကျနော်လူဆိုး (၅)

ကျောင်းရှေ့ ကွင်းပြင်ကြီးမှာတော့ ကျောင်းသားကျောင်းသူတွေ အားလုံး စုရုံးစုရုံး.. လှုပ်ရွလှုပ်ရွ..။ ကျနော် ရင်ကော့ပြီး အားလုံးရဲ့ အရှေ့ကို ထွက်လာလိုက်တယ်..။ နိုင်ငံတော် အလံ လွှင့်ထူထားတဲ့ စင်မြင့်ပေါ် ခြေလှမ်းကျဲကြီးနဲ့ တက်ရပ်ရင်း အားလုံးကို ဝေ့ကြည့်လိုက်တဲ့ ကျနော့် ပုံစံက ဟောပြောတော့မယ့် ကျောင်းသားခေါင်းဆောင် လိုလို.. တပ်ထွက် မိန့်ခွန်း ပြောတော့မယ့် ဗိုလ်ချုပ်ကြီးလိုလို..။ ကျောင်းသား အားလုံးလည်း တန်းစီတဲ့သူစီ.. ညာညှိတဲ့သူ ညှိနဲ့..။ ကျနော်ကတော့ လက်နှစ်ဖက် နောက်ပစ်ရင်း မိန့်မိန့်ကြီး ရပ်နေလိုက်တယ်..။ ကျောင်းဝင်း တစ်ခုလုံး မီးကို ရေနဲ့ ငြိမ်းသတ်လိုက်သလို “ရှဲ” ကနဲ..။ အားလုံး ငြိမ်သက်ပြီး အဆင်သင့်ဖြစ်တော့မှ ကိုယ်ကို တစ်ပတ်လည့်ပြီး အလံတိုင်ကြီးကို မျက်နှာမူလိုက်တော့တယ်..။

ဇာတိသွေး ဇာတိမာန်တွေနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရှိသမျှအား အကုန်ညှစ်ကာ.. သြရှရှ အသံဗြဲကြီးနဲ့ ကြက်သီးထလောက်ဖွယ် အော်လိုက်တာက..

“((((( အားလုံးးးးးးးးးးးးးးးးးးးးး................ သတိ )))))”
“((((( ပြည် ထောင် စု........ မြန် မာ နိုင်ငံတော်... အလံအား... အလေးးးးးးးးးးးးးးးးးးးးး.......... ပြု.. )))))”
(ကျနော့် အသံက မိုးကောင်းကင် အထိ ပဲ့တင်ထပ်သွားသလားမသိ..။ အားလုံး ခါးတွေ ကိုင်းရင်း ဦးညွှတ်ထားလိုက်ကြတာ ညီညာတိတ်ဆိတ်လို့..)
“(((((နေ... မြဲ)))))”

“(((((ကျဆုံးလေပြီးသော... ဗိုလ်ချုပ် အောင် ဆန်း နှင့်တကွ... အာ ဇာ နည် ခေါင်းဆောင်ကြီးများအား... အလေးးးးးးးးးးးးးးးးးးးး....... ပြု.. )))))”
(ဒီနေရာမှာလည်း လွမ်းမော တမ်းတစွာ ဦးညွှတ်ရင်း ငြိမ်သက်သွားလိုက်ကြတာ ကြက်သီးထလောက်ဖွယ် တိတ်ဆိတ်လို့..)
“((((( နေ... မြဲ )))))”

“ ((((( နိုင်ငံတော် သီချင်း စဆိုရန်... တိတ်... နှိတ်... သုံးးး... ))))) ”

“((((( ကမ္ဘာမကြေ.. မြန်မာပြည် (ပြေ).. တို့.. ဘိုးဘွား အမွေစစ်မို့ ချစ် မြတ် နိုး ပေ.. ကမ္ဘာမကြေ.. မြန်မာပြည် (ပြေ).. တို့.. ဘိုးဘွား အမွေစစ်မို့ ချစ် မြတ် နိုး ပေ.. ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်မလေ... ဒါ တို့ ပြည် (ပြေ).. ဒါ တို့ မြေ.. တို့ ပိုင်နက်မြေ.. တို့ ပြည် (ပြေ).. တို့ မြေ.. အကျိုးကို... ညီ ညာ စွာ တို့ တတွေ.. ထမ်းဆောင်ပါ စို့လေ.. တို့ တာဝန်ပေ... အ ဖိုး တန်....... မြေ.... )))))”
(အားလုံးရဲ့ ရင်ထဲကအသံတွေ သံပြိုင် ထွက်ပေါ်လာတာ ကျောင်းဝင်းတစ်ခုလုံး လွှမ်းခြုံသွားတဲ့ အထိပါပဲ..။ အသံနေ အသံထားနဲ့ အော်ဆိုနေတဲ့ ထဲမှာ ကျနော့် အသံက အကျယ်ဆုံး..)

“ (((((အားလုံးးးးး.... သက်...သာ))))) ”
“ (((((....အေး.. စေ....))))) ”


အားလုံးကို အေးစေလည်း ပေးပြီးရော.. ကျောင်းသားတွေရှိတဲ့ဘက် ကိုယ်ကို ပြန်လည့်လိုက်တယ်..။ ပြီးတော့ စင်မြင့် ပေါ်ကနေ တစ်လှမ်းချင်း ရင်ကော့ပြီး ပြန်ဆင်းလာတဲ့ ကျနော့် ပုံစံက ကျောင်းဆင်းပွဲမှာ ငွေဓါးဆု ချီးမြှင့်ခံလိုက်ရတဲ့ ဗိုလ်လောင်း တစ်ယောက်လို မြှောက်ကြွကြွ.. (စိတ်ထဲမှာတော့ ငါကွ ငါကွ)

အတန်းလိုက် လေးယောက် တစ်တွဲ တန်းစီထားတဲ့ ကျောင်းသားတွေ ရှေ့ကနေ အတည်ပေါက်နဲ့ ဖြတ်လျှောက်လာခဲ့တယ်..။ ကျနော်နဲ့ မျက်နှာချင်းဆိုင်က ခပ်ဖြေးဖြေး လှမ်းလာတာ သြဝါဒပေးမယ့် ကျောင်းအုပ်ဆရာကြီး..။

ကိုးတန်း အေ တန်းစီထားတဲ့ အတန်းရှေ့အရောက်..

“အာကျယ်ကောင်..”
ခပ်အုပ်အုပ် အသံနဲ့ ကျနော့်ကို လှမ်းပြောလိုက်တာက ရှေ့ဆုံးတန်းမှာ တန်းစီနေတဲ့ ခင်လေးငယ်..။

ကျနော် ပေစောင်း ပေစောင်းနဲ့ ဘုကြည့် လည့်ကြည့်ရင်း.. ခပ် အုပ်အုပ် ပြန်ပြောလိုက်တယ်..
“ဟွန်းး ရုပ် ကို က..”

“ဟမ်းးး.. ဟေ့ကောင်.. မင်း ဘာပြောတာလဲ )))) ..”
“ဟာ..... ဆရာကြီးးးးး.. မ မဟုတ် ဘူး ဆရာကြီး... ကန် ကန်တော့..”
ကျနော် လန့်ဖြန့်သွားတယ်.. ခင်လေးကို ပြန်အပြော ဆရာကြီး ကျနော့် ဘေးနားက ဖြတ်အလျှောက် ကွက်တိဖြစ်သွားတော့ ဆရာကြီးက ကျနော်ပြောတာ ကြားသွားလေရော.. ပိုဆိုးတာက သူ့ကို ပြောတယ် ထင်သွားရော..

“ဟေ့.. မင်း ရုပ်ကိုက လို့ ပြောလိုက်ပါတယ်.. ဘာသဘောလဲကွ.. ဟေ..”
တစ်ကျောင်းလုံးလည်း လှုပ်လှုပ်ရွရွ ဝိုင်းကြည့်နေကြပြီ.. ဆရာကြီးလည်း ဒေါသထွက်နေပြီ..

“မ.. မဟုတ်ဘူး.. ဆ ဆရာကြီးးး.. ခင်.. ခင်လေးငယ်... သူ.. သူ ကျနော့်ကို အာ.. အာကျယ်ကောင် လို့.. ပြောလို့.. ကျ.. ကျ.. ကျနော် သူ့.. သူ့ကို ပြန်ပြောလိုက်တာ..”
ကျနော် အထစ်ထစ် အငေါ့ငေါ့ ပြောရင်း ခင်လေးကိုပါ လက်ညိုးထိုးပြလိုက်မိတယ်..

ခင်လေးလည်း လန့်ဖြန့်ပြီး မျက်နှာတွေ နီရဲတွတ်လို့..

ဆရာကြီးက.. “ဟွန်း..” ဆိုပြီး ကျနော့်ကို လက်ညှိုး ငေါက်ငေါက် နှစ်ချက်ဆင့် ထိုးသွားတယ်.. ပါစပ်ကတော့ ဘားမှ မပြောတော့..။ ပြီးတော့ ခင်လေးရှေ့မှာ ရပ်ပြီးး.. လက်ညှိုး ငေါက်ငေါက် ထိုးပြန်တယ်.. သူ့ကိုတော့ သုံးချက်ဆင့်..။ စိတ်ထဲကတော့ “သတိထားကြ” ဆိုတာမျိုး ပြောသွားတယ် ထင်တာပဲ.. ပြီးတော့ စင်မြင့်ရှိရာ အလံတိုင်ပေါ် တက်သွား.. အဲ့လေ.. အလံတိုင်ရှိရာ စင်မြင့်ပေါ်တက်သွားလေတယ်..။

ကျနော်လည်း ခုနတုန်းက ကော့လာတဲ့ ရင်ကို ဖွက်ရင်း ခါးကြီး ကုန်းကာ.. ကုန်းကွ ကုန်းကွနဲ့ ခင်လေးတို့ ဘေးတန်း..၊ ကျနော်တို့ အတန်းရဲ့ နောက်ဆုံးလိုင်းမှာ သွားတန်းစီနေလိုက်တယ်..။ ခင်လေးကတော့ ဒူးတုန်နေမလားမသိ..။

ဆရာကြီးကတော့ ထုံးစံအတိုင်း Assembly မှာ ဖွင့်တဲ့ ဓါတ်ပြားဟောင်းကြီးကို ပြန်ဖွင့်ပါတယ်..။ ဒါက တနင်္လာနေ့တိုင်း ကြားနေကျ..။ အားလုံး လိမ္မာကြဖို့..၊ စည်းကမ်းရှိကြဖို့..၊ စာကြိုးစားကြဖို့..၊ တစ်ယောက်နဲ့ တစ်ယောက် စတာနောက်တာ သတိထားကြဖို့ (ကျနော် ခေါင်း ပုထားလိုက်တယ်)..၊ ပြီးတော့ ဘာညာကွိကွ ပြောလိုက်တာ ဆယ့်ငါးမိနစ်လောက် ကြာသွားတယ်..။

“ကယ် အားလုံး သွားလို့ ရပြီ..” လို့ ပြောလိုက်တော့.. ကျောင်းသားတွေ အားလုံး ကိုယ်တစ်ပတ်လည့်ကာ အနောက် လည့်လိုက်ကြတယ်.. ပြီးတော့ အငယ်တန်းတွေကနေစပြီး တစ်တန်းခြင်း တန်းစီပြီး ကွင်းထဲကနေ ပြန်ထွက်ကြတယ်..။ ခင်လေးတို့ အတန်း ရောက်တော့ သူက တန်းစီတာရဲ့ နောက်ဆုံးတန်း ပြန်ဖြစ်သွားရောလေ..။ သူတို့ အတန်းနောက်က ကျနော်တို့ အတန်း ပြန်လိုက်ရတာ ဆိုတော့ ကျနော်က ခင်လေး နောက်က ကပ်လို့ပေါ့..။

အဲ့ဒီမှာတင် ကျနော့်ကို ကြည့်ပြီး ဖြစ်သွားတဲ့ ခင်လေး မျက်နှာက လမ်းဘေးက နွားချေးပုံကြီးကို တွေ့လိုက်ရသလို..။ သူ့ကို တွေ့လိုက်တဲ့ ကျနော့် မျက်နှာကလည်း နွားချေးပုံကြီး ဘေးမှာ နွားချေး ကောက်စားတော့မယ့် ကလေး တစ်ယောက်ကို မြင်လိုက်ရသလို..။

ကျနော် “ဟီးးး” ဆိုပြီး သွားဖြဲပြလိုက်တယ်.. ပြီးတော့.. အသံ ခပ်အုပ်အုပ်နဲ့..

“ဘယ်ညာ ဘယ်.. ဘယ် ဘယ်.. ဘယ်ညာ ဘယ်ညာ ဘယ်ညာ ဘယ်.. ခင်လေးးးးးးးးးးးးးးးးးးးးး.... ဂျပု... မှတ်.. တိတ်.. နှိတ်.. ဟီးးးးးးးး ဟီးးးးးးးး”

ကျနော် ဘယ်ညာနင်းရင်း ခင်လေးကို ကလိတိတိ စနေတာလေ..။ သူကတော့ ကျနော့် ဘယ်ညာသံကို ရှောင်ကွင်းပြီး နင်းနေသလားမသိ ခြေလှမ်းတွေ မှားလို့..။ ကျနော် မျက်နှာပြောင်နေတာကို “တဟားဟား” သဘောကျနေတဲ့ သန်းဝင်းက အနောက်ကနေ ကျနော့် ကျောကုန်းကို တွန်းလိုက်တယ်..။ ကျနော်ကလည်း အရှိန်လွန်ပြီး ခင်လေးရဲ့ ကျောကို တွန်းမိပြန်ရော..။ ခင်လေးကလည်း ထပ်ဆင့် အရှိန်လွန်ပြီး သူ့အရှေ့က တစ်ယောက်ကို ထပ်တွန်းမိပြန်တာက ကားတစ်စီးနဲ့ တစ်စီး ဆင့်တိုက်လိုက်သလို..။ အဲ့ဒီမှာတင် ကျနော် တက်နင်းမိတာက ခြေလှမ်း မှားသွားတဲ့ ခင်လေးရဲ့ နောက်မြီးဖျားကို.. အဲ့လေ.. သူ့ဖိနပ် နောက်မြီးဖျားကို..။

“(((ဟယ်)))” “(((ဟာ)))”
“ဖောက်” ကနဲ ပြတ်သွားတဲ့ ဖိနပ်ပြတ်ကို ကုန်းကောက်လိုက်တဲ့ သူ့လက်တွေ တုန်လို့..။

“ကောင်စုတ်.. နင် နင်..”
ဒေါသနဲ့ ပေါက်ကွဲထွက်လာတဲ့ အော်သံနဲ့.. မျက်ရည်တွေလည်း ဖြာကျလာလေရော..။ ရွယ်ထားတဲ့ လက်က တကယ် ရိုက်တော့ မလို.. ကုတ်တော့ မလိုလို..။

“ဟာ.. ဟ.. ဟေ့ယောင် ခင်လေး မလုပ်နဲ့နော်.. မတော်တဆ ဖြစ်တာ.. သန်းဝင်း တွန်းလိုက်လို့ ဖြစ်တာ..”
“ မ သိ ဘူးးးး နင်.. နင်ကွာ.. အခု ငါ့ ဖိနပ် ပြတ်ပြီ ဘယ်လို လုပ်မလဲ..”
ခင်လေး မျက်နှာက ငိုမဲ့မဲ့ ဆိုတာထက်.. ငိုချင်လျက် လက်တို့ ဖြစ်နေတာမျိုး..။

ကျနော်လည်း သူ့ကို ခေါင်းကုတ်ပြီး ကြည့်နေတယ်.. သန်းဝင်းကလည်း ကျနော့်လိုပါပဲ ခေါင်းကုတ်လို့..။ အဲ့ဒီ ခင်လေးကလည်း ဖိနပ်ပြတ် တန်းလန်း ကိုင်ထားတဲ့ လက်နဲ့ပဲ ခေါင်းကုတ်လို့..။ ယာဉ်ကြောပိတ်သွားတဲ့ ကျောင်းသားတန်းကြီးကတော့ ကျော်ခွပြီး သွားကြလေရဲ့..။

“နင်ကလည်းကွာ မတော်တဆ ဖြစ်တာလို့ ငါပြောပြီးပြီပဲ.. ရော့.. ငါ့ဖိနပ် စီးသွားလိုက်..”
ကျနော့် ရာဘာဖိနပ် ပေတူးတူးကြီးကို ချွတ်ပေးလိုက်တယ်..

“ခင်လေးငယ်.. သမီး ဘာဖြစ်တာလဲ..”
အဲ့ဒီ အချိန်မှာပဲ အနားကို ရောက်လာတာက ခင်လေးတို့ အတန်းပိုင် ဆရာမ The Wheel (ခေါ်) ဒေါ်ဘေဘီ..

“ဟို.. ဆရာမ.. သမီး ဖိနပ် ပြတ်သွားလို့..”
“အော်.. ဒါ ဆို လာလာ.. ဆရာမနဲ့ လိုက်ခဲ့... ရုံးခန်းထဲမှာ ဆရာမ ဖိနပ် တစ်ရန် အပို ရှိတယ်.. လာ..”
ခင်လေးလည်း အဲ့ဒီ ဖိနပ်ပြတ်ကိုပဲ ဒရွတ်တိုက်စီးပြီး ခြေတစ်ဖက် ထော့ကာ.. ထော့ကာနဲ့ ဆရာမ နောက် လိုက်သွားလေရဲ့..

ကျနော် သန်းဝင်းကို ကြည့်ပြီး..
“မင်းကြောင့်..!!!”
“ငါ မင်းကို တွန်းတာက ဖြေဖြေလေး.. မင်းသူ့ကိုတွန်းတာက အကြမ်းကြီး..”
“ဟ.. ငါလည်း လန့်ပြီး အရှိန် လွန်သွားတာပေါ့..”
“ဟီးးး ဘာပဲ ဖြစ်ဖြစ် ခင်လေးငယ် မင်းတို့ အိမ်ကို သွားတိုင်မှာပဲ..”
“မတတ်နိုင်ဘူးကွာ တိုင်ချင်တိုင် ရိုက်ချင် ရိုက်တော့.. ငါက အမှား လုပ်မိပြီကိုး..”
ပြောသာ ပြောရတယ်.. စိတ်ထဲက လန့်နေမိတယ်..။ ဟိုတစ်ပတ်က မေမေ ရိုက်ထားတဲ့ အရှိုးရာက ပျောက်တောင် မပျောက်သေးဘူး..။

ဒီလိုနဲ့ အတန်းထဲမှာ အိပ်ငိုက်လိုက်..၊ မုန့် ခိုးစားလိုက်..၊ ဟိုလူ့ စလိုက် ဒီလူ့ စလိုက်..၊ စာမေးတာ မရလို့ ခုန်ပေါ် တက် မတ်တပ်ရပ်လိုက်နဲ့.. ကျနော့်ရဲ့ ဆိုးပေပေပုံစံ အတိုင်း ပေါ့တီးပေါ့ရွှတ်..။

ကျောင်းဆင်းတော့ ကျနော် အရင် ပြေးထွက်သွားလိုက်တယ်.. စက်ဘီးတွေ ထားတဲ့ နေရာဆီကို..။
“ဖလတ်.. ဖလတ်” နဲ့ လမ်းလျှောက်လာတဲ့ ခင်လေး ခြေသံက အဝေးကြီးထဲက ကြားနေရတယ်..။ သူ့ခြေထောက်က စာနေသလိုလို.. ထော့နေသလိုလို..။ အဲ့လို ဖြစ်တော့ မှာပေါ့.. သူစီးလာတဲ့ ဆရာမ ဖိနပ်က အကြီးကြီး.. ဖနောင့် အနောက်မှာ လက် လေးလုံးလောက်ကို ပိုနေတာ..။

ကျနော် ပြုံးချင်စိတ်ကို အောင့်အီး ထားလိုက်တယ်..။
“ဟဲ့.. နင် အဆင်ပြေသွားပြီလား..”
“သွားးး.. ငါ့ကို ဘာမှ လာမပြောနဲ့.. ငါ့ စက်ဘီး ဘေးက ဖယ်.. ငါအခု နင့်အိမ်ကို သွားတိုင်မှာ..”
“ဟာ.. နင်ကလည်း တစ်ခါတလေ မတိုင်ပါနဲ့လားဟာ.. နင်တိုင်လို့ ငါရိုက်ခံရပေါင်းလည်း များပြီ.. နော်.. မတိုင်နဲ့.. ငါ မုန့်ဖိုး စုပြီး ဖိနပ် ပြန်ဝယ်ပေးပါမယ်ဟာ.. နော်..”
“မသိဘူးးး.. မသိဘူးးး တိုင်မှာပဲ..”
ကမူးရှူးထိုးနဲ့ စက်ဘီးကို နင်းထွက်သွားလေရဲ့..

ဘယ်လိုချော့ ချော့.. ဘယ်လို တောင်းပန် တောင်းပန်.. မရပါဘူး..
အဲ့ဒီနေ့ကလည်း တကယ် တိုင်တာပါပဲ..
မေမေကလည်း တာဝန်နဲ့ ဝတ္တရားအရ တကယ် ရိုက်တာပါပဲ..
ကျနော်ကလည်း ခါတိုင်းလိုပါပဲ.. အသံပြဲကြီးနဲ့ အော် ငိုတာပါပဲ..

ဒီတစ်ခါ ကျနော် ဆိုးမိတဲ့ နေ့က မတန်ဘူး.. စလိုက်တာကလည်း ဘာမှ ဟုတ်တာ မဟုတ်..။ မေမေကလည်း ခင်လေး ကျေနပ်အောင် ရိုက်ပေးတယ် ထင်ပါတယ်..။ သေချာတာက ဒီနေ့ သိပ်တော့မနာဘူး..။ ဒါပေမယ့် ဈေးကြီးတယ်..။ ရိုက်လည်း ခံရသေးတယ်.. မေမေက ကျနော့် မုန့်ဖိုး ဖြတ်ပြီး သူ့ကို ဖိနပ်တစ်ရန် ဝယ်ပေးမှာတဲ့..။

တကယ်တာ့ ကျနော်က လိမ္မာဖို့ ကြိုးစားရင်းနဲ့ပဲ ဆိုးဆိုးမိနေတဲ့ လူဆိုးလေးပါပဲလေ..။
ရှေ့လျှောက် ဘယ်လို အလွဲတွေနဲ့ ဘာတွေ ဆက် ဆိုးနေမိဦးမှာလဲ..!!
ကျနော်ဆိုးခဲ့သမျှ တွေမှာ ကျနော်ကပဲ နိုင်ခဲ့တာလား..!!
ဒါမှမဟုတ် ရှုံးကြီးပဲ ရှုံးနေတာလား.. ဆိုတာကိုတော့ ကျနော် ကိုယ်တိုင် မတွေးတတ်တော့ပါဘူးလေ..။

(ကိုရင်နော်)

36 comments:

ဖိုးစိန် said...

အိုင်အမ် ဒီ အုန်း လီး ဝမ်း ဖတ်စ်စ်စ်စ်စ်

ဖိုးစိန် said...

ဖြူဖြူဖွေးဖွေးချောချောလေးက အသံလဲအောင်တယ်လား..
တို့အကိုကြီးက တယ်လည်းတင်စားပါလားနော်..
ဘာတဲ့...
ကျနော်က လိမ္မာဖို့ကြိုးစားရင်း နဲ့ပဲ ဆိုးဆိုးမိနေတဲ့ လူဆိုးလေးတဲ့..အဟီ
တို့ကိုကြီးက လိမ္မာပါတယ်နော်.. မခင်လေးကြောင့် လူဆိုးဖြစ်နေတယ်လို့... (ဖိုးစိန်ပြောမသွားဖူးနော်..ဟဲ..ဟဲ..)
တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတာကလဲ
ကျနော့်ကို ကြည့်ပြီး ဖြစ်သွားတဲ့ ခင်လေး မျက်နှာက လမ်းဘေးက နွားချေးပုံကြီးကို တွေ့လိုက်ရသလို..။ သူ့ကို တွေ့လိုက်တဲ့ ကျနော့် မျက်နှာကလည်း နွားချေးပုံကြီး ဘေးမှာ နွားချေး ကောက်စားတော့မယ့် ကလေး တစ်ယောက်ကို မြင်လိုက်ရသလို တဲ့....

တကယ်ပဲ ရီရတယ်အကိုရေ...
ရေးလိုက်ရင်မျက်စိထဲ ကွင်းခနဲ..
မခင်လေးတစ်ယောက်ကတော့ ခံနေရတာပဲနော်..
မခင်လေးရေ.. လက်စွမ်းပြပါတော့...
ညိုပြာလေးလားး ကြည်ပြားလေးးလားး ပြာတော့ပြာပဲ
ဖွဲပြာလေးလားတော့မမှတ်မိတော့ဘူး..
ရေးမယ်ဆိုးးး
စောင့်နေပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ကျောပိုးအိတ် said...

ဦးနော်ရေ

လူဆိုး ၅ကို လာဖတ်သွားပါတယ်။ ဦးနော်ရေးထားတာ မျက်စိထဲပြန်မြင်ယောင်ကြည့်တယ်။

ကျောင်းသားတွေရှေ့ မှာ ရင်ကော့ဖင်ကောက် အဲလေ အဲဒါမပါဘူး။ လက်လွန်သွားတာ။ အဟီးးးးးးး။

ကျောင်းသားတွေရှေ့ မှာ ရင်ကော့ပြီး ပြန်ဆင်းလာတဲ့ပုံကို မျက်စိထဲမှာ မြင်အောင်ကြည့်သွားပါတယ်။

မြန်မာနိုင်ငံတော်သီချင်းသံမကြားရတာ ကြာလှပေါ့။
လွမ်းတောင်သွားပြီ။

နှင်းဆီဖြူရဲ့ ကဗျာပန်းခင်း said...

ဖိုးစိန်ဘယ်တုန်းထဲက ချောင်းနေလဲသိဘူးနော်...

ဦးနော် ........ သတိ )))))
((( နေ .... မြဲ )))
(((( သက် .... သာ )))
((( ... အေး ... စေ ...)))

ဟွန့် ရုပ်ကိုက

ဟီး စတာနော် ဦးနော်။ တီငယ် သနားပါတယ်။ ဖိနပ်ပျက်သွားတယ်။ အခုအဲဒီတုန်းကအစား ပြန်ဝယ်ပေးလိုက်။

ခင်မင်လေးစားလျှက်
နှင်းဆီဖြူ

Anonymous said...

လိမ္မာဖို့ကြိုးစားရင်း ဆိုးဆိုးမိနေတဲ့ လူဆိုးမို့လို့ သူကိုပဲ သနားရတော့မလိုလို...

းဝ)

ဒီအရွယ်ကြီးရောက်နေပြီ တဗြဲဗြဲနဲ့ အော်ငိုတုန်းလား...

းဝ)

မခင်လေးရေ... မခံနဲ့ဗျ... ခေါင်းပြန်ခေါက်...

းဝ)

ဟဲဟဲ ရန်တိုက်ပေးသွားတာ

းဝ) ကိုလူထွေး

တောင်ပေါ်သား said...

လိမ္မာဖို့ကြိုးစားရင်း ဆိုးဆိုးမိနေတဲ့ လူဆိုးဦးနော် ကဲ
အားလုံးးးးးးးးးးးးး သတိ

ဖိနပ်ကြိုးပြတ်သွားသော တီငယ်ဖက်က ပါကြ အားလုံးးး သတိ အဟဲဟဲ

ဦးနော် မှတ်ထားပေါ့ တနေ့ တီငယ်က ပြန်ကလဲ့စားချေမှာ မြင်ယောင်သေး အဟေးးးးးး


လေးစားလျက်
တောင်ပေါ်သား

မယ်ကိုး said...

တကယ်တာ့ ကျနော်က လိမ္မာဖို့ ကြိုးစားရင်းနဲ့ပဲ ဆိုးဆိုးမိနေတဲ့ လူဆိုးလေးပါပဲလေ..။

ပြည့်သူတွေရဲ့  ချစ်မေတ္တာခံယူမယ့် လူဆိုးလေးပေါ့နော်။:D
စောင့်ဖတ်နေပါတယ်။

လွမ်းသုရင် said...

ကိုရင်နော် လူဇိုးပဲ... မမခင်လေးကလည်း သွားမတိုင်ရဖူး ကိုယ်တိုင်တွယ်ပစ်လိုက် ဖုန်းးးးးးး ဒိုင်းးးးး ခွက် ကနဲ နေအောင် :P

ခင်လေးငယ် said...

ကိုရင်စုတ်
နင် ဖော်ကောင် တော်တော်လုပ်..
တွေ့မယ်.. ငါ မအားသေးလို့..

ဘာပဲ ဖြစ်ဖြစ် Assembly မှာ နင့် အော်သံတော့ ငါ ကြားရောင်သေးတယ်..

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြု ဆိုတာကတော့ ဒို့ ခေတ်တုန်းက ရှိပေမယ့် အခုခေတ်မှာ မရှိတော့ဘူးလေ.. ဒီပိုစ့်မှာ နင် ဒါကို ပေးချင်တယ် ဆိုတာ ငါသိတယ် ဟက်ဟက်... :D (ဖွပြီ)..

မီယာ said...

အသံသြဇာလည်း ကောင်းတဲ့ ကိုရင်နော်ပေါ့လေ...
ကမ္ဘာမကြေတော့ အခုထိ ဆိုနေကြတုန်းပဲ ထင်ပါတယ်။

MANORHARY said...

တကယ်တာ့ ကျနော်က လိမ္မာဖို့ ကြိုးစားရင်းနဲ့ပဲ ဆိုးဆိုးမိနေတဲ့ လူဆိုးလေးပါပဲလေ..။
..........................
..........တဲ့
ခင်လေးရေ အဲဒါ အချိုသပ်တာ သိလား
း)း)
(အချွန်နှင့်မသွားသည်။)

နေမင်းသံစဉ် said...

ပေါ့ပေါ့လေးတွေနဲ့ကို ရီရတယ် အကိုရေ
အဆင်ပြေပျော်ရွှင်ကြပါစေဗျာ

နွေးနွေးသဲမွန် said...

ဟားဟား.... ရယ်ရတယ်...မျက်စိထဲ ပြေးပြေးမြင်တယ်...း-)) မုန့် ဖိုးဖြတ်တာ နည်းးးတယ်...၊များးးတယ်...လို့ စိတ်ထဲမထားပါနဲ့ လို့ ...ဟီးး

ဆောင်းယွန်းလ said...

ဖတ်ပြီးပြုံးမိတယ်..ခင်လေးရေ.ကိုရင်နော်က တော်တော်ဆိုးတာပဲနော်...ဟဲဟဲ

မမသီရိ said...

ခင်လေးရေ
ဖိနပ်သဲ ကြိုးပြတ်လဲ
သူ့အမေကိုပြေးတိုင်..
ကိုယ့်ကို လာမစလဲ ပြေးတိုင်နော်..
ဒါမှ ကိုရင် မကြာခဏ ရိုက်ခံရမှာ..း)
ခင်လေး ကို နိုင်တာနိုင်ပါစေတော့..း)
သူ ရိုက်ခံထိ ပြီးတာပဲ နော့..
...
ကမ္ဘာမကျေတော့ ခုထိဆိုကြတုန်း
ရှေ့က.. ဘာတဲ့

တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ....
တို့ပြေ...တို့မြေ....
ပြည်ထောင်စုအမွေ ..အမြဲတည်တံ့စေ..
အဓိဌာန်ပြုမလေ...
ထိမ်း...သိမ်း.. စို့ လေ.....
..
အဲဒါ ပါ ဆိုရတယ် တဲ့..

အဲဒါ ကိုရင် ဆိုတတ်လား....း)

Heartmuseum said...

ဟ... မရောက်တာကြာလို့ တကူးတက လာပါတယ်။ ကိုရင်နော်... လူဆိုး..... ခင်လေးရေ... အားကျမခံ နင် နှပ်ချီးလုံးပြီး ကိုရင်နော်ကို ညာကျွေးခဲ့တာတွေ ပြန်ရေးအုံးလေဟာ..... ဟီးးးးးးးး အချွန်နဲ့မပြီး လစ်ပြီ။

ကိုရင်နော် said...

ဟုတ်ပါ့ မမသီရိရေ..
ကျနော်တို့ ကျောင်းက သံပြိုင်ကနေ စဆိုတာ..

ကျနော်ဆိုတတ်တယ်ဗျ.. (ကြက်သီးထလောက်အောင်) ဟီးး

ရင်ဘတ်ကြီးနဲ့ ခင်တတ်သူ..

ကိုရင်နော်

may16 said...

ကိုရင်နော်က အမြဲလွဲပြီး အမြဲဆိုးနေတာပဲနော် :P

နန်းညီ said...

အော် အော် ဇာတ်လမ်းတွေက ဒီလို ဒီလို

နွေးနေခြည် said...

ကိုရင်နော် များများဆိုးပါ .. ဒါမှ များများဖတ်ရမှား)

ဂျပန်ကောင်လေး said...

အားလုံး သတိလို့ဆိုတဲ့အချိန်မှာ အီးမပေါက်ဘူးလား.. ဟီဟိ

မေလေး said...

ကိုရင်နော် မမခင်လေး
အဆန်ပလီ အကြောင်းလေးဖတ်မိတော့ ငယ်ဘဝလေးကို လွမ်းမိတယ်..နိုင်ငံတော် သီချင်းလေးကိုပီတီစိတ် အပြည့်နဲ့  ဘယ်တော့ ဆိုနိုင်မလဲ မသိဘူးနော်
ခင်တဲ့
မေလေး

Mhu Darye said...

ပိုစ့်ဖတ်ပြီးတော့..
ငယ်ဘ၀လေးကို ပြန်သတိရတယ်..။
အဲဒီတုန်းက ဆိုးရတာကိုက ပျော်စရာကြီးရယ်ပါ။

ဝေလေး said...

ကမ္ဘာမကြေဆိုတိုင်း ကြက်သီးထတယ်... စိတ်ထဲမှာ တမျိုးကြီးကို ခံစားရတာ... အရမ်းလွမ်းတာပဲ အဲဒီအချိန်တွေ...

Dream said...

ဦးနော်ရေ.. ကမ္ဘာမကြေ ကဗျာလေးကို ဖတ်ရင်းနဲ့ ငယ်ငယ်ကျောင်းတတ်တုန်းက ရွတ်ခဲ့ဆိုခဲ့ ရတာလေးကို အရမ်းသတိရမိသွားတယ်။...

အယ်...ဦးနော်က ငယ်ငယ်က လိမ္မာအောင် ကြိုးစားရင်း ဆိုးနေခဲ့တာပေါ့ ဟုတ်လား....

မယ်မယ်ရေ..မခံနဲ့..အဟိ..စပေးခဲ့တယ်.. :P

ကောင်းကင်ပြာ said...

တော်တော်ဆိုးတဲ့ ဦးနော်၊

Banyarshein said...

ကိုရင်ရေ ဖတ်ရတာ မျှောသွားတာပဲ သိပ်ကောင်းတယ်

upasaka969 said...

ပေးထားတာလေးကိုရှာပြီးယူသွားပါတယ်

ကျေးဇူးတင်ပါတယ်ဗျာ....အင်း..မေ့လို့မရတော့တဲ့သူတွေ
လေ။

ဖိုးသင်္ကြန် said...

ဒီလောက် ပွေးတဲ့လူနဲ့ တစ်ကျောင်းထဲ မတက်ခဲ့ရတာ နာတာပဲဗျာ။

ဇော် said...

အိုင်အမ်ဒယ် တွမ်တိနိုင်း။ ခွိခွိ။
ကိုဂျီးစိန်ကို အားကျလို့။ အဟီး။
အူးနော်စာတွေ ဖတ်တာများပြီး အနော်လဲ အလိုလို အူမြူးချင်နေပြီ။ ဟီဟိ။

Chitpalonelay said...

သြော် ပါးလုံးဆိုးလှပြီမှတ်တယ်။ ကျတော်လူဆိုးငါးကြီးကို ဘယ်လိုမှမမှီပါကလားနော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

မ အနမ်း said...

ကျွန်တော်လူဆိုး အခန်းဆက်တွေနဲ့ ကိုရီးယားကားလိုပဲ နော်။ အဟိ ဒါပေမယ့်ဖတ်လို့ တော့ကောင်းသား။ မန့် လို့ သာမကောင်းတာ။ :)
အဆင်ပြေပါစေနော်။

ကိုရဲ said...

အူးနော် ဒီငယ် ... ချာမေးပွဲပီးရို့ ရောက် ရောက် ရောက် ။ အူးနော်ရေ ဒါလေးတွေဖတ်ရတာ တကယ်ကောင်းတရ် ။ ဆက်ရန်လေးတွေမျှော်နေသည်။

(ကိုရဲ)

ကိုရဲ said...

အူးနော် ဒီငယ် ... ချာမေးပွဲပီးရို့ ရောက် ရောက် ရောက် ။ အူးနော်ရေ ဒါလေးတွေဖတ်ရတာ တကယ်ကောင်းတရ် ။ ဆက်ရန်လေးတွေမျှော်နေသည်။

(ကိုရဲ)

မသက်ဇင် said...

အကြွေးတွေလာဖတ်သွားပါတယ်

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော်က တကယ်ရော လိမ္မာဖို့ ကြိုးစားခဲ့လို့လား။ ဦးနော်ပဲ ပြောတယ်လေ ဒီအကျင့်လေးတွေက ပြင်မှမပြင်နိုင်တာ။
မရည်ရွယ်ပေမယ့် တိုက်ဆိုင်မှုတွေက လူဆိုးတယောက် ဖြစ်နေတာကိုး။
ဦးနော်ဆိုးခဲ့သမျှ ဦးနော်က နိုင်တယ်ထင်လို့လား။ ရောင့်အမြင်ပြောရရင် ဦးနော် မနိုင်ဘူး။ ဦးနော်ရှုံးတယ်လေ။ ဦးနော် အမြဲတမ်း ကျွန်တော် ဆိုခဲ့သမျှ ခံရတာဆိုတာ။ ပြီးတော့ ဦးနော်လုပ်ပြီးရင် ဦးနော်ပဲ ပြန်စိတ်ပူနေခဲ့တယ်လေ။ ဟုတ်တယ်ဟုတ် !

လေးစားလျှက်
ရောင်