Tuesday, September 22, 2009

ယောင်နည်းယောင်ဟန်သရုပ်မှန်

ကျွန်ုပ်၏ အိပ်နည်းအိပ်ဟန်သရုပ်မှန် ပိုစ့်အား ဖွင့်ဟပြီးနောက်တွင် နောက်ဆက်တွဲအဖြစ် ရေးသားရန် အကြောင်းအရာတစ်ခု ရှိနေပေသေးသည်။ ဤအကြောင်းအား “ရေးလျှင် ကောင်းမည်လား၊ မရေးဘဲ နေလျှင် ကောင်းမည်လား” ဟု စဉ်းစားနေသည်မှာပင် (၁၃) ရက် တိတိ ရှိချေပြီ။ ရေးလိုက်ပါမူ ကိုယ့်ဂုဏ် ကိုယ်ဖော်၍ ကျော်မည်ကိုလည်း စိုးပါသည်။ မရေး နေပြန်လျှင်လည်း ရေးချင်ပက်ကျိ ကလိကလိ ဖြစ်နေမိသည်။ အမှန်ဆိုရလျှင် ကျွန်ုပ်သည် ဤအကြောင်းရေးရန် လွန်စွာ မဝံ့မရဲ ဖြစ်နေမိသည်။ အကြောင်းမှာ ကျွန်ုပ်၏ အိပ်ပုံဆန်းကြောင့် အံ့သြသမှု ပြုကြကုန်သော ငယ်ငယ်နုနု အပျိုချောတစ်စု တို့သည် ယခုတဖန် ကျွန်ုပ်၏ ဖြစ်ရပ်မှန် ရောဂါဆန်းကြောင့် ရှောင်လေဝေးဝေး သုတ်ခြေတင် ပြေးကြမည် စိုး၍ပင်တည်း။

ပြေးလိုကပြေးစေ။ ရေးလိုသည်တော့ ရေးရပေလိမ့်မည်။ ရေးရခြင်း၏ ရည်ရွယ်ချက် ဆိုသည်မှာလည်း ကြီးကြီးကျယ်ကျယ် ရှိနေပေသေးသည်။ အခြားမဟုတ် ကျွန်ုပ်လိုလူအား ရှောင်ရှားစေလို၍ ဖြစ်ပေသည်။ သို့ပါသောကြောင့် ဤပိုစ့်အား ဖတ်ပြီးပါလျှင် ကျွန်ုပ်အား ရှောင်ရှား၍ ကျွန်ုပ်လို လူများနှင့်လည်း ကွေကွင်းနိုင်ကြပါစေကုန်။

ကျွန်ုပ် တပ်ထားသော ခေါင်းစဉ်ကြည့်ခြင်းဖြင့်ပင် မည်သည့်အကြောင်း ရေးတော့မည်ကို ပြုံးချိချိနှင့် ခန့်မှန်းမိမည် ထင်ပါသည်။ သေချာပါသည်။ ကျွန်ုပ် မရှက်မရွံ့ ရေးတော့မည်မှာ ကျွန်ုပ်၏ ဖြစ်ရပ်မှန် “ယောင်” ပုံဆန်းများပင်။

ယောင်သည် ဆိုသောကြောင့် ခါးတို့လျှင် “ဟဲ့ ပလုတ်တုတ်” ဟု ယောင်ခြင်းမျိုး မဟုတ်ပေ။ ကျွန်ုပ် ယောင်ပုံမှာ အိပ်စက်ခြင်းနှင့်အတူ ယဉ်ယဉ်လေး ကပ်ပါလာသော အိပ်မက်ယောင်ခြင်းပင်။ သင်တို့ရော အိပ်မက်ယောင်ဘူး ကြပါသလား။ မငြင်းကြပါနှင့် မည်သူမဆို ယောင်ဘူးကြပေလိမ့်မည်။ ခပ်ရိုးရိုး ယောင်ခြင်းနှင့် ခပ်ဆန်းဆန်း ယောင်ခြင်းသာ ကွာလိမ့်မည် အနည်းနှင့်အများ ယောင်ကြသူများပင်။
“အိပ်မက်ယောင်ခြင်း ဆိုသည်မှာ” ဟူ၍ အကျယ်တဝင့် ရေးချနေလျှင် ကျွန်ုပ်၏ ပိုစ့် လိုရင်း မရောက်ပဲ ပေရှည်နေရော့မည် စိုး၍ တိုတိုတုတ်တုတ်နှင့်ပင် ဆက်ပေတော့မည်။ (ဤကားစကားချပ်)

ကျွန်ုပ်သည် မွေးကင်းစမှပင် ခပ်ယဉ်ယဉ်လေး ယောင်တတ်ခဲ့သည်ဟု သိရသည်။ အိပ်နေရာမှ နှုတ်ခမ်းလေး ကွေး၍ ပြုံးတတ်ခြင်း၊ တခါတခါ တခွိခွိ ရယ်တတ်ခြင်း၊ တခါတခါ လက်ဟန်ခြေဟန်များ ပြနေတတ်ခြင်း၊ တခါတခါ စကားပြောနေတတ်ခြင်း စသည်ဖြင့် ချစ်စဖွယ် ယောင်တတ်သည်ဆို၏။ ထူးလို့လား၊ ဆန်းလို့လား ဟု မေးရန်ရှိသော်လည်း ဤသည်မှာ မထူးဆန်းပါ။ ကလေးငယ်တိုင်း ယောင်ရိုးယောင်စဉ် မျှသာ။

ကျွန်ုပ် အသေအချာ မှတ်မိလိုက်သော ယောင်ပုံမှာ အနည်းငယ် ဆန်းသည်။ ထိုအချိန်က ကျွန်ုပ် မူလတန်းသာ ရှိသေးသည်။ ကျောင်းတွင်ဆော့၊ လမ်းတွင်ဆော့၊ အိမ်တွင်ဆော့နှင့် အလွန်မောပန်းကာ ညဥ့်ဦးယံမှာပင် အိပ်ပျော်သွားခဲ့သည်။ မည်သည့်အိပ်မက်မျိုး မက်သည် မမှတ်မိသော်လည်း အပေါ့သွားချင်စိတ် ဖြစ်လာသောကြောင့် အပေါ့သွားရန် အိပ်ရာမှ ထလာခဲ့သည် ထင်၏။ နိုးသည်လား၊ အိပ်နေသည်လား မသိနိုင်သော ခြေလှမ်းမျိုး ဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့အိမ်သည် အင်္ဂလိပ်ခေတ်ကျန် ရှေးအိမ်မျိုး ဖြစ်သောကြောင့် ရေချိုးခန်းတွင်း၌ အိမ်သာပါ တွဲပါသည့်အပြင် ရေချိုးကန် (Bath Tank) ပါ ပါလိုက်သေးသည်။ ထို့နောက် ကျွန်ုပ် ဝါးတားတားဖြင့် အပေါ့သွားသည် ထင်၏။ အပေါ့သွားဖြစ်သလား၊ မသွားဘူးလား၊ တိုးလိုးတန်းလန်းလား၊ မသေချာပါ။ ထို့နောက် “ဗွမ်း” ကနဲ အသံနှင့်အတူ ဝူးဝူးဝါးဝါး ထအော်မိ၏။ ကျွန်ုပ် သတိဝင်၍ သိလိုက်သည်မှာ ကျွန်ုပ်၏ ဖခင်မှာ ကျွန်ုပ်အား ရေကန်ထဲသို့ ရက်စက်စွာ ပစ်ချလိုက်ခြင်းပင်။

အဖြစ်မှန်မှာ ကုတင်နှင့် Bath Tank မှားတက်မိ၍ ကျွန်ုပ် ရေကန်ထဲ ကျသွားခြင်းပင်တည်း။ ကံကောင်းသည်မှာ တဖက်ခန်း၌ စာဖတ်နေသော ကျွန်ုပ်၏ဖခင် အပြေးအလွှား အဆယ်မြန်၍ တော်ပေသေးသည်။ ကျွန်ုပ်သိသည်မှာ ရေမွန်းနေသော ကျွန်ုပ်အား ဖခင်ကြီးမှ ပွေ့ချီထားခြင်းဖြစ်သောကြောင့် အိပ်နေသော ကျွန်ုပ်အား ဖခင်ကြီးမှ ရေကန်တွင်း ပစ်ချခြင်းသာ ဖြစ်သည်ဟူ၏။ ထို့နောက် ကျွန်ုပ် ဝမ်းနည်းစွာ ငို၍ ဖခင်ကြီးအား ရက်စက်သည်ဟူ၍သာ ထင်နေတော့၏။ ဤသည်မှာ ကျွန်ုပ်၏ ယောက်ပုံဆန်း တစ်ခုပင်။

အသေးအမွှား ပညာမပါသော ယောင်ပုံများ ရှိသေးသော်လည်း အသေအချာ မမှတ်မိပေ။ စိတ်တွင်းထင်ထင် မှတ်မိနေသော နောက်ထပ် ယောင်ပုံတစ်ခုမှာ ဆန်းပြန်၏။ ထိုအချိန်က ကျွန်ုပ် ငါးတန်း ဖြစ်မည်ထင်သည်။ တစ်ရက်တွင် ကျွန်ုပ်၏ ကစားဖော် ညီဝမ်းကွဲတစ်ယောက်သည် အိမ်ပြန်ရန် မိုးချုပ်သွားသဖြင့် ကျွန်ုပ်တို့အိမ်တွင် အိပ်သည်။ ကျွန်ုပ်တို့ ညီအစ်ကို နှစ်ယောက် မျက်နှာခြင်းဆိုင် စကားပြောရင်း တစ်ယောက်ကို တစ်ယောက် ခွကာ အိပ်ပျော်သွားသည် ထင်၏။ ထို့နောက် ရေအလွန် ဆာလာသဖြင့် ရေခွက်ကို လက်ကိုင်ကွင်းမှ ကိုင်ကာ ရေသောက်သည် ဟူ၏။ ညီဝမ်းကွဲ၏ ကြောက်အားလန့်အား အော်ဟစ်သံနှင့်အတူ ကျွန်ုပ်၏ ရင်ဘတ်အား ဆောင်တွန်းခံရသည်တွင် ကျွန်ုပ် လန့်နိုးလာခဲ့သည်။ ဖြစ်ပုံမှာ ညီဖြစ်သူ၏ နှာခေါင်းအား ရေခွက် လက်ကိုင်းကွင်း အမှတ်ဖြင့် ကိုင်ကာ သူ့နှုတ်ခမ်းအား ရေသောက်ရန် ကြံမိခြင်းပင်။ သူပြန်ပြောပြသည်မှာ သူ့နှာခေါင်းနာလွန်း၍ နိုးသွားသည်တွင် ကျွန်ုပ်သည် မျက်စိကြီးမှိတ်လျှက် နှုတ်ခမ်းကြီးစူကာ သူ့နှုတ်ခမ်းနား ကပ်လာပုံမှာ အသည်းယားစရာကြီး၊ ထိတ်လန့်စရာကြီးပင် ဟူ၏။ ဤသည်မှာလည်း အတော်ပင် အန္တရာယ်များသည့် ကျွန်ုပ်၏ ယောင်ပုံဆန်းပင်။

ကျွန်ုပ် လူပျိုပေါက် ရောက်ချိန်တွင်လည်း အမျိုးမျိုး ယောင်ပုံဆန်းများ ယောင်ခဲ့သေးသည်။ ထိုထဲတွင်မှ လွန်စွာ အရုပ်ဆိုး၍ ကြီးစွာသော အရှက်ကွဲခဲ့ ရသည့် ယောင်ပုံကြီးမှာတော့ ကျွန်ုပ်တစ်သက် မေ့၍ရမည် မထင်တော့ပေ။ ထိုအချိန်က ကျွန်ုပ် တက္ကသိုလ်ကျောင်းသားကြီးပင် ဖြစ်၍နေလေပြီ။ တစ်ရက်တွင် ကျွန်ုပ်သည် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွါလာသော အဝေးပြေးမှန်လုံ အမြန်ယာဉ်ကြီးနှင့် လိုက်ပါလာခဲ့သည်။ ကျွန်ုပ်မှာ လွတ်လပ်စွာ ခရီးထွက်ရသည် ဖြစ်သောကြောင့် အလွန်စတိုင်ကျစွာ ဝတ်စား၍ ဂိုက်ပေးကြမ်းလာခဲ့သည်။ ခရီးတော်တော် ဝေးဝေး ရောက်သည်တွင် ခရီးသည်များ အလျှိုလျှို အိပ်ကုန်ကြသော်လည်း ကျွန်ုပ်မှာ မအိပ်နိုင်ပဲ တောင်ငေး၊ မြောက်ငေးနှင့်။ ညဥ့်အလွန်နက်ချိန်တွင် တိတ်ဆိတ် အေးစက်နေသော ယာဉ်ကြီး၏ ငြိမ့်ညောင်းမှုကြောင့် ကျွန်ုပ်သည်လည်း မည်သို့ မည်ပုံ အိပ်ပျော်သွားသည် မသိခဲ့ပေ။ မည်သည့် အိပ်မက်မျိုး မက်သည်ကိုလည်း မမှတ်မိပေ။ ကျွန်ုပ် သိလိုက်သည်မှာ ကျွန်ုပ်၏ ဦးခေါင်းအား တစ်စုံတစ်ယောက်မှ တင်းပုတ်ကြီးဖြင့် ရိုက်လိုက်သည်ကိုပင်။ ထို့နောက်....

((((အားးးးးးး...)))).. ဟု ကယောင်ချောက်ချား ကျယ်လောင်စွာအော်၍ လက်နှစ်ဖက်ဖြင့် ခေါင်းကိုဖိကာ ကျွန်ုပ် မှတ်တပ်ရပ်မိလျှက်သား ဖြစ်နေသည်။ ကားတွင်းမီးများ ပွင့်လာကာ ကားသည်လည်း လမ်းဘေးတွင် ထိုးရပ်သွားသည်။ အလွန်အိပ်မောကျနေကြသော ခရီးသည်များသည်လည်း လန့်ကာ၊ ဖြန့်ကာနှင့် နိုးထကာ ကျွန်ုပ်အား စိုးရိမ်တကြီး ဝိုင်း၍ ကြည့်နေကြသည်။ ကျွန်ုပ်ဘေးမှလူနှင့် ရှေ့ခုံ၊ နောက်ခုံမှ ခရီးသည်တို့ ကျွန်ုပ် လက်အားဖယ်၍ ကျွန်ုပ်ဦးခေါင်းအား သန်းရှာသကဲ့သို့ ဝိုင်းရှာကြလေသည်။ ဘာမှမတွေ့။ ဘာဒဏ်ရာမှမရှိ။ “ဘာဖြစ်တာလဲ” ဟူသော အမေးများအား “တင်းပုတ်နဲ့ ရိုက်ခံရလို့” ဟု ယောင်၍ ဖြေလိုက်မိသည်တွင်...။

ကားတစ်စီးလုံး တဝါးဝါး၊ တဟားဟားနှင့် ပွဲကျသွားသည်။ တချို့လည်း မြည်တွန်တောက်တီးကြသည်။ ကျွန်ုပ် ယောင်ယမ်း၍ ခေါင်းအားပွတ်ကာ ပြန်ထိုင်နေလိုက်သည်။ ကျွန်ုပ်၏ မျက်နှာ ရှက်သွေးဖြာနေသည်မှာ မွန်းတည့်နေသော နေမင်း၏ အနီရောင် ပူပြင်းပြင်းကြီး ကဲ့သို့ပင်။ တစ်ခုံကျော်မှ ခပ်ချောချော ကောင်မလေး၏ “ခိ..” ကနဲ ရယ်သံသည် ကျွန်ုပ်အား ကားပေါ်မှ ခုန်ချချင်စိတ်ပင် ပေါက်လာစေခဲ့သည်။ အမှန်မှာ ကျွန်ုပ် ငိုက်ရင်း ဂျိုစောင်းနှင့် ကားဘေးမှန် အသာအယာ ဆောင့်မိလိုက်ခြင်းသာ။ မှတ်မှတ်ရရ ထိုမျှအရှက်ကွဲခြင်းမျိုး မကြုံခဲ့ဖူးချေ။ ဤယောင်ပုံဆန်းအား ရှက်ဖွယ်အတိနှင့်ပင် ဖွင့်ဟပြလိုက်ပါသည်။

တစ်ခါတွင်လည်း မိတ်ဆွေတစ်ဦးနှင့် နယ်စပ်မြို့ တစ်မြို့သို့ အတူသွားဖြစ်သည်။ တည်းခိုခန်းခ စရိတ်သက်သာစေရန် နှစ်ယောက်ခန်း တစ်ခန်းသာ ယူလိုက်ကြသည်။ ညအိပ်ယာဝင်ချိန်၌ အနှီမိတ်ဆွေမှ ၎င်းသည် အိပ်မက် ယောင်တတ်ကြောင်း၊ အကယ်၍ သရဲစီးသကဲ့သို့ အသက်ရှူကြပ်နေသည်မျိုး မြင်ပါက ၎င်းအား နိုးရန် မှာလေသည်။ ကျွန်ုပ်လည်း စိတ်တွင်းမှ ကျိတ်ပြုံးကာ “ဟုတ်ကဲ့” ဟုသာ ပြောလိုက်သည်။ ကျွန်ုပ်၏ ယောင်တတ်ပုံအား အနှီပုဂ္ဂိုလ်သိမည်ကိုတော့ စိုးနေမိပြန်သည်။ သို့သော်ငြားလည်း ထိုတစ်ည ရှောင်လွှဲ၍ မရခဲ့ပါ။ လွန်စွာ ထူးဆန်းသော အသံများဖြင့် ကျွန်ုပ်တို့ နှစ်ဦး အယောင်ပြိုင်ကြတော့သည်။ အခန်းတွင်း၌ သရဲသည်လည်း နှစ်ကောင်ရှိသည်ထင်ရ၏။ သူ့ဖိ၊ ကိုယ့်ဖိနှင့်။ ကျွန်ုပ်မောလျှင် ဒင်းအော်၏။ ဒင်းမောလျှင် ကျွန်ုပ် အော်ပြန်၏။ ထိုတစ်ည ကျွန်ုပ်တို့ နှစ်ဦး အော်လိုက်ကြပုံများ ရန်ဖြစ်နေသည် အမှတ်နှင့် အခြားအခန်းများ ထကြည့်ရသည့် အထိပင်။ ကျွန်ုပ်သည် ဒင်းထက် အသံပိုကျယ်၍ ပိုလည်း အော်နိုင်သည်ကို အသေအချာ သိလိုက်ရလေတော့သည်။ နံနက်ရောက်လျှင် ကျွန်ုပ်အား အံ့သြဝမ်းသာဟန်ဖြင့် ကြည့်နေသော အနှီမိတ်ဆွေအား “မင်းလောက်ကတော့ကွာ” ဆိုသော အကြည့်ဖြင့် ပြန်ကြည့်ပစ်လိုက်သည်။ အချိန်အကြာကြီးတော့ဖြင့် ဂုဏ်မယူနိုင်ခဲ့ပါ အကြောင်းမှာ ကျွန်ုပ်တို့ နှစ်ဦးအား တည်းခိုခန်းမှ အမြန်ထွက်ရန် မောင်းထုတ်လေသည်။ သို့ဖြစ်၍ ယောင်သူနှစ်ဦး ယောင်ချာချာ ဖြစ်ရလေတော့သည်။ ဤသည်မှာလည်း ပြိုင်ဘက်ပေါ်တွင် အနိုင်ရခဲ့သော အယောင်ပြိုင်ပွဲပင်။

ယောင်ခြင်းသည် ကျွန်ုပ်အတွက် အထူးအဆန်း မဖြစ်တော့ပေ။ နေသားပင်ကျနေပေပြီ။ ကျွန်ုပ်သည် မဟုတ်တာ လုပ်သူမျိုး မဟုတ်သောကြောင့် စိုရိမ်ရန်လည်း မလိုပေ။ မဟုတ်တာလုပ်သူများ အတွက်တော့ဖြင့် ကျွဲခိုးပေါ်ကိန်းရှိသည်။ ထိုသို့ ယောင်ပုံဆန်းများအပြင် ထမင်းစားရေသောက်သကဲ့သို့ ယောင်တတ်သည်များမှာ အိပ်နေရင်းဖြင့် သီချင်း အော်ဆိုတတ်ခြင်း၊ လမ်းထလျှောက်တတ်ခြင်း၊ ဝရန်တာတွင် ထွက်ရပ်ခြင်း၊ စကားထပြောတတ်ခြင်း၊ အိမ်စာများ ထလုပ်တတ်ခြင်း၊ ဧည့်ခန်းတွင် ထွက်ထိုင်နေတတ်ခြင်း၊ ဖုန်းဆက်တတ်ခြင်း၊ အဖြစ်အများဆုံးမှာ ကွန်ပျူတာဖွင့်၍ စာများရိုက်တတ်ခြင်းပင်။ စသည်တို့အား သူငယ်ချင်းများ ပြန်ပြော၍ တစ်မျိုး၊ ကိုယ့်ဖာသာ ပြန်စဉ်းစားမိ၍ တစ်ဖုံ ပြန်ပြန် သိနေရသည်။ သေချာသည်မှာ ကျွန်ုပ် ယောင်ချာချာနှင့် ယောင်တိယောင်တောင် ယောင်ခြောက်ဆယ် ဖြစ်နေခဲ့ပါပြီ။

ကျွန်ုပ်၏ လျှို့ဝှက်ဆန်းကြယ် ယောင်တတ်ပုံ ယောင်ပုံဆန်းများအား သိရှိပြီးသကာလ ချစ်စွာသော မိတ်ဆွေများသည် ကျွန်ုပ်အတွက် စိုးရိမ်ကြီးစွာ တွေးတောပူပန်ကြမည်မှာ အမှန်ပင် ဖြစ်ပေသည်။ ကျွန်ုပ်လိုလူသည် လွန်စွာ စိတ္တဇဆန်သည်ကိုလည်း သိရှိကြပါမည်။ သို့သော်ငြားလည်း စိတ်မပူကြပါနှင့် ကျွန်ုပ် တစ်ကိုယ်တည်း နေထိုင်သော (၁၉) ထပ်မြင့်တိုက်ခန်း၏ အခန်းဝရန်တာတွင် အိပ်မက်ယောင်၍ အကြိမ်ကြိမ် ထွက်ရပ်ဖူးပါသည်။ သို့သော် တစ်ခါမှ ယောင်၍ ခုန်မချမိခဲ့ချေ။ သို့ဆိုပါမူ ကျွန်ုပ်သည် ယောင်ပါးဝနေသော အယောင်ပါးဟု ယူ၍ရပေသည်။ တနည်းပြန်ကြည့်သော် ယောင်ချင်ယောင်ဆူး၍ ရူးချင်ယောင် ဆောင်နေသည် ဟု မှတ်လျှင်လည်း ရပေသည်။

အမှန်စစ်စစ် သေချာသည်မှာ ကျွန်ုပ်အပါအဝင် သင်တို့အားလုံးသည်လည်း မာယာများသော ဤလောကကြီးအတွင်း၌ အိပ်ချင်မူးတူးဖြင့် ကယောင်ကတမ်း သွားလာနေထိုင်ကြသော ရူးချင်ယောင်ဆောင်နေသူများပင် ဖြစ်ပေတော့သည်။

(ကိုရင်နော်)

စာကြွင်း။ ။ အလွန်ဆန်းပြား၍ အံ့ဘွယ်အတိပြီးသော ယောင်ပုံဆန်း တစ်ခု ရှိနေသေးသည်။ (မပြောလိုပါ.. မပြောလိုပါ)

47 comments:

HAPPY CLOUD said...

ရူးချင်ယောင် ဆောင်မနေနဲ့~~~~ ရူးချင်ယောင် ဆောင်မနေနဲ့~~~~ ငှဲ..ငှဲ။

(ပြန်ဆို)
မိုးမောင်

မျက်မှန်လေး said...

ဟီး ဟီး..

ရီရတယ် ယောင်ပုံကလည်းဆန်းပါ့ဗျာ ...
အိပ်ငိုက်လို့မှန်နဲ့ ဂျိုစောင်းနဲ့ တိုက်မိတာကို တင်းပုတ်နဲ့ထုခံရတယ် ဆိုပြီး ဟီးဟီး

ကိုယ်လည်းယောင်တတ်တယ်။ အဲဒါကို သိလို့အစ်ကို အစ်မတွေက ၀ိုင်းနောက်တာ အမြဲခံရတယ်။

Mogok Thar said...

ယောင်ပုံထူးပေလိုပ ကိုရင်နြ့ တစ်ခန်းထဲ အိပ်ရမှာ ကျောချမ်းစရာ။ ;-P
လောကကြီးထဲမှာ အနော်လဲ အိပ်ချင်မူးတူး ကယောင်ကတမ်း လျှောက်လာလိုက်ထာ..
အင်း.. ၀ရန်တာ မရှိလို့ တော်ပါသေးရဲ့လေ။

Mogok Thar said...

တစ်ခု ကျန်ခဲ့လို့

ချစ်ခင်လေးစားစွာဖြင့်

ဝေလေး said...

ယောင်ပြီး စာတွေရိုက်တတ်တယ်ဆိုပါလား။ ဒီပို့စ်လဲယောင်ပြီးရိုက်ထားတာများလား.... :P
အဟဲ နောက်တာပါ.. ပြုံးစိပြုံးစိ လုပ်ရင်း ဖတ်သွားပါတယ်ဦးနော်ရေ။

Vista said...

တော်သေးတယ်
ကျနော့် ဖိုးဖိုးလိုမြင်းကြားထ မကူးလို့  ဟိဟိ

ခရေညို said...

ကိုရင် ရဲ့ယောင်ပုံကပြောသလောက်လည်:မဆိုးသေးပါဘူး
ဥပမာ။ ။ တိုက်ပေါ်ကခုန်ချတာတို့
ရေတွင်းထဲခုန်ချတာတို့ပေါ့

မမသီရိ said...

ယောင်ပြီး ရိုက်တဲ့ အထဲ ရီးစား စာတွေ ရော ပါနေသလား ဟေ့ မောင်လေး..း)

ဝရံတာမှာ ဆန်ကာ တပ်ပါ..
စိတ်ပူတယ်....း)

khin oo may said...

ရယ်မိတယ် စိတ်ပူလိုက်တာ..

NangNyi said...

ရေခွက်နဲ့ မျက်နှာမှားတာတော့ ဆိုးလိုက်တာဗျာ အစ်အစ်အစ် ^^

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ကိုရင် ရေ...

ကိုရင် တို့များ ယောင်ပြီး ပို့လိုက်တဲ့ စာလေးတွေ တောင် ဖတ်ရတာ အလွန်ကောင်း။
အံဘွယ်ကောင်းသော ယောင်ပုံဆန်း တစ်ခု ရှိသေးတယ်ဆိုလို့ ဘယ်နေ့များ ယောင်ပြီး ပို့မလဲ စောင့်နေအုံးမယ်.. ဟီ..ဟိ....


ခင်မင်စွာဖြင့်
ကိုမျိုး

Rebel said...

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ (၁)

တလနွန် said...

ယောင်တာ ထူးဆန်းပါပေ့ ဦးနော်ရာ ဟဟဟ :P

ခင်မင်ခြင်းနှင့်

ကိုလူထွေး said...

ဘတ်စ်ကားပေါ်မှာ ထအော်တုန်းက တကယ်တင်းပုတ်နဲ့ ဝိုင်းမထုကြတာ ကံကောင်းသဗျာ...

ဒါနဲ့ ကိုယ့်ရည်းစား အိပ်ရင် ယောင်တတ်သလား မယောင်တတ်ဘူးလားဆိုတာ အတူအိပ်ကြည့်ဖူးမှ သိမှာမဟုတ်လား...

ဒိပြင် တခြားနည်းလမ်းကောင်းလေးများ ရှိရင်လည်း ညီမတွေအတွက် မျှပါဦးဗျ...

ဟောဗျ... ယောင်ချင်ယောင်ဆူးပြီး လာရေးမိသွားဘီ...

းဝ)

MANORHARY said...

လောကကြီးထဲ အိပ်ချင်မူးတူးနဲ့ ကယောင်ကတမ်း သွားလာနေထိုင်လာလိုက်တာ ချောက်ကမ်းပါးကပ်လျှောက်မိတဲ့နေ့တွေလည်းရှိမှာပဲ
ကြိုးတန်းလမ်းလျှောက်မိတဲ့နေ့တွေလည်းရှိမှာပဲ
သေချာတာကတော့ လောကဇာတ်ခုံကိုက အိပ်မက်တွေလိုပဲ အစိအစဉ်တကျမရှိ ပြင်ဆင်ခွင့်မရပဲ
ရင်ဆိုင်လိုက်ရတတ်တယ်ဆိုတာပါပဲ။

Anonymous said...

ဦးနော်ကလည်း အဲလိုကြီးယောက်တာလား။ ယောင်ပြီး ဒီပိုစ့်ကို ရေးတာတော့ ဟုတ်ပါဘူးနော်။

စိုင်းစိုင်းလားရှိုး said...

ဆရာရင်ရေ ခဏခဏရောင်တာပဲလား ? ပြောပါတယ် ခင်လေးကို သိပ်မနှိပ်စက်ပါနဲ့လို့ ခုတော့ လူသိရှင်ကြား ရောင်နေပြီ။

:P said...

ပြောမပြတဲ့ယောင်နည်းလေး သိချင်ထှာ

မယ့်ကိုး said...

ရယ်လိုက်ရတာ။ :D
ဒီလို ဘဝအမောပြေစေတဲ့ စာလေးတွေ ရေးပေးတဲ့အတွက် အထူးအထူး ကျေးဇူးတင်ပါကြောင်း .....


ခင်မင်လေးစာချစ်ခြင်းအားဖြင့်..
=)

ကောင်းကင်ပြာ said...

အော ယောင်ချင်ယောင်ဆူးတတ်တယ်ကိုးးးဆင်ဆင်ပြောသလို မပြောလိုတာလေးလဲ သိချင်ပး)

Unknown said...

ကျွန်ုပ်တို့အားလုံးတို့သည် လောကကြီးအတွင်း၌ အိပ်ချင်မူးတူး ကယောင်ကတမ်း သွားလာနေထိုင်ကြသော ရူးချင်ယောင်ဆောင်နေသူများပင်


သိပ်ကောင်းတဲ့ စာဗျာ မရောက် ဖြစ် လို့ ဖြစ် အောင် လာ တယ် ဘာ လို့ လဲဆိုတော့ ကျနော် ကိုယ်တိုင် လဲ ရူးနေ လို့ ပါ ဗျာ။

ငြိမ်းချမ်း ပါစေ ဥပသကာ

မေငြိမ်း said...

အဲ..တကယ်ကြီးလားဟေ.. ဟိ.. ရယ်လည်း ရယ်စရာ.. ပြီးတော့ တကယ်လည်း စိတ်ပူစရာ.. ။ အဟဲ ကောင်မလေးတွေ ကြိုသိရင်တော့ စဉ်းစားလေမလား.. သတိထားနော်.. ကိုရင်နော် :p

သူကြီးမင်း (တုံးဖလား) said...

ယောင်ပုံဆန်းကြယ်လိုက်တာများ ဖတ်လို့ကို မငြီးနိုင်ပါဘူးဗျာ။

စိမ်း... said...

ဟယ် ပြောပါဟယ်... သူကလည်း စာကြွင်းလေးကျမှ ကပ်စီးနဲနေသေးတယ်... မပြောချင်လည်း အစကတည်းစာမကြွင်းနဲ့ပေါ့လို့ ခုတော့ အရှေ့မှာတောက်လျှောက်ရ ယ်လာပြီးတာတွေတောင် ဆန့်ငင်ဆန့်ငင်နဲ့...

သံလွင် HeRo said...

ငယ်ငယ်ကယောင်ပုံတွေကလည်းနည်းမျိုး
စုံပဲ...အခုကောမယောင်တော့ဘူးလားဆိုတော့
အရင်ကထက်စာရင်တော်တော်ကြီးကိုနည်း
သွားပါပြီ...
မှတ်မိသေးတယ်...၆ တန်းလောက်က
အိပ်မက်ထဲမှာက အားရပါးရ ရှူးရှူးပန်းနေတာ
ကန်တော့ပါရဲ့ အပြင်မှာလဲ တစ်ကိုယ်လုံးရွှဲသွားတာပါပဲဗျာ...

yangonthar said...

ရယ်လိုက်ရတာ အစ်ကိုရာ ... ရသမြောက်အောင်ရေးပုံလေးကိုလည်း သဘောကျလှပါတယ် .....
လေးစားလျှက်
ရန်ကုန်သား
ယောင်ခြင်းကင်းဝေးပါစေ :)))

မီယာ said...

သတိထားပါ ကိုရင်ရေ... ယောင်ပုံတွေကလည်း စိတ်မချစရာ

HRmyanmar said...

တော်သေးတာပေါ့ကိုရင်ရယ်
ဟိဟိး)
ဘဘောကျတယ်ဗျာ

ရွှေရတုမှတ်တမ်း said...

အံ့ဖွယ်သုတပါတကား

Angel Shaper said...

ဟဟဟားးးးးးးးးးး ရယ်လိုက်ရပြန်ပေါ့။
ချစ်စရာ ယောင်နည်းလေးတွေ အိပ်ချင်မူးတူးနှင့်ဖတ်ပြီး ကယောင်ကတမ်း အိပ်ယာဝင်လိုက်မိသည်။ ဟိဟိ

ရွှေရတုမှတ်တမ်း said...

အံ့ဖွယ်သုတပါတကား

တောင်ပေါ်သား said...

ယောင်တာတွေကလဲ များပါ့ ဦးနော်။
ကျနော့်အသိတွေ ရှိတယ် ညအိပ်ရင် ထပြီး သွားတာ အိပ်မက်လိုလိုပဲ ဒါပေမဲ့ အပြင်မှာ တကယ်ထသွားတာတဲ့ သူ့အိမ်ကတော့ သူ့ကို တော်တော် ဂရုစိုက်ရတယ် နောက်ပိုင်းအသက်ကြီးတော့ ပျောက်သွားကေား)


လေးစားလျက်
တောင်ပေါ်သား

sweetpeony said...

ဦးနော်
မပြောလိုပါ မပြောလိုပါ ကို ပြောပါ....

မြရေလျဉ် said...

တစ်ချို့ဆို တစ်နေကုန် ဖြစ်သမျှပြန်ပြောပြီးယောင်တတ်သတဲ့လေ..။
ဦးနော် တို့ နေ့လည်ဖက် မဟုတ်တာ လုပ်ထားလို့ကတော့ အဲဒီ့ယောင်နည်းနဲ့ မကိုက်ဘူးနော်..

မေလေး said...

တိချင်ဒယ် တိချင်ဒယ်
ပြောပြ

စည်သူ said...

ဟဲ..ဟဲ..ဟဲ..

အ... အိ... အု
ညို ညောင် ညစ်.. (((((အားးး))))..

ဟေး..ဟေး..ဟေ.. ဘာဖြစ်တာလဲ..

ရောင်ပြီး သူများတွေကို သွားနှိုးတာရော ပါဘုလားဗျ..

လေးစားစွာဖြင့်
စည်သူ။

chanye` said...

အိပ်ပျော်နေစဉ် အမြဲအနိုင်ကျင့်တတ်သော ဇနီးကို နားရင်း ၃၊ ၄ချက်လောက်တီးပြီး..
"ယောင်လို့..အဟီး" ဆိုပြီး မျက်နှာချိုသွေးပါ။ "ခမျာ ယောင်တတ်သူပဲလေ.." ဟုဆိုကာ ဇနီးမယားက ခွင့်လွှတ်လတ္တံ့။

Eaindra said...

ဘုရား..ဘုရား...

ကိုရင်ရယ်...

တကယ့်ပေါက်ကရဟယ်...
ထင်ရပါတယ်..လူပုံနဲ့..

၁၉ ထပ်ဝရန်တာထွက်ထွက်မယောင်ပါနဲ့....
ငါ သရဲကြောက်တတ်တယ်...

အင်း..
ယောင်နေရင်တော့..ခွဲချင်ခွဲရမယ်..
မခွဲချင်ရင် မောရိယမန်းဆေးလူးထား...

ချစ်ချစ်ခင်ခင်

မကြီး
(နောက်ဆုံးစာကြောင်းတော့ ကျက်သွားတယ်)

ရင်ရဲ့ ရိုးရာ said...

ဟိုလည်ဒီလည်နဲ့မျက်စိလည်ပြီးရောက်လာတာပါ ပြန်ချင်စိတ် တောင်မရှိတော့ဘူး ပထမတစ်ပုဒ်နဲ့တင် တော်တော် လေးစားနေပြီ ယောင်ပုံဆန်းတွေကိုဖတ်ပြီး အဟီး တစ်ခန်းထဲအိပ်ပြီး ရေဆာလို့ ရေထသောက်တဲ့ယောင်ချင်မျိုးတော့ အဟီး အသဲယား စရာကြီး

Anonymous said...

ဦးရီးနော်

ကျနော့သူငယ်ချင်းတစ်ယောက်တော့ လမ်းထထလျှောက်ပြီးယောင်တတ်တာတွေးဖူးတယ်ဗျ။ မျက်စိကြီးမှိတ်လို့ လမ်းကတော့ အဖြောင့်ပဲ။ မသိရင် မျက်စိဖွင့်လျှောက်နေသလိုမျိုးပဲဗျ။

ဒါပေမယ့် အခုပို့စ်ကတော့ အလီဗိုင်တစ်ခုခုများလားလို့ :P

ရေတမာ said...

ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ ဟာသမြောက်ပါတယ် ဦးနော် အောက်ဆုံးစာကြောင်းရောက်တော့ လေးနက်သွားတယ် ကျနော်ရော ဘာတွေများ ရူးချင်ယောင်နေသလဲလို့ အတွေးဝင်သွားတယ်

လေးစားစွာဖြင့်
ရေတမာ

ကာရံဆူး said...

ဦးနော်ရေ...အားရပါးရ လာရယ်သွားတယ်...ယောင်တာ တကယ် အဆန်းပဲ...ကာရံ အစ်ကိုကတော့ ခဏခဏ ယောင်တယ်..သူယောင်တုန်း ကာရံမအိပ်သေးရင် သွားပြီးခိုးနားထောင်တယ်...တစ်နေကုန်လုပ်ထားတာတွေ ပေါ်တယ်လေ..အဟက်...ကာရံကတော့ မကြာခဏပေါ့...အမြဲတမ်းတော့ မဟုတ်ဘူး..အိပ်မက်ထဲ ဒေါသ ထွက်ရင်တော့ အပြင်မှာပါ အော်မိတယ်ဆိုပဲ...ရှိကြမှာပါလေ..မသိစိတ်က ဖြစ်ပျက်နေတာကိုး...ဦးနော် အန္တရာယ် ကင်းစွာ ယောင်နိုင်ပါစေ...

Sein Lyan Tun said...

တော်ပြီး...


ဦးနော် ယောင်တတ်တယ်ဆိုတော့ စကာင်္ပူလာရင် ဦးနော်ဆီလာအိပ်ဖို့ မနည်းစဉ်းစားရမယ်....

ဟဲဟဲ... ဒါမှ မဟုတ် မျောက်မျောက်ကို ကြောက်လို့ တမင် စာတွေရေးပြီးဂွင်ဆင်တာလဲ ဖြစ်နိုင်တာပါပဲ...


အခြေအနေအရ မီးစဉ် ကြည့်ကရမယ်

သားကတော့ အိပ်ရင် စကားတွေ များနေတာတဲ့... ခြေမချိုးပြီး မေးချင်တာမေးလို့
ပေါ်သွားတဲ့ ဇာတ်ထုတ်တွေမှ အများကြီးဆိုတော့...


ဦးနော် ရေးထားတာကို ဖတ်ပြီး ပြုံးလိုက် ရယ်လိုက် မျက်စိထဲမြင်ယောင်လိုက်နဲ့

ပေါ့ပေါ့ပါးပါးပြုံးဆိုတာ ဒါပဲ


ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

Kyaw Nyo Thway said...

ကျွန်တော်လည်းယောင်တတ်တယ်ဗျ။ မပြောလိုတော့ပါဘူးး)

ဧပရယ်လ်ပူး@ပူးတေ said...

တချို့တွေအိပ်ရင်းယောင်တာ ရီရတယ်။ တချို့ယောင်တာကျတော့ ကြောက်ဖို့ကောင်းတယ်။ ယဉ်ယဉ်လေး ရူး အဲ :) ယောင်တာနဲ့ ကြမ်းကြမ်းတမ်းတမ်းယောင်တာ ကွာတာနေမှာ။

HAPPY CLOUD said...

အောင်မလေး ကိုရင်ရေ... ကျနော့သူငယ်ချင်းတစ်ယောက်ယောင်တာတော့... အတော်ကြောက်ဖို့ကောင်းတယ်ဗျ.... အဲဒီကောင်ငါသတ်မယ်.. အဲဒီကောင်ငါသတ်မယ်လို့... အော်တာ ကျောင်းနေတုန်းကဆိုတော့ တစ်ဆောင်လုံးနိုးရောဗျိုး... အဟား အခု အဲဒီကောင်တော့ သင်္ဘောလိုက်နေလေရဲ့... သူဘာတွေများယောင်အုန်းမလဲသိချင်ပါရဲ့ဗျာ...
ခင်မင်လေးစားစွာဖြင့်
ဖိုးမောင်

Talkii said...

နောက်ဆုံး မပြောလိုပါဆိုတာကို စိတ်ဝင်စားတယ်။ :) မပြောဘူးဆိုလည်း ဘာလို့ရေးသေးလဲ။ ရေးပြီးမှတော့ ပြောတော့ :P