Sunday, June 21, 2009

အမှိုက်ထဲမှစိတ်ဓါတ်များ


(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))

နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက် အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့ နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။

နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး.. အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ ရင်ဆိုင်ပါ..” တဲ့

ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။ ကျနော့် ပုဆိုးစလေးကို ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!! လို့ အော်ပေးရှာပါတယ်..။

ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရတော့မှာ..။

ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့ မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင် နေလို့ ဖြစ်နေတာပါပဲလေ..။

“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့ ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။

ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။

အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက် ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။
“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”

ကျနော်လည်း အမှိုက်ပုံးကြီးကို ဝမ်းသာအားရ မပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..
အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။

ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..
ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ ..
အဲ့ဒီ ခြောက်လွှာဆီကို..။

အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..
“ဘယ်လောက် ပေးရမလဲ..”

“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”
“ရော့.. ငါးဆယ် ယူလိုက်..”

အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း ကုတ်လိုက်တယ်..
ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။

ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး..
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနုတ် မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနုတ်မရှိဘူး..”

“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနုတ်သွားလဲ လိုက်မယ်..”
“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”

“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင် မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့သြသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။

ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး လည့်ထွက်ခဲ့လိုက်တယ်..။

လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ.. နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။

ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။ ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။ လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့ ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။

ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြတဲ့ သူတွေပါ..။ လူတွေက အမှိုက် ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး လုပ်နေရတာပါ..။
ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး ထွက်လာခဲ့လိုက်တော့တယ်..
ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..

(((((အမှိုက်.. အမှိုက်..)))))

(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။

(ကိုရင်နော်)


မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက အမှိုက်ကောက်သမားလေး တစ်ယောက် တကယ် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး တစ်ခုပါ..။ “လဲနေသူ ထူပေးပါ.. အားငယ်သူ အားပေးပါ..” တဲ့.. ငယ်ငယ်က သင်ခဲ့ရပါတယ်..။ အခုခေတ်မှာတော့ “လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေ ဖြစ်နေပြီ..။ လူသားချင်း စာနာထောက်ထားကြဖို့တော့ လိုနေပြီ..။ သာမန်လူတစ်ယောက် အတွက် ငွေနှစ်ရာဟာ ဘာမှ သုံးမဖြစ်တော့ပေမယ့် ဒီပိုစ့်ထဲက မောင်နှမအတွက်တော့ ထမင်းတစ်နပ်စာ ကောင်းကောင်းရပါတယ်..။ လူသားတိုင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် မေတ္တာထားနိုင်ကြပါစေ..။

39 comments:

Upasaka said...

ရင်ကိုတန်းရောက်တာ ပဲကိုရင် စာရေးသူတော်တာ လည်း ပါတာပေါ့လေ။ ရှင်းကနဲမြင်အောင်ရေးတတ်တယ်။

ကျနော့်တို့စိတ်ဓာတ်တွေ ထဲအမှိုက်မ၀င်ဖို့ ကြိုးစားရမှာ ပါလေ။

ငြိမ်းချမ်း ပါစေ။

မယ်ကိုး said...

စိတ်ထဲကို ထိထိခိုက်ခိုက်ရောက်ပါတယ်။ တစ်ခုသတိထားမိတာက ကိုရင်နော် သရုပ်မှန်စာတွေ ရေးတာ တော်တော်ကောင်းပါတယ်။

ဖိုးမောင်(happycloud) said...

ကိုရင်ရေ ဖတ်ရတာ စိတ်ထဲမှာခံစားရတယ်ဗျာ....
ကိုရင်တို့ အရေးကောင်းတာတော့ ပြောဖို့မလိုပါဘူး....
ဖိုးမောင်

Dream said...

ရင်ထဲကိုတန်းထိတယ်..... သနားစရာ ဘ၀တွေပါ။ အမှိုက်ကောက်သမားတွေလဲ လူပါပဲ။ လဲနေသူ ထူပေးပါ အားငယ်သူ အားပေးပါ ဆိုတဲ့အတိုင်း လူသားချင်း စာနာထောက်ထား ညှာတာမှု ပေးနိုင်ကြပါစေ....

လူအချင်းချင်း နှိပ်ဆက်ခြင်း ကင်းဝေးကြပါစေ
အထင်သေးချင်း အချင်းချင်း ကင်းရှင်းကြပါစေ


ပို့်စ်လေး တော်တော်ကောင်းတယ် ဦးနော်ရေ

ဖိုးစိန် said...

ရိုးသားမှုနဲ့ အတူ အရွယ်နဲ့မလိုက်အောင် သည်းခံနိုင်တဲ့ အမှိုက်ကောက်တဲ့ကောင်လေးဘဝကို ကိုယ်ချင်းစာမိပါတယ်


ကျနော်ကိုယ်တိုင် ဒီလို အဖြစ်မျိုး ဒီနိုင်ငံမှာ ကြုံတွေ့ရသေးတာပဲလေ...

သည်းခံခွင့်လွှတ်ခြင်းနဲ့ ဥပေက္ခာ တရားက အရာရာကို အောင်မြင်နိုင်ဖို့လမ်းစတစ်ခုလို့ ယုံကြည်မိပါတယ်...

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..

ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ ရှိတယ်..

ဒီစာသားလေးက အရမ်းကို အဓိပါယ်ပြည့်ဝပါတယ် ကိုကြီးဦးနော်

ပိုစ့်လေးဖတ်ပြီးတော့ ကျနော့် အဖြစ်ကိုလဲ သတိရမိပါရဲ့....

ခုချိန်မှာ ဝမ်းနည်းနေလို့လာတော့ မသိဘူး...

အရာရာဟာ မိုးဖွဲဖွဲကျနေသလိုပဲ...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ကိုလူထွေး said...

ရင်ကို တည့်တည့်ထိတယ် ကိုရင်နော်ရေ...

တို့လူမျိုးတွေ စိတ်ထားမြင့်မြတ်သလေး ဘာလေးနဲ့ ပိုက်ဆံနဲနဲရှိရင် ကျန်တဲ့သူ လူမထင်တတ်တဲ့ အကျင့်လေးတော့ ပြင်ဖို့ကောင်းတယ်နော်...

းဝ)

စကားမစပ် ကိုရင်နော်ဆိုတာ ပေါချာချာ သွပ်တွတ်တွတ် လို့ ထင်ထားတာ ဘယ်လာမှန်လို့တုန်းဗျ... :P

ဂျပန်ကောင်လေး said...

ဦးနော်ရေ... သူတပါးအပေါ် မညာမတာလုပ်တတ်တဲ့ သူတွေဟာ ဒုနဲ့ဒေးပါပဲ.. ဒါပေမယ့် ကျနော်တို့ ဗုဒ္ဓဘာသာမှာ အကြောင်းနဲ့အကျိုးဆိုတာရှိပါတယ်.. သူတပါးအပေါ် မညာမတာစိတ်ထားရငု အဲလိုပဲ ပြန်ခံစားရမှာပဲ.. ဒါပေမယ့် ခံစားတာ မခံစားတာ အသာထားလို့ အဲလိုတွေ တွေ့ကြုံတွေ့မြင်ရရင် အတော်ပဲ စိတ်မကောင်းဖြစ်မိတယ်
ဗျာ.. ဦးနော်..စာရေးတာတော်လိုက်တာ.. ဒီလိုမျိုးတွေ ဆက်ရေးပါဦး

MANORHARY said...

I got something!! thanks for ur post !!

သားကြီး said...

အရမ်းဖတ်လို့ကောင်းတယ်ဗျာ
အန်တီကြီးကိုတော့ရွံမိပါရဲ့
အစဉ်အားပေးလျှက် ....

အိန္ဒြာ said...

မကြီးရေးဖြစ်တဲ့ ဖိုးမှိုက်ဖွားရေတိုက် ဆိုတဲ့ ၀တ္ထုလေးကို သတိရသွားမိတယ်...

၇ှိခဲ့တယ်..
ရှိနေတယ်...

အမှိုက်ဟာ...ရွှေလောက်မဖြစ်တောင်...
အမှိုက်ဟာ...ဟင်းမပါတဲ့ ခပ်ညံ့ညံ့ ဆန်ဖြစ်ခွင့်ရရင်တောင် သူတို့အတွက် မနက်ဖန်တစ်ခုပါ...

ကိုရင်ရေ..

စိတ်တွေထဲမကောင်းဘူးကွယ်...

ဖိုးသင်္ကြန် said...

ကံအကျိုးပေးဆိုပေမယ့် ခုလက်တွေ့ဘဝတွေကိုတော့ ပြောင်းလဲနိုင်ပါသေးတယ်လေ။
လိုနေတာက...
အင်း
လိုနေတာက

littlebrook said...

ဟူး............. သက်ပြင်းပဲချမိတော့တယ်ဗျာ

မီယာ said...

အန်တီကြီးလို လူမျိုးတွေ လူလူချင်း စာနာထောက်ထားတတ်တဲ့ စိတ်တွေ များများ မြန်မြန် မွေးဖွားနိုင်ပါစေ

tg.nwai said...

ဟင်း..တယောက်နဲ့တယောက် စာနာနားလည်နိုင်မှုတွေ နည်းပါးသွားရင်တော့..နေပျော်တဲ့ လောကကြီးဖြစ်လာမယ် မထင်ဘူးနော်..ကျေးဇူးပါ။

ဂျူနို said...

စာမတတ် ပေမတတ် တကယ် ဆင်းရဲနုံခြာတဲ့ ကလေးတွေက ပညာတတ်တယ်ဆိုတဲ့သူတွေ ပိုက်ဆံရှိတယ်ဆိုတဲ့သူတွေ ဘာဒကာ ညာဒကာဆိုသူတွေထက် အများကြီး ဖြူစင်ကြ လူဆန်ကြတယ်။

လူတွေ စာနာတရားကင်းတာ ကိုယ်ချင်းမစာတတ်တာ ကိုယ့်အတွက်မှ ကိုယ်ဖြစ်နေတာ ဆုတ်ကပ်ရောက်နေတယ်ပြောရမှာပဲ။ မေတ္တာတရား ဆုတ်ယုတ်နေတယ်ဆိုမှတော့ ဘာလာကောင်းတော့မှာလဲ။

လူတိုင်းလူတိုင်း တတ်နိုင်သလောက် ၀ိုင်းကူ စောက်ရှောက်သင့်ပါတယ်။ စာနာစိတ်မွေးသင့်ပါတယ်။

မအယ်

ဂျူနို said...

အမျိုးသားက ဖတ်ပြတာ။ မအယ် ထမင်းချက်နေတုန်း။
ကျေးဇူးတင်ပါတယ်။ ခုလို ဝေမျှတာ။

အိုင်လွယ်ပန် said...

စာရေးတာ သိပ်ကောင်းတော့
ရင်ထဲမကောင်းဘူးဗျာ ....

တားမြစ် ထားသော... said...

အမှိုက်တွေထဲက
-ဘဝ
-ရိုးသားမှု
-ထမင်းအိုး
-အနာဂတ် နဲ့
-ဖြူစင်သန့်ရှင်းမှုတွေ ... ကျွန်တော်တို့တစ်တွေ မြင်အောင် ကြည့်နိုင်ကြစေသားဗျာ။

သုခမိန်(E-Journal)

ရောင်ပြန် said...

ကြိုက်လွန်းလို့ နှစ်ခေါက်ထပ်ဖတ်သွားတယ်..
“လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေက နေရာတိုင်းမှာပါပဲ

နန်းညီ said...

တီဗီကလာတဲ့ဇာတ်လမ်းတိုလေးတစ်ခုကို သတိရသွားတယ်.. ကျိုက်ထီးရိုးအထမ်းသမားလေးကို မယုံတဲ့မိန်းမက ပိုက်ဆံအိတ်ကျကျန်ခဲ့တာကို အဲ့ကောင်လေးက လိုက်ပေး.. ပေးတော့ “ဘာလိုချင်လဲ ပြော”ဆိုတော့ ကောင်လေးက တစ်ခုလောက်တော့ တောင်းဆိုချင်တယ်တဲ့.. မိန်းမက စိတ်ထဲကတွေးတာ..“တွေ့လား အခွင့်ပေးတာနဲ့ တောင်းတာပဲ”ပေါ့လေ.. အမှန်က “ခုနက အစ်မ အထမ်းဖိုးပေးသွားတဲ့ ၅၀၀ တန်က ထောင့်မှာပြဲနေလို့ လဲပေးလို့ရမလားခင်ဗျာ” တဲ့..

ဆင်းရဲလည်း ရိုးသားတတ်ကြပါတယ်နော့ ...

စည်သူ said...

တကယ်ပါဗျာ..ဖတ်လိုက်စဉ်မှာပင် စိတ်ထဲမကောင်ဘူး ကိုရင် ရေ..။ သုံးကြောင်းလောက် ဘဲဖတ်ရသေးတယ်နော်..အကိုနဲ့ညီမနေရာကို ကျွန်တော် တန်းရောက်သွားတယ် ကိုရင်ရေ.။ အရေးအသားက အရမ်းကိုကောင်းတယ်ဗျာ.။ ကိုယ်ချင်း စာမိလို့ ပါ.။ ဖတ်ရတာလွယ်သလောက် တကယ်တမ်းရေးရင် သူတစ်ပါးရင်ထဲကို စူးဝင်သွားရ လောက်အောင် ရေးနိုင်ဖို့ ကမလွယ်ပါဗျာ..။
မှတ်ချက် ။ ။ ဟာ..မလွယ်ပါလားဆိုပြီ အကိုနဲ့ညီမပေါ် ဂရုနာ သက်ကာ ပုလဲတောင်ခချင် သလိုလို ဖြစ်သွားတယ်။ ကျွတ်တော်ဘဲသိမှာပါ ကိုရင် တောင်သိလိုက်မှာမဟုတ်ဘူး.။သူများတွေ သိမှာစိုးလို့ မပြောတော့ပါဘူး..။
အစဉ်အားပေးနေမှာပါ..။

အိပ်မက်ရှင် said...

အကိုရင်နော် ...
((( အမှိုက် ))) ((( အမှိုက်))) ဆိုတဲ့ အသံလေးကို ခုထိ ကြားယောင်နေတုန်း ... ပဲ
အရမ်းကောင်းတယ် ... ထိလည်း ထိတယ် ... ဗျာ
အရေးအသားညက်ညက်နဲ့ လိုရာကို သယ်သွားနိုင်တာမို့လည်း လေးစားပြီးရင်းထက် ပိုလေးစားမိပါတယ် ...
ဟုတ်ပါတယ် ... ဒီဇာတ်လမ်းလေး ထဲကလိုပဲ
လူနေချုံကြား စိတ်နေဘုံဖျား စိတ်ဓါတ်နဲ့ ဘ၀ကို ရိုးရိုးသားသား ရပ်တည်နေတဲ့ လူတွေ ရှိသလို
လူနေဘုံဖျား၊ စိတ်နေချုံကြား ဆိုတဲ့ လူတွေလည်း ရှိနေတာကို မြင်သိကြားနေရပါတယ် ...
ဒီလို စိတ်ဓါတ်တွေကို ပြင်ဆင်နိုင်မယ်ဆိုရင်တော့ ပြည့်ဝလှပတဲ့ လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်တည်လာမှာ အမှန်ပါပဲ ...
အခုလို တစ်ထောင့် တစ်နေရာကနေ မီးမောင်းထိုးပြပြီး အသိပညာပေးထားတာကို အထူးပဲ ကျေးဇူးတင်မိနေပါတယ် အကိုရင်နော်ရေ ....

ခင်မင်လေးစားမှုများစွာဖြင့်

နွေးနွေးသဲမွန် said...

အတွေးတွေ ပါတဲ့စာပဲ...ကြိုက်တယ်... :-)

မင်းအိမ်ဖြူ said...

ထိတယ်ဗျာ... ရေးချက်လေးတွေလည်းကောင်းတယ်
စာရေးသူပြောပြချင်တာလည်းရင်ထဲရောက်ပါတယ်၊၊

တွေ.ဘူးနေတာကြာပြီ ၊ အမှန်ဆိုရရင် တခါမှမလာဘူး ခဲ့ဘူး ၊ ကိုဒီပနဲ. မယ်ကိုးဆီမှာ အမြဲတွေ.နေရတယ်လေ
အခုပထမဆုံးရောက်တာနဲ့ ၊ အရေးအသားနဲ့ အတွေးတင်ပြပုံက ဖမ်းစားသွားပါတယ်

နောက်ကိုလာဖြစ်ပါတော့မယ်

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

တလနွန် said...

အရမ်းလေးနက်တဲ့စာသားတွေပါပဲ။ ဖတ်ပြီး စိတ်မကောင်းဖြစ်သွားပါတယ်။ကလေးတွေ
အပေါ် မတရားလုပ်တာ ဆိုးတယ်နော်။

ခင်မင်ခြင်းနှင့်
တလနွန်

နေဒေးသစ် said...

ဘယ်လိုပြောရမယ်မှန်း မသိဘူး ... အခေါက်ခေါက် ကျော့ပြီး ပြန်ဖတ်နေမိတယ် .... တကယ်ကို ကြီးနိုင်ငယ်ညှင်း လူမပီသသူတွေရဲ့ စရိုက်ပါပဲ ... ကံအကျိုးပေးကြောင့် ဘဝတစ်ခုနဲ့ တစ်ခု ဖြစ်တည်မှုခြင်း မတူညီကြပေမယ့် ခုလို လူစိတ်မရှိတာမျိုးကို မြင်ရသိရတော့ စိတ်ထဲ တနုံနုံ ဖြစ်ရတယ် ... စာထဲမှာမှ မဟုတ်ဘူး ... တကယ်လည်း အပြင်မှာ အဲလို လူမျိုးတွေ ရှိတယ် ... ကျွန်တော်လည်း ကြုံဖူးတယ် ... စာတစ်ကြောင်းချင်းစီကနေ ကလေးငယ် ၂ ယောက်ရဲ့ ချို့တဲ့ နွမ်းပါးမှုတွေ .. လူ့အောက်ကျပေမယ့် မြင့်မားတဲ့ စိတ်ဓာတ်ခံယူချက်တွေ ... သူတို့လေး ၂ ယောက်ရဲ့ ရှေ့ဆက်ရဦးမယ့် ဘဝခရီးလမ်းတွေ ..... ရင်ထဲမှာ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်သွားတယ် ...
ထမင်းအိုး ..
ရိုးသားမှု ...
ဘဝ ....
အနာဂတ် ...
စိတ်ဓာတ် ...
ကိုယ်ချင်းစာတရား ....
ပို့စ်တစ်ပုဒ်ကိုဖတ်ပြီး ကျွန်တော် အသက် ၂ ချက်ဆင့်ရှုလိုက်ရတယ် ... ဒါပထမဆုံး အသက်ရှုကျပ်ဖူးခြင်းပဲ ...
နေဒေးသစ်။

ငှက်ကလေး said...

ဦးနော် ရေ ခင်မင်စွာ အဲဒီလိုခေါ်လိုက်တယ်နော်

အဟီးး စာလာဖတ်တယ်ရှင့် အမှားတွေ့တယ် အနှုတ်လား အနုတ်လားးးး မီးမှားရင်လဲပြော နော် မီးထင်က အနုတ်လို့ ထင်တာပဲ ဟိဟိ

အစ အဆုံးဖတ်သွားတယ်နော် သိလားးး ဘိုင်

Mhu Darye said...

လာဖတ်ဖြစ်တယ် ဆိုတာလေးပဲ ပြောခဲ့မယ်နော်။
း)

ရွာသားလေးဝိုင်တီယူ said...

မနက်ကျ ရထားစီးမယ်လေ။ လာခေါ်မယ်ဗျ စောင့်နေပါ
ကျနော့လို ဆီပုံးရောင်းစားထားသလားလို့ မဆိုင်တဲ့ပို့စ်မှာပဲ လာပြောပြီး အိမ်ပြန်အိပ်ပါပြီ

may16 said...

ရင်နင့်စရာပို့စ်လေးပါ ဖတ်လို့ကောင်းသလို သူတို့ဘ၀တွေကို စာနာမိပါတယ်..

မေလေး said...

ကိုကြီးနော် မမခင်လေး
တကယ် အမှန်တရားတွေပါဘဲ။လောကကြီးမှာ လူတိုင်းလူလူချင်းကိုယ်ချင်းစာတရားရှိမယ်ဆိုရင် လောကကြီး သာယာလှပလာမှာပါ။
ခင်တဲ့
မေလေး

ဇော် said...

စိတ်မကောင်းဖြစ်မိရပါတယ်ဗျာ။ =(

Heartmuseum said...

အမှန်ပြောရမလားးးးးး ရိုးရိုးသားသား လုပ်စားလိုသူတွေ တခြားရွေးစရာ လုပ်ငန်းမရှိတာ စစ်အစိုးရကြောင့်......
ဒီက ကျွန်တော်တက်တဲ့ ကျောင်းမှာ နိုင်ငံခြားက ကျောင်းလာတက်ကြသူတချို့ လခကောင်းလို့ ကျောင်းအမှိုက်ပုံးတွေမှာ လိုက်ပြီး အမှိုက်သိမ်းကြတယ်။
ဘယ်သူမှ ထူးပြီး အထင်မသေးကြပါဘူး။ စနစ်တခုပေါ့...... တို့ မြန်မာပြည်သားတွေ ကတော့ စနစ်တခုရဲ့ သားကောင်တွေပေါ့.......

ရွှေပြည်သူ said...

ရင်ထဲကို နက်နက်ရှိုင်းရှိုင်းထိသွားတဲ့ ပို့စ်လေးပါ ကိုရင်နော်နဲ့ မခင်လေးငယ်ရေ။ တခါတလေ လူတွေမှာ အခြေခံကျတဲ့ ကိုယ်ချင်းစာစိတ် စာနာစိတ်လေးတွေတောင် မရှိကြတော့တာ တော်တော် အံ့သြနာကျင်ဖို့ ကောင်းပါတယ်။ စိတ်ထဲမှာ တော်တော်ကို မကောင်းပါဘူး...

marna said...

အမှိုက်တဲ့လား အူးနော် ။ ဖတ်လို့တအားကောင်းတရ် ။ နော် အူးနော်တို့ကိုအားကျတရ် ။ ရေးတတ်ချင်တရ် ။

လူခြင်းမတူသမျှ စိတ်ဓါတ်ခြင်း မတူညီကြပါဘူး ။ တူညီအောင်လည်း ညှိလို့မရသလို ဘယ်တော့မှလည်း ပြေလည်မှာမဟုတ်တဲ့ ပြဿနာတွေပါ ။

mk said...

post ကိုအရမ်းကြိုက်လို့ email မှာ forward လုပ်ချင်ပါတယ်။
Facebook Notes မှာလည်းတင်လိုက်ပါတယ်။
မူရင်း Link (http://koyinnawkhinlaynge.blogspot.com/2009/06/blog-post_21.html)ကိုလည်း email မှာရော ၊ Facebook Notes မှာပါ ထည့်သွင်းဖေါ်ပြခွင့်ပေးပါ။

ကိုရင်နော်ခင်လေးငယ် said...

ဒီပိုစ့်လေးကို ဒီနေရာတွေမှာ ဒီလိုပုံစံတွေနဲ့ ပြန်လည် ဖော်ပြထားတယ်...

အမှိုက်ထဲမှစိတ်ဓါတ်များ…

အမှိုက်.. အမှိုက်..)))))

အမှိုက်ထဲမှစိတ်ဓါတ်များ

http://www.crystalrays.org/forum/viewtopic.php?f=176&t=5548&p=73248

pwa said...

it make me feel so sad.you point out all human being are under the sun.i can feel ur warm heart and right mind.

Anonymous said...

http://www.myanmarchatonline.org/forum/index.php?action=printpage;topic=16892.0

ရေးသူ နေရဲ တဲ့