Monday, August 3, 2009

တိုးလိုးတန်းလန်း စာကြမ်းများ...

တစ်နေ့သ၌ ကျွန်ုပ် မောင်ရင်နော် တစ်ယောက် လုပ်စရာ ကိုင်စရာမရှိ အားလွန်းလှသဖြင့်.. ကြွက်ကလေးကို ကိုင်ကာ တောင်နှိပ်၊ မြောက်နှိပ်၊ တောင် Click၊ မြောက် Click နှင့်.. ဘလော့ရိုးကိုးပေါက် လည်ပတ်နေလိုက်တာ ထမင်းမေ့၊ ဟင်းမေ့၊ အကုန်မေ့..။ ဟိုဘလော့ဝင် ဒီဘလော့ဖတ်နှင့် မှတ်လိုက်ဖတ်လိုက်တာ တနေလည်း ကုန်ရော ဗဟုသုတတွေ၊ ခံစားမှုရသတွေ၊ ပျော်စရာတွေ၊ စိတ်ပျက်စရာတွေ တပွေ့တပိုက်နှင့် မျက်လုံးတွေလည်း ညောင်းလို့ ကိုက်လို့ပေါ့..။

ကိုယ့်ဘလော့ ကိုယ်ပြန်ရောက်တော့ စာမျက်နှာကို အပေါ်တက်လိုက် အောက်ဆင်းလိုက်နှင့် စာဟောင်းတွေကို Click နေမိပြန်တယ်..။ စာတစ်ပုဒ်လောက် ရေးမလား ဆိုတော့လည်း အပျင်းက တဖျစ်ဖျစ် မြည်နေတော့..။ နှိပ်ရင်း ပျင်းရင်း Click ရင်း ပျင်းရင်းနှင့်.. နောက်ဆုံး နှိပ်မိလိုက်တာက Edit Posts ဆိုတာကိုပါ..။ အဲ့ဒီမှာတင် အပျင်းပြေ စချင်နောက်ချင်စရာ.. ဖွချင်စရာ အကြောင်းကို တွေ့တော့တာပါပဲ..။

တခြားတော့ မဟုတ်ပါဘူး.. ကျနော်မျိုးထက် ဆယ်ဆမက ပိုအပျင်းကြီးတဲ့ ဒေါ်ခင်လေးငယ် ရဲ့ အဆုံးမသတ်ရသေးတဲ့ တိုးလိုးတန်းလန်း စာကြမ်းတွေကို ဖွဖို့ စိတ်ကူးပေါက်သွားလို့ပါ..။ စာတစ်ပုဒ်ကို တစ်ပိုဒ် နှစ်ပိုဒ်လောက် ရေးလိုက်.. ရပ်ထားလိုက်နဲ့ သူတော်တော့်ကို အပျင်းတစ်တာ..။ ပြောလိုက်ရင်တော့ အလုပ်တွေ အရမ်းများလို့.. အချိန်မရလို့.. မအားလို့နဲ့ ဆိုတာကြီးပဲ.. တကယ်ဆို အပျင်းထူနေတာကိုများ.. “အပျင်းမ”..။ အခုလည်း အလုပ်ကိစ္စနဲ့ ခရီးတစ်ခု သွားနေတယ်တဲ့.. ဆိုတော့ သူမရှိတုန်း သူရေးထားတဲ့ တိုးလိုးတန်းလန်း စာကြမ်းတွေထဲက တချို့ကို အပျင်းပြေ ဖွလိုက်တယ်ဗျာ..


တိုးလိုးတန်းလန်း စာကြမ်း... (၁)

ခင်လေးမျက်လုံးတွေ ပြူးကျယ်သွားရတာ ဖေဖေ့ ဂေါက်အိတ်ကြီး ဘေးက ဘွားကနဲထွက်လာတဲ့ သရဲရုပ်နဲ့ သူ့ကြောင့်ပါ..။ အမယ် သူက ဘိုလိုတောင် ဟိုင်း..!! ဆိုပါလား..!! သွားပြီ စောစောစီးစီးကတည်းက..။ မျက်မှောင်ကိုကုတ် မျက်နှာကို ခပ်တင်းတင်းထားပြီး အဖက်လုံးဝမလုပ်..။ ဒီကောင့်စကား မှန်သမျှ အကောင်းမထွက်မှာ သိပြီးသားမို့ မျက်လုံးတောင် ဝေ့မကြည့်ဖြစ်..။ အကျင့်တွေကို သေတဲ့ထိပြင်မယ့် ရုပ်လည်းမဟုတ်.. ဘယ်လိုကံတရားမှန်းကို မသိတာ စောစောစီးစီး စိတ်က ကြိုဆင်းရဲနေရပြီ..။ စိတ်ထဲမှာတော့ အားတင်းရင်း တေးလိုက်ပြီ.. ဒီနေ့တော့ ငါ့နေ့ပေါ့ ငရင်နော်ရယ်.. တွေ့ကြသေးတာပေါ့..။



တိုးလိုးတန်းလန်း စာကြမ်... (၂)

ကြိုး...
လျှော့ရခက် တင်းရခက်
ချည်မရ ဖြည်မရ နှောင်တွယ်ပြီးမှ
ဘယ်လိုအရာနဲ့ ချယ်ပြ
ကာရံချသင့်တဲ့အခါ ချ ပေါ့..။

ကြိုး...
မြင်သာအောင် မချည်နှောင်လဲ
အသိအမှတ်ပြု ရစ်တွယ်မှုကိုစုလို့
ဝိုင်တွေလို နှစ်ချို့သင့်တဲ့အခါ ချို့ပေါ့..။


တိုးလိုးတန်းလန်း စာကြမ်း... (၃)

စိတ်မပါဆုံး အလုပ်ဖြစ်သည့် အကြမ်းဖျင်း ကုန်ကျငွေကို တွက်ရပေဦးမည်...။ ဆိုင်ခန်းငှားခ၊ ဝယ်ရမည့် ပစ္စည်းစာရင်း၊ သူမမှာရှိငွေတွေကို ချိန်ထိုးရဦးမည်..။ ကုတင်ခေါင်းရင်းက ဖိုင်လ်တွဲတွေထားတဲ့ အံဆွဲထဲက ဘဏ်စာအုပ်လေးကို ထုတ်ယူဖွင့်ကြည့်တော့ ခန့်မှန်းချေအရ လောက်လောက်သည်ပဲ။ ပြီးခဲ့တဲ့လအထိ အလုပ်လုပ်ပြီး ဒီနှစ်နွေ ပင်လယ်ကမ်းချေမှာ ဆိုင်လေးဖွင့်ဖို့ ပိုက်ဆံအနည်းငယ် စုထားခဲ့သည်..။ အရင်နှစ်အထိတော့ မော်ဒယ်လ် ခပ်နိမ့်နိမ့် ကားစုတ်လေးတစ်စင်း သူမမှာရှိခဲ့သေးသည်။ ကမ်းခြေမှာ ဆိုင်ဖွင့်ဖို့ ပိုက်ဆံလိုတုန်းက ရောင်းပစ်ခဲ့သည်..။ ဒီအလုပ်သည် သူမအတွက် အမြတ်အစွန်းလုံးဝ မရှိ..။ စိတ်ပျော်ရာ အလုပ်တစ်ခု အတွက် ငွေကြေးအရှုံးအမြတ်ကို ထည့်မတွက်တတ်တဲ့ သူမအတွက်တော့ ဘာမှကြေကွဲစရာ မရှိတာအမှန်ပင်။ ဒီနှစ်တော့ အနီရောင် စကူတာဆိုင်ကယ် သေးသေးလေးနှင့် သူမတစ်နှစ်လုံး အတူတူ တသားတည်း ရှိနေခဲ့သည်ပဲ။


တိုးလိုးတန်းလန်း စာကြမ်း... (၄)

ကောင်မလေးက ကောင်းကင်ကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်တယ်..။
ဒီညလေးက အေးချမ်းလိုက်တာနော်... တဲ့

ကောင်းကင်က ပြန်ပြောတယ်..။
အေးမြခြင်းဟာ လရောင်ကြောင့်ပေါ့ကွာ
.. တဲ့

လရောင်လေးက ကောင်းကင်ကို မော့ကြည့်ရင်းငြင်းတယ်..။
ဟင့်အင်း.. လမင်းလေးကြောင့်ပါ.. တဲ့

လမင်းလေးက ကျေကျေနပ်နပ်နဲ့ လက်ကနဲထ ပြုံးတယ်..။


တိုးလိုးတန်းလန်း စာကြမ်း... (၅)

ဆိုင်ထဲလှမ်းဝင်ရင်း မျက်လုံးကစားကာ မတွေ့ဖူးသည့် ကောင်မလေးတစ်ယောက်ကို ရှာဖွေမိသည်..။ တိုက်ဆိုင်စွာပင် စားပွဲနှစ်လုံးတွင် တစ်ဦးတည်းဆီ သီးသန့်ထိုင်နေသော ကောင်မလေးနှစ်ယောက်..။ သူမ တွေဝေမှုကင်းစွာ အစိမ်းနုရောင် တီရှပ်လက်ပြတ် အကျပ်လေးဝတ်ထားသည့် ကောင်မလေးတစ်ယောက် စားပွဲဆီ ခပ်တည်တည်နှင့် လျှောက်သွားလိုက်သည်..။ သူမ လာရပ်သည်ကို တွေ့သွားသော ကောင်မလေးက နားတွင် ချိတ်ထားသော Headphone အကြီးကြီးကို ဖြုတ်လို့ ထရပ်ရင်းပြုံးကာ အံ့သြဟန်နှင့် နှုတ်ဆက်သည်...။


တိုးလိုးတန်းလန်း စာကြမ်း... (၆)

ဘယ်လိုမှ ကြည့်မရတဲ့ ငရင့်သွေးသောက် သန်းဝင်းက သိုးမွှေး ဦးထုပ်အနီကြီး ကပိုကရို ဂျိုကာရုပ်နဲ့..။ အဲဒီအချိန်မှာပဲ ဖီးဆင့်စက်ဘီး အစိမ်းလေးနဲ့ ကောင်မလေး တစ်ယောက် ရောက်လာတယ်.. ညိုပြာ..။ မနက်စောစောစီးစီးတောင် ရှစ်တန်းကျောင်းသူ ညိုပြာ့ မျက်နှာပေါ်မှာ ပေါင်ဒါလေးတွေက အဖွေးသား..။ ငရင့်ကို ကြည့်လိုက်တော့ မီးကို ရေနဲ့ သတ်လိုက်သလို “ရှဲ” ကနဲ..။ ပြောနေတဲ့ အာကျယ်ကျယ် စကားသံတွေ ရပ်ပြီး မျက်လုံးပြူးကြီးနဲ့..။ ဟဲဟဲ.. ခင်လေးလည်း ညိုပြာ့ကို ဦးအောင် နှုတ်ဆက်လိုက်တယ်..။ တစ်ကယ်တော့ ညိုပြာနဲ့ ခင်လေးက သိပ်ခင်တဲ့ သူငယ်ချင်းတွေလည်း မဟုတ်ကြပါဘူး.. မေးထူးခေါ်ပြော သူ့ကိုယ်သိ ကိုယ့်သူသိ အဆင့်လေးပါ..။

ညိုပြာဆိုတာ တကယ်တော့ ကျွန်မတို့မြို့ကို ပြောင်းလာတာ မကြာသေးတဲ့ အသားညိုညို ချစ်စရာ ကောင်မလေး.. မျက်နှာလေးက ဝိုင်းဝိုင်းလေးပေါ့..။ ဘာမှ မပြင်ရင် ချစ်စရာကောင်းတဲ့ မျက်နှာလေးက ပို လှမှာကို ညိုပြာက ကလေးဖြစ်လျှက်နဲ့ မျက်နှာကို ပြင်ထားတာ မှုန်နေရော..။ ခင်လေးဆို ညိုပြာ့ကို စတွေ့တဲ့နေ့က ပါးစပ်လေး အဟောင်းသားနဲ့ ငေးလိုက်ရတာ။ ခင်လေးအတွက်တော့ အထူးတဆန်းကြီးပါ..။ စိတ်ထဲမှာလည်း တွေးနေမိသေးတယ် ခင်လေးတို့က ခုမှ ကလေးတွေလေ.. ပေါင်ဒါဆိုတာ ဘယ်လိုပုတ်ရတယ် ဆိုတာတောင် သေချာနားလည်တာ မဟုတ်သေးဖူး..။ အသားညိုတဲ့ ညိုပြာ့ မျက်နှာလေးက မှုန်ပြီးဖွေးဖြူနေတော့ ချော့ကလက် ညိုညိုလေးပေါ်ကို မှိုဖြူဖြူလေးတွေ တက်နေသလိုပဲ..။ အူယားချင်စရာလေး...။ ဒါနဲ့ ခင်လေးလည်း ညိုပြာ့ကို ချောကလက်မှိုတက်လို့ တိတ်တိတ်လေး ခေါ်နေမိရော..။


တိုးလိုးတန်းလန်း စာကြမ်း... (၇)

ပင်လယ်ကြီးကိုဖြတ်ပြီး သယ်ဆောင်လာသည့် လန်းဆတ်တဲ့ လေတွေနဲ့အတူ မနက်ခင်းလှလှက သူမကိုကြိုနေခဲ့သည်..။ ဒီနေ့ သူမဆိုင်လေး စဖွင့်မည့်နေ့.. အဖြူရောင် ဘုတ်ပြားလေးပေါ်မှာ စာလုံး ဝိုင်းစက်စက်လေးတွေနှင့် ရနိုင်သည့် ဖျော်ရည်များကိုရေးပြီး ချစ်စရာ ကာတွန်းပုံလေးတွေကို ဖြည့်ဆွဲလိုက်သည်..။ ဆိုင်ရှေ့တွင် အဖြူရောင် သုံးခွဒေါက်လေးနှင့် ဆိုင်းဘုတ်လေးကိုထောင်... ပင်လယ်ကြီးကို ဖြတ်တိုက်လာတဲ့ လေတွေကို အားပါးတရ ရှူရှိုက်ရင်း သူမသွက်လက် ရွှင်မြူးနေမိသည်..။ ဖွာလံကြဲနေသော သူမ ဆံနွှယ်တွေကို စုကိုင်ရင်း အပြာရောင်အခံပေါ်တွင် အဝါရောင်တောက်တောက် ပန်းပွင့်လေးတွေပါတဲ့ စကပ်ဖ်လေးကို ခေါင်းပေါ်တွင်အုပ်၍ တင်းနေအောင် ချည်လိုက်သည်..။ သူမ၏အပြာရောင်နုနု စကပ်အပျော့လေးက လေထဲမှာ တလွင့်လွင့်နှင့်...။


တိုးလိုးတန်းလန်း စာကြမ်း... (၈)

ကျွန်မ၏ ချစ်သူသည် ကြောင်လေး တစ်ကောင်ပင် ဖြစ်ပါသည်။

ထိုသို့ဆိုလျှင် ကျွန်မသည် ချစ်သူလိုအပ်ချိန်တိုင်းတွင် အမြဲအဆင်သင့် ရှိနေတတ်သော
တယ်ရီယာလေး တစ်ကောင်သာ ဖြစ်ပေလိမ့်မည်။

မှန်တစ်ချပ်ထဲသို့ ခပ်ငဲ့ငဲ့ကြည့်ရင်း (ကျွန်မတစ်ယောက်တည်း) သဲ့သဲ့လေး ပြုံးမိပါသည်..။


တိုးလိုးတန်းလန်း စာကြမ်း... (၉)

တစ်နေကုန် တစ်နေခန်း လမ်းဘေးက အိမ်ယာမဲ့ Homeless တွေနှင့် ရင်းနှီးခင်မင်စွာ စကားထိုင်ပြော နေတတ်သူလည်း ဖြစ်ပြန်သည်။ မုန့်တွေ တစ်ပွေ့တစ်ပိုက်ဝယ်သွားကာ အတူတူ ထိုင်စားရယ်မောရင်း သူတို့ အတိတ်တွေကို စပ်စုရခြင်းကို သူမခုန်မင်စွာ နှစ်သက်လွန်းသူ..။ စကားတွေထိုင်ပြောရင်း အလုပ်ချိန်တွေ ခဏခဏ နောက်ကျ၍ အလုပ်ပြုတ်ခဲ့သည်ကိုလည်း ရယ်မောစွာ ကျော်ဖြတ်တတ် ပြန်သေးသည်။ အဲ့လိုနေ့တွေရဲ့ အိမ်အပြန်မှာ အတွေးတွေ တစ်ပွေ့တစ်ပိုက်ကြီးကို အိမ်စာအဖြစ် သယ်ယူသွားရခြင်းမှာ ပျော်မွေ့ပြန်သည်လေ..။ အဲ့ဒီလို ဘဝကို ဖြတ်သန်းနေတဲ့ သူမအပေါ် နားလည်ပေးနိုင်မည့်သူ ရှိနိုင်တော့မည်မထင်။


တိုးလိုးတန်းလန်း စာကြမ်း... (၁၀)

ချည်ကာစကတော့ ပိုးမျှင်လေးလို ဖြူလွှလွှ ပါးပါးမျှင်မျှင်လေးပါပဲ..။

နှလုံးသားကို ရစ်ပတ်လာချိန်မှာ သတိထားမိ လိုက်တော့ သံမဏိကြိုး ဖြစ်နေခဲ့ပြီ..။

သံမဏိ... ကျွန်မသည် ထိုသံမဏိကြိုးကို ဖြတ်ဖို့ မကြိုးစားသလို သံချေးတက်လို့ အဆိပ်သင့်မှာကိုလည်း ခေါင်းမာစွာနှင့် မကြောက်ပြန်သူ..။


တိုးလိုးတန်းလန်း စာကြမ်း... (၁၁)

ငါးပိရည်နဲ့ တို့စရာအစုံ၊ ဝက်သားနဲ့ ပုန်းရည်ကြီးကို အချိုချက်ထားတယ်၊ ကြက်သားကို ဗူးသီးနုနုလေးတွေနဲ့ စပါးလင်နံ့ မွှေးမွှေး ဆီလည်ရေလည် တောချက်လေး၊ နောက်.. ကြက်သားကိုပဲ မွှေးနေအောင် ကြွပ်ကြွပ်လေး ကြော်ထားတာ ပါသေးတယ်..။ မြစ်ငါးသေးသေးလေးတွေကို နနွင်းဝါဝါလေးနဲ့ ကြော်လို့... ဆိတ်ကလီစာကိုတော့ မွှေးနေအောင် ချက်ထားတဲ့ ဆီပြန်ဟင်း၊ ရန်ကုန်မှာ တော်ရုံတန်ရုံ အစစ်မရနိုင်တဲ့ ငါးမြစ်ကို ငရုပ်သီးစိမ်း၊ နံနံပင်လေးအုပ်ပြီး ချက်ထားပြန်တယ်။

အာပြဲခြောက်နဲ့ ငရုပ်သီးကြမ်းကြမ်းကို စပ်စပ်လေး ကြော်ထားတယ်.. ပုဇွန်ခြောက် အသေးလေးတွေကိုတော့ ခပ်ချိုချို ပုဇွန်ခြောက်ကြော်လေးပေါ့။ အရည်သောက်က နှစ်မျိုး.. သီးစုံချဉ်ရည်နဲ့ ပဲနီလေးဟင်းချို ချိုချိုလေး..။ ကန်ဇွန်းရွက် လတ်လတ်ဆတ်ဆတ်ကို ခပ်စိမ်းစိမ်းလေးကြော်လို့... နောက်ထပ် အသီးအရွက်တွေ အများကြီးနဲ့ အစုံကြော် တစ်မျိုး.. ပဲပြုတ်နဲ့ မျှစ်ကြော်လည်းပါသေးတယ်...။

မန်းကျည်းရွက် နုနုလေးတွေကို ကြက်သွန်နီစိမ်းပါးပါး မြေပဲထောင်းလေးနဲ့ ရောပြီး ဆီခပ်ရွှဲရွှဲသုပ်ထားတဲ့ မန်ကျည်းရွက်သုပ်.. နောက်ခရမ်းသီးနှပ်.. ဗုံလုံသီးထဲကို တောက်တောက်စင်းထားတဲ့ ပုဇွန်အစာသွပ်..။ အရမ်းကို စုံလွန်းနေပါတယ်။ ကျွန်မက ငါးပိရည်နဲ့ တို့စရာကို အဓိကထားပြီး စားသလို.. သူအများဆုံးစားတဲ့ အနှစ်သက်ဆုံးဟင်းဟာ.. ခရမ်းသီးနှပ်ပါပဲ..။ သူ့ကို ကြည့်ရတာ ကြက်သွန်ဖြူကို ကြိုက်ဟန်မတူပါဘူး.. အသုပ်တွေထဲမှာ ပါတတ်တဲ့ ကြက်သွန်ဖြူလေးတွေကို ပန်းကန်ပြားရဲ့ အစွန်းတွေမှာ ဖယ်ထားတာကို သတိထားမိတယ်လေ..။ ဒီလိုနဲ့ ပုဂံရဲ့ပျော်စရာ နေ့လယ်စာ ထမင်းဝိုင်းလေးက အရသာရှိစွာ စားပြီးခဲ့တာပါ..။


တိုးလိုးတန်းလန်း စာကြမ်း... (၁၂)

ည တွေထဲက အမှတ်တရအရှိဆုံး ညတစ်ညပါပဲ..

ပါးလေးတွေနွေးတယ် လှိုက်ကနဲ ရင်ဖိုတယ်
သိမ့်ကနဲ နက်ရှိုင်းတယ် စကားလုံးတွေမဲ့တယ်
နားလည်မှုတွေလျှံတယ် အဝေးဆုံးနေရာမှာရှိတယ်
အနီးဆုံးရင်မှာတွယ်ငြိတယ်...

အနီးဆုံးကို လှမ်းချင်တယ် အဝေးကတစုံတရာကို တောင့်တတယ်
တစ်ခဏတာကို ကြောက်တယ် တစ်ဘဝစာကို မမျှော်လင့်ရဲဖူး
လောကမှာ မဖြစ်နိုင်တာမရှိဖူး ......................!!!!
အို.... မဖြစ်နိုင်တာရှိတယ်..
သေချာတယ် သိပ်ကိုသေချာပါတယ် လောကကြီးမှာ... မဖြစ်နိုင်တာတစ်ခု ရှိကိုရှိနေပါတယ်...။


တိုးလိုးတန်းလန်း စာကြမ်း... (၁၃)

ဝ ကနေ စပြီးရည်တွက်ရင် ၉ အထိ ဂဏန်း ဆယ်လုံးနော်..!! အဲ့ဒီ အထဲမှာ ၁ ဆိုတဲ့ ဂဏန်းရယ် ၃ ဆိုတဲ့ ဂဏန်းရယ် တွဲရေးလိုက်ရင် သိပ်လှပြီး အတွဲညီတဲ့ ဂဏန်းလေး တစ်လုံးရတယ်... ၁၃..!! လူတွေက သတ်မှတ်ကြတယ် လာဘ်မကောင်းဘူး..! ကံမကောင်းဘူး..! ကြောက်စရာဂဏန်းမို့ ဝေးဝေးကရှောင်တယ်.. သွားစမ်းပါ..! အမလေး..!! ၁၃.. ငါတော့သေပြီ..!! အမျိုးမျိုး ဝေဖန်ကြတယ်..။ ကျွန်မကတော့ ၁ နဲ့ ၃ တွဲထားတဲ့ ၁၃ ဂဏန်းလေးကို မြင်တိုင်း သဘောကျတယ်.. အရမ်းကြိုက်တယ်.. ချစ်တယ်.. ပြီးတော့ ရင်ခုန်လာတယ်..။ လူတွေက ၁၃ ရက်နေ့ဆိုရင် တစ်ခုခုလုပ်ဖို့ တွန့်ကြတယ်.. အဲ့ဒီနေ့ကို လုပ်ငန်းမစကြဘူး လန့်ကြတယ် စိုးရိမ်မှုတွေနဲ့ ကြောက်တတ်ကြတယ်.. ရှောင်ကွင်းကြတယ်.. ရက်ရွှေ့ကြတယ်..။

လူတွေနဲ့ ကန့်လန့်ကြီးများ ဖြစ်နေလားတော့မသိပါဘူး..။ ကျွန်မကတော့ ၁၃ ရက်နေ့မှာ တစ်ခုခုလုပ်ပြချင်တယ်.. တစ်ခုခု ချန်ခဲ့ချင်တယ် တစ်ခုခု ကျန်ခဲ့ချင်တတ်တယ်..။ ဂဏန်းတွေ အများကြီးထဲမှာ သူ့ကို မြင်တိုင်း အတွဲအညီဆုံးလို့လည်း မြင်မိတယ်..။ သူ ဘယ်လိုလေးနေနေ၊ သူ့ကို ဘယ်နေရာမှာတွေ့တွေ့၊ ဘယ်လိုပုံစံမျိုးနဲ့ မြင်မြင်၊ ဘာအရောင်တွေနဲ့ ချယ်ထားထား၊ သူ့အဝတ်တွေ တောက်ရင်တောက်မယ်၊ မှိန်မှိန်လေးဖြစ်ရင်လည်း ဖြစ်နေမှာပဲ၊ သူ့ခန္ဓာ ကြီးချင်ကြီးမယ်၊ သေးသေးကွေးကွေးလေး ဖြစ်ချင်ဖြစ်မယ်၊ သူ့ဟာသူ ဘယ်လိုရှိနေနေပါ ကျွန်မ မျက်လုံးတွေထဲမှာတော့ သူဟာ ခန့်ငြားထည်ဝါစွာနဲ့ လှလှပပလေး ဝင်လာနေမြဲပါပဲ..။ ၁၃ ဂဏန်းနဲ့ သက်ဆိုင်မှုတိုင်းမှာ ကျွန်မဟာ ရူးသွပ်တတ်သူဆိုတာ သေချာတယ်..။ စားသောက်ဆိုင် တစ်ခုခုကိုရောက်ခဲ့ရင် စားပွဲနံပါတ် ၁၃ ကိုသာရွေးပြီး ထိုင်ချင်သူပါ..။ ခရီးတစ်ခုကို ထွက်လို့ နားမယ်ဆိုရင်လည်း အခန်းနံပါတ် ၁၃ ကိုသာရွေးချယ် မိတတ်ပြန်သေးတယ်...။


တိုးလိုးတန်းလန်း စာကြမ်း... (၁၄)

ကလေးပဲ ရှိသေးတဲ့ ချောကလက်ကြိုက် ငရင်နော်က ညိုပြာ့ကို ကြိတ်ကြိုက်နေတာလေ.. သူ့သူငယ်ချင်း ဖြစ်ရတဲ့ ခင်လေးကတော့ ရှက်ပါတယ်..။ ထားပါလေ.. ဒီလိုနဲ့ ကျူရှင်လာတက်တဲ့ ကျောင်းသူကျောင်းသားတွေ တဖွဲဖွဲ ထပ်ရောက်လာတာပေါ့.. ဟိုကောင်မျောက်မူးလဲ ငရင့်ကို လှမ်းကြည့်လိုက်တော့ ကျောက်ရုပ်ကြီးလိုပဲ တောင့်တောင့်ကြီး.. ညိုပြာ့စက်ကွင်းမှာ မိနေတဲ့ ဖားပြုပ်တစ်ကောင်လို မျက်လုံးကြီးတွေက ပြူးထွက်နေလိုက်တာများ.. လည်လိမ်နေတဲ့ ကြက်ဖကြီးနဲ့ပဲ တူနေသလိုလိုကြီး။ သန်းဝင်းကတော့ ငရင့်ကို ဘယ်လို အရောက်ပို့ပေးရမလဲ ကြံစည်နေပုံရတယ်.. ဒီလိုနဲ့ ခင်လေးလည်း ညိုပြာ့ကို စကားစရင်း ညိုပြာ့နားလေး တိုးသွားလိုက်မိတယ်...။

မနက်ဖြန်စနေဆိုတော့ နေ့လည်ပိုင်းလောက် ညိုပြာအားလားဟင်..
ညိုပြာလည်း တအံ့တသြနဲ့ ခင်လေး အပြောကို ခေါင်းလှမ်းညိတ်ပြပြီး
အားတယ် ခင်လေး ဘာ...... လို့...!!
ညိုပြာ့ရဲ့ "ဘာ..." နဲ့ "လို့..." ကြားမှာ အသံရှည်လေးစွဲလိုက်တဲ့ ချွဲတဲတဲ အသံလေးကို နားထောင်ရင်း ဟိုကောင်ငရင် တံတွေးတွေကို မြိုချလိုက်တဲ့ “ဂလု” ဆိုတဲ့ အသံကြီးကို ခင်လေးကတော့ ကြားလိုက်ရတာပေါ့..။ ညိုပြာ့နားနားလေး ကပ်ပြီး နှစ်ကိုယ်ကြားရုံလေးပဲ ခင်လေးစကားတွေ ထပ်ပြောရင်း စာသင်ခန်းထဲကို တူတူဝင်ခဲ့ကြတော့ ဘာတွေပြောကြလဲ ဆိုတာ သိပ်သိချင်နေတဲ့ ဒင်းမျက်လုံးတွေက ခင်လေးတို့ နောက်ကိုပါလာတယ်ဆိုတာ သိနေပြီးသား။

~~~~~ ~~~~~ ~~~~~ ~~~~~ ~~~~~

မြင်ကြတွေ့ကြတဲ့ အတိုင်းပါပဲ စာတွေကို တဝက်တပျက် အဆုံးမသတ်ထားပုံ..။
သူကတော့ အင်တာနက်နဲ့ အလှမ်းဝေးတဲ့ တစ်နေရာကနေ ဒီပိုစ့်လေး တင်ထားတာ သိမှာ မဟုတ်ပါဘူး..။
သူသာသိရင် ကျနော့်ကို ကျိန်ဆဲတော့မှာ သေချာပါတယ်..။
ဘာရယ်မဟုတ် ကိုယ်တိုင်းရေးရမှာ ပျင်းနေမိတော့ ဒင်းရေးထားတာတွေကို စာတစ်ပုဒ်လုပ်ရင်း ဆားချက်လိုက်တယ် ဆိုပါတော့...။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

(ကိုရင်နော်)


23 comments:

မယ့်ကိုး said...

မမခင်လေးရဲ့  စာကြမ်းလေးတွေကို စာချောမြန်မြန်ဖြစ်ပါစေ။
တိုးလို့ တန်းလန်းစာကြမ်းတွေက စိတ်ဝင်စားဖို့ ကောင်းလို့ ...
တိုးလိုးတန်းလန်း စာကြမ်း... (၈)
တိုးလိုးတန်းလန်း စာကြမ်း... (၉)
ကို အကြိုက်ဆုံး။

တိုးလိုးတန်းလန်း စာကြမ်း... (၁)
တိုးလိုးတန်းလန်း စာကြမ်း... (၁၄) ကို တော့ အမြန်ဆုံးရေးပါလို့ ....:D

မမခင်လေးရဲ့ ချစ်ညလေး

မယ့်ကိုး said...

(၁) ရလို့  ပျော်လိုက်တာ။ :P

တလနွန် said...

တိုးလို့ တန်းလန်းစာကြမ်းတွေကို ဖတ်သွားပါတယ် ကိုရင်နော်ခင်ဗျာ....မခင်လေး ပြန်လာရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်မျှော်နေပါတယ် :)

မေဇင် said...

အိုး စာကြမ်းတွေ အမြန်ဆုံး ချောပါစေ.... ဖတ်ရတာ တိုးလို့တန်းလန်း ဆိုတော့.... စိတ်က လဲ မရိုးမရွဖြစ်တာပေါ့.... မြန်မြန်ချောဖို့ တီငယ့်ကို ပြောဦးမယ်...တစ်ချို့ကို ဦးနော် ဆက်ချောလိုက်ပါလား ဟင်....း)

Sein Lyan Tun said...

နက်ကျတော့ တစ်မရတော့ဘူး


အော် စာကြမ်းတွေ ကလဲနော်...

အပုစ် (၁၀၀) ပြည့်တော့မလားပဲ

သားမှာလဲ စာကြမ်းတွေများပ....


အသားရယ် ညိုပြာညက်တယ်....

ဦးနော်က ဖြူဖြူချောချောလေးရယ်...

လိုက်ပါပေ့..... အဟီးးးး


မခင်လေး ရေ.....

စာကြမ်း (၁) ကိုဆက်ရေးပါနော်......


သိချင်တယ်......




(၁) နဲ့ (၁၄) ကိုပေါင်းရေးပေးပါ....


မရေးရင် ဦးနော်ကိုယ် တိုင်ရေးးးးး



ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

Anonymous said...

တို့လို့တန်းလန်းနဲ့ နော် ဖတ်ရတာလဲ တို့လို့တန်းလန်းလေး :P

ပြီးအောင်ရေးပေးနော်။

jr.lwinoo said...

သူ့စာကြမ်းတွေ အဲလို လိုက်စုပေးထားတာသိရင် သေချာတယ် အပြင်က စိတ်ဆိုးနေရင်တောင် မခင်လေး ကျေနပ်ပျော်ရွှင်မှာပါ။

မိုးမောင်(HappyCloud) said...

ဒါတွေက ရုပ်ရှင်မလာခင် ကြော်ငြာပြသလို Hight Light တွေမဟုတ်လား မိနော် :D

ဂဂျောင် said...

အနော် တို့ကို ဆတ်တငံ့ငံ့ ဖြစ်အောင် လုပ်တွားဒယ်။
အဲဒီ စာကြမ်းတွေ အပြီးသတ်ကို မလေး မြန်မြန် ရေးနိုင်ပါစေ။
ကိုရင်နော့် စာကြမ်းတွေကျ တစ်ခုမှ မပါဘူးးးး။
စာမရေးပဲ ဘယ်တွေ လိုက်ဝေ့ နေတာတုန်း။

အင်းးး......၊ ပေါင်ဒါ မျက်နှာချေ နဲ့ မှိုတက် ရုပ်ကိုမှ ကြိုက်တတ်ရင် အနော်နဲ့ တူတော့ဘူး။
အနော်က ပေါင်ဒါမပုတ်ပဲ နဂို ရိုးရိုးယဉ်ယဉ်လေးတွေကိုပဲ ကြိုက်တယ်။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ဂဂျောင်

MANORHARY said...

ကိုယ်တိုင်ရေးရမယ့်အလှည့်ရောက်လာပါပြီ...း)
tag ထားပါသည်။

ဒီမိုဝေယံ said...

အားလုံးကို ခြုံပြီး ရသစုံ ခံစားသွားပါတယ်။ ရီတလှည့် ငိုတလှည့် လွှမ်းတလှည့် ဆွေးတလှည့် ချိုတလှည့် ခါးတလှည့် လောကရဲ့ တရားတွေပါ။
ရသစုံတဲ့ လောကကြီးထဲမှာ မခင်လေး အေးချမ်းပါစေဗျာ။

HRmyanmar said...

မင်္ဂလာပါ
မခင်လေးတစ်ယောက် စာကြွေးတွေကို ရှင်းပေးဦးဗျို့ ကဗျာရေးပေးမယ် ဆိုပြီးတော့လဲ မရသေးဘူး မျှော်နေပါသည်ခင်ဗျာ

ATN said...

ကိုရင်... ကိုရင်... အပျိုမြင်... ချိုချဉ် မစုပ်ရ....

အဟဲ... ဘာမှ မဟုတ်ပါဘူး...

ငယ်တုန်းက ဆိုခဲ့ဖူးတဲ့ ကလေးကဗျာလေးပါ....

စာကြမ်းတွေက လန်းနေပါ့လား...

မမသီရိ said...

မောင်လေး လူရှုပ်
ခင်လေး ပြန်လာရင် ကုပ်ဆွဲ ခံထိမှာ မြင်ယောင်သေး
သူများ နှလုံးသား တွေ သွား တူးဆွနေတယ်
ခင်လေး သာ အကူခေါ်လို့ က
မမ ပါ ၀ိုင်း ထု မှာ တကယ်..

အိန္ဒြာ said...

ကြည့်စမ်း ကိုရင်..

ငါ့ညီမလေးမရှိတုန်း..ဖွထားတယ်..

မရွှေခင်လေးငယ်တို့ တော်ချက်က..
တို့လို့တန်းလန်းကို စီးရီးလိုက်ဆွဲထားတာပါလား...

မကြီးတို့များ...
တို့လို့ တန်းလန်းလေးတောင်မှ...မရေးဖြစ်

ချစ်တဲ့

ကျောပိုးအိတ် said...

ဦးနော်ရေ

အပျင်းက တဖျစ်ဖျစ် မြည်နေတာတောင်
ပို့ စ်အရှည်ကြီး ရေးနိုင်တယ်နော်။

တော်တယ်ဦးနော်။ နောက်လဲ အပျင်းက တဖျစ်ဖျစ် မြည်ရင်း များများရေးနော်။

အန်တီခင်လေးရဲ့ အဆုံးမသတ်ရသေးတဲ့ စာတိုစာကြမ်းလေးတွေက ဖတ်လို့ ကောင်းတယ်။

ဒါတောင် အဆုံးမသတ်ရသေးလို့ ။
း)

အန်တီခင်လေးရေ
ခရီးသွားတာ အဆင်ပြေချောမော်ပါစေနော်။

ခင်တဲ့
ပိုးပိုး

စည်သူ said...

အနီးဆုံးကို လှမ်းချင်တယ် အဝေးကတစုံတရာကို တောင့်တတယ်
တစ်ခဏတာကို ကြောက်တယ် တစ်ဘဝစာကို မမျှော်လင့်ရဲဖူး
လောကမှာ မဖြစ်နိုင်တာမရှိဖူး ......................!!!!
အို.... မဖြစ်နိုင်တာရှိတယ်..
သေချာတယ် သိပ်ကိုသေချာပါတယ် လောကကြီးမှာ... မဖြစ်နိုင်တာတစ်ခု ရှိကိုရှိနေပါတယ်...။

ရှိနေသော မဖြစ်နိုင်တာတစ်ခုကို သိပါရစေ..။

မခင်လေးကိုပဲ အားကိုးရတော့မယ်
မခင်လေးရေ.. ဟို.. ဟို.. ဟိုလေ
တိုးလို့တန်းလန်း ငနော်ဇာတ်လမ်း အဲ.. ဟုတ်ပါဘူး..

“ဆယ်”စုနှစ်သာ ကျော်လွန်သွားပေမယ့်
အတိတ်က အဖြစ်အပျက်တွေအပေါ်မှာ
မပြောင်းလဲခြင်းတရားတွေနဲ့
မင်းအပေါ် အမြဲအ“လေး”နက်ထားဆဲ..

ဆိုတဲ့(၁၄)ကို အရမ်း အရမ်းကို......

ဆောင်းယွန်းလ said...

ဖွချက်ကတော့ပီပြင်ပါပေတယ် ကိုရင်နော်ရေ

ဝေလေး said...

ကြည့်စမ်း...........
ဦီးနော် လူဆိုးပဲ... မမခင်လေးမရှိတုန်းဖွထားတယ်...
တိုးလို့တန်းလန်းတွေအကုန်လုံးက ဖတ်ချင်စရာတွေချည်းပဲ
စောင့်ပေဦးတော့ပေါ့... =)

ကိုလူထွေး said...

မခင်လေးရေ .. ဒီအတိုင်းတော့ အကျောမခံနဲ့

ကိုရင်နော်ရဲ့ တိုးလို့တွဲလောင်းတွေကိုလဲ ရှာဖွေ ချပြပါ...

းဝ)

မွန် said...

ညိုပြာဝတ္ထုကို စိတ်ဝင်စားတယ် စောင့်တောင်မစောင့်နိုင်တော့ဘူး ကိုရင်နော်ကြီးခံရကိန်းမြင်နေလို့ ဟားဟား

နန်းညီ said...

အဲ့.. ဒီ ဦးနော်တစ်ယောက်နဲ့တော့ တီငယ့်ဘဝ ရင်လေးပါသေးတယ်.. ရင်လေးငယ်လို့သာ နာမည်ပြောင်းလိုက်ပါတော့..

(ညီ့မှာလည်း ခုတလော စာကြမ်းတွေ ပုံနေတာပဲဂျ)အဟီး

yangonthar said...

အသိနောက်ကျလေခြင်း ဘလော့လောက အရောက်နောက်ကျလေခြင်း ကိုရင်နော်ခင်လေး ငယ်ဘလော့ကို အတွေ့  နောက်ကျလေခြင်း
တိုးလိုးတန်းလန်းစာကြမ်း... ၁၁ မှာ သွားရည်တွေ ကျတာ အရမ်းပဲ ကိုသန်ရာသန် ရာ ငမ်းပြီး ပြန်တယ် အစ်ကိုအစ်မရယ် ....
ညီမောင်ငယ် ရန်ကုန်သား :D