Thursday, September 3, 2009

သူမနှင့်ခြင်းတောင်းလေး

သူမ ထင်မှတ်မထားသည့် အချိန်တွင် ခရီးတစ်ခုကို ရုတ်တရက် ထွက်ရတော့မည်။ ရက် အကန့်အသတ်မဲ့ ထိုခရီးအတွက် ကြိုတင်ပြင်ဆင်ချိန် သူမ မရရှိခဲ့။ သွားမည့်ဆဲဆဲတွင် ခြင်းတောင်းလေး တစ်လုံးကို အတွေးတွေနှင့် သူမ ဖန်ဆင်းလိုက်သည်။ ထိုခြင်းတောင်းလေးထဲသို့ လိုအပ်သည့် အရာများကို စိတ်တွေနှင့်ပင် စုစည်း ထည့်ကြည့်လိုက်သည်။ စက္ကန့်ပိုင်းလေး အတွင်းမှာပင် သူမ၏ ခြင်းတောင်းလေးမှာ ပြည့်လျှံသွားခဲ့လေသည်။

သူမ၏ ခြင်းတောင်းလေးထဲတွင်......
  • - တရားစာအုပ် တချို့..
  • - ကာရန်မဲ့ ကဗျာ တချို့နှင့် နဘေထပ် ကဗျာ တချို့..
  • - တိုးသဲ့သဲ့ ဂစ်တာသံလေး..
  • - ရယ်မောသံ လွင်လွင်လေး..
  • - စိုးရိမ်ပူပန်တတ်သော အကြည့်တွေ..
  • - ပေပေတေတေ မနေဖို့ နားချသံတွေ..
  • - အမြတ်တနိုး ဝတ်တတ်သော လက်ကောက် ပျော့လေး တစ်ကွင်း..
  • - လက်ကိုင်ပုဝါလေး တစ်ထည်..
  • - ဦးထုပ်လေး တစ်လုံး..
  • - သီချင်းသံ ချိုချိုလေး..
  • - ငါးကြော်သေးသေးလေးတွေ ထည့်ထားသော ပန်းကန် တစ်ချပ်..
  • - စက်ဘီးလေး တစ်စင်း..
  • - စန္ဒယားသံ တချို့..
  • - မိုးဖွဲလေးတွေ ရွာနေသော ခပ်မှောင်မှောင် လမ်းကလေး..
  • - Cranberries သီချင်းလေး တစ်ပုဒ်..
  • - အငွေ့တထောင်းထောင်းထနေသော ကော်ဖီပူလေး တစ်ခွက်..
  • - သွားတိုက်ဆေး အသင့်တင်ထားသော ပန်းနုရောင် သွားပွတ်တံလေး.
  • - ချစ်ခြင်းနှင့် ဒေါသတရားတို့ လွန်ဆွဲနေသော လွန်ဆွဲပွဲ တစ်ပွဲ..
  • - လရောင်ဆမ်းသည့် ဝရန်တာလေး..
  • - ငိုက်မြည်းနေသော တက္ကစီ တစ်စီး..
  • - တင်းနေအောင်စေ့ကာ ဖိ၍ပြုံးတတ်သော နှုတ်ခမ်း နှစ်လွှာ..
  • - ချစ်ဖို့ကောင်းသည့် အိပ်ခန်း လှလှလေး..
  • - သူမကိုယ်တိုင်၏ မျက်စောင်းလေး..
  • - လှေကားထစ်လေး တချို့..
  • - တည့်တိုး ပြောတတ်သော သူမ၏ စကားတချို့..
  • - ခပ်ဖွဖွ အနမ်းလေး တစ်စ..
  • - မာထန်ထန် ဦးခေါင်း တစ်လုံး..
  • - ပန်းရင့်ရောင် အကွက်လေးတွေနှင့် ဖိနပ်တစ်ရံ..
  • - ဆုတောင်းသံ တပိုင်းတစ
  • - အနှစ်နှစ် အလလ က သန္ဓေတည်ခဲ့သော ယုံကြည်ချက် တစ်ခု..

ပြည့်လျှံနေသော ခြင်းတောင်းလေးကို စိတ်တွေနှင့်ပင် သူမ မ၍ ယူကြည့်လိုက်သည်။ ခြင်းတောင်း အကွပ်ကြားလေးထဲတွင် လှုပ်လီလှုပ်လဲ့ တွဲခိုနေသော မျက်ရည်လေး တစ်စက် က သူမကို ခပ်ကြောင်ကြောင်နှင့် လှမ်းကြည့်နေ၏။ ထို့နောက်... ဇကာပေါက်လေး တစ်ခုကြားမှ ပြုတ်ကျလုဆဲဆဲ အားငယ်စိတ်လေး တစ်ခု..!! အို... သွားစမ်းပါ..!!!

ထိုအရာ နှစ်ခုကို သူမ မထည့်ခဲ့သည်မှာ သေချာလွန်းနေသည်ပဲ။ မုန်းတီးစွာပင် သူမခေါင်းကို ရမ်းခါမိသည်။ နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့ကာ ထိုခြင်းတောင်းလေး လှုပ်ခါသွားအောင် စိတ်တွေနှင့်ပင် ခပ်ကြမ်းကြမ်း ဆောင့်ဆွဲယူလိုက်သည်။ “အရူးမ” ဟု ချစ်စနိုးစနောက်တတ်သော အသံလေးတစ်ခု ခြင်းထဲမှ ခုန်ပေါက်ထွက်လာချိန်တွင် သူမ လှစ်ကနဲ ပြုံးမိသွားသည်ထင်၏။ မျက်ရည်လေးတစ်စက်နှင့် အားငယ်စိတ်လေးတစ်ခုသည် ခပ်ဆတ်ဆတ် ဆွဲယူလိုက်သောကြောင့် မှီတွယ်နေရာမှ ပြုတ်ကျ ကျန်ရစ်ခဲ့ပြီဟု သူမ ယုံကြည်ထားလိုက်သည်။

သူမသည် သူမ ဖန်ဆင်းထားသော ခြင်းတောင်းလေးကို စိတ်ကူးဖြင့် တယုတယ ဆုပ်ကိုင်ရင်း ဆန္ဒမရှိသော ထိုခရီးအတွက် ပထမဦးဆုံးသော ခြေတစ်လှမ်းကို ခေါင်းမော့၍ စလှမ်းလိုက်လေသည်။

(ခင်လေးငယ်)

31 comments:

မေဇင် said...

အိုး .... ခရီးတစ်ခုအတွက်...ထည့်ထားတဲ့ ခြင်းတောင်းထဲ ထည့်ထားတဲ့ ပစ္စည်းလေးတွေက ချစ်ဖို့ကောင်းလိုက်တာ...။ မျက်ရည်လေး ခြင်းထဲမှာ မရှိပဲ ဇကာပေါက်လေး ကနေပြုတ်ကျလုဆဲဆဲ ပဲလား... ခရီးထွက်တော့မယ်ဆိုရင် အားငယ်စိတ်တွေကို မထည့်သွားတာပဲ ကောင်းပါတယ်..။

Mogok Thar said...

မမခင်လေးငယ်ရေ...

အဲဒီ ခြင်းလေးထဲ နွေးထွေးတဲ့ အားပေးမှု တစ်စုံရယ်၊ အေးမြတဲ့ မေတ္တာရေလေး တစ်ဗူးရယ်၊ မြဲမြံခိုင်မာတဲ့ သံယောဇဉ် ကြိုးလေးတစ်စရယ်၊ စိတ်နဲ့ လှမ်းထည့်ပေးလိုက်တယ်။
သယ်သွားရမဲ့ ခြင်းလေး မလေးလံ၊ မပြည့်လျှံကျလောက်ပါဘူး။ သယ်ရမဲံ ၀န်တွေတောင် ပေါ့စေရမယ်။ စိတ်ချလက်ချ ထည့်သွားပါဗျားး။ ။

ချစ်ခင်လေးစားစွာဖြင့်

Mogok Thar said...

တဘက်တစ်ထည် ကျန်ခဲ့လို့ မှီမလား ပြန်လာ ပြေးထည့်တာဗျို့။
့တြဘက်က မျက်ရည်စတွေနဲ့ ဘ၀အမော ချွေးစတွေကို သုတ်လို့ စင်စေမဲ့ စေတနာဆုတောင်းစာတွေ အပြည့်နဲ့ ယက်ထားတာဗျ။

ခရီးလမ်းတစ်ခုလုံးမှာ ဘေးမသီရန်မခ၊ ငြိမ်းချမ်းအေးမြစွာ ဆက်လက် လျှောက်လှမ်းနိုင်ပါစေ။

ချစ်ခင်လေးစားစွာဖြင့်

တောင်ပေါ်သား said...

တီငယ်ရေ ခြင်းတောင်းလေးထဲမှာ အစုံထဲသွားတာပေါ့.. အားငယ်စိတ်လေးတွေကို မထည့်ဖြစ်အောင် မောင်းထုတ်နိုင်သလို တွဲခိုနေသော မျက်ရည်လေးကိုလဲ တခါထဲ ထားခဲ့လိုက်ပါ့လား အရာအားလုံးကို ကောင်းခြင်းတွေနဲ့သာ ယူဆောင်သွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်


လေးစားလျက်
တောင်ပေါ်သား

ဒီမိုဝေယံ said...

မျက်ရည်လေးတစ်စက်နှင့် အားငယ်စိတ်လေးတစ်ခုသည် ခပ်ဆတ်ဆတ် ဆွဲယူလိုက်သောကြောင့် မှီတွယ်နေရာမှ ပြုတ်ကျ ကျန်ရစ်ခဲ့ပြီဟု သူမ ယုံကြည်ထားလိုက်သည်။

ခရီးအဆုံးမှာတော့ ရောင်နီကို မြင်ရတော့မှာပါ။
သာယာဖြောင့်ဖြူးတဲ့ ခရီးလမ်းကို လျှောက်လှမ်း နိုင်ပါစေ။

နှင်းဟေမာ said...

ဆန္ဒမရှိတဲ့ ခရီးလေးမှာ ... အပြည့်အစုံထည့်ထားတဲ့ စိတ်ကူးခြင်းတောင်းလေး တစ်လုံးကို ဆွဲပြီး ကောင်မလေးတစ်ယောက်လျှောက်လှမ်းနေတဲ့
ခရီးလေး တစ်ခု က ... အသက်ဝင်လိုက်တာ...
ကောင်းလိုက်တဲ့ စိတ်ကူးလေး......
အဲဒီ့ကောင်မလေးရဲ့ စိတ်ဓါတ်ကို အတုယူရမယ်...

ချစ်ခင်မှုများစွာဖြင့်
နှင်းဟေမာ

ဝေလေး said...

ခြင်းထောင်းထဲ သံယောဇဉ်အပိုင်းအစတွေနဲ့ ဖျော်ထားတဲ့ ဖျော်ရည်တစ်ခွက်လည်း ထည့်သွားပါဦး။ လမ်းမှာမောရင် သောက်လို့ရအောင်။

Angel Shaper said...

ခြင်းတောင်လေးထဲ စုံစုံလင်လင် ပါသွားတာပဲ။
ရေခဲမုန့် လေးပါ ထည့်ပေး။ ဒါမှ ဖြစ်မယ်။ ဟိဟိ
ချစ်စရာကောင်းတဲ့ ပစ္စည်းလေးတွေနဲ့  ခြင်းတောင်းလေးကိုဆွဲပြီး ခရီးထွက်ရရင်တော့ ပြည့်စုံပါတယ်လေ။

နွေးနွေးသဲမွန် said...

စာလေးဖတ်မိတော့ အတွေးလေးတွေဆင့်ပွါးမိပါတယ်..
တော်လိုက်တာရှင်..

ခရေညို said...

မခင်လေးငယ် ကရေးတက်လိုက်တာနော်
လာပြီးအားကျသွားပါတယ်ရှင်

Anonymous said...

Welcome back ပါ တီငယ်.. မွန်းကြပ်ဖို့ကောင်းတဲ့ ဒီခရီးက ပြန်ရောက်ခဲ့ပြီလား.. ဦးနော်ရဲ့ စေတနာတချို့ကြောင့်ပဲလား..
သားငယ် တာဝန်မကျေခဲ့တာတချို့အတွက် တောင်းပန်ပါရစေ..

လင်းဒီပ said...

ကဗျာလေးတစ်ပုဒ် ဖတ်လိုက်ရသလိုပဲ..

မိုးမောင်(HappyCloud) said...

ခရီးတလျှောက် ကျန်းမာပါစေ။ အဆင်ပြေပါစေ။

MANORHARY said...

ခင်လေးရဲ့ခြင်းတောင်းလေးက ချစ်စရာကောင်းလိုက်တာ ...ခင်လေးလိုပဲ
ခင်လေးရဲ့ခြေလှမ်းတွေအားကောင်းခိုင်မာနေပါစေ

Sein Lyan Tun said...

ဘယ်ခရီး ကိုထွက်ထွက်

ဘယ်ခြေလှမ်း လှမ်းလှမ်း

ခြေလှမ်းတိုင်းမှာ အားအင်များ မေတ္တာများပြည့်နှက်နေပါစေဗျာ....

ခရီးကနေပြန်ရောက်မယ့် အချိန်ကို ပျော်ရွှင်မှုတွေ နွေးထွေးမှုတွေ

မေတ္တာတွေနဲ့ ကမ်းလင့်လို့ကြိုဆိုနေမယ်ဆိုတာ တီငယ် မမေ့ပါနဲ့....


ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

yangonthar said...

ရှေ့ ဆက်လျှောက်ဖို့ ကောင်းစွာပြင်ဆင်ထား
ခဲ့ပေမယ့် အားငယ်မှုနဲ့ လေးပင်နေတယ်နော်
တစ်ခါတစ်ရံမှာ အဲဒီအားငယ်မှုတွေကို ဘယ်
သူတွေပေးစွမ်းနိုင်မှာလဲ ..... စကားတစ်လုံး
လား .... အကြည့်တစ်ခုလား ... အနမ်းတစ်
ခုလား ... မူဟန်တစ်ကွက်လား ...
အစ်မရေ ခြင်းတောင်းလေး ကိုလာဖတ်
သွားတယ်
ခင်မင်လျှက်
အေးမြသာယာပါစေ
ရန်ကုန် :D

မယ့်ကိုး said...

မမခင်လေး အဖွဲ့လေးက အရမ်းလှသလို စိတ်ထဲလည်း ထိခိုက်ရပါတယ်။
မမခင်လေး ပျော်ရွှင်ပါစေ။ခြင်းတောင်းလေးထဲ ပျော်ရွှင်ခြင်းသစ်သီးတွေ ထည့်ပြီး ပြန်လာခဲ့နော် ....
ချစ်ညလေးစောင့်နေတယ်။း)

jr.lwinoo said...

မခင်လေးရယ်..
ရေးတတ်လိုက်တာ..
ဆန္ဒရှိသော ခရီးတွေပဲ ထွက်ရပါစေလို့ ..

littlebrook said...

တီငယ့်ခြင်းတောင်းထဲက လရောင်ဆမ်းထားတဲ့ ၀ရံတာလေးရယ် ကော်ဖီပူပူရယ် တိတ်တိတ်ခိုးသွားတယ် ..

မမသီရိ said...

ခင်လေးရေ
ညီမလေးရဲ့ ခြင်းတောင်းလေးထဲမှာ
ပါသွားတဲ့ အဖြူရောင်ချစ်ခြင်းမေတ္တာတွေ
ရှိနေသေးတယ်လေ..

တကယ်တော့
ပြုတ်ကျကျန်နေခဲ့တဲ့
မျက်ရည်လေး တစက်ရယ်
အားငယ်စိတ်လေး တခု ရယ် က
အဲဒီချစ်ခြင်းမေတ္တာတွေက တွန်းထုတ်ခဲ့လို့ သာ ကျန်နေခဲ့တာပေါ့..

ညီမလေး သွားရမဲ့ ခရီးအတွက်
ထာဝရ အဖော်မွန်ရှိနေတယ် ညီမလေး ရေ

အိန္ဒြာ said...

ခင်လေးရေ.....

ညီမလေးရေ.......

လွမ်းလာလိုက်တာ...ဟယ်

မီယာ said...

သာယာ ဖြောင့်ဖြူးသော ခရီး ဖြစ်ပါစေ... ခြင်းတောင်းလေးကို စိတ်ကူးယဉ် ကြည့်မိနေတယ်။

ကလေးလေး said...

အမြတ်တနိုး ဝတ်တတ်သော လက်ကောက် ပျော့လေး တစ်ကွင်း.....အဲတာကလေးလေးဖဲဖစ်ရမယ်..
မေ့လက်ကိုမလွှတ်တမ်းကိုင်ထားတာလေ..
မေ့ပျောက်သွားမှာဆိုးလို..
မေ့..လွမ်းလှပီပြန်ယာတော့ .. ဟင့်ဟင့်
ဦးနော်သွားပြန်ခေါ်ပေးးးးးး

ဖိုးမောင်(happycloud) said...

မခင်ရေ...
ထွက်သွားတဲ့ ခရီးကနေ... အမြန်ဆုံးကျန်းမာရွှင်လန်းစွာ... ပြန်လာနိုင်ပါစေခင်ဗျာ...
သယ်သွားတဲ့ ခြင်းတောင်းလေးထဲက...
မခင် မကြာကြာ ချွေးသုတ်ဖြစ်တဲ့... သက်ပြင်းမော လက်ကိုင်ပါဝါလေးလည်း...
နွမ်းညစ်နေလောက်ရောပေါ့....
ခရီး အပြန်မှာ အစအစ အဆင်ပြေပါစေဗျာ..
ခင်မင်လေးစားစွာဖြင့်
ဖိုးမောင်

Anonymous said...

အဲဒါ ဘဝဗျ ပျော်ရာမှာမနေရ... တော်ရာမှာနေရတာ.... ခေါင်းမငုံ့စတမ်းသာ လျှောက်ပါ... တချိန်မှာ နေချင်တဲ့နေရာမှာနေရမှာပါ။

Moe Myint Tane said...

ခြင်းတောင်းလေးထဲမှာ နွေးထွေးမှုလေးတစ်ခုပါ ထည့်သွားလိုက်ပါ မလေးရေ။ ခရီးဆိုတာ တစ်နေ့နေ့မှာ ပြီးဆုံးခဲ့ပြီဆိုရင် ၀ါသနာတွေနဲ့ ဖွဲ့တည်ထားတဲ့ ဒီရပ်ဝန်းလေးက ပြန်အလာကို မျှော်လင့်ကြီးစွာ ကြိုဆိုနေမှာပါ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

အမှတ်တရတွေ အားလုံး မနိုင်မနင်း သည်ယူပေးသွားတာ အမှတ်တရ ရှိ နေပါတယ်............ကဝေဆိုး.......

ကျောပိုးအိတ် said...

အန်တီခင်လေးရေ

ခရီးသွားရင် အဖော်ပါမှ ကောင်းတာ။
သမီးလိုက်ခဲ့ပေးရမလား အဖော်အနေနဲ့ ။

အန်တီခင်လေးနဲ့ စကားတွေ အများကြီးပြောမယ်လေ။

အရမ်းခင်တဲ့
ပိုးပိုး

kaungkinpyar said...

ခင်လေး ရေးတဲ့ စာတွေ ကောင်းလိုက်တာ၊ တို့အတွက်တော့ မှတ်သားစရာတွေ ချည်းပဲ၊ ပြန်လာခဲ့တော့ နော်၊ စာတွေ တ၀ကြီး ဖတ်ချင်တယ်း)

မိုးခါး said...

လွမ်းစရာလို လို ၀မ်းနည်းစရာ လိုလိုပါလား ..................

HRmyanmar said...

အမတော် စာအရေးအသားကောင်းလွန်းတယ်ဗျာ
ပြည့်လျှံနေသော ခြင်းတောင်းလေးထဲ
အမတော်ကို အားပေးနေကြတဲ့ အားပေးစကားတွေပါ ထိုးကျိတ်ပြီးထည့်လိုက်ဗျား)
လျှောက်လှမ်းတဲ့ခရီး အမြန်ဆုံးရောက်ပါစေ
စာတွေလာဖတ်သွားပါသည်။