Sunday, August 23, 2009

ဂစ်တာလွယ်အိတ်

ကျနော်ဟာ ဂစ်တာလေး တစ်လက်အဖြစ် သခင့် ရင်ခွင်မှာ နွေးထွေးမှုတွေနဲ့ စည်းချက်ညီလို့..။ ကျနော့် ကိုယ်ပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ သခင့်လက် ဖြူသွယ်သွယ်တွေက အနုပညာမြောက်နေသလို ကျနော်ကလည်း ကာရန်တွေ ညှိရင်း ကဗျာ ဆန်တော့မလို့..။ သခင်က ကျနော့် လက်ဖျားတွေကို ညင်သာစွာ လည့်ရင်း သံစဉ်တွေ ချိန်ညှိတော့ ကျနော်က သခင့်စိတ်တိုင်းကျ ကြိုးတွေကို တင်းလိုက် လျှော့လိုက်..။

သန်းခေါင်ယံညဥ့်နက်နက်ရဲ့ ကျောင်းလမ်းမကြီးကို လေညင်းလေးနဲ့အတူ ဖြတ်နင်းလာတဲ့ သခင့်စက်ဘီးလေးက ညင်သာငြိမ့်ညောင်းလို့..။ ကျနော်ကတော့ သခင့် ပခုံးထက်မှာ ယိမ်းရင်း နွဲ့ရင်း လိုက်ပါလာခဲ့တာ..။

သခင်က အရင်ညတွေဆို အခန်းထဲမှာသာ သီချင်းလေးတွေ ဆိုညည်းတတ်ပေမယ့် ဒီတညတော့ ထူးထူးခြားခြားပါလား..။ ကျနော်ကလည်း ဟင်းလင်းပြင်ထဲမှာ ကျနော့် သံစဉ်တွေကို ဖွင့်ထုတ်ကြည့်ချင် နေမိတာလေ..။

မှောင်ရိပ်ခပ်ကျကျ နေရာမှာ သခင့်စက်ဘီးလေးကို ရပ်လိုက်တာ့ ဒါဟာ အဆောင်တစ်ခု ဆိုတာ ကျနော် သိလိုက်တယ်..။ သခင့်မျက်နှာကို ကြည့်လိုက်တော့ တေးသွားတွေ ပျို့တက်နေသလို.. ဂီတရောင်တွေလည်း လွှမ်းလို့..။ အဆောင်ကြီးကို မော့ကြည့်လိုက်တော့ မီးထွန်းထားတဲ့ အခန်းငယ်လေး.. ပြီးတော့ ပြူတင်းပေါက်က လွှင့်ရမ်းနေတဲ့ လိုက်ကာစိမ်းစိမ်းလေး.. ပြီးတော့...

ကျနော့် မသိစိတ်က ရင်တွေ ဒိတ်ကနဲ့ ခုန်သွားစေတယ်.. ကျနော်မြင်လိုက်ရတာက ကုတင်တိုင်ဖျားမှာ ချိတ်ထားတဲ့ ပြာနုနု လွယ်အိတ်လေးရယ်ပါ..။ မီးရောင် ခပ်မှိန်မှိန်အောက်မှာ ကဗျာဆန်ဆန် လှနေတဲ့ လွယ်အိတ်လေးကို ကျနော် တမေ့တမော ငေးကြည့်နေမိတယ်..။

သခင်က ကျနော့်ကို ခပ်တင်းတင်းဖက်ရင်း ဖွဖွလေးတီးခတ်လိုက်တော့ ကျနော်သတိပြန်ဝင်လာတယ်.. ပြီးတော့ သခင့်အလိုကျ သံစဉ်တွေ ထုတ်လွှင့်ရင်း သခင့်တေးသံနဲ့အတူ..

♫..တကယ်လို့များ မင်းအပြုံးလေးများ မရှိရင် ဘယ်ပွင့်မလဲ ပန်းလေးတွေ..♪
♫..အလှကင်းမဲ့ လောကအလယ် ကိုယ်ဘယ်လို နေရမလဲ.. ♪

♫..တကယ်လို့များ အိပ်မက်လေးများထဲမှာ ဆုံဆည်းခွင့် မရှိခဲ့ရင်..♪
♫..ကိုယ်အိပ်စက်မယ့်ညတွေ အိုဘယ်လို ကုန်ဆုံးမလဲ.. ♪

သခင့်အသံ ချိုချိုနဲ့ ကျနော့်သံစဉ် လွင်လွင်က သန်းခေါင်ယံညကို တံခါးခေါက်ရင်း တိတ်ဆိတ်မှုကို ညှို့ယူပစ်လိုက်တာ..။ သခင့်ရင်ခွင်ထဲကနေ လွယ်အိတ်လေးကို ခိုးကြည့်လိုက်တော့ သူလေးလည်း စိတ်ဝင်တစား နားဆင်နေသလိုလို..။

အဲ့ဒီအချိန်မှာပဲ လွယ်အိတ်လေးရဲ့ အခန်းမီး “ဖြတ်” ကနဲ ပိတ်သွားတော့ ကျနော့်ရင်မှာ ဟာတာတာနဲ့..။ လွယ်အိတ်လေးကို မြင်ခွင့် မရတော့ပေမယ့် သူ့အတွက် သံစဉ်လေးတွေ သီကျူးနေမိတယ်..။ သခင့်ရဲ့ သက်ပြင်းချသံကလည်း ကျနော့် သက်ပြင်းတွေနဲ့ ထပ်တူကျသွားတာ ကျနော် သိလိုက်တယ်..။

ဒီလိုနဲ့.. သခင်နဲ့ ကျနော့် အသံက ဒီအဆောင်လေးမှာ ညစဉ်ညတိုင်းလိုလို စည်းချက်ညီနေခဲ့ကြတယ်..။ အမြဲလိုလို စဆိုဖြစ်တဲ့ “တကယ်လို့များ” သီချင်းလေး ပြီးဆုံးတိုင်း အခန်းမီးလေး ပိတ်သွားတတ်သလို လွယ်အိတ်ကလေးကိုလည်း မြင်ခွင့်မရ နောက်တစ်ညကို တမ်းတ ရပြန်တာပေါ့..။

~~~~~~~~~~ ၂ ~~~~~~~~~~
ကျမလေ လွယ်အိတ်လေး အဖြစ်နဲ့ သခင့်ပခုံးထက်မှာ တွဲခိုရင်း သခင့်ကိုယ်သင်းနံ့လေးနဲ့ ရင်းနှီးခဲ့တာ အချိန်တွေ ကြာခဲ့ပြီလေ..။ သခင်ကျောင်းသွားရင် သခင့်စာအုပ်လေးတွေ သယ်သွားပေးတယ်.. မိုးဖွဲလေးတွေ ရွာချရင် သခင့် ခေါင်းထက်မှာ မိုးကာပေးတယ်..။ ဆိုတော့ ကျမက သခင့်ကိုယ်ပွားလေးပဲပေါ့..။ သခင်က ကျမကို အခန်းပြန်ရောက်ရင် ကုတင်တိုင်မှာ ချိတ်ထားတတ်တယ်..။ ဒီအချိန်တွေဆို ကျမ အရင်းပျင်းနေရတာ..။ သခင်သနပ်ခါးလိမ်းရင် ကျမလည်း လိမ်းချင်မိတယ်.. ကျမကို မလိမ်းပေးလို့ စိတ်ကောက်နေတာလည်း သခင်က သိပုံမပေါ်ပါဘူး..။ ဖွင့်ထားတဲ့ ပြူတင်းပေါက်လေးကနေ စိတ်ကောက်ကောက်နဲ့ အခန်းအပြင်ကိုပဲ ငေးငေးနေမိတော့တာ..။

ဒီညကတော့ ခါတိုင်းညတွေထက်ကို ပျင်းစရာကောင်းနေတယ်..။ သခင်ကလည်း ကက်ဆက်မဖွင့် စာကြည့်စားပွဲ မီးအိမ်လေးဘေးမှာ တကုတ်ကုတ်နဲ့ စာတွေလုပ်လို့..။ ဒီလိုနဲ့ ပြူတင်းပေါက်က လွင့်နေတဲ့ လိုက်ကာ စိမ်းစိမ်းလေးကို ကြည့်နေချိန်မှာပဲ.. ရုတ်တရက်....

♫..တကယ်လို့များ မင်းအပြုံးလေးများ မရှိရင် ဘယ်ပွင့်မလဲ ပန်းလေးတွေ..♪
♫..အလှကင်းမဲ့ လောကအလယ် ကိုယ်ဘယ်လို နေရမလဲ..♪
♫..................................................♪
♫.. တကယ်ဆို တို့နှစ်ဦး ဝေးလို့တော့ မဖြစ်နိုင်ဘူး ကိုယ့်ရဲ့ အနားမှာ မင်းအမြဲရှိနေ..

ကျမရင်တွေ သိမ့်ကနဲ တုန်သွားတယ်.. တိတ်ဆိတ်နေတဲ့ ညဥ့်နက်နက်မှာ ရုတ်တရက် ထွက်လာတဲ့ ဂစ်တာသံလွင်လွင်လေး.. ပြီးတော့ သီချင်းသံလေး.. ကျမ အသံလာရာ လမ်းဘက်ကို ကြည့်လိုက်တော့ စက်ဘီးလေးတစ်စီး ထောင်ထားတာကလွဲလို့ ဘာမှ မတွေ့ရလောက်အောင် မှောင်ရိပ်ကျနေတယ်..။ သီချင်းသံကြောင့် ကျမ စိတ်ဝင်တစား လန့်သွားမိသလို သခင်လည်း လန့်သွားတယ် ထင်ပါတယ်.. ပြီးတော့ သခင်က လိုက်ကာ ကြားလေးထဲကနေ အဲ့ဒီ မှောင်ရိပ်ထဲကို ချောင်းကြည့်နေတယ်..။

ခါတိုင်းညတွေတိုင်း ကြားရတတ်တဲ့ ဂစ်တာသံမျိုး.. မဟုတ်ပဲ သံစဉ်တွေက ချိုလွင်လွန်းနေတယ်.. ကျမမြင်ချင်လိုက်တာ.. အနီးကပ်လေး နားထောင်ချင်လိုက်တာ.. ဂစ်တာသံလေးက ကျမရဲ့ညကို တကယ့်ကို စိုးမိုးသွားခဲ့ပါပြီ..။ သီချင်းလေးလည်း ပြီးရော သခင်က အခန်းမီးကို ပိတ်လိုက်တယ်..။ သခင့်မျက်နှာကို ကြည့်လိုက်တော့ သခင်လည်း ကျမလိုပဲ ရင်ခုန်ကြည်နူးနေသလိုလို..။

ဒီလိုနဲ့ ဒီဂစ်တာသံလေးက ကျမရဲ့ ညတွေကို ကာရန်ညှိဖို့ ညစဉ်ညတိုင်း ရောက်ရောက်လာခဲ့တာ..။ တီးလိုက်တဲ့ သံစဉ်တိုင်း ဆိုလိုက်တဲ့ သီချင်းတိုင်းက ကာရန်တွေ ညီလိုက်တာ.. အဆွဲအငင်၊ အသံအရစ်အနွဲ့၊ အနိမ့်အမြင့် အတက်အကျတွေက ဆွဲဆောင်မှု ရှိလိုက်တာလေ..။ ကျမ မျှော်တတ်နေပြီ.. ဂစ်တာသံလေးကို ကျမ စွဲလန်းနေမိပါပြီရှင်..။
ကျမလိုပါပဲ ကျမသခင်လည်း...

~~~~~~~~~~ ၃ ~~~~~~~~~~
ဒီနေ့တော့ ကျနော့်သခင်က နေ့ခင်းကြောင်တောင် တော်တော် ပြာယာခတ်နေတယ်.. ကိုယ်ပေါ်က ရေတွေကို ပြောင်အောင် မသုတ်တော့ပဲ ရှပ်အင်္ကျီ အနီအနက်ကွက်လေးကို လက်တဝက်ခေါက်ရင်း ခပ်မြန်မြန် ဝတ်နေတယ်.. ပြီးတော့.. ဂျင်းဘောင်းဘီ အပြာရင့်ရင့်ကိုလည်း တချက်ခါပြီး ကောက်ဝတ်နေပြန်တယ်.. သခင် ဘယ်များ သွားမလို့ပါလိမ့်..!! ခေါင်းဖီးလေ့ မရှိတဲ့ သူ့ထုံးစံအတိုင်း ဆံပင်တွေကို လက်နဲ့ထိုးဖွရင်း ကုတင်တိုင်ပေါ်မှာ ချိတ်ထားတဲ့ ဦးထုတ်လေးကို ယူဆောင်းလိုက်တယ်.. ပြီးတော့ ကျနော့်ကိုပါ ကောက်ကိုင်လိုက်တယ်..။ ကျနော် နည်းနည်းတော့ အံ့သြသွားပြီ..။ သခင်က ကျနော့်ကိုပါ ခေါ်သွားမလို့ပေါ့..။ နေခင်းကြီး လွယ်အိတ်လေးတို့ အဆောင်ကို သီချင်းသွားဆိုမှာတော့ မဟုတ်လောက်ပါဘူး..။ ပြီးတော့.. ကျနော့် လက်တဖက်ကို ဆွဲရင်း ကျောင်းလမ်းမကြီးအတိုင်း စက်ဘီးကို ခပ်မြန်မြန် နင်းသွားတယ်..။ သခင် ဘာတွေ အရေးကြီးနေပါလိမ့်..!!

သခင်တို့ ကျောင်းကြီးက တောအုပ်လေး တစ်ခုလိုပဲ စိမ်းစိမ်းစိုစိုနဲ့..။ စက်ဘီးတွေ ဆိုက်ကယ်တွေကလည်း များလိုက်တာ..။ ကျောင်းသားကျောင်းသူတွေ အများကြီးနဲ့ ပျော်စရာကြီး..။ အားလုံးကလည်း လှလှလေးတွေ ဝတ်ထားကြတာ..။ သခင်ကတော့ စက်ဘီးတွေ.. ဆိုက်ကယ်တွေကို ရှောင်ရင်းတိမ်းရင်း..။ ကျနော့်မှာတော့ သခင့်လက်ဖျားမှာ အသည်းတယားယားနဲ့..။

သခင်က စက်ဘီးကို ပါကင်မှာ ရပ်ပြီး.. ဟောခန်း ဘက်ကို အပြေးတပိုင်းနဲ့ ပြေးလာခဲ့တယ်..။ ကျနော်ကတော့ သခင်တစ်ခုခု နောက်ကျနေပြီဆိုတာ သိလို့ နောက်မကျပါစေနဲ့လို့ ဆုတောင်းပေးနေမိတာ..။ လူတွေကလည်း ခန်းမဘက်သွားနေတာ တော်တော်ကို များနေတယ်..။ သခင်က သူတို့ကို တိုးရင်း ကျော်ရင်း အပေါ်ထပ် လှေကားပေါ်ကို ပြေးအတက်...

“ဟား...”
“အို..”
“ဆော.. ဆောရီး.. ကျနော် နောက်ကျနေလို့..”

ကျနော့် လက်တံက တစ်စုံတစ်ယောက်ကို မတော်တဆ ချိတ်မိသွားပြီ..။ သခင့်ရဲ့ “ဟား..” ကနဲ အော်သံနဲ့ တောင်းပန်သံကို ကျနော် မကြားတော့ လောက်အောင် မင်တက်မိသွားတယ်...

သူ.. သူ...
လွယ်အိတ်.. လွယ်အိတ်လေး..
ဟုတ်တယ်.. ဒါ.. ကျနော့် လွယ်အိတ်လေး....

~~~~~~~~~~ ၄ ~~~~~~~~~~
ကျမသခင်က ဒီနေ့တော့ စောစောစီးစီး လှလှတွေ ပြင်လို့ပါလား..!! ပါးပြင်လေးပေါ်မှာ သနပ်ခါးပါးကွက်လေးနဲ့ မြန်မာဆန်ဆန်လေးလှနေတယ်..။ ဆံပင်ရှည်ဖြောင့်ဖြောင့်တွေကို ကျစ်ဆံမြီး ကျစ်ထားတာက ချိတ်ထမီ ရင်ဖုံး အင်္ကျီလေးနဲ့ လိုက်ဖက်လွန်းနေတယ်..။ ပြီးတော့ ကျမကို ပုခုံးထက်မှာ ခပ်ဖွဖွလေး ချိတ်လွယ်လိုက်တယ်..။ ကျမရဲ့ ပြာနုနုလေးနဲ့ သခင်ဝတ်ထားတဲ့ မိုးပြာရောင်လေးက လိုက်ဖက်နေလိုက်တာနော်..။ ကျမကိုယ် ကျမကြည့်မိတော့ ခါတိုင်းနေ့တွေထက် ပိုလှသွားသလိုလို..။

ကျမ နေ့တိုင်းရောက်နေကျ ကျောင်းဝင်းကြီးက ဒီနေ့တော့ ပိုစည်ကားနေသလိုပါပဲ..။ သခင်က လမ်းလျှောက်ရင် ကျမကို ရင်ခွင်ထဲမှာ တယုတယ ဖက်ထားပြီး လျှောက်တတ်တယ်..။ ဒီနေ့တော့ ဘာစိတ်ကူးပေါက်လို့လဲနော် ကျမကို ပုခုံးပေါ်မှာပဲ လွယ်ထားတယ်..။ သခင်လွယ်ရင် ပုံခုံးထက်မှာ နေလိုက်.. သခင်ထွေးထားမယ်ဆို ရင်ခွင်ထဲမှာနေလိုက်ပေါ့..။ ဘယ်နေရာထားထားပါလေ..။ အဓိက က သခင့်အနားမှာ အဖော်အဖြစ် ရှိနေပေးဖို့..။ အဲ့ဒီလို ကျမတွေးနေတုန်းမှာ..

“ဟား..”
“အို..”
“ဆော.. ဆောရီး.. ကျနော် နောက်ကျနေလို့..”

ကျမရဲ့ ကြိုးတစ်ဖက်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်သလို ကျမ နာကျင်လိုက်တာလေ..။ စိတ်လည်း တိုသွားတယ်..။ ကြည့်လိုက်တော့ ကျမကို အံ့သြတကြီး ကြည့်နေတဲ့ ဂစ်တာ..။ ကျမ မျက်စောင်း ထိုးပစ်လိုက်တယ်..။ သခင့်ကို မော့ကြည့်လိုက်တော့ လူတွေကြားမှာ လွယ်အိတ်ကို ဆွဲခံလိုက်ရသလိုဆိုတော့ ရှက်သွားတယ်ထင်တယ်..။ ပါးပြင်လေးတွေ နီလို့ ရဲလို့..။ ကျမရန်တွေ့မလို့ အဲ့ဒီ ဂစ်တာကို လည့်ကြည့်လိုက်တော့ သူ့သခင်ရဲ့ ဆွဲခေါ်ရာကို ပါသွားခဲ့ပြီလေ..။

~~~~~~~~~~ ၅ ~~~~~~~~~~
“မောင်မယ်သစ်လွင်ကြိုဆိုပွဲ” တဲ့ ရွှေရောင်စာလုံးကြီးနဲ့ ရေးထားတာတွေ့တော့မှ ကျမသခင် ဒီနေ့သိပ်လှနေတာ အဖြေပေါ်တော့တယ်..။ ခန်းမထဲမှာတော့ ကျောင်းသားကျောင်းသူတွေ အများကြီးရှိနေတယ်..။ အခမ်းအနားကလည်း စနေပြီ..။ ကျမသခင်က သူ့ သူငယ်ချင်းတွေနဲ့ အတူတူထိုင်ရင်း အလှတွေ ပြိုင်လို့ပေါ့..။

ကျမလည်း သခင့် ရင်ခွင်ထဲမှာနေရင်း သခင့်မျက်နှာကို မော့ကြည့်လိုက် သခင့်သူငယ်ချင်းတွေကို ကြည့်လိုက်နဲ့..။ အဲ့ဒီလိုနဲ့ အခမ်းနားနောက်ဆုံး အစီအစဉ်မှာ.. လုံးဝ မမျှော်လင့်ထားတဲ့ ဂစ်တာသံလွင်လွင်လေး...

♫..တကယ်လို့များ မင်းအပြုံးလေးများ မရှိရင် ဘယ်ပွင့်မလဲ ပန်းလေးတွေ..♪
♫..အလှကင်းမဲ့ လောကအလယ် ကိုယ်ဘယ်လို နေရမလဲ..♪

ကျမ သိမ့် ကနဲတုန်သွာတယ်.. ကျမလိုပဲ ကျမသခင်လည်း သိမ့်ကနဲ.. အံ့သြမှုတွေနဲ့..။

♫..တကယ်လို့များ အိပ်မက်လေးများထဲမှာ ဆုံဆည်းခွင့် မရှိခဲ့ရင်..♪
♫..ကိုယ်အိပ်စက်မယ့်ညတွေ အိုဘယ်လို ကုန်ဆုံးမလဲ..♪

ဒါ.. ဒါ.. ဟုတ်တယ်.. ကျမ ညတိုင်း ကြားနေကျ ဂစ်တာသံလေး.. ကျမရဲ့ ဂစ်တာသံလေး..။

♫..တကယ်ဆို တို့နှစ်ဦး ဝေးလို့တော့ မဖြစ်နိုင်ဘူး ကိုယ့်ရဲ့ အနားမှာ မင်းအမြဲရှိနေ..

ပျော်လိုက်တာ.. ကျမ ပျော်လိုက်တာလေ.. ကျမသိပ်တွေ့ချင်တဲ့ ဂစ်တာလေးကို တွေ့နေရပြီ..။

♫..တကယ်လို့များ ကိုယ့်အတွေးလေးများထဲမှာ အချစ်ဆုံး မင်းမရှိခဲ့ရင်..
♫..ဆိုညည်းမယ့် သီချင်းလေးတွေ ဘယ်လို ချိုနိုင်ဦးမလဲ..

ဂစ်တာလေးက သူ့သံစဉ် လွင်လွင်လေးနဲ့ လိုက်ဖက်ညီစွာ နီညိုရောင်လေး..။
သီချင်းပေါ်မှာ ခံစားမှုအပြည့်နဲ့ သီဆိုနေတဲ့ ဂစ်တာသခင်လေးကလည်း အရပ်မြင့်မြင့် ဖြူနုနုလေး..။

ဂစ်တာလေးရဲ့ အကြည့်တွေက ကျမကို သိနေသလိုပါလား..။
ဂစ်တာသခင်လေးကလည်း ဘာလို့ ကျမသခင်ကို ကြည့်ပြီး ဆိုနေတာလဲနော်..။

♫..တကယ်လို့များ ရက်စက်တဲ့ လောကအလယ် ကြွေကျမယ့် သစ်ရွက်လို..
♫..ကိုယ်တမ်းတ မိခဲ့ချိန် ဘယ်ရင်ခွင် ခိုနားမလဲ..

ကျမကို ပိုပိုတင်းကျပ်အောင် ဖက်ထားတဲ့ သခင့်ရင်ခုန်သံနဲ့ ကျမ ရင်ခုန်သံ စည်းချက်ညီစွာ ထပ်တူကျရင်း သံစဉ်ထဲမှာ ရောထွေးသွားလိုက်ကြတာ.. လေထဲမှာလွင့်ပါး အရာရာကို မေ့သွားသလို..။

♫..တကယ်ဆို တို့နှစ်ဦး ဝေးလို့တော့ မဖြစ်နိုင်ဘူး မင်းမရှိတဲ့ကမ္ဘာ စွန့်ခွာမယ်လေ ဟို အဝေး....

ငြိမ်သက်စွာ နားဆင်နေကြတဲ့ ခန်းမတစ်ခုလုံးရဲ့ လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်ပေါ်လာတော့ ကျမရော.. ကျမသခင်ပါ.. ညှို့ယူမှုတွေကနေ သတိပြန်ဝင်လာတယ်..။ တကယ်ဆို ညစဉ်တိုင်း ရင်ထဲက ခပ်တိုးတိုး တီးခဲ့ရတဲ့ လက်ခုပ်သံက အခုတော့ ရင်ခုန်သံတွေ ရောယှက်ရင်း ကြည်နူးဝမ်းသာ ပွင့်အံနေမိတော့တယ်..။..

~~~~~~~~~~ ၆ ~~~~~~~~~~
ကျောင်းဝင်းထဲက ညနေခင်း ခုံတန်းလေးမှာ ချစ်သူနှစ်ဦးရဲ့ စကားပြောသံ တိုးတိုးလေးကြားနေရတယ်..။ သူတို့နှစ်ဦးကို ရင်းနှီးနေပြီဖြစ်တဲ့ လေညင်းလေးတွေနဲ့ သစ်ရွက်လေးတွေ ပြေးလွှားဆော့ကစားနေကြသလို ငှက်ကလေးတွေကလည်း ချစ်ခြင်းသံစဉ်တွေ နားဆင်ဖို့.. ဝေ့ဝဲလို့..။

“ကို..”
ခပ်တိုးတိုးခေါ်လိုက်တဲ့ သူမရဲ့ ခေါ်သံကို သူက ခေါင်းလေးဆတ်ပြီး ထူးနေလေရဲ့..

“ကျမလေ ကို့ အသံလေးကို အရမ်း ချစ်တာ.. သိလား..”
“ဟုတ်လို့လား..”

“ဟုတ်တယ်.. ကိုက အဲ့ဒီ အသံနဲ့ ကျမကို ဖမ်းစားသွားခဲ့တာ..”
သူက သူမ နဖူးက ဆံနွယ်လေးတွေကို ခပ်ဖွဖွ ဆော့ကစားနေရာမှ.. လက်သီးဆုပ်လေးနဲ့ ခပ်ဆတ်ဆတ်ထုရင်း..

“ဒီလိုမှန်းသိရင် အဆောင်ရှေ့မှာ သီချင်း လာမဆိုပါဘူး..”
“ကို..နော်.. မစနဲ့.. ဘာလို့လဲ..”
“ဟုတ်တယ်လေ.. အသံကိုပဲ ချစ်တာ မလား..! လူကို ချစ်တာမှ မဟုတ်တာ..”

“ကို.. စကားကို မကတ်နဲ့နော်.. လူကိုချစ်တာ ကိုမသိလို့လား..! သိသားပဲကို..”
“.....................................”
သူက သူမရဲ့ လက်လေးကို တယုတယ ဆွဲယူ.. သူ့ပါးလေးနဲ့ ခပ်ဖွဖွကပ်ရင်း ပြုံးကြည့်လိုက်တယ်..

“ဘာလိုလိုနဲ့ ချစ်သူတွေ ဖြစ်တာ တစ်နှစ်တောင် ကျော်ခဲ့ပြီနော်.. ကို..”
“ကိုကတော့ တစ်ရက်ပြီး တစ်ရက် အချစ်တွေ ပိုပိုတိုး..”

“တစ်သက်လုံးနော်.. ကို..”
“တစ်သက်လုံး.. ဆယ်သက်လုံး.. ဘဝအဆက်ဆက်.. ကဲ.. ကျေနပ်ပြီလား..”
သူက သူမရဲ့ ပါးလေးကို အကြင်နာပါပါ လိမ်ဆွဲရင်း ခေါင်းကလေးကို ပွတ်ကာ ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်တော့.. သူမက သူ့ရင်ခုန်သံကို နားစွင့်ဖို့ မျက်လုံးလေးမှိတ်လို့..

“ကို သီချင်းဆိုပြလေ..”
“တကယ်လို့များ.. နော်..”
“အင်း... ပေါ့..”

သူက ခုံတန်းလေးပေါ်က နီညိုရောင် ဂစ်တာလေးပေါ် တင်ထားတဲ့ လွယ်အိတ်ပြာနုနုလေးကို ဖယ်လိုက်တော့.. ဂစ်တာသံ လွင်လွင်လေး ထွက်ပေါ်လာတယ်..။ သီဆိုသံချိုချိုလေး ကြားတော့ ငှက်ကလေးတွေ ဝမ်းသာအားရ အနားကပ်လာကြသလို လေညင်းလေးတွေကလည်း သစ်ရွက်တွေကို ပွေ့တိုက်ယူဆောင်လာကြတယ်..။

♫..♪..♫..♪..
♫..တကယ်လို့များ.. မင်းအပြုံးလေးများမရှိရင်..♪
♫....................♪
♫..မင်းမရှိတဲ့ကမ္ဘာ စွန့်ခွာမယ်လေ ဟို အဝေး....♪
သူမက သူ့ပုခုံးလေးပေါ် ခေါင်းလေးမှီနွဲ့ရင်း သံစဉ်လေးနဲ့အတူ မြတ်နိုးစွာ ရင်ခုန်ကြည်နူးလို့..
ဂစ်တာလေးကလည်း သူချစ်တဲ့ လွယ်အိတ်လေးကို ယုယစွာ ထွေးဖက်ရင်း ကြင်နာစွာနမ်းရှိုက်လို့...

(ကိုရင်နော်)


34 comments:

မယ်ကိုး said...

၁ ... =)

မယ်ကိုး said...

ဇာတ်အိမ်ဖွဲ့ပုံလေး သိပ်ကြိုက်တာပဲ။ ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ။

ခင်မင်လေးစားချစ်ခြင်းများစွာဖြင့်..
=)

လင်းဒီပ said...

ဖွင့်ဟချက်..။ ။ ကျောင်းတုန်းက အမှတ်တရလေးကို ပြန်လည် ခံစားရင်း..။

ဆိုတာထက် ကျောင်းတုန်းက ရည်းစားဟောင်းကို သတိရရင်း ဖြစ်မှာပါ....။ :P

ကိုလူထွေး said...

ကျမဆိုလို့ ကိုရင်နော်ရေးတာလို့ မထင်လိုက်မိဘူး...း)

အခုရေးသွားတာလဲ ကိုလူထွေးမဟုတ်ဘူးနော်...

ပုံ
သူ့ရဲ့ ကွန်ပြူတာလေး...

းဝ)

အိန္ဒြာ said...

ဟားးးးးးးးးးးး

တကယ်လို့များက ဒီလို ဒီလို ဇာတ်လမ်းတွေရှိခဲ့တာကိုးးးးး

ဟားဟား..ဘလော့ပေါ်တင်ပြီဖွဦးမှ....

အရေးအသားကတော့ ပြောစရာမလိုအောင်ကောင်းပါ့ကိုရင်ရေ...

MANORHARY said...

တကယ်ကြီးလား
ဖန်တီးမှုလားလို့
မမေးတော့ပါဘူးနော်း))

စိုင်းစိုင်းလားရှိုး said...

ကိုရင် ''တစ်ကယ်လို့များ'' ဆိုတဲ့ စကားလုံး ကျွန်တော် မသုံးချင်ဘူး။

Craton said...

အဟမ်းဟမ်း.. ဖတ်ကောင်းပါပေတယ်..

ကဲကိုကဲလွန်းတယ်.. တီဒြာပြောသလို ဘလော့ဂ်ပေါ်တင် ဖွပေးမှထင်ပါတယ်။

မီယာ said...

ကိုရင် လာအားပေးသွားတယ်.... အဲ့သလိုလေး ဖတ်ရတာလည်း တမျိုးလေး ကောင်းတယ်

ကလေးလေး said...

ဦးနော်...မရီရပေမဲ့စာဖတ်ရင်းဇတ်လမ်းထဲရောက်သွားသလိုဖဲ..ကလေးလေးရဲ့ဦးရီးတော်လိုမပြောရဖူးး...တော်လိုက်တာ..မေ့ရေရ..မေ့စတိုင်လေးတွေဦးနော်ရေးနေပီ
မေ့ရေရရရရရရရလွမ်းတယ်

မိုးမောင်(HappyCloud) said...

မတရား မိုက်တယ်ဗျာ.. တစက်မှကို မလိမ္မာတာ..း)။ ဒီသီချင်းက ဒီလိုတွေရှိတာကိုးးး ...

mgngal said...

ကြည့်နူးစရာလေးပါ ။ စိတ်ကူးလေးကို သဘောကျမိတယ် ။

မေဇင် said...

စိတ်ကူးလေး ကောင်းလိုက်တာ...။ ပိုင်ရှင် စုံတွဲရယ် ဂစ်တာလေး ရယ် လွယ်အိတ်လေး ရယ်... စုံတွဲလေး 2 တွဲပေါ့နော်...။ ဖတ်လို့ကောင်းလိုက်တာ...။ ကျောင်း ကိုလဲ လွမ်းသွားတယ်...။

Mogok Thar said...

ဂစ်တာလေး နဲ့ လွယ်အိတ်လေး
ဂစ်တာပိုင်ရှင်လေး နဲ့ လွယ်အိတ်ပိုင်ရှင်မလေး

းးး)))))

နွေးနွေးထွေထွေး ချစ်တေးလေးတွေ သီသွားတာ
*တကယ်လို့များ*သီချင်းလေးတောင်
သူ့ထက်ပိုချစ်သွားကြမှာ မနာလိုတော့ဘူတဲ့။

ချစ်ခင်လေးစားစွာဖြင့်

နှင်းဟေမာ said...

ကိုရင် ရေ .... အရမ်း အရမ်းဒီဇာတ်လမ်းလေးကို နှစ်သက်မိတယ် .... ကျောင်းတုန်းက ဘ၀လေးတွေကို ပြန်လွမ်းမိသွားတယ် တစ်ကယ်ပါ ....
အမြဲအားပေးလျှက်
နှင်းဟေမာ

မမသီရိ said...

ဘယ်သူက ဘယ်သူ့ကို ပိုချစ်သလဲ မောင်လေးရ..း)
ကောင်လေးကကောင်မလေးကိုချစ်တဲ့အချစ်က ပို သလား
ဂစ်တာလေး က လွယ်အိပ်လေးကို ချစ်တဲ့ အချစ်က ပိုသလား...း)...

စိတ်ကူးကောင်းနဲ့ အဖွဲ့ လေး နူးညံ့လှပ ..

အနမ်း said...

ကြံဖန်ရေးတတ်တယ် ကိုရင်ရယ်။
ဖတ်လို့ တော့တကယ်ကောင်းတယ်။
တကယ်လို့ များ အဲဒီကောင်လေးက ကိုရင်ဖြစ်ခဲ့ရင်....
တကယ်လို့ များ အဲဒီလွယ်အိတ်ကလေးနဲ့ ဂစ်တာက လေးလည်း အသက်ရှိခဲ့ရင်.....
တကယ်လို့ များ ဆိုတာလေးတွေးသွားမိပါတယ်။

ဒီမိုဝေယံ said...

ကောင်းပါတယ်။ လွမ်းသလိုလို ဘာလိုလို့ဗျ။ ခံစားသွားပါတယ်။

ရွှေပြည်သူ said...

တကယ့်ဖြစ်ရပ်လေးကို အခြေခံထားမှန်းသိရတော့ ပိုအဓိပ္ပါယ်ရှိသွားတယ်။ ဂစ်တာလေးနဲ့ လွယ်အိတ်လေးတို့ရဲ့ ခံစားချက်တွေနဲ့ ရောယှက်ပြီး ရေးသွားတာ သိပ်သေသပ်ပြီး လှနေတာပါပဲ။ အချစ်တွေများသလောက် အချစ်စစ်ရှားတဲ့ လောကကြီးမှာ ဒီလိုစာလေးတွေ ဖတ်ရတာ သိပ်ကိုကောင်းတာပါပဲ...

သီဟသစ် said...

ကဗျာဆန်လိုက်တာဗျာ ..
ကျွန်တော်တော့ ဂစ်တာမတီးတတ်တာနဲ့ အဲလိုဇာတ်လမ်းမျိုး ရှိလိုက်ပါဘူး..

ခင်မင်စွာဖြင့်
သီဟသစ်

ဝေလေး said...

ဝါးးးးး (သမ်းတာမဟုတ်ဘူးနော်) ကောင်းလိုက်တာဦးနော်ရယ်။ သီချင်းလေးလည်း နားထောင်ကြည့်သွားတယ်။ ဇာတ်လမ်းဆင်ထားပုံလေး မိုက်တယ်။

မြစ်ကျိုးအင်း said...

ဇာတ်လမ်းလေးဆင်ထားပုံရော အဖွဲ့အနွဲ့လေးရော အားကျမိတယ်။ဖတ်ရတာ မျောပါသွားတယ်။
တကယ်လို့များသီချင်းကြားတိုင်း လွယ်အိတ်လွယ်ထားတဲ့ ဂစ်တာလေး မြင်ယောင်မိမှာပဲ။

ပြည့်စုံ said...

တကယ်လို့များ....

ပြန်မရတော့တဲ့ အတိတ်ကို ပြန်လည်အောက်မေ့သတိရမိတယ်...

အရမ်းကို စွဲဆောင်မှုရှိတယ်.. ကိုယ်တိုင်ခံစားနေရသလိုပဲဗျာ....


ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

sweetpeony said...

ဦးနော်....
ဦးနော်....
ဟင်း ဟင်းးး
ကျောင်းတုန်းက အမှတ်တရလေးဆိုတော့ ခုကော????
:P

နွေးနွေးသဲမွန် said...

အဆောင်မှာနေခဲ့ရတဲ့ ဘ၀လေးကိုပြန်လွမ်းမိတယ်...း-)

ဖိုးစိန် said...

“ကို”


သီချင်းဆိုပြလေ နော်.......


တကယ်လို့များ “ကို” သာ သီချင်းမဆိုပြရင်.....

တကယ်လို့များ “ကို” ရဲ့ အသံလွင်လွင်လေးကို မကြားဖြစ်ခဲ့ရင်....


တကယ်လို့များ......


တကယ်လို့များ.......


တကယ်လို့များးးးးးးးးးးးးးးးးးးးးးးးးး



ခွိခွိ


ချစ်တဲ့


မျောက်မျောက်


လွမ်းတွားဒယ်....


သီချင်းလေးကို ပြုံးစိစိနဲ့ နောက်ထပ် အကြိမ်ပေါင်းမနည်း နားထောင်မိနေပြန်တယ်....


တကယ်လို့များ....

“ကို့” သီချင်းသံကို “သူမ” ညတိုင်းကြားရရင်


မျောက်မျောက်ပျော်နေမှာ သေချာတယ်....


း)))

HAPPYCLOUD said...

ကိုရင်လုပ်ချက်တော့ လွန်တယ်ဗျာ... တကယ်...။။။
လွန်လွန်းတယ်... ဂယ်ပဲ ၈ယ်ပဲ...။
ဖိုးမောင်

မေလေး said...

ဦးနော်တို့ များ ရေးတတ်လိုက်တာ

လာဖတ်နေတာ ဒါနဲ့ဆို ၇ ခေါက်မြောက်ဘဲ

လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။
ဂစ်တာလေးနဲ့ ကောင်လေးကို မျက်စိထဲ မြင်လာတယ်။
တကယ်လို့များးးးးးးးးးးးးးးးးးး ပေါ့နော်။။
လွယ်အိတ်ပိုင်ရှင် ကောင်မလေးရယ် ၊ လွယ်အိတ်လေးရယ် သူတို့သိပ်ပျော်မှာဘဲနော်။

အဲဒါ ဦးနော်ရဲ့ တကယ် အဖြစ်အပျက်ပေါ့နော်။

ခင်မင်လေးစားစွာဖြင့်

စည်သူ said...

ဖတ်နေတာ...
ပထမတော့ သဘောမပေါက်ဘူးလေ
ဆက်ရင်းဆက်ရင်း.. နည်းနည်းလေး ပေါ်လာတယ်

အရိပ်လေးကို မြင်လာတယ်..
ဆက်လိုက်သွားတယ်.. အကောင်ပါမြင်လာတယ်..

အကောင်ကိုမြင်ပေမယ့်လည်း
မသည်းကွဲလို့.. ရှေ့ဆက်တိုးသွားတယ်..

အနားရောက်တော့မှ “ဟိုက်” သေ.. သေ.. ဘီ..
ခုမှပေါက်တယ်.. ဂျုံ.. ဂျုံတွဲ နှစ်တွဲပါယား..

ဂစ်ဂစ်ရယ်..

ပြောလေ လွယ်လွယ်..

ဂစ်ဂစ်က လွယ်လွယ်ကို ဂစ်လားဟင်..
အဲ..ဟုတ်ပါဘူး.. ဂယ်ချစ်လားဟင်..

အော်.. လွယ်လွယ်ကလည်း.. ဂစ်တာပေါ့..
အဲ..မှားကုန်ပြီး.. ဂယ်ချစ်တာပေါ့..

ဟီးးးးဟီးးးးးးး ဂစ်လွယ်ပေါ့..းD

လေးစားစွာဖြင့်
စည်သူ။

Angel Shaper said...

ကြည်နူးစွာဖတ်သွားပါတယ်။
ဖတ်လို့ အားကြီးကောင်းတယ်ဗျိုးးးးးးး
တကယ်လို့များ ဂစ်တာလေးကိုထမ်း လွယ်အိတ်လေးလွယ်ပြီး ခရီးဆက်ရမယ်ဆိုရင်....

kaungkinpyar said...

တကယ်လို့များ......ဒီဇာတ်လမ်းမျိုးတွေ ......မရှိခဲ့...ရင်.....
ဒီစာလေး ဖြစ်လာမှာ မဟုတ်ဘူး နော်း)

မိုးခါး said...

;))
ပျော်စရာကြီး ...း)))

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော် ......... အခုမှ လာဖတ်ဖြစ်တယ်။ ဇတ်းလမ်းလေး ဖတ်ရတာနဲ့ မတူပဲ တကယ့်အဖြစ်အပျက်လေးကို ပြန်ပြောပြနေသလို ခံစားမိတယ်။ အရမ်းဖတ်လို့ ကောင်းတယ်နော်။

လေးစားလျှက်
ရောင်

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော် ......... အခုမှ လာဖတ်ဖြစ်တယ်။ ဇတ်းလမ်းလေး ဖတ်ရတာနဲ့ မတူပဲ တကယ့်အဖြစ်အပျက်လေးကို ပြန်ပြောပြနေသလို ခံစားမိတယ်။ အရမ်းဖတ်လို့ ကောင်းတယ်နော်။

လေးစားလျှက်
ရောင်