Sunday, July 19, 2009

ဟောင်းနွမ်းကြေမွသွားသော ဒိုင်ယာရီတစ်ရွက်


ဒီလိုနဲ့ ကျွန်မရဲ့ နေ့သစ်တစ်ခု စခဲ့ပြန်ပြီပေါ့..။ မနက်ခင်းမှာပဲ အာရုံတစ်ခုနဲ့ နိုးထရင်း ညကို ကြိုပြီး ကြောက်နေတတ်သူဟာ ကျွန်မ တစ်ယောက်တည်းလား..!! ကြေကွဲမှုတွေကို လက်ဆင့်ကမ်းဖို့ တစ်စုံတစ်ယောက်ကို ဖွေရှာနေတတ်သူဟာ ကျွန်မ မဟုတ်ဘူး..။ နင့်နင့်နဲနဲ ရင်းထားရတဲ့ အနာတရစိတ်တွေကို လက်ခံသူရှိနေစေဦး ကျွန်မ ခွဲပေးဖြစ်မယ်မထင်..။ နာမ်စားတစ်ခုကို ထပ်ခါတလဲလဲ ရွတ်ဆိုရင်း ငြီးတွားနေတတ်သူ ကျွန်မဟာ ရထားတဲ့ ဒဏ်ရာလေး ပျောက်သွားမှာကို စိုးရွံ့လို့ နေပြန်သေးသတဲ့..။ ဘယ်လောက်များ မိုက်မဲသူများပါလဲ..!!

လောကမှာ အတည်မြဲဆုံးဖြစ်တဲ့ မတည်မြဲခြင်းတွေနဲ့ ကျွန်မ ရစ်သမ်မမှန်စွာ ကူးခတ်နေရဆဲ..။ မှုတ်ထုတ်ရင်း ဝေးဝေးသွားတဲ့ သက်ပြင်းကို လက်နဲ့ပြန်ဖမ်းလို့ ရမယ်ဆိုရင် ရင်ဘတ်ထဲကို ပြန်ထည့်သိမ်းပြီး စုထားချင်တယ်..။ အချိန်ရတဲ့ နေ့လည်တစ်ခင်းမှာ ပြန်ထုတ်ရေတွက် ကြည့်ဖို့ သက်သက်ပါပဲ...။ သက်ပြင်းတွေတိုင်း ကာလာတူခဲ့ လေသလားလို့လည်း စူးစမ်းချင်မိပြန်ပေါ့..။ သံတူကြောင်းကွဲ ခပ်အက်အက် မြေပြင်ပေါ်မှာ ခြေဆင်းထိုင်ချင်သူ ကျွန်မ ဘာတွေကိုများ ထပ်ရင်းချင်နေမိပြန်ပါလိမ့်..!!

တိမ်တိုက်တွေက ဟားတိုက် လှောင်ရယ်လေမလား..!!

အဲ့ဒီနေ့လယ်ခင်းဟာ နွေတစ်ရက်သာ ဖြစ်ခဲ့မယ်ဆိုရင် လေရူးတွေက ကျွန်မကို သရော်မှာလား..!!

မိုးတစ်နေ့မှာ ဆိုခဲ့ရင်ရော ထစ်ချုန်းမိုးတွေနဲ့ ကျယ်ကျယ်လောင်လောင် ကဲ့ရဲ့မှာပဲ မဟုတ်လား..!!

ဒါမှမဟုတ် ဆောင်းနေ့လယ်တစ်ခု ဆိုခဲ့ရင်ရော... အရွယ်မျိုးစုံတဲ့ နှင်းပွင့်တွေက မထိတထိ တိုးတိုးညင်သာ တီးတိုး ပျက်ရယ်ပြုကြဦးမှာ..!!

ဒီလိုပါပဲ.... ကျွန်မကိုသိသူ.. ကျွန်မကသိသူ.. ကျွန်မကမသိပြန်သူ.. လူတွေရဲ့ မျက်နှာပေါ်က မျက်လုံးတွေကရော..!! ဘာထူးမှာမို့လဲလေ..!!

တန်ဖိုးထားမိတဲ့ အရာတစ်ခု သွေ့ခြောက်သွားမှာ ရင်ခံရင်း မိုးပြိုမှာကို ကြောက်နေချိန်မှာပဲ ပြိုလဲသွားခဲ့တာမျိုး..။ တားမရဆီးမရ လျှံတက်လာတဲ့ အလွမ်းတွေနဲ့ ကျွန်မနေ့တွေညတွေ စုန်းစုန်းမြုပ်ခဲ့တာ ဘယ်နှစ်ရာသီ တိုင်ခဲ့ပြီလဲ..!! ပဲ့တင်သံတွေ အလိပ်လိုက်နဲ့ ရစ်ပတ်လုံးထွေးနေတဲ့ အိမ်လေးထဲမှာ ခိုးခိုးခစ်ခစ်ရယ်သံ တချို့က ကဗျာဆန်ခဲ့တယ်တဲ့လား..!! ပန်းနုရောင် သွားပွတ်တံတစ်ချောင်းရဲ့ ဒိုင်ယာရီမှာ အဖြူရောင် သွားတိုက်ဆေးတွေနဲ့ စပ်သီထားတဲ့ သီချင်းတစ်ပုဒ်ရှိနေတယ်..။ အပြာနုရောင် လဲ့နေတဲ့ စားပွဲပုလေးပေါ်မှာ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်တစ်ချပ်က ထပေါက်တော့မဲ့ မြွေတစ်ကောင်လို လျှာတစ်လစ်နဲ့ ပါးပြင်းထောင်နေလိုက်တာ..။

သိပ်မထူးပါဘူး... ညှို့နေတဲ့ ဝရံတာလေးကရော တိတ်တဆိတ်နဲ့ လက်ကမ်းနေလိုက်ပုံများ အစာငတ်ရင်း ခံတွင်းပျက်နေတဲ့ ကျားသစ်မ တစ်ကောင်ရဲ့ ခြောက်ကပ်ကပ် ခပ်ဟဟ ပါးစပ်လို..။ ဟိုး..ခပ်ဝေးဝေးက လက်တွဲလျှောက်ခဲ့ဖူးတဲ့ ညလမ်းမကြီးတစ်ခုက ကျွန်မအိပ်ခန်းလေးထဲ ရောက်နေသတဲ့..။ လူငယ်တွေရဲ့ ခပ်အုပ်အုပ် ရယ်သံတွေနဲ့ မီးမှောင်မှောင် ယမကာ ဆိုင်လေးတစ်ဆိုင်ဟာ ကျွန်မ ထမင်းစားခန်းလေးပဲ..။ ထမင်းစားပွဲပေါ်မှာ ငါးကင်ပန်းကန် တစ်ချပ်နဲ့ မုံလာဥ Salad တစ်ပွဲ ရှိနေတယ်..။ ဆားဖြူးထားတဲ့ စားလက်စ ခရမ်းချဉ်သီး အစိမ်းတစ်ပွဲက တိုးလိုးတန်းလန်း တူနှစ်စုံနဲ့.. ပြီးတော့ အဖြူရောင် အရည်ကြည်တွေနဲ့ အပြာရောင် ဖန်ခွက်နှစ်လုံး..။

ရေပိုက်က လျှံကျလာတာ ရေတွေအစား အညံ့စားသံစဉ်တွေ... အို....!! လက်ဆေးကန်ထဲက ပေကျံနေတဲ့ ပန်းကန်လုံးတွေပေါ်မှာ အလိုက်သင့် ကခုန်နေလိုက်တာများ ဘယ်လောက် အော်ဂလီဆန်လဲ..!! ဟော.. ကြည့်..!! ကုတင်ပေါ်မှာ ထောင်ထားတဲ့ အမည်းနက်နက် ဂစ်တာတစ်လက်ရဲ့ ကြိုးခြောက်ချောင်းလုံးက ကျယ်လောင်စွာ တစ်ကြိုးချင်း ထပြတ်ကုန်သတဲ့..။ အလန့်တကြား အပြာရောင် ဖုန်းခပ်ပြားပြားဆီက ထအော်လိုက်တဲ့ "Simple Plan" ရဲ့ သီချင်း "Perfect" က နားစည်အမှေးပါးတွေ ပေါက်ထွက်မတတ်..။ မှန်လိုက်တာကွယ်...!!

"Nothing's all right
Coz we lost it all
Nothing lasts forever
I'm sorry I can't be perfect
Now it's just too late and
We can't go back
I'm sorry I can't be perfect"

နားထောင်ခဲ့ဖူးတဲ့ ခပ်ချိုချို သီချင်းတွေတောင် နားနဲ့အရသာခံလိုက်တော့ နားဝအရောက် ငံတူးတူးနဲ့..။ နားထဲကနေ လည်ချောင်းဝ အရောက်မှာ ခါးသက်လိုက်တာ..။ မျိုချလိုက်တော့ အူတွေထဲထိ ရှိန်းတိန်းတိန်းနဲ့ ပူဆင်းသွားလေရဲ့..။ ဘယ်ဖက် ရင်ဘတ်အောက်က ဇကာပေါက်တွေဖြစ်နေတဲ့ နေရာတစ်ခုကို ပြန်ဆန်တက်လာပြီး ဂျိုးကပ်နေတာများ အခိုင်အမာ အလိပ်လိုက် အထပ်လိုက်နဲ့...။ ခြစ်ချပစ်ဖို့ဆိုတာ ဝေလာဝေး... ပေတေနေတဲ့ စိတ်တွေနဲ့ တယုတယလေးတောင် “သ” နေမိပြန်သေး...။

စုတ်ထိုးထားတဲ့ နာမ်စားလေးတစ်ခုက ဇကာပေါက်တွေကြားမှာ နှင်းဆီနီတစ်ပွင့်လို လန်းဆတ်ငွါးစွင့် နေလိုက်တာ..! သူ့ ဆူးတွေက ရင့်သန်လို့ အသက်တစ်ချက်အရှူမှာ ဆစ်ကနဲ တစ်ချက်ချင်းပါလား ..!! နောက်တစ်ချက်.. နောက်တစ်ချက်.. နောက်..... အဲ့ဒီနောက်......!! လှလှပပနဲ့ စည်းဝါးကျနေလိုက်ပုံများ အလိုက်ကိုသင့်လို့..။ အသက်ရှူတွေ မှားလို့ ဘယ်ဖြစ်မှာလဲ.. ကျွန်မကိုယ်တိုင် မွေးခဲ့တဲ့ သံစဉ်တစ်ပုဒ် အလဟသ ဖြစ်ကုန်မှာပေါ့.. ဟင့်အင်း..!! ဒီရှူရှိုက်မှုတွေကို တာဝန်သိသလို ပုံစံနဲ့ ဟန်ကိုယ့်ရင်း လူလုပ်လာလိုက်တာ ကျွန်မကိုယ်တိုင် လူပါးတွေကို ဝ... လို့...။

အို.... ဒီလိုနဲ့ သံသရာ အထပ်ထပ်လည်ရင်း အာရုဏ်လား..! မနက်တစ်ခင်းလား..! နေ့လည်တစ်ခင်းလား..! ညနေခင်းလား..! “ည” နက်နက် တစ်ညလေလား..!! ဒါမှမဟုတ်... ဖြစ်နိုင်ချေမဲ့ နေ့နဲ့ည ထပ်တူကျနေတဲ့ အဓိပ္ပါယ်မသိ အဓိပ္ပါယ် မရှိ “ရက်” လို့ လူတွေက သတ်မှတ်ထားတဲ့ ကာလအပိုင်းအခြားတစ်ခု လေလား..!! တွေးရင်း.. ငေးငိုင်ရင်း ဝေဝါးနေတဲ့ ပါးလျနွမ်းဖျော့ ခန္ဓာတစ်ကိုယ်ရယ်.. ဇကာပေါက်နေတဲ့ နှလုံးသားတစ်ခုရယ်.. မာလွန်းတဲ့ ကျွတ်ဆတ်ဆတ် ဦးခေါင်းတစ်လုံးရယ်နဲ့ ကျွန်မ ခြေဆင်း ထိုင်နေလိုက်တာ ဒိုင်ယာရီစာရွက်တွေ ဝါကျင်ဟောင်းနွမ်း ကြေမွ နေခဲ့ပြီပဲ...... ........ .......။။

(ခင်လေးငယ်)

25 comments:

Sein Lyan Tun said...

တစ်ယူတယ်

Sein Lyan Tun said...

လိုချင်လို့ကိုယူတယ် မမ ခင်လေးရေ... ....


သိတယ်နော်းးးးးးးး)

Anonymous said...

ခင်လေးရေ..လှပ လိုက်တဲ့ စာပိုဒ်လေး


တွေးရင်း.. ငေးငိုင်ရင်း ဝေဝါးနေတဲ့ ပါးလျနွမ်းဖျော့ ခန္ဓာတစ်ကိုယ်ရယ်.. ဇကာပေါက်နေတဲ့ နှလုံးသားတစ်ခုရယ်.. မာလွန်းတဲ့ ကျွတ်ဆတ်ဆတ် ဦးခေါင်းတစ်လုံးရယ်နဲ့ ကျွန်မ ခြေဆင်း ထိုင်နေလိုက်တာ


မမ ရောပဲ.. လေလောဆယ် ဒီလိုပုံ ပန်း ...း)


မမသီရိ

MANORHARY said...

ဒိုင်ယာရီစာမျက်နှာဆိုတာက
ကိုယ်ကပေးတုန်းတော့သူကယူထားလိုက်သလိုနဲ့
ကိုယ့်ကိုပြန်ပြီးဒါတွေနဲ့ဒုက္ခပေးတတ်တဲ့အရာ
..........................
....................
ခံစားမှုစကားလုံးတွေကလှလိုက်တာ
........

Sein Lyan Tun said...

မမခင်လေး ရေ...

ခံစားထားတဲ့ စကားလုံးတွေက လှလိုက်တာ....


ဒိုင်ယာရီ ကို မရေးဘူး

ကောင်းကောင်းဆိုးဆိုး

ပြန်ဖတ်ရင် ကြေကွဲစရာဆိုသတိရမိတတ်သလို

ပျော်စရာတွေ ရှိခဲ့ရင် ပြန်မရတော့တဲ့အချိန်ကျ လွမ်းရပြန်ရေားးးးး


Simple Plan ရဲ့ perfect သီချင်းကိုကြိုက်သလို crazy ကိုလဲကြိုက်တယ်ဗျ....

ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

အိန္ဒြာ said...

ခင်လေးရေ.......

ရင်ထဲမှာရီရီမူးမူး....
ဒိုင်ယာရီဆိုတာ..
မတိတ်နိုင်တဲ့ အတိတ်တစ်ခုပဲ...
ရင်ထဲမှာ ညိသွားတယ်..
ဒိုင်ယာရီ စာရွက်အဟောင်းလေးလို ခြေဆင်းထိုင်နေတယ်ဆိုတာ.......

ညီမရေ..

အလွမ်းဆိုတာက
ဘ၀မှာ..ဆေးဖက်ဝင်ပါတယ်....

မယ့်ကိုး said...

စကားလုံး အလင်္ကာတွေ နမိတ်ပုံတွေ လှလိုက်တာ မ ရယ်။

ဒိုင်ယာရီစာရွက်လေးက သိပ်လှတယ်ပြောရင် ရက်စက်တယ်လို့ မထင်ပါဘူးနော်။

ဆောင်းယွန်းလ said...

ညီမလေး....အရေးအသားသိပ်ပြောင်မြောက်ပါပေတယ်
စကားလုံးတိုင်းလှနေတယ်
အားပေးလျှက်
အကိုဆောင်းယွန်းလ

ဒီမိုဝေယံ said...

အရမ်းကောင်းပါတယ်။
(သူ့ ဆူးတွေက ရင့်သန်လို့ အသက်တစ်ချက်အရှူမှာ ဆစ်ကနဲ တစ်ချက်ချင်းပါလား)
ကျွန်တော် ဖတ်ရင်းနဲ့ အသက်ရှုရတာ ဆစ်ကနဲ
ဆစ်ကနဲ နာကျင်လာတယ်။ အမြဲအားပေးနေပါတယ်။

Dream said...

မယ်မယ်...ရေးချက်တွေက မိုက်တယ်....
အခုတော့မက်မက်ဆီမှာ နံနက်၂နာရီ ရှိနေပြီ..ဟင့်
မယ်နဲ့တော့ ထပ်တူမကျတော့ဘူး..တနာရီကွာလို့...

အဟီးးး


မယ်..အဲဒီ ဒိုင်ရာရီ စာရွက်ရှိသေးလား ... မက် ကိုပြနော်...း))

ဂျပန်ကောင်လေး said...

တီငယ်က ပက်ပက်စက်စက်ကို ခံစားနေတာကိုး..း(

Anonymous said...

ံHello Khinlaynge;

ကဗျာရှည်ကြီးတပုဒ်ဖတ်ရသလို
အရေးတွေက ကဗျာဆန်တယ်.
BrAvO !!!!

jr.လွင်ဦး said...

ကောင်းလိုက်တာ။

jr.lwinoo said...

ဆောရီး။ ဖတ်လို့ကောင်းတာပြောတာနော်။

မေဇင် said...

စာလေးတွေ က အတွေးလေးတွေ ကောင်းလိုက်တာ... အဲ့လို အတွေးလေးတွေ ကိုကြိုက်တယ်...ကိုယ်တိုင်လဲ တစ်ခါတလေ.... အဲ့လိုပဲ....။

စည်သူ said...

ဦးဦးမမကိုရင်ခင်လေး.....
ဒိုင်ယာရီစာရွက်တွေက တကယ်ပဲ ဟောင်းနွမ်းကျေမွ သွားခဲပြီလား....။

နွေးနွေးသဲမွန် said...

အရေးအသားလေးကောင်းလိုက်တာ...အားကျမိတယ်..မမရေ

Mogok Thar said...

ဒိုင်ယာရီ စာရွက်လေးတွေ
နီမ်းကြွေနေပေမဲ့
အလွမ်းတွေ ဝေနေဆဲပါ။

(၀ရံတာလေး ပါသေးတယ်။ အနော် အခုနေတဲ့အိမ်က ၀ရံတာ မပါဘူး။ :-P )

Anonymous said...

Incredible, aunty!!!

When is the accurate time you have started feeling among them? :

တိမ်တိုက်တွေက ဟားတိုက် လှောင်ရယ်လေမလား..!!

အဲ့ဒီနေ့လယ်ခင်းဟာ နွေတစ်ရက်သာ ဖြစ်ခဲ့မယ်ဆိုရင် လေရူးတွေက ကျွန်မကို သရော်မှာလား..!!

မိုးတစ်နေ့မှာ ဆိုခဲ့ရင်ရော ထစ်ချုန်းမိုးတွေနဲ့ ကျယ်ကျယ်လောင်လောင် ကဲ့ရဲ့မှာပဲ မဟုတ်လား..!!

ဒါမှမဟုတ် ဆောင်းနေ့လယ်တစ်ခု ဆိုခဲ့ရင်ရော... အရွယ်မျိုးစုံတဲ့ နှင်းပွင့်တွေက မထိတထိ တိုးတိုးညင်သာ တီးတိုး ပျက်ရယ်ပြုကြဦးမှာ..!!

အရုပ်ကလေး said...

ဟောင်းနွမ်းကြေမွသွားတဲ့ ဒိုင်ယာရီတစ်ရွက်ထဲ
အံစာတုံး တစ်တုံးရဲ့ ကျရာနေရာမှာ
အတိတ်က ပုံရိပ်တစ်ချို့က ပစ္စုပ္ပန်နေ့ညတွေကြား
လက်လှည့်ပမာတည်နေပါလဲ ဒိုင်ယာရီစာရွက်ပေါ်က
မှင်စုတ်ချိန်တွေကတော့ ရောယှက်နေတယ် ..
ဒိုင်ယာရီဆိုတာ တမ်းတသူအတွက် ခံစားမှု
အာသီသတစ်ခုအတွက် ရေးသားပေမယ့်
တစ်ခါပြန်ငြိတဲ့ င့ါစိတ်မှာ ...
သဲ့သဲ့လေး လွမ်းနေတယ် ဒိုင်ယာရီ ..။

အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ..

ခင်မင်စွာ
idulize (အရုပ်ကလေး)

pandora said...

အရမ်းကို လှပတဲ့ စကားလုံးလေးတွေပါ ခင်လေးရေ..
လိုက်ပါခံစားသွားပါတယ်။
ကိုယ်ကတော့ ဒိုင်ယာရီမရေးဖြစ်တာ ကြာပေါ့။

TGRmg said...

ပေါ့ပေါ့ပါးပါး အတိုအစလေးဆိုပြီး စခဲ့ကြတဲ့ ညီနဲ့ ညီမ ရေးစကတည်းက အတက်လက်စုံတဲ့ ဟာသလေးတွေနဲ့ ခုလည်း တဖြည်းဖြည်း ပေါ့ပေါ့ပါးပါးဆိုတာထက် ကျော်ပြီး တကယ်ပိုပို ဖတ်လို့ ကောင်းလာလိုက်တာကွာ။ စာပိုက်တိုင်းမှာ ယုံကြည်မှုတွေ ပါနေသလိုပဲ။ အားပေးနေမယ်ညီမရေ။
တိုးတိုးပြောရအုံးမယ် ငါ့ညီမကို ညီ့ထက် ပိုချစ်တယ် သိလား ဟတ်ဟတ်

tinycricket said...

"တန်ဖိုးထားမိတဲ့ အရာတစ်ခု သွေ့ခြောက်သွားမှာ ရင်ခံရင်း မိုးပြိုမှာကို ကြောက်နေချိန်မှာပဲ ပြိုလဲသွားခဲ့တာမျိုး.."

ကျနော့်မိုးလည်း တနေ့ကမှပြိုသွားတော့ .. ဖတ်လိုက်တာ တော်တော်လေး.. ခံစားလိုက်ရတယ်..

ဝေလေး said...

မမခင်လေးရဲ့ အရေးအသားနဲ့အတင်အပြက ဆန်းတယ် စကားလုံးတွေသုံးထားတာလေးတွေကြိုက်တယ်.... တော်လိုက်တာနော်.... :)
စကားမစပ်... မေးလ်အင်ဗိုက်ထားလိုက်တယ်..... ဦးနော်နဲ့မမခင်လေးကို အွန်လိုင်းမှာတွေ့ချင်လို့.. အိုကေတယ်ဟုတ်...

ဝေလေး said...

တင်ပြပုံဆန်းတယ်လို့ပြောတာ ဘယ့်နှယ့်ကြီးဖြစ်သွားလဲမသိပါဘူး ခွင့်လွှတ်နော်....