Friday, November 13, 2009

လူပေါင်းမှားသော ညောင်စောင့်နတ်

တစ်ခါသော် ရွာကြီးတစ်ရွာ အနီး၌ အရိပ်အာဝါသ အလွန်ကောင်းလှသော ညောင်ပင်ကြီးတစ်ပင် ရှိလေသည်။ ဆယ့်နှစ်လ ရာသီလုံး စိမ်းစိုနေသော ထိုညောင်ပင်ကြီးတွင် အလွန်တန်ခိုးကြီးသော နတ်ကြီးတစ်ပါးလည်း စံမြန်း နေထိုင်လျှက်ရှိသည်။ ရွာသားများသည် ညောင်ပင်ကြီးနှင့် နတ်ကြီးအား အလွန် ယုံကြည်၍ ညောင်ပင်အောက်တွင် ဆုတောင်းပွဲများ၊ ပူဇော်ပွဲများ နေစဉ် ပြုလုပ်ကြလေသည်။ ဆန်ရေစပါး ပေါများစေကြောင်း၊ မိုးကောင်းစေကြောင်း၊ စီးပွားလာဘ်လာဘ တိုးပွားစေကြောင်း ဆုတောင်းကြသည်။ တောင်းသည့် ဆုတိုင်းလည်း ပြည့်ဝရရှိ ကြသောကြောင့် ရွာသားများမှာ အလွန်ပျော်ရွှင်ကြလေသည်။ ထို့ကြောင့် ညောင်ပင်စောင့် နတ်ကြီးအား တန်ခိုးရှင်ကြီးအဖြစ် ပို၍ယုံကြည် ကိုးကွယ်လာကြ လေတော့သည်။

ညောင်ပင်စောင့် နတ်ကြီးသည် နေ့စဉ်နှင့်အမျှ ရောက်လာကြသော ရွာသားများ၏ ဆုတောင်းသံများကို နားထောင်ပေးရသည်။ တောင်းသမျှ ဆုများကိုလည်း ပြည့်ဝအောင် ဖန်တီးကူညီပေးရသည်။ လူပေါင်းများစွာ လာကြသောကြောင့် နတ်ကြီးမှာ တစ်ရက် တစ်ရက် နားရသည် မရှိပဲ နေ့စဉ် အလုပ်ရှုပ်နေရသည်။ အချိန်ရတုန်း ခဏလောက် အိပ်မည်ဆိုလျှင် ဆုတောင်းသံက ပေါ်လာ၍ ထရပြန်သည်။ အာရုဏ်ဦးလည်း ဆုတောင်းသူရှိသည်။ ညကြီး အချိန်မတော်တွင်လည်း ဆုတောင်းသူ လာတတ်သည်။ နတ်ဖြစ်သော်လည်း နတ်စည်းစိမ် အပြည့်အဝ မရရှိရှာသော “နတ်ဖြစ်ရခြင်းဒုက္ခ” အား နတ်ကြီးမှာ အတော်ပင် စိတ်ပျက်နေမိတော့သည် ဆို၏။

တစ်ရက်သော် နတ်ကြီး၏ ညောင်ပင်အောက်သို့ ဘိန်းစားတစ်ယောက် ရောက်လာလေသည်။ ထို ဘိန်းစားသည် အရိပ်ကောင်း၍ အေးချမ်းလှသောကြောင့် ညောင်ပင်ကြီးအား အတော် သဘောတွေ့သွားဟန်တူသည်။ ညောင်ပင်အောက်တွင် နေ့စဉ်လာ၍ အေးအေးလူလူ ဘိန်းမှိန်း မှိန်းလေတော့သည်။ ညောင်ပင်ကြီးအား မှီ၍ မှိန်းလိုက်၊ ညောင်မြစ်ကြားတွင် ခွေ၍အိပ်လိုက်၊ အချိန်အတော်ကြာ အိပ်ပြီးလျှင် ထထွက်သွားလိုက်၊ ခဏကြာလျှင် ပြန်လာ၍ အိပ်လိုက်နှင့် အတော် အထာကျနေသည်။ ဘိန်းစားသည် ဆုတောင်းခြင်းလည်း မရှိ၊ အပူအပင်လည်း မရှိ၊ ပကတိ ငြိမ်းချမ်းနေသောကြောင့် နတ်ကြီးသည် ဘိန်းစားအား ကြည့်ရင်း ကြည့်ရင်း အတော်စိတ်ဝင်စားလာသည်။ “ငါလို တန်ခိုးရှိ နတ်ဖြစ်နေရတာတောင် သူလောက် မငြိမ်းချမ်းပါလား” ဟုလည်း တွေးမိလာသည်။

တစ်နေ့တွင် နတ်ကြီးသည် ညောင်ကိုင်းဖျားမှ ဆင်း၍ ညောင်မြစ်ကြား မှိန်းနေသော ဘိန်းစား ပုခုံးအား ပုတ်၍ မေးလိုက်သည်။
“ဟေ့.. မောင်ရင်.. မင်း ငါ့.. ညောင်ပင်မှာ ဆုမတောင်းပဲ.. ဘာလို့ လာလာ အိပ်နေတာလဲကွ”
ပုခုံး အပုတ်ခံလိုက်ရသဖြင့် ဘိန်းစား ရုတ်တရက် လန့်သွားသည်။
ထို့နောက် ရွှေရောင် တဝင်းဝင်း တောက်နေသော နတ်ကြီးအား မူးကြောင်ကြောင်ဖြင့် မော့ကြည့်၍..
“ခင်ဗျား ဘယ်သူလဲဗျာ.. ဒီမှာ ယူနေတာတွေ ခင်ဗျားလုပ်လို့ ပျောက်ကုန်ပြီ”

နတ်ကြီး အတော် အံ့သြသွားသည်။
“ဟေ.. မင်းဘာတွေ ယူနေတာလဲ.. အာနာပါန သတိပဌာန် ရှုမှတ်နေတာလား”
ဘိန်းစား အတော် စိတ်ညစ်သွားသည် ထင်၏။ ခေါင်းတစ်ချက် ကုတ်၍..
“တော်ပါဗျာ.. ဒီမှာ ကောင်းနေတာတွေ ပျောက်ကုန်ပြီ.. ဖီးပျက်တယ်..”
နတ်ကြီး မျက်လုံးဝိုင်းသွားသည်။
“ကောင်းနေတယ်.. ဟုတ်လား.. ဘာတွေ ဘာတွေများ ကောင်းနေတာလဲကွာ.. မင်းကို ကြည့်ရတာ ငြိမ်းချမ်းလိုက်တာ.. ငါ့ကို ပြောပြပါလားကွာ.. ငါက ဒီညောင်ပင်ကို စောင့်တဲ့ နတ်ကြီးပါ..”

ဘိန်းစား မျက်လုံးတစ်ချက် မှေးစင်း၍ စဉ်းစားလိုက်သည်။
(အင်း.. ညောင်ပင်စောင့်နတ် ဆိုပါလား တန်းခိုးတော့ ရှိမှာပဲ.. ဂွင်တော့ တွေ့ပြီ..)
“ကျုပ် ဒီလို ငြိမ်းချမ်းနေတာ နတ်စည်းစိမ်ထက် ကောင်းတဲ့ စည်းစိမ်ချမ်းသာ ရနေလို့ပဲ..”
နတ်ကြီး အတော် အံ့သြသွားသည်။
“အလိုလေ.. နတ်စည်းစိမ်ထက် ကောင်းတယ် ဟုတ်လား.. ငါ့ကို ပြောပြပါလားကွာ.. ငါ့မှာ တစ်နေ့တစ်နေ့ လူတွေ လုပ်လို့ နားရတယ်ကို မရှိဘူး..”
ဘိန်းစားက နှာခေါင်းဖျားကို လက်ဖြင့်ပွတ်၍..
“ဒီလို ငြိမ်းချမ်းအောင် ဆေးသောက်ရတယ်ဗျ.. ဆေးသောက်ရင် နတ်စည်းစိမ်ထက် ပိုကောင်းတဲ့ စည်းစိမ်ရပြီ..”
နတ်ကြီး စိတ်ဝင်တစား အားတက်သရောဖြင့်..
“ငါ့ကိုပေး.. အဲ့ဒီဆေး ငါအခုပဲ သောက်မယ်..”

ဘိန်းစားက လက်ညိုးနှင့် လက်မကို ဝိုင်း၍ပြကာ
“ဆေးဝယ်ဖို့ ပိုက်ဆံလိုတယ်ဗျ ပိုက်ဆံရှိမှ ဆေးရမှာ..”
နတ်ကြီးက ခပ်မြန်မြန်ပင် ညောင်ရွက် တစ်ရွက်ကို ဆွဲဖြုတ်၍ လက်ဝါးနှင့် ရိုက်လိုက်ရာ ပိုက်ဆံ ဖြစ်သွားတော့သည်။
“ရော့.. ပိုက်ဆံ..”
ဘိန်းစား ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ပြီးလျှင် ညောင်ပင်ကြီးကို အံ့သြတကြီး မော့ကြည့်၍..
“ဟား.. ထူးဆန်းလိုက်တာ ညောင်ရွက်ကနေ ပိုက်ဆံဖြစ်တယ်..”

“အေ.. ဟုတ်တယ်.. ငါလုပ်ချင်ရင် ဒီညောင်ပင်ကြီးက ရွှေဆိုလည်း ဖြစ်တယ်၊ ငွေဆိုလည်း ဖြစ်တယ်..”
ဘိန်းစား ဝမ်းသာအားရ တက်ကြွစွာ ခုန်ထလိုက်သည်။
“ဒီ တစ်ရွက်နဲ့ ဆေးဝယ်ဖို့ မလောက်ဘူးဗျ.. နောက် လေးငါးရွက်လောက် ထပ်ပေး..”
နတ်ကြီးကလည်း ချက်ချင်းပင် ညောင်ရွက် လေးငါးရွက် ခူး၍ လက်ဝါးဖြင့် ရိုက်လိုက်ပြန်ရာ ပိုက်ဆံများ ထပ်ရလာပြန်လေသည်။

ဘိန်းစားလည်း ပိုက်ဆံများ ယူ၍ သုတ်ခြေတင် ပြေးတော့သည်။ သိပ်မကြာခင်မှာပင် အပြေးအလွှား ပြန်ရောက်လာသည်။ ထို့နောက် ဘိန်းစားသည် ဆေးလိပ်ဗူးခွံ ငွေရောင်စက္ကူပေါ်တွင် ဘိန်းဖြူမှုန့်များ တင်၍ မီးမြိုက်ကာ အငွေ့တလူလူအား သူလည်းရှိုက်၊ နတ်ကြီးကိုလည်း ရှူရှိုက်ခိုင်းလေတော့သည်။ နတ်ကြီးသည်လည်း နတ်စည်းစိမ်ထက် ကောင်းသော ငြိမ်းချမ်းသော စည်းစိမ်ကို ရတော့မည်ဆို၍ ဝမ်းသာအားရ “တဟွတ်ဟွတ်” နှင့် ရှိုက်လေတော့သည်။ ခဏအကြာတွင်တော့ နတ်နှင့် ဘိန်းစား နှစ်ယောက်သား မျက်လုံးများ မှေးစင်း၍ ငြိမ်သက်သွားကြ လေတော့သည်။

ဤသို့ဖြင့် နတ်ကြီးသည် လူအများ လာရောက် ဆုတောင်းသံကိုလည်း နားမထောင်တော့ပဲ အချိန်ရှိတိုင်း ဘိန်းစားနှင့်သာ နှစ်ပါးသွားကာ ရှူရှိုက်နေလေတော့သည်။ နတ်ကြီးမှာ ငြိမ်းချမ်းခြင်း ဆေးဝါးကို အတော်ကြီးပင် စွဲလန်းကာ အမှန်ပင် ငြိမ်းချမ်းနေပြီဟု အထင်ရောက် နေလေသည်။ ဆေးစားလိုက်၊ ညောင်ကိုင်းဖျားတွင် မှိန်းလိုက်နှင့် အတော်ဟုတ်နေသည်။ သည်လိုနှင့် နေ့ပေါင်းများစွာ ကြာလာတော့ ညောင်ရွက်များလည်း ကုန်သလောက် ဖြစ်လာသည်။ ဆုတောင်းလည်း မပြည့်တော့၊ ညောင်ရွက်များလည်း မဝေတော့ သောကြောင့် ညောင်ပင်ကြီးသို့လည်း ဘယ်ရွာသားမှ မလာတော့ပေ။

“နတ်ကြီး.. ပိုက်ဆံလုပ်ဖို့ ညောင်ရွက်တွေလည်း ကုန်ပြီဗျ.. ဘယ်လို လုပ်ကြမလဲ..”
ဘိန်းစား၏ အပြောကို နတ်ကြီးက မျက်လုံးတစ်ဘက် မှေးစင်းဖွင့်ကြည့်ကာ မကြားဟန်ဖြင့် ပြန်မှိန်းနေပြန်သည်။
“ဟေ့.. နတ်ကြီး ကျုပ်.. ပြောနေတယ်လေဗျာ.. ပိုက်ဆံမရှိရင် ခင်ဗျား ဆေးသောက်လို့ မရတော့ဘူး..”
နတ်ကြီးက စိတ်မရှည်ဟန် ပျင်းတိပျင်းရွှဲ ဘိန်းမှိန်းသံ ခပ်တိုးတိုးဖြင့်..
“ေ ဟ႔ ေ က ာ င ္.. အ သ ာ ေ န စ မ ္ း ပ ါ က ြ ာ.. ဒ ီမ ွ ာ ေ က ာ င ္ း ေ န တ ာ ေ တ ြ ေ ပ ် ာ က် ကု န်ေ တာ့ မ ယ် . .”

ဘိန်းစား ခေါင်း “တဗြင်းဗြင်း” ကုတ်လိုက်သည်။
“ဒါဆို ခင်ဗျား နေခဲ့တော့ဗျာ.. ခင်ဗျားကို ဆေးလည်း မဝယ်ပေးတော့ဘူး.. ဆေးလည်း မတိုက်တော့ဘူး..”
နတ်ကြီး တလှုပ်လှုပ်နှင့် ထလာသည်။
“ေ ဟ ႔ေ က ာ င် မ လုပ်နဲ့ေ လ ကွာ .. မ င်း ဝ ယ်ေ ပး မှ ရ မှာ ေ ပ ါ ႔က ြ .. င ါ မ ွ ေ ဆ း ဆ ို င် မ သိ တာ ..”
နတ်ကြီး၏ လေးလေးပင်ပင်ကြီး ပြောလိုက်သော စကားအား ဘိန်းစား ခေါင်း တစ်ချက် ခါလိုက်သည်။
“ဝယ်ပေးတာတော့ ဟုတ်ပါပြီး ခင်ဗျားမှာ ညောင်ရွက်လည်း မရှိတော့ဘူး.. ပိုက်ဆံ ဘယ်က ရတော့မလဲ..”

“မင်းက နတ်ကို တော်တော် အထင်သေးတာပဲကွ.. ရော့ကွာ..”

နတ်ကြီးက အရွက်မရှိတော့သော ညောင်ကိုင်း တစ်ချောင်းကို လက်ဖြင့်ချိုးကာ လက်ဝါးဖြင့် “ဖြန်း” ကနဲ ရိုက်ချလိုက်ရာ..
“ဟာ..!!! ရွှေချောင်းကြီးးး..”
ဘိန်စား အံ့သြဝမ်းသာ ထအော်သည်။
“အေ.. မြန်မြန်ယူသွား.. များများဝယ်ပြီးသာ မြန်မြန်ပြန်လာတော့..”
နတ်ကြီးလည်း ညောင်ကိုင်းအား ရွှေအဖြစ်သို့ ဖန်ဆင်းပြီး ပြန်၍ မှိန်းနေလေတော့သည်။
ဘိန်းစားလည်း ရွှေချောင်းကြီးမ၍ သုတ်ခြေတင် ပြေးတော့သည်။

ဤသို့ဖြင့် ဘိန်းစားနှင့်နတ်ကြီး တဝကြီးရှူ၍ တစ်နေကုန် ယူကြလေသည်။ တစ်ရက်ပြီး တစ်ရက် အချိန်များ ကုန်ပြန်လေသော် ညောင်ပင်ကြီး.. ညောင်ကိုင်းပင် မရှိတော့သည့် အဖြစ်သို့ ရောက်လေတော့သည်။ နတ်ကြီးလည်း မထချင်လောက်အောင် အမှိန်းကြမ်းရင်း ငြိမ်းချမ်းနေတော့သည်။ ဘိန်းစားလည်း အရွက်၊ အကိုင်း မရှိတော့သော ပင်စည်ကြီးအား မော့ကြည့်၍ ရှေ့ရေး တွေးရင်း ရင်လေးနေပြန်သည်။

“နတ်ကြီး.. ခင်ဗျား ညောင်ပင်ကြီးက ပင်စည်ပဲ ကျန်တော့တယ်ဗျ.. လုပ်ဦး.. ဒီမှာ ပစ္စည်းက ပြတ်တော့မယ်..”
ဘိန်းစား၏ အပြောအား နတ်ကြီးက အရေးမထားသလိုဖြင့်..
“မင်းကလည်းကွာ ပင်စည်ကြီး ကျန်သေးတာပဲ.. သွားခုတ်လိုက် ငါအခု ရွှေလုပ်ပေးမယ်..”
ဘိန်းစားလည်း ပင်စည်ကြီးကို အပိုင်းပိုင်းခုတ်ထစ်၍ ယူလာလေသည်။ နတ်ကြီးလည်း ထုံးစံအတိုင်း ဥုံဖွ လုပ်လိုက်လေရာ ရွှေဖြစ်ပြန်သည်။

ဤသို့ဖြင့် ညောင်တစ်ပင်လုံး ကုန်သည်အထိ နှစ်ယောက်သား ငြိမ်းချမ်းလိုက်ကြသည်မှာ နောက်ဆုံး ညောင်ငုတ်တိုလေးသာ ကျန်တော့သည်။ နတ်ကြီးလည်း အတော် ပိန်ချုံး၍ နတ်ရုပ်ပင် မပေါက်တော့ပေ။ ညောင်ပင်ကြီး အရွက်ကြွေ၊ အကိုင်းခြောက်နှင့် တဖြည်းဖြည်း ပျောက်ခြင်းမလှ ပျောက်သွားသောကြောင့် ထိုနေရာတွင် ကွင်းပြင်ကြီးလို ဖြစ်သွားတော့သည်။ “ညောင်ပင်ကြီး သေသွားပြီ” ဟူ၍လည်း ရွာတွင် ပြောစမှတ် ဖြစ်ကျန်တော့သည်။

တစ်ရက်တွင်တော့ ဘိန်းစားနှင့် နတ်ကြီးတို့သည် ဘိန်းလည်းဆာ၊ ညောင်လည်းကုန်၊ ငွေလည်းမရှိ၊ ရွှေလည်းမဖြစ်၊ နေပူပူ ညောင်ငုတ်တိုဘေး မှိုင်တွေးရင်း ထိုင်ငေးနေကြလေသည်။ ထိုအချိန်တွင်ပဲ ခပ်လှမ်းလှမ်းမှ လာနေကြသော ကုန်သည်ခရီးသွား အဖွဲ့တစ်ဖွဲ့ကို လှမ်းတွေ့လိုက်ရလေသည်။ လှည်းပေါင်းများစွာနှင့် ကုန်စည်များ တင်ဆောင်ထားသော ခရီးသွားအဖွဲ့၏ ရှေ့ဆုံးတွင် မြင်းဖြူလှလှကြီး စီးလာသူမှာ ခေါင်းဆောင် သူဌေးကြီး ဖြစ်ဟန်တူသည်။

ဘိန်းစား ခေါင်းထောင်လာကာ မျက်လုံး “ဝင်း” ကနဲ လက်သွားသည်။
ထို့နောက် “ဖြောက်” ကနဲ လက်ဖျောက် တချက်လည်း တီး၍..
“နတ်ကြီး.. ကျုပ်တို့ ပိုက်ဆံရဖို့ နည်းတစ်နည်းတော့ တွေ့ပြီ..”
နတ်ကြီးလည်း ဝမ်းသာအားရ ခုန်ထလိုက်သည်။
“ပြော.. ပြောစမ်း.. ဘယ်လို လုပ်ကြမလဲ..”
ဘိန်းစားက နတ်ကြီးကို အသေအချာကြည့်ရင်း..
“နတ်ကြီး.. ခင်ဗျား အခုချက်ချင်း မြင်းမလှလှလေးတစ်ကောင် ဖြစ်အောင် ခင်ဗျားကိုယ်ခင်ဗျား.. တန်ခိုးနဲ့ ပုံပြောင်းလိုက်ဗျာ”

“ဟေ.. ဘယ်လို..”
နတ်ကြီး အလွန်အံ့သြသွားသည်။
“ဘယ်လိုတွေဘာတွေ မေးမနေနဲ့ အချိန်မရှိဘူး.. ပိုက်ဆံရရင် ကျုပ်တို့ လိုတဲ့ဆေး အမြန်ပြေးဝယ်ရမယ်.. ကျုပ်ပြောသလိုသာ လုပ်ပေတော့..”
နတ်ကြီးလည်း ဘိန်းစားကို အတော် ယုံကြည်နေသည်။ “ဘိန်းစား ဘိန်းသာစားတာ ဉာဏ်ကတော့ အလွန်ကောင်းလှသည်” ဟု စိတ်တွင်းမှလည်း ကြိတ်၍ ချီးကြူးနေသည်။

နတ်ကြီးလည်း ဆေးရဖို့ အရေးဆိုတော့ စဉ်းစားတွေဝေ မနေတော့ပဲ “ဝုန်းးး” ဆိုပြီး သူ့ကိုယ်သူ မြင်းမလေး ဖြစ်အောင် ပုံပြောင်းလိုက်တော့သည်။ ဘိန်းစားလည်း သူ့ရှေ့တွင် “ဘွား..” ကနဲ ရောက်လာသော မြင်မလေးကို ဆွဲပြီး ညောင်ငုတ်တိုတွင် ကြိုးဖြင့် ချည်၍ ဟန်မပျက် ဆက်အိပ်နေလိုက်သည်။

ခဏအကြာတွင် ကုန်သည်ခရီးသွားအဖွဲ့သည် ဘိန်းစားနှင့် မြင်းမလေး ရှိနေသော ညောင်ငုတ်တိုရှေ့သို့ ရောက်လာကြလေသည်။ ဤတွင်ပဲ သူဌေးကြီး စီးလာသော မြင်းဖြူကြီးမှာ ဆက်မသွားတော့ပဲ ညောင်ငုတ်တို ရှေ့တွင် ရပ်နေတော့သည်။ သူဌေးကြီး ဘယ်လို မောင်းမောင်း ဆက်မသွားတော့ပဲ ပေတေပြီး ရပ်နေလေသည်။ နောက်လိုက် ကုန်စည်လှည်းတို့ အကုန် ကျော်သွားသည် အထိကို မြင်းဖြူကြီးက မလှုပ်ပဲ ရပ်နေသည်။ သူဌေးကြီး အောက်ဆင်း၍ မြင်းကို အတင်းဆွဲရာတွင်လည်း မြင်းကြီးမှာ မလှုပ်ပေ။ သူဌေးကြီးမှာ ရိုက်လည်း မသွား.. ဆွဲလည်း မလိုက်တော့သော မြင်းကြီးကြောင့် အတော် စိတ်ပျက်သွားသည်။

ဤတွင် မှိန်းနေသော ဘိန်းစား အိပ်နေရာမှ ထကာ သူဌေးကြီးနား ကပ်၍ ပြောလိုက်သည်။
“သူဌေးကြီး.. ခင်ဗျား မြင်း ဘာလို့ ရှေ့မသွားလဲ ဆိုတာ ကျုပ်သိတယ်..”
သူဌေးကြီး အလွန် အံသြစွာဖြင့်..
“မောင်ရင် လုပ်ပါဦး.. သိရင် ပြောပြပါဗျာ.. ကျုပ်မြင်းလိမ္မာ ဘာလို့ ခေါ်မရ ဖြစ်နေတယ် မသိတော့ဘူး.. ကျုပ်ကို ကူညီပါဗျာ..”
ဘိန်းစားလည်း မေးစေ့ကို လက်ဖြင့် ပွတ်ရင်း..
“ဟိုမှာ ကြည့်လိုက် ခင်ဗျား မြင်းကို သေချာ ကြည့်လိုက်..”
သူဌေးကြီးလည်း သူ့မြင်းကို ကြည့်လိုက်ရာ.. မြင်းဖြူကြီးမှာ ညောင်ငုတ်တိုဘေး မြင်းမလေးအား ချစ်ရည်ရွှန်းသော မျက်ဝန်းများဖြင့် မြတ်မြတ်နိုးနိုး၊ ရွှန်းရွှန်းစားစားကြီး ကြည့်နေလေသည်။

“တွေ့လား.. ခင်ဗျား မြင်းကြီးက ကျုပ်မြင်းမလေးကို ကြိုက်နေပြီ.. ဒီမြင်းမလေးကိုမှ မရရင် ခင်ဗျားမြင်းကြီး ဘယ်လို ခေါ်ခေါ် လိုက်တော့မှာ မဟုတ်ဘူး..”
သူဌေးကြီးလည်း သူ့မြင်းကို ကြည့်၍ သဘောပေါက်သွားသည်။
“ဒါဆို မောင်ရင်ရယ် ကျုပ် ဘယ်လို လုပ်ရမလဲ.. ကူညီပါဗျာ..”
ဘိန်းစားမှာ သူ ဆင်ထားသော အကွက်ထဲသို့ ကွက်တိ ဝင်လာသဖြင့် အသာပြုံးကာ..
“ကျုပ် မြင်းမလေးကို ဝယ်ပြီး တခါတည်းသာ ခေါ်သွားပေတော့..”

ဤတွင် မြင်းမလေးအဖြစ် အသွင်ပြောင်းထားသော နတ်ကြီးမှာ နားရွက်ထောင်၍ မျက်လုံး ပြူးသွားသည်။ “ဒီကောင် အကြံပက်စက် ငါ့ကိုပါ ရောင်းစားတော့မှာပါလား” ဟု တွေးရင်း ကြောက်လန့်သွားလေသည်။ အကင်းပါးသော ဘိန်းစားမှာ နတ်ကြီး စိုးရိမ်သွားကြောင်း ချက်ချင်း သိလိုက်သဖြင့် မြင်းမလေးအား “မစိုးရိမ်စမ်းပါနဲ့” ဟူသော ဟန်ဖြင့် မျက်စိတစ်ဘက် မှိတ်ပြလိုက်သည်။
“ဒါဖြင့် ကျုပ် ဘယ်လောက် ပေးရမလဲ..”
သူဌေးကြီးလည်း သမီးတောင်းပေးတော့မည့် သားရှင်ဖခင်ကြီးလို ချက်ချင်းပင် ဈေးမေးလိုက်သည်။

ဘိန်းစားက နှာခေါင်းကို အသာကုတ်ရင်း “ဘယ်လောက်တောင်းလျှင် ကောင်းမလဲ” ဟု စဉ်းစားနေသည်။ မြင်းမလေးကလည်း “ဘိန်းစား ဘယ်လောက်များ ဈေးဖြတ်မလဲ.. ငါ့ကို ပတ်တီးရိုက်ပြီး ဒီကောင် တစ်မူးပိုရှူဖို့ ဈေးတင်ရိုက်ရင် ခက်မယ်” ဟု တွေးရင် သူတို့ ပြောသည်ကိုသာ စိတ်ဝင်တစား နားစိုက်ထောင်ရင်း ရှေ့သို့သာ အာရုံများနေသည်။

ဤတွင် မြင်းမလေးကို မြင်မြင်ချင်း အချစ်ကြီး ချစ်သွားသော မြင်းဖြူကြီးမှာ ဘယ်အချိန်ဘယ်လို မြင်းမလေး အနောက် ရောက်သွားသည်မသိ။ တားမရစီးမရ အတင်းမဟားဒယား ဟိုဒင်းဟိုဟာ ပြုလုပ်ရန် ကြံစည် ကြိုးစားတော့သည်။ မြင်းမလေးခမျာလည်း အရှေ့သတိထားနေချိန် အနောက် လစ်ဟင်းသလို ဖြစ်သွားသဖြင့် ရုတ်တရက် လန့်ကာ၊ ဖြန့်ကာ.. ကြောက်လန့်တကြား ခြေကားယား၊ လက်ကားယားဖြင့် “အောင်မလေးးးတော့” ဟု အော်ဟစ်ကာ ညောင်ငုတ်တိုအား ပတ်ပြေးလေတော့သည်။

မြင်းဖြူကြီးမှာ နှာသံ “တဟဲဟဲ” မှုတ်ရင်း မြင်းမလေး နောက်သို့ မဟားဒယား သွားရည်တများများဖြင့် အားရပါးရကြီးကို လိုက်လေတော့သည်။ မြင်းမလေး ခမျာ.. ရှက်လည်းရှက် ကြောက်လည်း ကြောက်ဖြင့် အသားကုန်ကို ကိုယ်လွတ်ရုန်း ပြေးနေရသည်။ တစ်ချက် တစ်ချက် မြင်းမလေး ကျောပေါ် ရောက်ရောက် လာသော မြင်းကြီး၏ ခွာလက်အေးကြီးက အလွန်ပင် အတင့်ရဲလွန်းနေသည်။ မြင်းမလေးမှာ အကြံကောင်း ထုတ်သော ဘိန်းစားစုတ်ကို အန္တရာယ်နှင့် လက်တစ်လုံးခြား အခြေအနေမှပင် ဒေါသတကြီး ကျိန်ဆဲနေမိသည်။ “သည်လိုမှန်း သိရင် သည်ဘိန်းစားကို မြင်းမအဖြစ် ဖန်ဆင်း လိုက်ပါတယ်” လို့ တွေးရင်း တွေးရင်း အနောက်လှည့် မကြည့်ရဲပဲ မြင်းကြီးလက်မှ လွတ်အောင် အားကုန် သွန်လေတော့သည်။

အခြေအနေ ရုတ်တရက် ပြောင်းသွားသောကြောင့် သူဌေးကြီးလည်း လန့်ဖြန့်သွားသည်။ ဘိန်းစားလည်း ပါးစပ် အဟောင်းသားနှင့် မျက်လုံးကြီး ပြူးသွားသည်။ မြင်းနှစ်ကောင် ဝိုင်းကြီး ပတ်ပတ် ပြေးသူပြေး၍ လိုက်သူ လိုက်နေသည်မှာ ခွာသံတညံညံနှင့် အသည်းတယားယား ရှိလှသည်။ မြင်းမလေးအား မြင်းဖြူကြီး မိသွားပါက ပွဲကြီးပွဲကောင်း ဖြစ်ပေတော့မည်။ မြင်းမလေးသည်လည်း ရေတိမ်နစ်မည့်အရေး တွေးမိသဖြင့်ထင်သည် အမြီးကုတ်၍ မလုံ.. လုံအောင် ဖုံးရင်း.. မလွတ်.. လွတ်အောင် ပြေးနေသည်မှာ သည်းထိတ်ရင်ဖို သနားစရာ ကောင်းလှသည်။

ဤသို့ဖြင့် ဘိန်းစွဲနေသော မြင်းမလေး ခမျာမှာ သက်လုံကလည်း မကောင်း အမောကလည်း ဖောက်လာ၍ ပြေးအားလည်း ကျလာတော့သည်။ မြင်းဖြူကြီးမှာလည်း အားကြိုးမာန်တက် ကြိုးစားလေရာ မိလုမိခင်း၊ အောင်မြင်ခါနီး တစ်လက်မလောက် အလိုမှာပင် “ဝုန်းးးး” ဆိုပြီး မြင်းမလေး မြင်ကွင်းမှ ပျောက်သွားတော့သည်။ ပြေးလိုက်နေသော မြင်းဖြူကြီးမှာ မြင်းမလေး ရုတ်တရက် ပျောက်သွားသောကြောင့် ကြောင်စီစီဖြစ်သွားသည်။ အသားများ “တဆတ်ဆတ်” တုန်ရင်း အရှိန်မသေပဲ ဟတ်ကော့ကြီး ဖြစ်နေတော့သည်။ ထို့နောက် တောင်ကြည့် မြောက်ကြည့်နှင့် သရဲခြောက်သည် အမှတ်နှင့် ခြေဦးတည်ရာသို့ ကဆုန်ပေါက်၍ ကြောက်အားလန့်အား ပြေးထွက်သွားလေတော့သည်။ သူဌေးကြီးလည်း သရဲခြောက်ခံရသည်သာ ထင်၍ သူ့မြင်းဖြူကြီး ပြေးရာနောက်သို့ အော်ရင်း ဟစ်ရင်း ပြေးလိုက်သွား လေတော့သည်။

ဘိန်းစားသည်လည်း တစ်ယောက်တည်းသာ ကျန်၍ ညောင်ငုတ်တိုပေါ် ရပ်ရင်း ထိုင်ရမလို ထရမလို ဖြစ်နေသည်။ ထိုအချိန်တွင်ပင် ဘိန်းစားသည် သူ့လည်ပင်းအား တစ်စုံတစ်ယောက်မှ ဖိညှစ်လိုက်သလို ခံစားလိုက်ရသည်။

ဘိန်းစား ခမျာ.. အသက်ရှူရပ်မတတ် အစ်သွားသော လည်ပင်းကို လက်တစ်ဘက်နှင့် ဖိရင်း...
“အ.. နတ်.. နတ်.. နတ်ကြီး... ကျုပ်.. ကျုပ်.. အ.. အ...”
ဘိန်းစား အထစ်ထစ် အငေါ့ငေါ့နှင့် အလွန် ကြောက်လန့်နေလေပြီ။

လေထဲတွင် ရုပ်လုံး မမြင်ရသော နတ်ကြီး၏ အသံနက်ကြီး ရုတ်တရက် ထွက်လာသည်။
“မအေဘေးးး ဘိန်းစား လာစမ်းး..!!! မင်းလုပ်လို့ ငါ ဘိန်းလည်း စွဲရတယ်.. ငါ့ ညောင်ပင်လည်း မျိုးတုံးရတယ်.. ကံကောင်းလို့ မြင်းလက်ချက်မိပြီး နတ်ဘ၀ ရေတိမ်ပါ နစ်တော့မလို့.. မင်းကို ငါမကျေဘူးးးး.. မင်းကို သတ်မယ်.. မင်းကို ငါ သတ်မယ်..”

နတ်ကြီး၏ အသံလည်းအဆုံး “ဘုတ်..” ဆိုသော သံကြီးနှင့် အတူ မြေပေါ် ပြုတ်ကျသွားသံ ကြားရလိုက်သည်။ ဘိန်းစားလည်း တောင်တောင်၊ မြောက်မြောက် ရှာဖွေကြည့်လေသည်။ အကောင် မမြင်ရသော်လည်း အသံဟာဖြင့် ခြေပစ်လက်ပစ် ကျသံမျိုးပင်။ မဟုတ်မှလွဲရော နတ်ကြီးခမျာ ဒေါသတကြီး၊ ဝမ်းနည်းပက်လက်၊ ကြောက်လန့်တကြား၊ ရင်တုန်ပန်းတုန်နှင့် ဟဒ်အတက် (Heart attack) ရသွားပြီ ထင်သည်။

ဘိန်းစားလည်း “နတ်များ ဒေါသကြီးလျှင် ကိုင်တတ်သည်” ဆိုသော ကြားဖူးနားဝ စကားကြောင့် တွေးရင်းတွေးရင်း လန့်ဖြန့်လွန်း၍ (((((...နတ်ကြီးရေ.. ကြောက်ပါပြီဗျ..))))) ဟု ငိုယိုအော်ဟစ်ကာ သွေးရူးသွေးတန်း ပုဆိုးကွင်းသိုင်း ပြေးလေတော့သတည်း..။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
(ကိုရင်နော်)
မှတ်ချက်။ ။
ဤပုံပြင်အား ကြည့်ခြင်းဖြင့် အပေါင်းအသင်း မှားပါက ဘ၀ပါ ပျက်ရပုံကို သင်ခန်းစာ ရရှိနိုင်ပါသည်။
ဝန်ခံချက်။ ။
ဘိန်းစားတစ်ယောက် ပြောပြဖူးသော ပုံပြင်တို တစ်ပုဒ်အား ပြန်လည်ခံစား ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
တွေးစရာအချက်။ ။
“ကျွန်ုပ်တို့ နေထိုင်ရာ မြန်မာပြည်ကြီးလည်း..” ဟု အစားထိုး တွေး၍ 3D ကြည့်သကဲ့သို့ ပုံဖော်ကြည့်ရန်။

47 comments:

HAPPY CLOUD said...

ဟား ဟား..။ အသေရီရတယ်။
နတ်ကြီးရေတိမ်နစ်တော့မလို့။ ဘိန်းစားတွေများ တော်ကီကောင်းချက်..။ နတ်တောင် ဘိန်းစားတော်ကီမှာ မြောရတဲ့ဘ၀ပါလားနော်။ အရေးအသားကတော့ ပြောစရာမလိုအောင် ဂွတ်တယ်။ အကြောင်းအရာပိုင်းကလည်း တကယ်ရီရတယ်ဗျာ.. ဟား ဟား။

အားကြီးခင်တဲ့
မိုးမောင်

HAPPY CLOUD said...

ံအံမယ်...ထူးထူးဆန်းဆန်း ငါ တစ် တွေဘာတွေ ရလို့ပါလား။ ဟား ဟား ဟားးးးးးးးး။


မိုးမောင်

ဂျပန်ကောင်လေး said...

ဖတ်လို့ကောင်းလိုက်တာ..တော်သေးလို့ ဟိုဒင်းအပြုမခံရတယ်.. ဟိဟိ..မိများသွားလို့ကတော့ နတ်ကြီး စုန်လုံးကန်းရော... ခွိခွိ

မျက်မှန်လေး said...

ဟီးဟီး

နတ်ကြီးခမျာ သနားစရာ...
နောက်ဆုံးနတ်ကြီး သေသွားတာလားဟင်....

ခရေညို said...

လူပေါင်းမှာတာလည်း ကြီးမားတဲ့ မဟာ အမှာကြီးပဲနော်။

ဒဏ္ဍာရီ said...

လူပေါင်းမှာတဲ့ အပြင် မူးယစ်ဆေးဝါးပါ ဆွဲတော့ ပြီးရောပေါ့ ... တော်တော် လူလည်ကျတဲ့ ဘိန်းစားနော်။ ပြူးကြောင်ကြောင် နတ်ကြီးနဲ့ လူလည်ဘိန်းစားရုပ်ကို မျက်စိထဲ မြင်ယောင်ကြည့်ပြီး ဖတ်သွားပါတယ်။ အပေါင်းအသင်းမှားရင် လူမပြောနဲ့ တန်ခိုးရှိပါတယ် ဆိုတဲ့ နတ်တောင် ဘ၀ပျက်မတတ် ဖြစ်ရတယ်။ ရီစရာ ဟာသလေးနဲ့ ဆုံးမပေးသွားလို့ ကျေးဇူးတင်ပါတယ်။

ခရီးက ပြန်လာရင်လည်း အခုလို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ပိုစ့်လေးတွေ ဆက်ရေးပါအုံးလို့ ....။

ခင်မင်လေးစားလျှက်

မေဇင် said...

တော်တော်ရီရတယ်....အပေါင်းအသင်းမှားရင် လူမပြောနဲ့ နတ်တောင် ဘ၀ပါ ပျက်တတ်တယ်...ဆိုတာ ရေးထားတာ ဆွဲဆောင်မှုရှိတယ.်...။း))

နှင်းဟေမာ said...

ဖတ်လို့ကောင်းမှကောင်း အစ်ကို ရင်နော်ရေ... တစ်ပုဒ်ဆို တစ်ပုဒ်ပါပဲနော်...
ခရီးရှည်မသွားပဲတောင် ပျောက်ခြင်းမလှပျောက်နေတာ ခရီးရှည်များသွားလို့ကတော့ အစ်ကိုရင်နော် တစ်ယောက် စူဠလိပ်ရေထဲလွှတ်လိုက်သလိုတော့ ဖြစ်တော့မယ်
ဥပမာပြောတာပါ ဟီး လိပ်လို့ပြောတာဟုတ်ဘူးနော် ...
ပျော်ရွှင်စရာ ခရီးရှည်ကြီးဖြစ်ပါစေ လိပ်ဘိုးဘိုးရေ..းP
ခင်မင်လေးစားလျှက်
ညီမလေး နှင်းဟေမာ

Mogok Thar said...

အကို ရင်နော်

ရီရသလောက် အဖိုးတန်တဲ့ ပို့စ်လေးပါဗျာ။

အပေါင်းအသင်းမှားရင် လူမပြောနဲ့၊ နတ်တောင် ဒုက္ခပင်လယ်ဝေရတာလေးကို ရယ်မောစရာ အဖြစ်နဲ့ ပြောပြသွားတာလေး အတုယူ မှတ်သားသွားပါတယ်ဗျာ။

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်

ညီလေး
မိုးကုတ်သား

ကောင်းကင်ပြာ said...

အကိုနော် ..
ညလေး ကောင်းကင်ပြာလဲ လာရောက်မှတ်သား ရီသွားပါတယ်..တော်တော် ဆိုးတဲ့ ဘိန်းစားပဲ..နတ်ကြီးသနားစာရာ....

ညလေး ကောင်းကင်ပြာ
(ဘိုဘို ရေးသလို လိုက်ရေးကြည့်တာ)

sweetpeony said...

ရီလိုက်ရတာ ဦးနော်ရေ....
ဟားဟားးးး
နတ်သနားပါတယ်...
ဘိန်းစား တော်တော်ဆိုးတာပဲ
နတ်က လက်မတင်လေး လွတ်သွားတယ်..
သူ့ တန်ခိုးရှိတာ ပြန်သတိရသွားလို့ထင်တယ်..
ဖျောက်လိုက်တာာ..
ဟီးဟီးးး

အိပ်မက်ရှင် said...

ဟားဟား ...
အကိုနော်ရေ ...
ရယ်လည်း ရယ်ရ၊ ပညာလည်းရ၊ သင်ခန်းစာလည်းရ၊ ဗဟုသုတလည်း ရ ... အို ... ရတာတွေ စုံလို့ တစ်ပုံတစ်ပင်ပါလားဗျာ ...
ဒီလို ရသ အစုံအလင်နဲ့ တဟားဟား ရရအောင် ရေးဖွဲ့နိုင်စွမ်းတဲ့ ကိုယ့်အကိုကို ထာဝရလေးစား ဂုဏ်ယူလျှက်ပါဗျာ ...

ခင်မင်လေးစားမှု ကုဋေကုဋာဖြင့်

Vista said...

ဘယ်လိုရေးရေးကောင်းတာပဲ
ဘာရေးရေးကောင်းတာပဲနော်

မြစ်ကျိုးအင်း said...

တော်သေးတယ် ရုက္ခစိုးနတ်ကြီး မပေါ့မပါးဖြစ်တော့မလို့
ဟားဟား တကယ်ရယ်ရတယ်ဗျာ
သိပ်ကောင်းတဲ့ ပို့စ်ပဲ။
သူငယ်ချင်းတွေကို ညွှန်လိုက်အုံးမယ်။

ပို့စ်မြန်မြန်တင်ဘို့ထက် ဒီလို ပို့စ်ကောင်းကောင်း တင်ဘို့က ပိုအရေးကြီးတယ်။

ခရီးရက်ရှည်က ပြန်လာရင်လည်း ဒီလို ရသ ပါတာလေး
တွေ ထပ်ထွက်ပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။

ကိုမျိုး said...

မင်္ဂလာပါ ကိုရင် ရေ..

လူပေါင်းမှားသော ညောင်စောင့်နတ် ကိုဖတ်ပြီး အပေါင်းအသင်းမှားပါက ဘ၀ပါ ပျက်ရပုံကို တွေ့ရှိနားလည်ခဲ့ရပါသည် ကိုရင်ရေ...
အရေးအသားပြေပြစ်ပြီး ဆွဲဆောင်မှုအားကောင်းသလို စာပိုဒ်လေးတွေ သူ့အပိုင်းလေးနဲ့သူ..သူ့ပုဒ်ကလေးနဲ့ သူ..စနစ်တကျခွဲပြီး တင်ပြထားတာ ဖတ်ရသူအဖို့ စိတ်ထဲမှာရော..မျက်စိထဲမှာရော..ပသာဒ ပြည့်စေတယ်ဗျာ...တကယ့်ကို အတုယူစရာ တင်ပြပုံလေးပါပဲ ကိုရင်ရေ....
ကိုရင်တစ်ယောက်..ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ် ဗျာ...

ခင်မင်လေးစားစွာဖြင့်
အညာမြေမှ ကိုမျိုး

little brook said...

အော် ငါ့အကိုရေးလိုက်မှဖြင့် ဖတ်ရင်းနဲ့ ဟီးဟီး ..
မြင်းမလေးအစား လူကတွန့်နေတာ ဟားဟားဟား

မေသူ said...

အဟီးးး မြင်းမလေး တဖြစ်လဲ မဟာနတ်ကြီး သနားပါတယ်။ :)

နတ်က နတ်၊နတ် ချင်းမပေါင်းပဲ လူနဲ့ လာပေါင်းနေသေးတယ်။ လူတောင်မှ ဘိန်းစားနဲ့ မှ။ တကယ်...

အခြေတူ၊ အကျင့်တူ၊ စိတ်တူ တဲ့ သူတွေ ပနံသင့်ရင် အိုခေမှာ စိုပြည်သလိုပေါ့။ နတ်ကလဲ နတ်ချင်းချင်း ဆက်ဆံမှပေါ့.. :)

ဖိုးစိန် said...

ဘုရားရေ.....


နတ်ဘိန်းစွဲတာ လူဘိန်းစွဲတာထက် ဆိုနေပါလား...
လူဘိန်းစွဲတာတောင် ဘိန်းဖို့ ဘယ်လိုရှာကြံရမယ်ဆိုတဲ့ အတွေးက ထွက်သေးတယ်...

နတ်က လူလောက်မှာ အသုံးမကျ.. ဟိဟိ


ဦးနော်

ခရီးအရှည်းးးးးးးးးးးးးးးးး ကြီးထွက်ပြီး မြန်မြန်ပြန်လာခဲ့နော်...

ချစ်ခင်လေးစားစွာဖြင့်

မျောက်မျောက်

မမသီရိ said...

ဒီဘိန်းစား .. အတော် ဥာဏ်ပြေးတာပဲ

ဘလော့လေး ကြာကြာ ပစ်မထားပါနဲ့ မောင်လေးရေ

စိတ်လက်ကြည်လင်ဖွယ်ရာ ပေါ့ပေါ့ပါးပါးလေးတွေ
အမြဲဖတ်ချင်ပါတယ်

ကိုရင်နော် said...

မနားခင် ဒီပိုစ့်ကို ဒါရိုက်တာ လုပ်ပြီး ပြဇာတ်ကရ ကောင်းမလားလို့ တွေးမိတယ်..း)

ဘိန်းစားကိုတော့ ဘိုဘို (မိုးကုတ်သား) ကို လုပ်ခိုင်းမှ ထင်တယ်..း)

နတ်ကိုတော့ မောင်ဖိုးစိန်ကို လုပ်ခိုင်းမယ်..း)

ဟေ့.. ဘယ်သူ မြင်းဖြူကြီး လုပ်မလဲကွ..း)))

ဖိုးစိန်ရေ.. ပြေးတော့..


ချစ်ခင်စွာ..
ကိုရင်နော်

ဖိုးစိန် said...

ဘုရားးးး


ဘုရားးးးးး



ဖိုးစိန် က နတ် ဖြစ်ရ ဦးမယ်ပေါ့....

ဟိုဘိန်းစား ဘိုဘို သမ လို့ ရှိသမျှ လဲ ပြောင် ရအုံးမယ်.. ခိုင်းသမျှ လဲ လုပ်ရအုံးမယ်..

ဒီကြားထဲ မြင်းမ ဘဝ က ရောက်ရအုံးမယ်...


အောင်မလေး မြင်းဖြူ လုပ်မယ့်သူက ထွားထွားကျိုင်းကျိုင်းနဲ့ တကယ့် ဆွဲမယ် ဖြဲမယ် ပိုစ့်ထဲကလို ဒါရိုက်တာ ရင် က ဇာတ်ညွန်းပြောင်းပြီးမှ ဒီ (က) မြင်း မ ကို အသေဖဲ့ ဆိုရင်တော့ မြင်းမ စိန်စိန် ရေတိမ် နစ်ယုံတင်မကဘူး... မြေကြီးထဲ အိပ်ရမယ်...

ဒါရိုက်တာ ရင် ရေ....

မြင်းဖြူကို ထွားထွားကျိုင်းကျိုင်းလေး ရွေးပေးပါ...

ဒါပေမယ့် ညှာညှာတာတာ စာနာမဲ့ မြင်းဖြူတော့ ဖြစ်ပါစေနော်...


ခုတည်းက တိုင်ပတ် အပြေးလေ့ကျင့်ထားတော့မယ်... ဟိဟိ...

ပြီးရင်တော့ ဘိန်းစားဘိုဘိုကို စိတ်နာနာနဲ့ တစစီအမွေးနှုတ်ပြစ်မယ်...ဟိဟိ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

မျောက်မျောက်

အိန္ဒြာ said...

ပေါက်ကရေတွေ လျှောက်ပြောထားကြတယ်..။

ကိုရင်ရေ...စိတ်တွေရှုပ်နေတာ..တောင်ပျောက်သွားသလိုပါပဲ...။
မြန်မြန်ပြန်လာခဲ့...
ခင်လေးကိုလဲ လွမ်းလှပြီ


ချစ်ခင်စွာ

ဖိုးမောင်(happycloud) said...

ကိုရင်ရေအရေးအသားကောင်းတာရော ဇာတ်လမ်းလေးက ဟာသမြောက်တာရောနဲ့ အထူးပြောစရာမလိုပါဘူးဗျာ....
ခဏနားမယ်ဆိုတော့လည်း အေးဆေးပေါ့... နောက် ပြန်ရေးချိန်ကြလည်း အကောင်းတွေဖြစ်မယ်ဆိုတာသိနေပါတယ်...
ဖိုးမောင်

ဒီမိုဝေယံ said...

ကိုရင်ရေ ဖတ်သွားတယ်။ ရီရတယ်ဗျာ.....
အပေါင်းကြောင့် နတ်ပျက်ပေါ့ဗျာ။ ..တော်သေးတာပေါ့... နတ်မြင်းဖြစ်မသွားတာ...

စည်သူ said...

ဟားးဟားးဟားး..
ဖြစ်မှ ဖြစ်ရလေ.. နတ်မင်းကပြောတယ်.. ကောင်း ေ န တ ာ ဖ ီး ပ် က် တွား တ ယ်..းP

“မအေဘေးးး ဘိန်းစား လာစမ်းး..!!! မင်းလုပ်လို့ ငါ ဘိန်းလည်း စွဲရတယ်.. ငါ့ ညောင်ပင်လည်း မျိုးတုံးရတယ်.. ကံကောင်းလို့ မြင်းလက်ချက်မိပြီး နတ်ဘ၀ ရေတိမ်ပါ နစ်တော့မလို့.. မင်းကို ငါမကျေဘူးးးး.. မင်းကို သတ်မယ်.. မင်းကို ငါ သတ်မယ်..”

မြင်းဖြူကြီး စိန်စိန်ရေ.
ပြေးနိုင်မှ လွတ်မယ်ဟ..းP

ခင်မင်လေးစားစွာဖြင့်
စည်သူ။

သုဒြေ္န said...

အေ၇းသားကောင်းလို့  လေးစားခင်မင်တဲ့ ထဲ ကိုရင်လဲပါတယ် အရေးသားစီစဉ်ပုံလေး ကောင်းလိုက်သည့် ဖြစ်ခြင်းအတွေးပုံရိပ်မှာ ကွက်ကွက်ကွင်းကွင်း အပေါင်းသင်းမမှားဘို့  တင်ပြခြင်း လေးကမိုက်တယ် ရီရတယ်ဆိုတာ ထက်ဆင်ခြင်ရမဲ့  အနေထားလေးကပိုတယ် ကောမန့် မှာ စိန်လျှံလေးမြင်းမနေရာထားတာ အံဝင်ဂွင်ကျဗျာ သိတယ်မလားနာမည်ကြီး မြင်းမလေးနာမည်ကိုက (စိန်လျှံ)တဲ့ လေ ဒီတော့ ညီလေးဖိုးစိန်ရေ ("အမြီးကုတ်၍မလုံ လုံအောင်ဖုံးရင်း မလွတ်လွတ်အောင်ပြေးပေတော့ ") ကောင်းချက်ကတော့ တကယ်မပြောချင်တော့ ပါဘူး (စာရေးကောင်းတာပြောပါတယ်) ခင်တဲ့  သုဒြေ္န

မယ်ကိုး said...

ဘယ်တော့ ဒီလို ဘဝအမောပြေစေပြီး သုတရသလှတဲ့စာတွေကို ပြန်ဖတ်ရမှာလဲ။
မမခင်လေးစာလေးတွေလည်း စောင့်ရတာ မောလှပြီ။

ရေတမာ said...

5/5 သာယာတဲ့ ခရီလမ်းဖြစ်ပါစေ ဦးနော်ရေ။ ပြန်လာရင်လည်း များများရေးနိုင်ပါစေ

အဖြူရောင်နတ်သမီး said...

ဟား..ဟား...
နွယ်လေး(ဒဏ္ဍာရီ)က သွားဖတ်ကြည့်ပါ ဆိုလို့
လာဖတ်တာ...အရမ်းရီရတယ်နော်...
ကောင်း....ဟား..ဟား..ဟား...

ကျောပိုးအိတ် said...

ဦးနော်ရေ

အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ဦးနော်က စိတ်ကူးကောင်းလိုက်တာ။

တကယ်တော့ လူမှားပေါင်းတာလား။ လူပေါင်းမှားတာလား။

သေချာသိချင်သည်။
အဟိ

Ko Min Htet said...

ကိုရင်နော်ကြီး ခင်ဗျားပို့စ်က အရမ်းရယ်ရတယ်ဗျို့၊ သဘောကျတယ်ဗျား။ အင်း---ဖတ်ရင်းနဲ့ တစ်ခုစဉ်းစားမိတာက “ကျုပ်တို့မြန်မာပြည်ကြီးလဲ ဒီပို့စ်ထဲက ညောင်ပင်ကြီးလိုဖြစ်နေပီ”။ ညောင်စောင့်သန်းရွှေနဲ့ ဘိန်းစားငတေဇ လုပ်စားကြလို့လေ။ ကျုပ်တို့လဲ ဘာဆုမှ တောင်းလို့မရတော့ဘူး။

ကိုရင်နော် said...

အဟေးဟေး..
ကိုမင်းထက်ကြီးက 3D ကြည့်သလို ကြည့်လိုက်တော့ တန်းမြင်တော့တာပဲ..း))

ကျေးဇူးပါဗျာ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

စိုင်းလောင်မိန်းသက် said...

လာဖတ်တယ်ဗျာ

ကိုလူထွေး said...

ကိုရင်နော်ရေ

ခရီးကပြန်လာရင် ကုန်ကြမ်းတွေ များများပြန်သယ်ခဲ့ပါ...

းဝ)

အချစ်မဲ့ဂစ်တာ said...

ပုံပြင်ကတော့ရှယ်ပဲ အစ်ကိုရေ... နတ်လည်း ကိုယ်ပျောက်မြန်ပေလို့ပေါ့... မဟုတ်လို့ကတော့
အဟ...

စိုင်းစိုင်းလားရှိုး said...

ကိုရင်ရေ ကျုပ်တောင် မလာနိုင်တာကြာပေါ့ ဒီပုံပြင်လေးကို ငယ်ငယ်ကတည်းက ကြားဖူးတာဗျ တော်တော် နားထောင်ကောင်းတဲ့ ပုံပြင်ပေပဲ။ အရင်ကတော့ နားထောင်ရင်းနဲ့ ပြုံးရတယ် ခုတော့ ကိုရင်ရေးတာ ဖတ်ရင်းနဲ့ ရီရတယ် ၀မ်းသာတယ်ဗျို့...........

Angel Shaper said...

ဒီလို ရသပြည့်ပြည့်၀၀နဲ့ စာလေးတွေ ထပ်ဖတ်ရဖို့ မြန်မြန်ပြန်လာခဲ့ပါနော်။
ပျော်ရွှင်ဘွယ်ခရီးလေး ဖြစ်ပါစေ။

tagskie said...

hi.. just dropping by here... have a nice day! http://kantahanan.blogspot.com/

Ðaywalker[Soul] said...

လာဖတ်ပါတယ်ဗျာ

kokomaung.uk said...

အော် ရုက္ခစိုးလဲ စွဲတတ်တာပါဘဲလား။

ရွှေရတုမှတ်တမ်း said...

မအားရာက အားရပါးရရီလိုက်ရတာ ကိုရင်နော်ရာ

ဖြိုးဝေ-mmp said...

ကိုရင်ကြီးခင်ဗျ
စာတွေလာဖတ်သွားပါတယ် တော်တော်သဘောကျမိတယ် ...း) ဟိဟိ
ဘိန်းစားအလို နတ်မလိုက်နိုင်
တော်သေးတာပေါ့ နတ်ကြီး နတ်ဖြစ်ရှုံးတော့လို့ :p

ဟိုတွေးဒီတွေး စာစုများ said...

သဘောကျပါတယ်ဗျာ။ တော်လိုက်တဲ့ ဘိန်းစား။

jr.လွင်ဦး said...

ိကိုရင်နော် နှင့် အမ ခင်လေးငယ်..

sweet december for both of you!

ခင်မင်လျှက်
ဂျူ

p.s cbox ရှာမရလို့ ဒီမှာ ရေးသွားတာ ခွင့်လွှတ်ပါရှင်။

Anonymous said...

ညောင်စောင့်နတ်ကြီးကို ဖတ်ပြီး တဟားဟားရယ်လိုက်ရတာဗျာ [D;[D;
ကိုရင်နော်ကြီး ခရီးသွားနေတယ်ဆိုတော့ ခင်လေးငယ် တစ်ယောက်ထဲပေါ့ မခင်လေးစာတွေ မဖတ်ရတာကြာပြီ ရေးပါအုန်းဗျ အချစ်တွေ အလွမ်းတွေ ပေါက်ကွဲသံစဉ်တွေ မျှော်နေပါတယ။်

အားပေးနေတဲ့
ဘော်ဒါကြီး PPG

Yan said...

ညောင်စောင့်နတ်ကြီးဆီမှာ လာဆုတောင်းပါတယ်.

ကိုရင်နော်ကြီး ကျန်းမာပါစေ ချမ်းသာပါစေ..
မခင်လေးငယ်လည်း ချမ်းသာပါစေ လန်းဖြာပါစေ.

ဝမ်းစွေ့ဝမ်းစွေ့ ၀မ်းတူးဆွေ့...း)

(နှစ်ယောက်စာမို့ ၀မ်းတူးဆွေ့သွားတာ. ဟတ်ဟတ်)

Y.

Anonymous said...

ငယ်ငယ်ကတော့ အားနာတတ်လို့ ခါးပါသွားတဲ့ ရုက္ခစိုးအကြောင်း နားထောင်ရဖူးတယ် ။ အခုခေတ်သစ်ပုံပြင်ကတော့ လူပေါင်းမှားလို့ ဘုံပျောက် ဘိန်းစွဲ ဖြစ်သွားတဲ့ နတ်၊ သဘောကျပါတယ် ။ ဒီလို ဖြန့်ထွက်တွေး ပုံပြင်လေးတွေ ဆက်ပြီးမျှော်လင့်နေပါတယ် ။