Wednesday, September 9, 2009

အိပ်နည်းအိပ်ဟန်သရုပ်မှန်

တစ်ညသ၌ ကျွန်ုပ်သည် ကုတင်ပေါ် ဆန့်ဆန့်ကြီး လဲလျောင်းလျှက် အိပ်စက်ရန် အလို့ငှာ ဈာန်သွင်းနေသည်မှာ အလောင်းကောင်ကြီးကဲ့သို့ အေးစက် ငြိမ်သက်လျှက်။ ထိုသို့ ခန္ဓာက တောင့်တောင့်ကြီး ငြိမ်သက်နေသော်လည်း အတွေးတို့သည် တောင်ရောက်၊ မြောက်ရောက်နှင့် ရောက်တတ်ရာရာ တွေးနေမိသည်။ လောကကြီးအကြောင်း၊ သဘာဝတရားကြီးအကြောင်း၊ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း၊ သေခြင်းတရားအကြောင်း စသည်ဖြင့် အကြောင်းကြောင်းများအားတွေးလျှက် နောက်ဆုံး မည်သည့်အကြောင်း တွေးလျှင်ကောင်းမည်နည်း ဟု ပြန်တွေးနေမိသည်။

တွေးမိတွေးရာ တွေးနေရာမှ ခန္ဓာဆန့်ဆန့်ကြီးလည်း အလွန် ညောင်းကိုက်လာသောကြောင့် ဘယ်ခြေကို ဆန့်မြဲဆန့်ရင်း ညာခြေကို အသာကွေးကာ ဘယ်ဘက်သို့ လည့်အိပ်လိုက်သည်။ လက်နှစ်ဖက်မှာလည်း တစ်ဖက်ကွေး တစ်ဖက်ဆန့် အနေအထားပင် ဖြစ်သည်။ အိပ်ချင်စိတ် ပျောက်နေသော မျက်လုံးအစုံကို ပျင်းရိစွာ ဖွင့်ကြည့်မိသည်တွင် ကျွန်ုပ်၏ ဘေးကုတင်၌ အိပ်စက်နေသော အခန်းဖော် ရောင်းရင်း၏ ဆန်းပြားသော အိပ်စက်ပုံမှာ အမြင်ထဲ ကန့်လန့်ဖြတ် ဝင်လာလေသည်။

ထိုပုဂ္ဂိုလ်၏ အိပ်စက်ပုံအား နေ့စဉ်ညတိုင်း မြင်နေကျဖြစ်သော်လည်း မည်သည့်အခါကမှ အသေအချာ အမူထား မကြည့်ခဲ့ချေ။ ယနေ့ည မြင်တွေ့နေပုံမှာ ကျွန်ုပ်အား ပြုံးမိစေသလို တွေးစရာများလည်း အလုံးအရင်းပင် ဝင်ရောက်လာတော့သည်။

အိပ်စက်ခြင်းဆိုသည်မှာ ခန္ဓာအိပ်စက်ခြင်းလား..! စိတ်အိပ်စက်လား..! လူတို့ အိပ်စက်ခြင်းသည် ခဏတာ သေဆုံးခြင်းလား..! သို့တည်းမဟုတ် သေဆုံးရန်အတွက် လေ့ကျင့် ပြင်ဆင်နေခြင်းလား..!

အနှီပုဂ္ဂိုလ် အိပ်စက်ပုံအား အသေအချာ ဖော်ပြရလျှင် ပက်လက်အနေအထား တမေ့တမော အိပ်နေခြင်းဖြစ်သည်။ ဘယ်ဘက်ဒူးခေါင်းအား ခပ်မတ်မတ် ထောင်ကာ ထိုထောင်ထားသော ဒူးပေါ်တွင် ညာခြေအား ကွေး၍ ပြန်ချိတ်ထားသည်။ ခြေဖဝါး ပြားပြားကြီးသည် မျက်နှာနှင့် တည့်တည့်ထောင်ထားသလို ဖြစ်သောကြောင့် မှန်ကြည့်နေသည်နှင့်ပင် တူနေသည်။ စွပ်ကျယ် တပိုင်းတစ်စ လိပ်တက်နေသောကြောင့် ဗိုက်ပူပူနှင့် ချက်စူစူအား မြင်နေရသည်။ ညာဘက်လက်အား ကခြေသည် ကဟန် ကွေး၍ ခေါင်းပေါ်တင်ထားသောကြောင့် ချိုင်းကြားမှ မဟူရာမွေးမှင်များအားလည်း မြင်နေရသည်။ ပါးဖောင်းဖောင်း၏ လေမှုတ်အထုတ်တွင် စူပွက်ပွက် ဖြစ်သွားသော နှုတ်ခမ်းထောင့်၌ သွားရည် အနည်းငယ် စီးဆင်းနေသည်။ တချက်တချက် စကားပြောသလို၊ အစာစားသလို၊ ပြုံးသလို လုပ်သေးသည်။ ထောင်ချိတ် ချိတ်ထားသော ဒူးနှင့်ခြေဖဝါးမှာလည်း လေတိုက်၍ ယိမ်းနွဲ့သလို ဘယ်ယိမ်း ညာယိမ်း ယိမ်းနေပြန်သည်။ ထို့ကြောင့် ကျွန်ုပ်မှာ တခွိခွိ ရယ်မိမတတ် ပြုံးရင်း ဤပုဂ္ဂိုလ်သည် စိတ်အိပ်စက်ခြင်း မဖြစ်နိုင်.. ခန္ဓာ အိပ်စက်ခြင်းသာ ဖြစ်သည် ဟူ၍လည်းကောင်း၊ ခန္ဓာ အိပ်စက်ခြင်း မဟုတ် စိတ်အိပ်စက်ခြင်းသာ ဖြစ်သည် ဟူ၍လည်းကောင်း တစ်ကိုယ်တည်း အပြန်အလှန် အငြင်းပွားနေမိသည်။

ထိုသို့သော အိပ်ပုံဆန်းအား ဆက်ကြည့်နေလျှင် ရယ်ချင်ပက်ကျိနှင့် မျက်လုံးပိုကျယ်တော့မည် စိုးသောကြာင့် စောင်းအိပ်နေသော ကိုယ်ကို ၃၆၀ ဒီဂရီ တစ်ပတ်လည့်၍ မှောက်လျက် အနေအထားသို့ ပြောင်းလိုက်သည်။ ခေါင်းအုံးပေါ်တွင် ပါးတစ်ခြမ်းကပ်ကာ လက်တစ်ဖက်ကို ခေါင်းအုံးအောက် လျှိုထည့်၍ ကျန်လက်တစ်ဖက်ကို ကုတင်အောက် တန်းလန်း ချထားလိုက်သည်။ ညာခြေကို မတ်နေအောင် ဆန့်တန်း၍ ဘယ်ခြေကို ချွန်နေအောင် ကွေးထားသောကြောင့် ကိုယ်အောက်ပိုင်းသည် အင်္ဂလိပ် ဂဏန်း နံပါတ် 4 နှင့် တူနေသည်။

ထို့နောက် အိပ်စက်ပုံအကြောင်း ဆက်တွေးနေရာမှ ကျွန်ုပ်၏ ချစ်လှစွာသော မိဘနှစ်ပါး၏ အိပ်စက်ပုံများအား သတိရ မြင်ယောင်လာသည်။ ကျွန်ုပ် ကလေးအရွယ်က မိဘနှစ်ပါးကြားတွင် အိပ်စက်ခဲ့ရသလို အတန်ငယ် ကြီးလာတော့လည်း ညရေးညတာ ထိုအခန်းတွင်း ရေချိုးခန်းသို့သာ အပေါ့အပါးသွားသဖြင့် ဖခင်မိခင်တို့၏ အိပ်ဟန်မှာ စိတ်တွင်း၌ အမှတ်ထင်ထင်ရှိနေသည်။

ဖခင်ကြီး၏ အိပ်စက်ပုံမှာ လွန်စွာ ကဗျာဆန်၍ လွန်စွာလည်း ပျော့ပျောင်းလှသည်။ အမှတ်တမဲ့ကြည့်လျှင် ဖယောင်းရုပ် ကွေးကွေးလေးအား ကုတင်ပေါ်အသာ တင်ထားသလိုပင်။ ဖခင်ကြီးသည် ညာဘက်သို့ မျက်နှာမှု၍ အိပ်တတ်သည်။ ဒူးနှစ်ဖက်ကို ညီညာစွာ ခပ်ပျော့ပျော့ ကွေးထားတတ်သည်။ ဒူးကိုကွေး၍ ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းထားသောကြောင့် တင်ပါးမှာ အတန်ငယ် ကောက်ချိတ်နေသည်။ ညာဘက်လက်အားကွေး၍ ခေါင်းအုံးအောက် ထိုးထည့်ကာ လက်နှင့်ခေါင်းအုံး ရောအုံးထားသည်။ ထူးဆန်းသည်မှာ ဘယ်ဘက် လက်ဝါးအား နားရွက်ပေါ်ဖုံးပိတ်၍ အိပ်တတ်ခြင်းပင်။ မည်သည့်အသံမှ မကြားလိုဟန်ဖြင့် ငြိမ်သက်စွာ အိပ်တတ်သည်။ ပို၍ ထူးဆန်းသည်မှာ ပြုံးစိ ပြုံးစိနှင့် အိပ်တတ်သောကြောင့် အိပ်ဟန်ဆောင်နေသည်ဟုပင် အထင်မှားမိသည်။ ဤသို့နှယ် ဖခင်ကြီး၏ အိပ်နည်းအိပ်ဟန်မှာ ချစ်စရာကောင်းနေပြန်သည်။

ကျွန်ုပ် ချစ်လှစွာသော မိခင်ကြီး၏ အိပ်စက်ပုံမှာ ဖခင်ကြီးကဲ့သို့ ကဗျာမဆန်ပဲ အနည်းငယ် မာထန်ထန် မာနကြီးဟန် ပေါက်နေသည်။ မိခင်ကြီးသည် ဖြူဖြူဖွေးဖွေး၊ ထောင်ထောင်မောင်းမောင်း၊ ချောချောလှလှ၊ ခန့်ခန့်ဝဝကြီး ဖြစ်သည်။ ပြုံးရွှင်စွာနေတတ်သလို မာန်မာနကင်းသူဖြစ်သည်။ သူတပါအားလည်း သနားကြင်နာ ကူညီတတ်သောကြောင့် လူချစ်လူခင်လည်း အလွန်များလှသည်။ သို့ပေသော်လည်း အိပ်ပျော်နေချိန်၌ အဘယ်အတွက်ကြောင့် မာန်မာနကြီးဟန် ပေါက်နေပါသနည်း။ စဉ်းစားစရာပင်။

မိခင်ကြီး၏ အိပ်စက်ပုံမှာ ပက်လက်အနေအထားဖြစ်သည်။ လက်သီးနှစ်ဖက်အား ကျစ်ကျစ်ဆုပ်၍ ခါးနှစ်ဖက်ကို ထောက်ထားသည်။ သဏ္ဌာန်မှာ သူတပါးအား ရန်တွေ့နေပုံမျိုးဖြစ်သည်။ ခေါင်းကို မော့၍ အိပ်တတ်သည်။ မျက်မှောင်ကုတ်၍ ပါးစပ်ကို ဟထားတတ်သည်။ အံ့ဖွယ်မှာ အလွန်ကျယ်လောင်စွာ ဟောက်တတ်ခြင်းပင်။ အသက်ကို “ခလော” ကနဲ မြည်အောင် ခပ်ဝဝတစ်ချက် ရှူလိုက်ပြီးလျှင် မိနစ်ဝက်ခန့် အသက်အောင့်၍ ငြိမ်နေတတ်သည်။ ပြီးလျှင် “ခလူးးးးးးးးးး” ကနဲ မြည်အောင် အားရပါးရ မှုတ်ထုတ် ပြန်သည်။ အလွန်အိပ်မောကျသွားပါက “ခလူးးးခလော ခလောခလူးးးး” နှင့် မီးရထားစက်ခေါင်းကြီး အရှိန်မြင့်လာသလိုပင်။ အသို့ကြောင့်ပင်လျှင် ချစ်လှစွာသော ဖခင်ကြီးခမျာ နားကိုပိတ်၍ ကျိတ်မှိတ် အိပ်နေရခြင်းပေတည်း။ ဤသည်ကိုပင် ဖခင်ကြီးခမျာ “ဟောက်သံမကြားက အိပ်၍မပျော်တော့” ဟု မိခင်ကြီး အချစ်ပိုစေရန် ပြောတတ်သေးသည်။
ဖခင်ကြီး၏ အချစ်ကြီးခြင်းနှင့် ဘာမဆို သည်းခံတတ်ခြင်းအား ကျွန်ုပ် အမွေ ရထားပေသည်။ (ဤကားစကားချပ်)

မိဘနှစ်ပါးအကြောင်းတွေးမိ၍ အိမ်သို့ သတိရစိတ် ဖြစ်ပေါ်ကာ သက်ပြင်းကို “ဖလူးးးးးး” ကနဲ မှုတ်ထုတ်လိုက်သည်။ အခန်းတွင်းဖွင့်ထားသော လေအေးစက်သည် ညနက်လာသည်နှင့်အမျှ အအေးဓါတ်သည်လည်း ပို၍တိုးလာသည်။ ထို့ကြောင့်ပင်လျှင် မှောက်လျက်အနေအထားမှ ၁၈၀ ဒီဂရီ လည့်ကာ ဒူးနှစ်ဖက်အား ပူး၍ ခါးအား အနည်းငယ် ကိုင်းကာ ကွေးထားလိုက်သည်။ လက်နှစ်ဖက်အားလည်း လက်အုပ်ချီသဏ္ဌာန် လက်ဝါးချင်းကပ်လျက် ကွေးထားသော ဒူးနှစ်လုံးကြားမှတစ်ဆင့် ပေါင်နှစ်လုံးကြား ကန့်လန့်ဖြတ် ထိုးသွင်းထားလိုက်သည်။ လက်ဝါးနှစ်ဖက် ပူးကပ်ထားသည်မှာ သစ်ခုတ်သမား၏ အသွားထက်ထက် ရဲတင်းကြီးနှင့် တူနေပေသည်။

အတွေးတို့သည် အရှိန်ရစွာဖြင့် ဆက်တွေးလာခဲ့သည်မှာ အဆောင်နေကျောင်းသားဘဝမှ သူငယ်ချင်းများ၏ အိပ်စက်ပုံများသို့ ရောက်သွားကာ တကိုယ်တည်း ပြုံးနေမိပြန်သည်။ အနှီသူငယ်ချင်းတို့ အိပ်ပုံမှာ လွတ်လပ်ပွင့်လင်းကြ၏။ တချို့ ဒူးတစ်ဖက်ထောင်၍ အိပ်သည်။ တချို့ နှစ်ဖက်ထောင်၍ အိပ်သည်။ တချို့ ပေါင်ကား၍ အိပ်သည်။ တချို့ Rapper စတိုင် မ၍အိပ်သည်။ တချို့ ဇတ်မင်းသား ကဟန်ဖြင့် အိပ်သည်။ တချို့ ခေါင်းအုံးခွ အိပ်သည်။ တချို့ ရေသန့်ဗူး ခွအိပ်သည်။ တချို့ ဟောက်၍ အိပ်သည်။ တချို့ သွားကြိတ်၍ အိပ်သည်။ တချို့ ဘောင်းဘီဝတ်၍ သပ်သပ်ရပ်ရပ် အိပ်သည်။ တချို့ ဟို့လို့ဟောင်းလောင်း အိပ်သည်။ တချို့ ပုဆိုးလည်ပင်းသိုင်းရင်း ဟာလာဟင်းလင်း လေညင်းခံသည်။ ထိုသို့နှယ် မမြင်ချင်အဆုံး ကိုးရိုးကားရား အိပ်ဟန်အသွယ်သွယ်ပင်။ ထိုသူတို့အား သားရေကွင်းဖြင့် ပစ်ဖူးသည်။ ထုံးကွင်းဖူးသည်။ ဘောပင်ဖြင့် နှုတ်ခမ်းမွေးဆွဲဖူးသည်။ မီးရှို့ရန်ပင် ကြံစည်ခဲ့ဖူးသည်။ ကျွန်ုပ်မှာ ဤသို့ ပေါက်တတ်ကရ ဗရုတ်ကျ စနောက်တတ်သူပင်။ ထိုအချိန်က ဘလော့ဂါခေတ် မဟုတ်သေးသည်မှာ ဒင်းတို့ အတော် ကံကောင်းပေသည်။

အနှီသူငယ်ချင်းများ၏ အိပ်ပုံများအား ပြန်လည်မြင်ယောင်ရင်း အိပ်စက်ခြင်းသည် စိတ်လွတ်ကိုယ်လွတ်ဖြင့် လောကကြီးနှင့် တဒင်္ဂ အဆက်အသွယ် ပြတ်သွားခြင်း ဖြစ်သည်ဟုလည်း ခပ်ရေးရေး ကောက်ချက်ချမိလာသည်။

ထို့နောက် အတန်ငယ် ချွေးစို့လာသဖြင့် ပက်လက် လှန်လိုက်ပြန်သည်။ ခြေနှစ်ဖက်ကို အီကြာကွေးကဲ့သို့ ပူးကပ်ရင်း ခြေအဖျားအား မုန့်ကြိုးလိမ်ကဲ့သို့ အနည်းငယ် လိမ်ချိတ်ထားလိုက်သည်။ လက်နှစ်ဖက်ကိုမူ အကြော်သည် မုန့်ဗန်းရွက်သကဲ့သို့ အပြားလိုက် ခေါင်းပေါ်တင်ထားလိုက်သည်။ ထိုအချိန်တွင် ကျွန်ုပ်၏ အတွေးပုံရိပ်၌ ပုံပေါ်လာသည်မှာ ကျွန်ုပ်၏ ချစ်လှစွာသော၏ ချစ်စရာကောင်းသော အိပ်စက်ပုံပင်။
သူလေး၏ ချစ်စရာကောင်းသော အိပ်စက်ပုံအား စာလေးမည် စိုး၍ သို့တည်းမဟုတ် ကျွန်ုပ် ရင်ဘတ်ကြီး လေးလာမည်စိုး၍ ဖော်ပြခြင်း မပြုတော့ပါ။ (ဤကားစကားချပ်)

ထိုသို့ အိပ်စက်ခြင်းအကြောင်းနှင့် အိပ်နည်းအိပ်ဟန်များအား တွေးတော မြင်ယောင်ကာ ကျွန်ုပ်သည်လည်း မည်သို့ မည်ပုံ အိပ်စက်သနည်း။ ကျွန်ုပ်အိပ်သော စတိုင်ရှိလိမ့်မည်။ ကျွန်ုပ်၏ အိပ်ဟန်သည် မည်သို့နည်း။ သိချင်စိတ် လွန်စွာ ပြင်းပြလာသည်။ အဖေတူသား ဖြစ်သောကြောင့် ဖခင်ကြီးလို ကဗျာဆန်ဆန် အိပ်တတ်သလား။ အမေနှင့်လည်း တူပြန်သောကြောင့် အမေ့လိုများ ဟိတ်ဟန်ကြီးနှင့် အိပ်တတ်သလား။ သို့မဟုတ် သူငယ်ချင်းများလို လန်ပျံနေအောင် အိပ်တတ်သလား။ ဒါတော့ မဖြစ်နိုင်ပေ။ ကျွန်ုပ်မှာ အလွန် အရှက်ကြီးသူ ဖြစ်သောကြောင့် ဖုံးရုံတင်မက ဖိ၍ပါ နေတတ်သောကြောင့်ပင်။ ဆိုလိုသည်မှာ ဖုံးဖုံးဖိဖိနှင့် အနေအထိုင် သေသပ်ပိရိသောကြောင့် အအိပ်ပက်စက်သူတစ်ယောက် မဖြစ်နိုင်ပေ။

ကျွန်ုပ် တွေးနေရာမှ ငေါက်ကနဲ ထထိုင်လိုက်သည်။ ပေါက်ကရလုပ်ရာတွင် အလွန်အကြံကောင်း တတ်သောကြောင့် အားရပါးရ ပြုံးလိုက်သည်။ ထို့နောက် လက်ဖျောက်တစ်ချက်တီး၍ “ဟုတ်ပြီ” ဆိုသော ပုံစံဖြင့် ဗီရိုကိုဖွင့်၍ ဗီဒီယို ကင်မရာကို ဆွဲထုတ်လိုက်သည်။ ကင်မရာကြီးအား ခြေရင်းဘက် စားပွဲပေါ်တွင် အသေအချာတင်ကာ ကျွန်ုပ်၏ ကုတင်အား ချိန်ထားလိုက်သည်။ ထို့နောက် ပြုံးဖီးဖီးကြီးနှင့် ကင်မရာ ခလုပ်အား “ထောက်” ကနဲ နှိပ်ချလိုက်တော့သည်။

ညဝတ်အိပ် ဘောင်းဘီနှင့် အင်္ကျီ၏ အတွန့်အကြေများအား သပ်ရပ်သွားစေရန် အနည်းငယ် ဆွဲဆန့်၍ အလှဆုံးအိပ်ရန် ပြင်ဆင်လိုက်သည်။ ကင်မရာကြီးသည် ကျွန်ုပ်အား ကြည့်နေသည်ဟု ခံစားလာရကာ စိတ်တွင် မလုံမလဲနှင့် ရှက်စိတ်ပင်ဖြစ်လာမိသည်။ ကျွန်ုပ်၏ အိပ်စက်ပုံ မလှပမည်ကိုလည်း စိုးရိမ်နေမိသည်။ စိတ်တွင်း၌လည်း ပက်လက်အနေအထားသည် ပို၍ အနေရခက်သလို ခံစားလာရသဖြင့် တပတ်လည့်ရင်း ခေါင်းအုံးကို မျက်နှာအပ်ကာ မှောက်လျက်ဖက်ထားလိုက်သည်။ ထို့နောက် အတွေးများ ဖြတ်ကာ စိတ်ကို ဒုန်းဒုန်းချ အိပ်လိုက်လေတော့သည်။

နံနက် အိပ်ရာ နိုးလျှင်နိုးခြင်း သိလိုစိတ်ပြင်းပြကာ အပြေးအလွှားဖြင့် ကင်မရာကို အူယားဖားယား ဖွင့်ကြည့်လိုက်သည့် သကာလ.. ကျွန်ုပ်မှာ “ဟိုက်” ကနဲ အော်ရင်း မျက်လုံးကြီး ပြူးကာ ပြူးကာနှင့် ရင်သပ်ရှုမော နေမိလေတော့သည်။

ကျွန်ုပ်ကိုယ်တိုင် လွန်စွာ အံ့သြရသော ကျွန်ုပ်၏ အိပ်စက်ပုံမှာ ထူးဆန်းထွေလာ အံ့ဘွယ်ဘနန်းပင်။ တရုတ်သိုင်းကားတွင်းမှ သိုင်းသမားတစ်ယောက် သိုင်းကျင့်နေသကဲ့သို့ ခြေနှစ်ဖက်အား ကားလိုက်၊ ကွေးလိုက်၊ ကန်လိုက်၊ ကျောက်လိုက် နှင့်။ လက်နှစ်ဖက်အားလည်း လိမ်လိုက်၊ ကွေးလိုက်၊ ဆန့်လိုက်၊ ထိုးလိုက်၊ ခုတ်လိုက်၊ ကုတ်လိုက် နှင့်။ မျက်နှာသည်လည်း ငိုလိုက်၊ ရယ်လိုက် နှင့်။ ပါးစပ်သည်လည်း အော်လိုက်၊ ဟစ်လိုက်၊ ငြီးလိုက်၊ ယောင်လိုက် နှင့်။ တဗြင်းဗြင်း ခေါင်းကုတ်သံ၊ တဗွမ်းဗွမ်း လေပေါက်ကွဲသံ များပင် ပါသေးသည်။

သိုင်းကစားဟန် အိပ်စက်အပြီး အလွန်ငြိမ်သက်စွာ အိပ်မောကျသွားလေတော့သည်။ ထိုသို့ ငြိမ်သက်စွာ အိပ်စက်နေပုံကြောင့် ကျွန်ုပ်မှာ ရယ်ရမလို၊ ငိုရမလိုနှင့်။ ထိုပုံထိုဟန် အိပ်တတ်သောကြောင့် ကျွန်ုပ်ကိုယ် ကျွန်ုပ်လည်း လွန်စွာစိတ်ပျက်လျက် ရှက်နေမိသည်။ အိပ်စက်နေပုံမှာ အခါလည် ကလေးငယ်များကဲ့သို့ ချစ်စရာတော့ ကောင်း၍နေသေးသည်။ ကျွန်ုပ်၏ အိပ်စက်ပုံအား အဖြစ်မှန်အတိုင်း သရုပ်ဖော်ပြရမည်ကို လွန်စွာ ရှက်မိသောကြောင့် အောက်တွင်သာ ရှုစားကြပါကုန်။

ကျွန်ုပ်၏
ချစ်စရာကောင်းသော
အိပ်စက်ပုံအား
ကြည့်ရန်အတွက်
ဘေးတွင်ရှိသော
Scroll Bar အား
ဖဲပွတ်သကဲ့သို့
ရင်တထိတ်ထိတ်နှင့်
အောက်ဘက်သို့
ခပ်ဖြည်းဖြည်း
ဆွဲချ၍
စိတ်ဝင်တစား
ကြည့်ရှုပါရန်
.
.
.
.
.
..
.
.
.
.
.
.
.
.
.
စိတ်ရှည်ပါကွယ်
.
.
..
.
.
.
.
.
..
.
.
.
.
ရောက်တော့မယ်
.
.
.
.
.
.
.
.
ရှက်တော့ ရှက်မိသား
.
.
.
.
.
.
.
.
.
.
.
v
v
v
v
v
.

diam
ရှူးတိုးတိုး..!!
ကိုရင်နော် အိပ်နေသည်။
.
.
.

ပြုံး၍ဖတ်ပြီးပါက အတည်ပေါက်နှင့် ဆက်ဖတ်ပါရန်။ (ဤကားစကားချပ်)

ကျွန်ုပ်၏ အိပ်စက်ခြင်းနှင့် အိပ်ဟန်၊ အခြားသူများ၏ အိပ်ဟန် အသွယ်သွယ်တို့အား မြင်ယောင်ပြီး တွေးမိသည်မှာ.. အိပ်စက်ခြင်းသည် ငြိမ်သက်စွာ သေဆုံးရန် လေ့ကျင့်နေခြင်း ဖြစ်နိုင်သည်။ ထို့အတူ တစ်ရက်တခါ အိပ်စက်ခြင်းသည် သတိလက်လွတ် သေဆုံးခြင်း ဖြစ်နိုင်သည်။ ထိုအတူ စိတ်သည် မအိပ်ပဲ ခန္ဓာသာ အိပ်စက်နေခြင်း ဖြစ်နိုင်သည်။ ထို့အတူ စိတ်သည်သာ အိပ်စက်နေ၍ ခန္ဓာသည် ဟိုလည့် သည်လည့် လုပ်နေနိုင်သည်။ ထိုသို့ပင် စိတ်နှင့်ခန္ဓာ အတူတကွ နိုးထနေကြသည်လည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် မည်သူ အိပ်နေသနည်း။ ထိုအိပ်စက်ခြင်းသည် စစ်မှန်သော အိပ်စက်ခြင်း ဟုတ်ပါရဲ့လား။

ကျွန်ုပ်တို့အားလုံးသည် ထိုနေ့ရောက်လျှင် စိတ်နှင့်ခန္ဓာ ငြိမ်သက်တိတ်ဆိတ်စွာ အိပ်ကြရလိမ့်မည်။ ငြိမ်းချမ်းစွာ အိပ်စက်တတ်ရန်အတွက် နေ့စဉ်နေ့တိုင်း အိပ်စက်ခြင်းတွင် လောဘ၊ ဒေါသ၊ မောဟများ ကင်း၍ ဖြူစင်လှပစွာ အိပ်စက်တတ်ရန် ပြင်ဆင်ဖို့ လိုအပ်နေသည်။

အတ္တကင်းရှင်း ဖြူစင်ခြင်းဖြင့် အသက်ရှင် နေထိုင်ခြင်းသည် ထိုနေ့ရောက်လျှင် ငြိမ်းချမ်းကြလိမ့်မည်။
စစ်မှန်သော ငြိမ်သက်ခြင်းသည်လည်း ထိုနေ့တွင်သာ ရှိသည်။
ထိုနေ့သို့ မကြာမီသွားကြရတော့မည်။
ထိုနေ့ရောက်လျှင် ငြိမ်းချမ်းစွာ အိပ်စက်နိုင်ရန် ယနေ့ပင် သန့်ရှင်းဖြူစင်ရပေတော့မည်။

(ကိုရင်နော်)

50 comments:

မယ့်ကိုး said...

၁ ... =)

မယ့်ကိုး said...

ပြုံးရုံတင် မကဘူး။ ရယ်လိုက်ရတာ :D ...
အောက်ဆုံးစာပိုဒ်လေးကိုလည်း လေးလေးစားစား နှစ်သက်မိပါတယ်။
ဒီလို စာလေးတွေ အမြဲဆက်ရေးနိုင်ပါစေ...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ကိုရင်နော် said...

အမှန်တော့ ဒီပိုစ့်ကို Tag ပိုစ့် အဖြစ် ဖန်တီးပြီး ချစ်ခင်ရတဲ့ ဘလော့ဂါ မောင်နှမတွေကို တဂ်လိုက်ဖို့ပါ..း)

အစ်မအရွယ်၊ နှမငယ် ဘလောဂါများကို တဂ်လိုက်ရင် သူတို့ခမျာ အရေးရ ခက်ကုန်ကြမှာ သေချာသလောက်ရှိပါတယ်.. သူတို့ရဲ့ အိပ်ပုံဆိုးဆိုးများကို စာဖတ်သူတွေ မြင်ယောင်ကုန်ရင်ဖြင့် ခက်ကုန်လိမ့်မယ်လို့ အတွေးပေါက်ပြီး မတဂ် ဖြစ်တော့တာပါ..း) တကယ်များ Tag လိုက်ရင် လိုက်ရိုက်ကြမှာ သေချာပါတယ်..း) အဟီးးး

ဘလော့ဂင်းဖက် ညီအစ်ကိုတော်တွေကို တဂ်လိုက်ရင်လည်း ဒင်းတို့ အမှန်အတိုင်းရေးကုန်ကြရင် ကျနော်ကိုယ်တိုင် မဖတ်ရဲမှာ စိုးမိလို့ သူတို့ကိုလည်း မတက်တော့ပါဘူးလေ..း)

စိတ်ထဲမှာတော့ တလောကမှ အိမ်ထောင်ကျသွားတဲ့ ချစ်မိတ်ဆွေ ဘလော့ဂါကြီး တစ်ယောက်ကိုတော့ အသည်းတယားယား တဂ်ချင်နေမိပါတယ်.. သူ့ရဲ့ “ယခင်အိပ်ပုံနှင့် ယခုအိပ်ပုံ” ဆိုတာကို ကွဲကွဲပြားပြား သိချင်နေမိပါတယ်..း) သူ့ကိုတော့ မသိမသာ လက်တို့ပြီး တဂ်လိုက်ပါတယ်.. မရေးဘူးဆိုရင်လည်း လက်တို့ပြီးသာ ပြန်ပြောပြပေါ့ ကိုယ်ဆရာရယ်..း))

အားလုံးကို ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ကိုရင်နော်

MANORHARY said...

ငြိမ်းချမ်းစွာအိပ်စက်တတ်ဖို့ပြင်ဆင်ကြရဦးမယ်
အအိပ်ခက်တတ်သူတွေအတွက် အသေရောခက်မလား
စဉ်းစားတွေးပူမိသွားပါကြောင်းးးးးးးးးးးးးးးးးးးးး

ကျောပိုးအိတ် said...

ကင်မရာကြီးသည် ကျွန်ုပ်အား ကြည့်နေသည်ဟု ခံစားလာရကာ စိတ်တွင် မလုံမလဲနှင့် ရှက်စိတ်ပင်ဖြစ်လာမိသည်။

ကျွန်ုပ်၏ အိပ်စက်ပုံ မလှပမည်ကိုလည်း စိုးရိမ်နေမိသည်။

ရှာရှာဖွေဖွေဦးနော်ရယ် လုပ်တတ်တယ်နော်။
ပြုးရုံတင်မဟုတ်ဘူး အော်ပြီးရယ်သွားတယ်။

အိပ်နေတဲ့ပုံကိုလဲ သဘောကျတယ်။ ပြန်တောင်စဉ်းစားမိတယ်။ သမီးရော ဘယ်လိုအိပ်ခဲ့လဲ။ ဦးနော်လို ဗွီဒီယိုရိုက်ထားရင် ကောင်းမလားလို့ ။
း)

ခရေညို said...

ဟားဟား အိပ်နေပုံကလည်: ရယ်စရာကြီး
ကိုဘယ်လိုအိပ်လည်းဆိုတာပြန်စမ်းစစ်လိုက်အုန်းမယ် ကင်မရာထားပြီးတော့

မင်းအိမ်ဖြူ said...

အဲဒီလိုများအိပ်မိလား အင်းမဟုတ်ဘူးထင်တာပဲ
ဟာဟ
ကျွန်တော်ကတော့ ခွစရာ ၊ ဖက်စရာပါမှ အိပ်တက်တယ်ဗျ P:

ပျော်ရွှင်ပါစေ

( ကိုရင်နော်ကို တစ်ယောက်တည်းနေတဲ့ လူလွတ်ကြီးလို့ထင်ဘူးဗျ ဟီဟိ ဆောရီး ခုမှ တစ်ယောက်တည်း စိတ်ကူးယဉ်ပြီး အိပ်နေရတာ တနားသွားတယ် ကွီကွီ )

စိမ်း... said...

ဂယ်အိပ်တာလား အဲ့လိုကြီး တော်သေးလို့ပေါ့ မတဂ်လိုက်တာကျေးဇူးတင် တစ်ယောက်တစ်ဆင့်နဲ့ နောက် ကိုယ့်ပါတိုင်လာပတ်မှာ ကိုယ်အိပ်တာ တစ်ခါမှ ကိုယ်ထိုင်မကြည့်ဖူးဘူး ညကျမှ စောင့်ကြည့်ဦးမယ် ... ဟီး ဟီး ...

မမသီရိ said...

ဒီစာ အရေးအသား ဖတ်ရတာ သိပံမောင်ဝ တို့ မင်းသိင်္ခ တို့ ဖတ်နေရသလို ပဲ ကွ
ကြံကြံ ဖန်ဖန် တွေး ကြံကြံဖန်ဖန်ရေးတတ်သူလေး ပါပဲ

တကယ်ပါပဲ ကိုယ် ဘယ်လိုအိပ်စက်သလဲ လို့ ချက်ချင်း ပြန်တွေးဖြစ်စေတယ်

မမ တို့ငယ်ငယ် က အင်္ဂလိပ်ဆရာ တယောက် ခဏခဏ ပြောဖူးတယ် ကွ
သူ့ မိန်းမ အိပ်ပုံ မယူခင်တုန်းက သိခဲ့မယ် ဆို သူ မယူ ဘူး ဆိုပဲ
ခုမှ ကြုံလို့ ပြန်သတိရတာ ပါ


တခုတော့ ဆင်ခြင်ပေါ့ ဆရာ ရယ်
မင်း သူများတွေ ပြောကုန်တော့ မယ်
အဖေ အမေ ဘယ်လိုအိပ်သလဲ သတိထား ကြည့်ဖူးသူလေးရယ် လို့..း)

ခုတလော အိမ်ထောင်ကျတဲ့ သူငယ်ချင်း က ပါလိုက်သေး...း)

sweetpeony said...

ရုံးရောက်ရောက်ချင်း ဖတ်မိပါတယ်...
ရီလိုက်ရတာ အသံတောင်ထွက်တယ်..
တော်သေးတယ် ဘယ်သူမှမရောက်သေးလို့..
ဟီးးးး...
အိပ်တယ်ဆိုတာ စိတ်ရော လူရော အနားပေးလိုက်တာလို့ ထင်တာပဲ ဦးနော်...
တချို့က လူအိပ်နေပေမယ့် စိတ်က မအိပ်ဘူး.. အလုပ်လုပ်နေတယ်.. အဲဒါကြောင့် နေ့ဘက်မှာဖြစ်ခဲ့တာတွေကို ပြန်ပြောနေတာတို့ လမ်းထလျှောက်နေတာတို့ ဖြစ်တာပေါ့.. ယောင်တယ်ပေါ့လေ.. အဲဒါစိတ်မငြိမ်းချမ်းလို့.. မသိစိတ်က အလုပ်လုပ်နေတာ.. အဲဒီတော့ လူကသာအိပ်နေတာ စိတ်ကမနားရတော့ မအိပ်ရတော့ ဘယ်လောက် အိပ်အိပ် အိပ်ရေးလည်းမ၀ဘူး..
`နေ့စဉ်နေ့တိုင်း အိပ်စက်ခြင်းတွင် လောဘ၊ ဒေါသ၊ မောဟများ ကင်း၍ ဖြူစင်လှပစွာ အိပ်စက်တတ်ရန်´ ဆိုရင်တော့ အိပ်ခါနီး ဘာမှမစဉ်းစားနဲ့.. အိပ်ခါနီးစဉ်းစားလိုက်တာကို မသိစိတ်မှာစွဲနေတတ်တယ်.. ဒါကြောင့် အိပ်ပြီဆိုရင် ဘာမှမစဉ်းစားဘဲ စိတ်ကိုလျော့... ၀င်လေထွက်လေကို သတိထားကြည့်လိုက်.. သတိထားနေရင်းနဲ့ စိတ်ကို လျော့လျော့သွားကြည့် ဘယ်ချိန်အိပ်ပျော်သွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး.. ဆွိပီအိုနီတို့ကတော့ တရေးပဲ အိပ်တယ် ဦးနော်... ည ခေါင်းချပြီး မျက်လုံးမှိတ်လိုက်.. မျက်လုံးပြန်ဖွင့်ကြည့်လိုက်ရင် မိုးလင်းနေပြီ...
ဟီးဟီး...
အဲ အဲ လျှာရှည်တာများသွားပြီ တော်မှ တော်မှ..
း)))

နှင်းဟေမာ said...

ကျောင်းသုံးမြန်မာစာဘာသာမှာ ဖော်ပြရန်အတွက် ရွေးခြယ်ခြင်းခံလိုက်ရတဲ့ နံမည်ကြီးကဗျာ ဆရာတစ်ယောက်က ပြောဖူးတယ်....
ကျနော့ ကဗျာလေးကို ရသ အမျိုးမျိုး နဲ့ ခွဲခြား ဖော်ပြခြင်းခံရမှပဲ ဒီရသတွေမြောက်နေမှန်း ကျနော်သိတော့တယ်တဲ့ ......။ ကိုရင်နော်
ရေးလိုက်တဲ့ အကြောင်းအရာတိုင်းကို ဖတ်ရတိုင်း
ဒီစကားလေးကို ပဲ ပြန်ပြန်သတိရနေမိတယ်.....။
ခင်မင်လေးစား အမြဲအားပေးလျှက်ပါ

စည်သူ said...

ဟားးးးးးးးးးးးးးးးးးးးး
ဟားးးးးးးးးးးးးးးးးးးးး
ဟားးးးးးးးးးးးးးးးးးးးး.. လို့ပဲရယ်လိုက်မယ်..

တိုင်ပြောအုံးမှာ.. ကျေနပ်ဘူး..

ဟိုလေ.. ဟို.. ဦးနော်ရေ.. တားတားမတိလို့ မေးမယ်နော်..

ဦးနော်က ဖင်ဦးခေါင်း ထောင်ပြီးအိပ်တာ..
ပြီးတော့.. ဘူးးးးးးးးး ဆိုပြီး .. ခြင်မ တစ်ကောင်ကို မွှေးမွှေးပေးလိုက်တာလား..းP တော်သေးတာပေါ့.. တဂ်များတဂ်လိုက်လို့ကတော့ လိပ်ပြာတောင် ပြန်ခေါ်ကြရလိမ့်မယ်..း)

ဟေ. ဟေးး အဖေနဲ့ အမေ အိပ်စက်ပုံကတော့ ရှေ့သွားနောက်လိုက် ညီတယ်ဟေ့..

ကိုအိပ်စက်ပုံကို ထည့်ရေးထားလို့နော်..
မရေးထားလို့ကတော့ ဟဲ.. ဟဲ..းP

ခင်မင်လေးစားစွာဖြင့်
စည်သူ။

နွေးနွေးသဲမွန် said...

ဟီဟိ..ရယ်လိုက်ရတာ.. :-D သေသေချာချာမှတ်သွားတယ်...အိမ်ရောက်မှလေ့ကျင့်ရမယ်...ခွိ

တောင်ပေါ်သား said...

ဦးနော် အောက်ဆုံးက စာပိုဒ်လေးကို အရမ်းကြိုက်တယ် အမှန်တကယ် ဘယ်ဘာသာတရားမဆို အိပ်စက်ခြင်းမှာ အကောင်းဆုံး၊ အဖြူစင်ကြယ်ဆုံး ကိုယ်ခန္ဓာကို သန့်ရှင်းမူလုပ်ပြီးမှ အိပ်တာက ဘေးအန္တရယ်တွေ ကင်းပြီး ကျန်းမာခြင်းကို ဖြစ်စေပါတယ်။

ဦးနော်လိုတော့ အပေါ်ထောင် အိပ်တတ်ဘူးဗျ အဟီးးးးးးးး


လေးစားလျက်
တောင်ပေါ်သား

ဝေလေး said...

ဟိုနေ့ကပဲ ဆရာသိပ္ပံမောင်ဝ ရေးတဲ့စာအုပ်ဖတ်နေတာ။ ဦးနော်ရေးတဲ့စာဖတ်ပြီး အဲဒီအရေးအသားကို တန်းမြင်ယောင်မိတယ်။ ရီလိုက်ရတာ ဦးနော်ရယ် တစ်ကယ်ပဲ။ အောက်ဆုံးစာပိုဒ်လေးကိုတော့ ခပ်တည်တည်နဲ့ လေးလေးနက်နက် ဖတ်သွားပါတယ်..

Mogok Thar said...

ကိုရင်တို့ကတော့နော်
အစက စုံထောက်ဝတ္ထု ရေးနေလေသလား အောက်မေ့တာ။ အိပ်စက်ခြင်းကို ဘယ်လိုများ စုံစမ်းထောက်လှမ်းလေမလဲပေါ့။ ဘေးဝန်းကျင်က လူတွေ အိပ်ပုံအိပ်နည်းတွေ ဖတ်ပြီး ပြုံးမိလာရင်း အလှဆုံးပြင်ဆင်အိပ်တဲ့ ကိုရင်၊ ဖမ်းထာတဲ့ ကင်မရာက ကိုရင့်အိပ်ပုံအိပ်နည်း ဘယ်လို လှလှပပ ထွက်လာမလဲ တွေးနေတာ။ နောက်တော့မှ ဖင်ဗူးတောင်းထောင်လျက်သား ဖြစ်နေတော့တာကိုး။ အသံထွက် မရယ်မိအောင် မနည်း ထိန်းထားရတယ်။ ဟား ဟား။
ကိုရင်ရေ.. အိပ်ခါနီးကျ စိတ်လေ့ကျင့်ခန်းလေး လုပ်ပြီး အိပ်တာ ကောင်းတယ်ဗျ။ လူက အနေတတ်ဖို့လဲ လိုသလို အသေ တတ်ဖို့လဲ လိုသေးတယ်တဲ့။ သေခြင်းတရားဆိုတာက ကျွန်တော်တို့ မလွဲမသွေ တွေ့ရမဲ့ ဘ၀လမ်းတစ်ခု အဆုံးပဲ မဟုတ်လား။
ကိုရင် ပြောသလို အတ္တကင်းရှင်း ဖြူစင်စွာ ရှင်သန်နိုင်ဖို့လိုသလို မေတ္တာစိတ်တွေကို ဆောက်တည် ပွားများယူဖို့လဲ လိုတယ်။ ဘယ်လိုပုံမျိုးနဲ့ပဲ အိပ်စက်ပါစေ၊ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ဖို့ဆိုတာ တကယ်တမ်းတော့ စိတ်တစ်ခုသာ အချုပ်ပါဗျာ။ အဲဒီစိတ်လေးတွေ အတွက် လေ့ကျင့်ခန်းကတော့ သိသူဖော်စား၊ မသိသူကျော်သွားကြတာပဲပေါ့။ တစ်ချို့လဲ သိရက်နဲ့ ကျော်သွားတတ်ကြတာပါပဲ။
စာလေးဖတ်ပြီး စိတ်ထဲပေါ်ရာ အတည်ပေါက်နဲ့ နောက်သွားပါတယ်။
ဟေ ဟေ ဟေ့ ဟေ.....(ပြေးပြီ)

ချစ်ခင်လေးစားစွာဖြင့်

တလနွန် said...

ရေးတတ်တွေးတတ်လိုက်တာ ဦးနော် ရာ။ ဖတ်နေရင်း ပြုံး ဖတ်ပြီးလည်း ပြုံး နေရတယ်။
ငြိမ်းချမ်းစွာ အိပ်စက်အနားယူရမဲ့ တစ်နေ့ လူတိုင်း ကြုံရမှာပါပဲ။ အဲဒီမတိုင်ခင် အေးအေးချမ်းချမ်း အိပ်စက်တတ်အောင် ကြိုပြီးကြိုးစားကြရမှာပဲ။

မိုးမောင်(HappyCloud) said...

ကိုရင်...
ဒီလိုအိပ်ပုံက သိပ်အန္တရာယ်များတယ် ကိုရင်။ ကျနော် စိတ်ပူနေမိတယ်နော်။ ဘာလို ဒလောက်စွန့်စားချင်စိတ်တွေ ရှိနေတာလဲ ဗျာ.. :D

kaungkinpyar said...

ကိုနော်ရယ် အရယ်သန်တဲ့အမ ရယ်လိုက်ရတာ ခွက်ထိုးခွက်လန်ပဲ၊ စာရေးထားတာကတော့ တို့ မမသီရိပြောသလိုပဲ ကောင်းလိုက်တာ၊ တို့လဲ အသက်ကြီးပြီ ဆိုတော့ သေဖို့ အတွက် အေးအေးချမ်းချမ်း အိပ်စက်နိုင်အောင် ကြိုးစားရဦးမယ်း)

Moe Myint Tane said...

ယနေ့အိပ်စက်ခြင်းသည် နောင်တစ်ဖန်ပြန်လည်နိုးထရန်ဖြစ်၏ ။ ထို့အတူ ယနေ့နိုးထခြင်းသည်လည်း တဖန်ပြန်လည်အိပ်စက်ရန် အစပျိုးခြင်းဖြစ်လေသည်။ သတ္တ၀ါတို့သည် နေ့ပေါင်းများစွာအိပ်စက်ခြင်းအမှုကို ပြုကြသော်လည်း တစ်ကြိမ်တစ်ခါ ကြာရှည်စွာအိပ်စက်ရန်အလို့ငှာ လွန်စွာမှပင် ကြောက်ရွံ့ခြင်းဖြစ်ကြကုန်၏ ။ ထိုအထဲတွင် လူဟူသော သတ္တ၀ါသည် အဆိုးဆုံးဟု ဆိုအပ်ပေသည်။ အဘယ်ကြောင့်ဟူမူ အနှီကြာရှည်စွာ အိပ်စက်ခြင်း၏နောက်ကွယ်၌ သံသရာသည် စဉ်ဆက်မပြတ်လည်ပတ်ရန် စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်လေ၏ ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဖိုးသင်္ကြန် said...

ဟုတ်တယ်နော်။ ကိုယ့်ဖာသာကိုယ် ပြန်မကြည့်မိတာတွေ အများသားပဲ။

ခုတော့ တဟီးဟီးတဟားဟားရယ်ပြီး ဖြစ်သလို အိပ်လိုက်ဦးမယ်ဗျို့။

လင်းဒီပ said...

ကိုရင့်ရဲ့ အိပ်ခြင်းအနုပညာကို နေ့လည်က ဖတ်ပြီး အခု နောက်တစ်ခေါက် လာဖတ်ပါတယ်..။
ဘဝမှာ ညပေါင်းများစွာ ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုတွေ အိပ်ခဲ့ပါလိမ့်လို့ ဆက်စဉ်းစားနေမိတယ်..။
ရသစုံတယ်ဗျာ..
ရယ်လည်းရယ်ရတယ်..။တွေးစရာလေးလည်း ပေးတယ်..။

အိန္ဒြာ said...

အိပ်ရတာကို မုန်းနေတာ..

အချိန်မလောက်လို့...

လှလှပပလေးပဲအိပ်တယ်...တို့က

pandora said...

ကောင်းလိုက်တဲ့ အရေးအသားလေး ကိုရင်နော်ရေ..
မအိပ်ခင် လာဖတ်သွားတယ်။း)

ပုံ့မေ said...

ဖတ်ရင်းရီသွားပါတယ်။ ကိုယ်ဟာကို ဘယ်လိုပုံစံ အိပ်လဲတောင်စိတ်ဝင်စားသွားတယ် :D

မြစ်ကျိုးအင်း said...

ကျနော်ရဲ့ အိပ်စက်ပုံကို သိချင်တယ်ဆိုရင် ဆိုနီ ကင်မရာ တလုံးပို့ပေးပါရန် ....။
မြင်ကွင်းများ ရှင်းရှင်းလင်းလင်းကွင်းကွင်း ကွက်ကွက်ရှိစေရန် တာဝန်ယူပါတယ် ဟဲဟဲ

သားကြီး said...

ဖဲမင်းသားကြီးchow yun fattဖဲပွတ်သလို
တဖြေးဖြေးနဲ့ စိတ်ရှည်ရှည်ထားပြီးဆွဲချလိုက်တာ
ဟဲဟဲ ...
မြင်လိုက်ရပါပကော အိပ်စက်ဟန် ငြိမ့်ငြိမ့်ညောင်းညောင်းလေး :P

သားကြီး said...

မတဂ်တာပဲ တော်သေးတော့တယ်
နို့မို့ဆို မလွယ်ရေးချ မလွယ်ပဲ

လင်းကြယ်ဖြူ said...

တော်တော်လေးကို အရေးအသားကောင်းပါတယ်..
ဆက်လက်အောင်မြင်ပါစေခင်ဗျာ..
မွေးနေ့ဆုတောင်းလေးအတွက်
ကျေးဇူးပါနော..
ပျော်ပါစေ

မွန် said...

ဟားဟား ရယ်လိုက်ရတာ ဦးနော်တကယ်ရေးတတ်တယ် တွေးလဲတွေးတတ်ပါပေတယ် မျောပါပြီး ဖတ်ပြီးလို့ပြီးမှန်းမသိဘူး ရယ်စရာတခုထဲမဟုတ်ပဲ နောက်ဆုံးမှာ အတွေးအမြင်တစ်ခုကိုပါ လေးလေးနက်နက်မြင်လိုက်ရတဲ့အတွက် စာကိုအများကြီးတန်ဖိုးထားပြီးဖတ်ဖြစ်တယ် လေးစားစွာနဲ့လဲ အားပေးသွားပါတယ်

မိုးခါး said...

ဟားဟား
ဦးနော်ရေ
သူများတွေဘယ်လိုအိပ်လဲထက် ကိုယ်ဘယ်လိုပုံစံ အိပ်နေပါလိမ့်လို့ စဉ်းစားမိသွားတယ်
တူတူအိပ်ဘူးတဲ့ အမတွေ သူငယ်ချင်းတွေကတော့ ကန်တယ်လို့ ပြောတာပဲ ဟီးးးးးးးးးးးးး

littlebrook said...

အဟားဟား ထင်တော့ထင်သား ဦးနော်ကဖဲပွတ်သလို ပွတ်ဆိုကတည်းက မဟုတ်တာတော့ လာတော့မယ်ထင်တာ ဟားဟားဟား ....
ဘယ်လိုအိပ်လဲ ပြန်တွေးလိုက်ဦးမယ်

Sein Lyan Tun said...

နောက်ကျသွားပြီး... နက်မကောင်းလို့ ဖတ်လို့မရဘူး...

အဟဲ... မျက်စိထဲ ကွင်းကွင်းကွက်ကွက်ကိုပေါ်တယ်...

ဦးနော် အိပ်ပုံလေး က ချစ်ရှာလေး နေမှာနော်...


ဖတ်ပြီး တခွီခွီနဲ့ရယ်နေတယ်...

သားကတော့ အိပ်ရင် တကိုယ်လုံးကို ကွေးညွတ်ပြီး လက်နှစ်ဖက်ကို လက်အုပ်ချီပြီး ဒူးနှစ်လုံးကြားထည့်အိပ်တယ်..

ဆိုက်ကို အရဆိုရင် တွေးတောပူပန် တွေးကြောက်တတ်သူများ အိပ်စက်နည်းတဲ့....


မျက်နှာကတော့ ပြုံးနေမယ်မထင်ပါဘူး....


တစ်ခါတစ်ရံ တတွတ်တွတ် ပြောတတ်လေရဲ့...

အမေတို့ကဆို ခြေမချိုးပြီး မေးလေ့ရှိတော့ မဟုတ်တာတွေ အကုန်ပေါ်တော့တာပဲ...း))


ဦးနော် ရေးလိုက်တာ မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်နဲ့ သားမြင်နေကျလူတွေကို တွေးမြင်သွားတယ်...

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

khin oo may said...

ဟုတ်ရဲ့လာ့း။။

mgngal said...

ရေးတတ်လိုက်တာဗျာ ။ ရယ်လည်းရယ် ပြုံးလည်းပြုံးသွားတယ် ။

Anonymous said...

ဦးနော်

ဦးနော်အိပ်သလို့ လိုက်အိပ်ကြည့်တော့မယ်။

ဟီဟီး

Ko Min Htet said...

ကိုရင်နော်တို့ကတော့ လုပ်တော့မယ်။ အအိပ်ဋီကာများ ချဲ့တတ်လိုက်တာဗျာ။ ခင်ဗျားစာဖတ်ပီး ကိုယ့်အိပ်ပုံအိပ်နည်းကို ပြန်စဉ်းစားနေမိတယ်။ စိတ်ကအိပ်တာလား? ရုပ်ကအိပ်တာလား? ဆိုတာလေ။

ဖိုးမောင်(happycloud) said...

အားပါးပါး.... ဆရာကိုရင်ရယ်..... အတွေးကတော့ တကယ်လန်းတယ်ဗျာ... ရေးချက်ကလည်း ညက်ပါ့... ရသလဲစုံနဲ့....
ကောင်းချက်တော့ ဘာပြောရမှန်းတောင်မသိတော့ဘူး...
ဆက်ကစ်ဆရာရေ...
ဖိုးမောင်

HRmyanmar said...

ကိုရင်နော်ကြီးရေ...
အခုရော ဘာလုပ်နေလဲခင်ဗျ
အိပ်မနေဖူးနဲ့ တူတယ်း)

win said...

အရေးအသားကောင်းလွန်းလို့  လေးစားမိပါတယ်။
တစ်နေ့ မှာတော့မနိုးသောအိပ်စက်ခြင်းကို လူတိုင်းအိပ်စက်ရမှာ ဆိုတဲ့သံဝေဂတရားလေးကိုပေးနိုင်တဲ့စာကောင်းလေးပါ။
ပေါ့ပါးသောဟန်နှင့်လေးနက်သောစာ ကိုတင်ပြနိုင်တဲ့ကလောင်စွမ်းကိုလေးစားမိပါတယ်။

HAPPY CLOUD said...

အိပ်ခါနီး.. အိပ်နည်းတွေ ပြန်မှတ်သွားတယ် ဒေါက်တာရင်.. :D

မသက်ဇင် said...

အတ္တကင်းရှင်း ဖြူစင်ခြင်းဖြင့် အသက်ရှင် နေထိုင်ခြင်းသည် ထိုနေ့ရောက်လျှင် ငြိမ်းချမ်းကြလိမ့်မည်။
စစ်မှန်သော ငြိမ်သက်ခြင်းသည်လည်း ထိုနေ့တွင်သာ ရှိသည်။
ထိုနေ့သို့ မကြာမီသွားကြရတော့မည်။
ထိုနေ့ရောက်လျှင် ငြိမ်းချမ်းစွာ အိပ်စက်နိုင်ရန် ယနေ့ပင် သန့်ရှင်းဖြူစင်ရပေတော့မည်။

ကိုရင်နော်နဲ့ခင်လေးငယ်
အလုပ်များလို့ဘလောဂ့်မရေးနိုင်တာပါ။
အိပ်စက်ခြင်းအမျိုးမျိုးလာဖတ်ပါတယ်။
ခင်မင်လျက်

သံလွင် HeRo said...

ကျနော်ဆီဗုံးရှာမတွေ.လို့ ဒီမှာပဲ
ပြန်ပြီးအော်သွားပြီ...
ဦးနော်ရော..တီငယ်ရော...ခယေးယေးမှာ
အိမ်မှာမု့န်မု့န်လာစားဖို့ ဖိတ်ပါတယ်ခင်ညာ့

မေလေး said...

ဟားဟားဟား ဦးနော် အိပ်သလို မိုက်တယ်ကွ
အဲလိုအိပ်လို့ အုန်းလွဲတာပေါ့ ဟွန်းးးး

ကိုလူထွေး said...

"စောင်းအိပ်နေသော ကိုယ်ကို ၃၆၀ ဒီဂရီ တစ်ပတ်လည့်၍ မှောက်လျက် အနေအထားသို့ ပြောင်းလိုက်သည်။"

လိုက်လုပ်ကြည့်တာ ဘယ်လိုမှာ ဖြစ်မလာဘူး...

ကိုရင်နော်လို အိပ်တဲ့သူတွေတော့ တွေ့ဖူးတယ်...

းဝ)

အိမ့်ချမ်းမြေ့ said...

မလေး လာလည်ပါတယ်။ မလေးလဲ ကိုရင်နော်တို့ မခင်လေးငယ်တို့ဆီ ရောက်ပါတယ်။ မလေးဆီမှာ ကော့မန့်လာရေးသွားတာလဲ ကျေးဇူးတင်ပါတယ်နော်။ စိတ်ချမ်းသာ ကိုယ်ကျမ်းမာကြပါစေ။

သမီးပျို said...

ကော်မန့်တွေက များလိုက်တာနော် များဆိုစွတ်ကောင်း နေတော့တာကိုး............

ဒီမိုဝေယံ said...

အိပ်မပျော်လို့ အိပ်နည်းတွေ လာယူသွားတယ် ကိုရင်ရေ။ ကိုရင့်အိပ်တဲ့ ပုံက အဆင့်မြင့်တော့
မအိပ်တတ်ဘူးဗျ။..။း)

Angel Shaper said...

ဖြူစင် အပြစ်ကင်းစွာ အိပ်စက်ပါတယ်။
ဟဟားးးးးး ရယ်လိုက်ရတာဗျာ။ အဲဒါကြောင့် ဒီအိမ်မှာပျော်တာ။

Anonymous said...

ကိုရင်ေ၇
အိပ်တာနဲ့ ပတ်သတ်လို့ လက်ဖျားခါတာကတော့ ပန်ပန်တွေပဲ နေရာတကာမှာအိပ်တတ်တယ် ၇ထားထဲ မှာ လည်းအိပ်ကားပေါ်မှာလည်းအိပ် နေရာကျပ်၇င်
ခြေတဖက်ပဲ၇ပ်ပီးတော့ လည်းအိပ်တတ်တယ်
အံ့ေ၇ာ အံ့ေ၇ာ


ဂန့် 