Thursday, February 4, 2010

စားနည်းစားဟန်သရုပ်မှန်

ကျွန်ုပ် အပါအဝင် သတ္တဝါတို့သည်...
အစားတစ်လုတ်အတွက် အသက်ရှင်နေကြခြင်းလော..!!
အသက်ရှင်သန်ရန်အတွက် အစား စားနေကြခြင်းလော..!!

သဘာဝက ပေးလိုက်သော ဝမ်းဗိုက်တစ်လုံးနှင့် ပါးစပ်တစ်ပေါက်ကြောင့် ကျွန်ုပ်တို့ အတော် အလုပ်ရှုပ်ကြရသည်။ စားရေးသောက်ရေး အတာ် အရေးပေးရသည်။ သီလမစောင့်နိုင်သေးလျှင်နေ အူမတော့ တောင့်နေမှဖြစ်မည်။ ကျွန်ုပ်ကတော့ဖြင့် “စားမှာပဲ ဝါးမှာပဲ ငါ့ကို လာမတားနဲ့” ဆိုသော သီချင်းစာသားလိုပင် အစား စားခြင်းအမူအား မြိန်ရေရှက်ရေပြုရမှ အားရကျေနပ်တတ်သည်။ ကျွန်ုပ် အားရပါးရ စားတတ်သလို စားသူတိုင်းလည်း မည်သို့မည်ပုံ စားနေကြကြောင်း စိတ်ဝင်စားမိသည်။ အစားအသောက် စားခြင်းအား အားရပါးရ စားတတ်ရန်အတွက်လည်း စားနည်းစားဟန်ဆိုသည်မှာ များစွာ အရေးပါကြောင်း တွေးရင်းတွေးရင်း ပိုပိုသိလာသည်။

ကျွန်ုပ် ကလေးဘဝ ခပ်ငယ်ငယ်က အားရပါးရ မစားတတ်ခဲ့ပေ။ ချစ်စွာသော ဖွားအေကြီးနှင့် အတူနေ၊ အတူစားရသောကြောင့် လွတ်လပ်စွာ မစားခဲ့ရ။ ရှေးလူကြီးတို့ ထုံးစံအတိုင်း စည်းကမ်းဆိုသော ပုံစံခွက်ကြီးအတွင်း အတင်းဖိသွင်းခဲ့သည်။ ထမင်းစားလျှင် စကားမပြောရ၊ လက်တစ်ဆစ်ထက် ပို၍ ထမင်း မပေရ၊ ထမင်းပန်းကန် ဘေးနှုတ်ခမ်းများ ညစ်ပတ်မနေရ၊ ထမင်းဟင်း မဖိတ်စင်ရ၊ စသည်ဖြင့် စည်းကမ်း တင်းကြပ်လွန်းလှသည်။ ကလေးဘာဝ ဖိတ်စင်မိသော်၊ အသံ “တပြတ်ပြတ်” မြည်သွားသည် ရှိသော် “ဒေါက်” ကနဲ နေအောင် ခေါက်ခံရသည်။ ဟင်းထမင်းအားလည်း သူ့စားပုံအတိုင်း ခပ်ခြောက်ခြောက်သာ စားစေသည်။ ထမင်းဖြူဖြူအား အသားတုံးလေးဖြင့် ဖွဖွနယ်စေကာ အလုတ်ခပ်သေးသေးသာ စားစေသည်။ ငါးဆိုလျှင်လည်း အရိုးများအား သေချာဖယ်စေ၍ ကြာကြာဝါးခိုင်းတတ်သည်။ ဟင်းရည်အားလည်း သောက်သာ သောက်ရသည် နယ်စားခွင့် မရပေ။ ထမင်း နင်၍ ရေသောက်မည် ဆိုလျှင်လည်း “ဝမ်းဖောမယ်” ဆိုပြီး ငေါက်တတ်သေးသည်။ ကျွန်ုပ်အဖွား တကယ်မလွယ်ပေ။ ဤသို့ဖြင့် ကျွန်ုပ်မှာ တဖြည်းဖြည်းနှင့် အဖွားဟန်အတိုင်း စားကျင့်ရလာသည်။

ကျွန်ုပ် လူပျိုပေါက်အရောက် တစ်ရက်တွင်တော့ သူငယ်ချင်း တစ်ယောက်နှင့်အတူ သူ့အဖိုး၏ တောင်ယာသို့ အလည်လိုက်သွားခဲ့သည်။ စိမ်းစိုစို တောင်ကုန်း တောင်တက်များအား ကျော်၍ အတော်ဝေးဝေး ခြေလျင်သွားရသည်။ တောင်ယာသို့ရောက်သော် ယာတဲအတွင်း သူငယ်ချင်း၏ အဖိုး ထမင်းစားနေသည်နှင့် ကြုံလေသည်။ အဖိုး စားနေပုံအား မြင်သော် ကျွန်ုပ်မှာ ပါးစပ် အဟောင်းသားနှင့် အံ့သြဘနန်း ဖြစ်ရလေသည်။ ထိုစားနည်းစားဟန်မျိုး ကျွန်ုပ်ဘဝ တစ်ခါမျှ မမြင်ခဲ့ဖူးချေ။ ကျွန်ုပ်မှာ ကြည့်ရင်းကြည့်ရင်း ဝမ်းတကြုတ်ကြုတ် မြည်၍ သွားရည်တများများ ကျလာလေတော့သည်။

အဖိုး၏ စားပုံမှာ ရိုးရှင်းပွင့်လင်းလွန်းလှသည်။ ဟိတ်ဟန်မရှိ လွတ်လပ်လွန်းလှသည်။ အဖိုးမှာ အင်္ကျီဗလာကျင်း ချွေးတဝင်းဝင်းနှင့်။ ဒူးခေါင်းတစ်ဖက်ကို ထောင်၍ ပုဆိုးအား ပေါင်ကြားအတွင်း လုံးထွေးစုထည့်ထားသည်။ စားပွဲပေါ်တွင်လည်း ဟင်းပွဲဆို၍ များများစားစား မတွေ့ရပေ။ တောင်ယာထွက် ဖရုံသီးကြော်ချက်တစ်ခွက်၊ ငါးကလေးကြွပ်ကြွပ်ကြော် သုံးလေးကောင်၊ သခွားသီးစိမ်း၊ ခရမ်းသီး သေးသေးပြုတ်၊ ဘူးညွန့်ပြုတ်၊ ငရုပ်ကြမ်းမှုန့် နီရဲရဲနှင့် ခပ်ကျဲကျဲ ငါးပိရည်ကျို တစ်ခွက်သာ။ ဧရာမဇလုံကြီး၏ အတွင်းတွင်တော့ ဆန်ကြမ်းချက် ထမင်းခဲ အပြည့်အမောက်။

ထမင်းပေါ်သို့ ငါးပိရည် “ဗွမ်း” ကနဲမြည်အောင် လောင်းထည့်ကာ ဖရုံသီးကြော်အား “ဘတ်” ကနဲ မြည်အောင် ထည့်လိုက်သည်။ ဇလုံတစ်ဖက်ကို လက်ဖြင့်ထိန်းကာ ကျန်လက်တစ်ဖက်ဖြင့် “တဖျစ်ဖျစ်” မြည်အောင် အားရပါးရနယ်လေတော့သည်။ လက်တစ်ဝါးလုံး အပြည့်ထမင်းလုတ်ကြီးကို “ဖလူး” ကနဲ မြည်အောင် ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။ ငါးကြော်တစ်ကောင်အား “ကြွပ်” ကနဲမြည်အောင် ကိုက်ဝါးကာ ပလုတ်ပလောင်းသံကြီးဖြင့် စကားပြောနေသေးသည်။ လက်နှင့်ပါးစပ်မှာ ပေပွကာ အမြင်အားဖြင့် မတင့်သော်လည်း အရသာတော့ အတော်ကြီးရှိပုံပေါ်သည် “တရှူးရှူး တရှဲရှဲ” နှင့် အားရပါးရရှိလှသည်။ စားပြီးလေသော် မထနိုင်အထိုင်ခက် ပုံပျက်ပန်းပျက်။

ထိုနေ့မှ စ၍ ကျွန်ုပ်လည်း ဖွားအေကြီး လစ်လျှင် လစ်သလို ထိုအဖိုးကဲ့သို့ နယ်ဖတ်စားကြည့်လေတော့သည်။
ကောင်းလိုက်လေခြင်း။ အရသာရှိလိုက်လေခြင်း။ မြိန်ရည်ရှက်ရည် ရှိလှလေခြင်း။ စားကောင်းလွန်း၍ မအီမသာ ဖြစ်ရသည်အထိပင်။

တစ်ရက်တွင်လည်း ဟိန္ဒူဘာသာဝင် မိတ်ဆွေတစ်ဦး ဖိတ်ကြားသောကြောင့် သူတို့ ဘုရားပွဲသို့ ရောက်သွားပြန်သည်။ ထိုနေရာ၏ စားနည်းစားဟန်မှာလည်း ကျွန်ုပ်အတွက် လွန်စွာအံသြဘနန်း ဖြစ်ရပြန်သည်။ ဧည့်ခံပုံစနစ်မှာ လာရောက်သော ဧည့်ပရိတ်သတ်အား တစ်သုတ်ပြီးတစ်သုတ် အလည့်ကျ ကျွေးပုံမျိုးဖြစ်သည်။ ကျွန်ုပ်နှင့်အတူ စားရန်စောင့်နေကြသော လူအုပ်ကြီးလည်း ရှိနေသည်။ ကျွန်ုပ်ရောက်သွားသော ခန်းမဆောင်ကြီးအတွင်း စားပွဲခုံဟူ၍ တခုံမျှမရှိပေ။ စားပြီးသော လူအုပ်ကြီး အပြင်ထွက်သွားလျှင် တမံတလင်းပေါ်၌ ငှက်ပျောဖက်များသာ ကျန်ခဲ့သည်။ ထိုအချိန်တွင် လူငယ်တစ်စု ဝင်လာ၍ တံမြက်စည်းကြမ်းများဖြင့် ထိုငှက်ပျောဖက်များအား “တရွှမ်းရွှမ်း” လှည်းထုတ်ကြသည်။ လှည်းပြီးသွားသော် အခန်းတွင်း ငှက်ပျောဖက် အသစ်များ ထပ်ခင်းပြန်သည်။ ငှက်ပျောဖက်မှာ ပိုင်းဖြတ်ထားခြင်းမျိုးမဟုတ်ပဲ လေး၊ ငါး ပေရှည် အရွက်ကြီးများအား အတန်းလိုက် အတန်းလိုက် စီတန်းလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ စားမည့်သူများမှာ တမံတလင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်၍ စားရန် အသင့် စောင့်နေရသည်။ ကျွန်ုပ်မှာ မည်သို့ စားရမည်မသိပဲ စိတ်လှုပ်ရှားနေမိတော့သည်။

ခဏအကြာတွင်တော့ လူငယ်များ ဝင်လာပြန်သည်။ ထမင်းများ ထည့်ထားသော ထန်းခေါက်တောင်းကြီးအား လူငယ်သုံးယောက် မ၍ တစ်ယောက်မှ ဇလုံကြီးဖြင့် ကော်၍ ငှက်ပျောဖက်များပေါ် ထမင်းခဲကြီးများအား ပုံပုံသွားသည်။ ငှက်ပျောဖက် တစ်ခုရှေ့တွင် လူသုံးယောက် ထိုင်ရသောကြောင့် ထမင်းပုံများမှာ ဆက်လုမတတ် ဖြစ်လို့နေသည်။ ထို့နောက် နောက်လူငယ်တစ်ယောက်မှ ဘာလီပုံးနှင့် ထည့်ထားသော ဆိတ်သားများအား ထမင်းပုံများပေါ် ဘတ်ကနဲ ဘတ်ကနဲ ပုံသွားသည်။ နောက်တစ်ယောက်မှလည်း ဗာဂျီး (ခေါ်) ကုလားအစိမ်းကြော်များအား ပုံပြန်သည်။ သံပုရာသီးသနပ်များလည်း ပုံပြန်သည်။ ဆားနှင့်ငရုပ်သီးအပွခြောက်ကြော်များလည်း ချသွားပြန်သည်။ နောက်ဆုံးတွင်တော့ ကုလားပဲဟင်းများအား ထမင်းပုံများပေါ် လောင်းချသွားသည်။ လောင်းပုံမှာ ထမင်း တစ်ပုံချင်းပေါ်လောင်းခြင်းမျိုး မဟုတ်ပဲ ပန်းခင်းကြီး ရေလောင်းသလို ငှက်ပျောဖက်ပေါ်ရှိ ထမင်းပုံများအား ဆက်၍ ဆက်၍ လောင်းသွားခြင်း ဖြစ်သည်။ အလယ်တွင် ထိုင်နေသော ကျွန်ုပ်မှာ လန့်ဖြန့်၍ ကျွန်ုပ် ပဲဟင်းများ ညာဘက်လူသို့ မရောက်အောင်လက်ဖြင့် ကာထားရသည်။ ဘယ်ဘက်လူ၏ ပဲဟင်းများလည်း ကျွန်ုပ်ထမင်းပုံပေါ်သို့ မစီးလာစေရန် တားရပြန်သည်။ ထိုဘေးဘယ်ညာ ဘာဘူ နှစ်ဦးမှာတော့ နယ်ဖတ်၍ အားရပါးရ လွေးလေတော့သည်။ ကျွန်ုပ်လည်း ဒင်းတို့ကိုကြည့်၍ စားချင်စိတ်လွန်စွာဖြစ်ကာ ဒင်းတို့ စားဟန်အတိုင်း အားရပါးရ စားလိုက်လေတော့သည်။ တရွှတ်ရွှတ်၊ တဖလွတ်လွတ်၊ တရှူးရှူး၊ တရှဲရှဲနှင့်။ နယ်ဖတ်စားနေကြသည်မှာလည်း ထမင်းတစ်ပန်ကန်တည်း လူအများ ရောစားနေသလို လက်ရည်တစ်ပြင်တည်းနှင့် အရသာရှိလှသည်။ သူ့ထမင်းပုံထဲမှ ဆိတ်သားဖတ် ကျွန်ုပ်ယူစားလိုက်လည်း သူမသိနိုင်ပေ။ ကျွန်ုပ်၏ အစိမ်းကြော် သူဝင်နှိုက်လည်း ကျွန်ုပ်မသိနိုင်ပေ။ အလွန်အရသာရှိ၍ ပျော်စရာကောင်းလှသော အစုအဖွဲ့စားပုံမျိုးကြီးပင်။

ဤသို့ဖြင့် ကျွန်ုပ်မှာ စားနည်းစားဟန်များအား အထူးစိတ်ဝင်စားတတ်လာသည်။ ရောက်ရာအရပ် ကြုံရာဒေသတွင် လူအမျိုးမျိုးတို့၏ စားပုံစားဟန်များကိုလည်း အသေအချာ လေ့လာကြည့်တတ်လာသည်။ ရဟန်းသံဃာများ၏ ဝိနည်းနှင့်အညီ စားဟန်၊ ချစ်တီးဆိုင်တွင် ပဲဟင်းရည်ကျဲနှင့် စားရသော စားဟန်၊ တရုတ်ဆိုင်တွင် တူနှင့်ဇလုံနှင့် လေတစ်ဝက် ထမင်းတစ်ဝက် တဖလွတ်လွတ် စားဟန်၊ အနောက်တိုင်း ဟိုတယ်ကြီးများ၏ ဓါးသံ၊ ခရင်းသံ ယူရိုပီယမ်စားဟန်၊ မြန်မာဆန်ဆန် လက်ဖြင့် နယ်ဖတ်စားဟန်၊  မိကျောင်းပါးစပ်ကြီးကဲ့သို့ အသားကုန်ဟ၍ ကိုက်စားရသော ဟန်ဘာကာ စားဟန်၊ စသည်ဖြင့် စားနည်းစားဟန်များမှာလည်း စုံလွန်းလှပေသည်။ ထို့ပြင် ပဲများသော နှမငယ်များ၏ မပွင့်တပွင့် ရှက်စနိုးစားဟန်၊ နှုတ်ခမ်းနီ ပေမစိုး၍ မခို့တရို့စားဟန်၊ အရိုးကြားမှ အသားဖတ်ငယ်အား မရမက ခွာစားဟန်၊ “တပြတ်ပြတ်” မြည်သော စားဟန်၊ ထမင်းစားလက်ဖြင့်ပင် ဟင်းခွက်နှိုက်သော စားဟန်၊ နောက်ဆုံး ကုန်ကုန်ပြောလျှင် တိရိစ္ဆာန်များ၏ စားပုံစားဟန်ပါ မကျန် လေ့လာကြည့်မိသည်။ ငှက်ကလေး၏ စားဟန်၊ ခွေးကလေး၏ စားဟန် စသည်ဖြင့် ကျွန်ုပ်အရှေ့ တွေ့သမျှစားခြင်းအား သရုပ်ခွဲကြည့်နေတတ်သည်။ တဖြည်းဖြည်းနှင့် စားခြင်း ဆိုသည်မှာ သဘာဝက ပေးလိုက်သော ဒုက္ခတစ်မျိုးပါလားဟုလည်း တွေးကြည့်၊ မြင်ကြည့်နေမိသည်။

ထိုသို့ထိုပုံ စားနည်းစားဟန်များ အပြင် အတော်အထာကျသော ဧရာမစားပုံတစ်မျိုးလည်း ရှိသေးသည်။ အခြားတော့ဖြင့် မဟုတ်ပေ။ လာဘ်စားခြင်းဆိုသော နာမည်ကျော် လူကြိုက်များ စားပုံကြီးပင်။ အချို့လည်း ကျွန်ုပ်အဖွားစားသကဲ့သို့ သပ်သပ်ရပ်ရပ် စားကြသည်။ ကြာကြာဝါး၍ အရိုးကြည့်ရှောင်ကြသည်။ အချို့လည်း ကျွန်ုပ်သူငယ်ချင်း၏ အဖိုးကဲ့သို့ မဟားဒယား အားရပါးရစားကြသည်။ မထနိုင် အထိုင်ခက်နှင့် စားပိုးနင့်၍ နောက်ဆုံး ခုံကျိုးကျသည်အထိ အစားသောင်းကျန်းကြသည်။ အချို့လည်း ကုလားကျောင်းမှာကဲ့သို့ အစုလိုက်အဖွဲလိုက် ဝေစုခွဲ၍ လက်ရည်တစ်ပြင်တည်း ပျော်ပျော်ကြီးစားကြသည်။ အဆင့်အလိုက် အနည်းအများ ခွဲစားကြသည်။ ကြီးသူများ ပိုစားနိုင်၍ ငယ်သူများ အကြွင်းအကျန် ကောက်စားကြသည်။ အချို့ပေါ်တင်စား၍ အချို့ခိုးစားကြသည်။ အချို့လည်း သူဌေးဖြစ်၍ အချို့လည်း ခွေးဖြစ်ကြသည်။ ထူးဆန်းသည်မှာ ထိုစားနည်းစာဟန်သည် မည်မျှစားစား ဗိုက်မပြည့်နိုင်ခြင်းပင်။

ထို့ကြောင့် ကျွန်ုပ်တွေးနေမိသည်မှာ..
အစားတစ်လုတ်အတွက် အသက်ရှင်နေကြခြင်းလော..!!
အသက်ရှင်သန်ရန်အတွက် အစား စားနေကြခြင်းလော..!!

(ကိုရင်နော်)

ခပ်ဆင်ဆင် တူညီရာပိုစ့်
အိပ်နည်းအိပ်ဟန်သရုပ်မှန်
ယောင်နည်းယောင်ဟန်သရုပ်မှန်

35 comments:

Craton said...

အသက်ရှင်ဖို့အတွက် အစားစားပါတယ်။
သားတို့ကတော့ အစာစားရတယ် ရေသောက်ရတယ်ဆိုတာကို အာဟာရပြည့်ဖို့ လိုအပ်နေတဲ့ဓါတ်တွေ ရဖို့အဓိကရည်ရွယ်ပြီး စားပါတယ်။
အရသာခံချင်လို့ စားတာချည်းမဟုတ်ပေမယ့်
မကြိုက်ရင်လည်း အငတ်ခံတတ်ပါတယ်။
စားကိုမစားဘူး။ ထမင်းမှမဟုတ်ဘူး ဘာဖြစ်ဖြစ် အစာကို အစာနဲ့တူအောင် စားရမှကျေနပ်ပါတယ်။
တခါတလေ စိတ်မပါရင် ဘာမှမစာဘဲလည်းနေတယ်။
စိတ်ပါမှ စားလို့ကောင်းပါတယ်။
နောက်ပြီး စိတ်ကြည်လင်မှလည်း စားချင်စိတ်ရှိပါတယ်။
ကျန်းမာဖို့အတွက် အစာစားရပေမယ့်
အစာစားတိုင်း မကျန်းမာဘူး။
ချင့်ချိန်တွက်ဆပြီး စားသင့်တာကို ပိုစားရတယ်။
ခုနောက်ပိုင်း ဘာမှစားချင်စိတ်မရှိဘူး။
အဲ့လိုဖြစ်တာ လအတော်ချီကြာနေပြီ။
အားပါးတရဆိုတဲ့ စကားလုံးဟာ အစားစားတဲ့နေရာမှာ သုံးတာရောဟုတ်ရဲ့လားလို့တောင် သံသယဖြစ်ရတဲ့အထိ။

ဦးနော်ရဲ့ ဒီပို့စ်ကနေ အားလုံးကို ဆုတောင်းလိုက်ပါတယ်။
သားလိုမဖြစ်စေကြဖို့နဲ့ စားနိုင်သောက်နိုင် ကျန်းမာနိုင်ကြစေဖို့ပါ။

မိုးမောင် said...

အဲလက်စ် သီချင်းတောင် သတိရသွားမိတယ်။ သရုပ်ဖော်ရေးကွက်တွေကတော့ မျက်စိထဲတန်းကနဲကို မြင်ရတာပဲဗျို့ ကောင်းချက်ဗျာ။ ဒါကလည်း ကိုရင်နော့် မူပိုင်ဟန်ကြီးပေပဲလေ။ တစ်ပုဒ်ဆို တစ်ပုဒ်ဖတ်လို့ကောင်းတယ်။ ဖတ်ရတာ ထမင်းစားချင်စိတ်တောင် ဖြစ်သွားတယ်ဗျာ။း))

ဒဏ္ဍာရီ said...

စားနည်းစားဟန် သရုပ်မှန်ဆိုတဲ့ အတိုင်း ကိုရင်နော်တို့ကတော့ စားတာတောင် ဘယ်လိုလေး စားလို့ သင်ပေးလိုက်သလိုပဲ..း)

ဒီပိုစ့်လေးကို ဖတ်ရင်း တခြား စားနည်းစားဟန်တွေကိုလည်း မြင်ယောင်သွားတယ်။ ဥပမာ - အံဆွဲထဲထည့်စားတာတို့၊ စာအုပ်ကြားထဲ ညှပ်စားတာတို့ပေါ့။း)

စာဖတ်ရင်း ပြုံးရသလို နောက်ဆုံးမှာတော့ သင်ခန်းစာလေး ရလိုက်ပါတယ်။ ဒီဘလောဂ့်က ရသအမျိုးမျိုးနဲ့ သင်ခန်းစာတွေကို ပေးနိုင်တယ်လေ။ ဒါကြောင့် ကိုရင်နော်ခင်လေးငယ်ဆိုတဲ့ ဘလောဂ့်လေးကို အမြဲတမ်းအားပေးပြီး စာတွေကိုလည်း လာဖတ်ဖြစ်တာပါ။

အခုကျင်းပနေတဲ့ ဘလောဂ့်အကယ်ဒမီအတွက်လည်း http://www.mmblogpress.org/to-vote/ ဒီလင့်လေးထဲမှာ သွားပြီး ဒဏ္ဍာရီက (အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှု စာစုများနှင့် ရသကဗျာ စာပေဘလောဂ့်ဆု) ခေါင်းစဉ်မှာ
ကိုရင်နော်ခင်လေးငယ် ဘလောဂ့်ကို ရွေးချယ်ပြီး မဲပေးခဲ့ပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့ သူတွေကိုတော့ ရစေချင်တာ အမှန်ပါပဲ..။း) ကြိတ်ပြီး ဆုတောင်းနေတယ်နော်။

ဒဏ္ဍာရီကတော့ အသက်ရှင်ဖို့ စားနေရတယ်လို့ ထင်တာပဲ..။

ခင်မင်လေးစားလျှက်

Vista said...

တော်လိုက်တာနော် ..ရေးပုံရေးနည်း စာဖွဲ့ တာ
ကွက်ကွက်ကွင်းကွင်းပဲ၊ ဘယ်ဘဝက အရည်အချင်းပါလိမ့်နော်

ခင်လေးငယ် said...

ကိုရင်နော် အရှုပ်ထုပ်
အစားတော်တော်ပုပ်..
ပုပ်ပါ ပုပ်ပါ ကိုရင်ရာ
သေလည်း ပုပ်ရမှာ
နက်ဖြန်ခါ ထိုမနက်
ကိုရင်နော်ကြီးး အသက်ထွက်..။


ဟဲဟဲ.. ကိုရင်.. ဆုတောင်းသွားတယ်နော်..

ချစ်စွာသော ဘော်ဘော်ကြီး
ခင်လေးငယ်

ဖိုးမောင်(happycloud) said...

ကိုရင်ရေ.... အဝေးရောက်နေတာတောင် ရေးနိုင်တွေးနိုင်တယ်ဗျာ... ဖတ်ရတာ အတွေးတွေရော ပြုံးချင်စရာပါပေးသွားတယ်...
အဆင်ပြေပါစေဗျာ...

Nyein said...

အကိုကိုရေရေ....

စားနည်းစားပာန် သရုပ်မှန်ဖတ်လိုက်တော့ ငြိမ်းတို့ ငယ်ငယ်ကိုတကယ်သတိရသွားတယ် ငြိမ်းတို့ လည်း
အဖိုး အဖွားတွေ အဒေါ်အပျိုကြီးတွေနဲ့ နေရာတာဆို
တော့ အကိုပြောသလိုအရမ်းစည်းကမ်းကြီးပြီး ထမင်းစား
ရင်တူတူမစားချင်လောက်အောင်ပဲ...ငြိမ်းတို့ ကို
နို့ ဆီဆို
မကျွေးဘူးစားရရင်လည်းကော်ဖီထဲမှာနဲနဲထည့်တိုက်တာ
လေ..ဒီတော့စဉ်စားမိတယ်နို့ ဆီဗူးတွေမြင်တိုင်း အသက်ကြီးလာလို့ ပိုက်ဆံရှာနိုင်ရင်နို့  ဆီဗူးတွေအားရပါရသောက်ပစ်မယ်လို့ ပေါ့....

ဘ၀တူတွေမို့ ပိုငတ်တယ်...အဲ..စည်းကမ်းရှိတာကို
သိပါတယ်လို့ အတည်ပြုပါတယ် ။

ခင်မင်လေးစားစွာဖြင့်

ဂျပန်ကောင်လေး said...

အင်းနော်.. အဲဒီနှစ်ခုဟာ တွေးလေးရှုပ်လေပါပဲ.....


ခင်မင်တဲ့
ဂျပန်ကောင်လေး

sweetpeony said...

ဦးနော်တို့ ပျောက်နေတယ်မှတ်တာ..
ပေါ်လာတော့လဲ ဒတ်ထိပါပဲကိုးးးးး
ကြိုက်ပါ့.......
း))))))))))))))))

Nge Naing said...

မင်္ဂလာပါ။ စာလာဖတ်သွားပါတယ်။ စားဖို့အသက်ရှင်နေသူ၊ အသက်ရှင်ဖို့ စားနေသူ နှစ်မျိုးစလုံး ရှိနိုင်ပါတယ်။

နွေဆူးလင်္ကာ said...

ကျနော်ကတော့ စားဖို့ ပါးစပ်ပါလို့ စားလိုက်တာပဲ။ သောက်ပြီး စားရင်တော့ ဘယ်လို အရသာရှိမှန်းကို မသိဘူးဗျို့ လွတ်ကောင်းပဲ။

အိန္ဒြာ said...

ှုကိုရင်ရေ ဂျူတီဖရီးဝယ်ထားတာလေးတွေ အရောက်ပို့ပေးမယ်..။

မြည်သံစွဲအင်္လကာတွေ အများကြီးနဲ့ စားနေကြပုံကိုဖွဲ့ထားတာ မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာစေပါတယ်။
စာအရေးကောင်းပြီးသားမို့ စာအရေးအသားကို အထူးမပြောတော့ပါဘူးးးးးး

ပြောချင်တာက တစ်ခုပဲ..
အပေါ်ဆုံးကရေးထားတာလေး...

ချစ်ခင်စွာ

Anonymous said...

စီဘောက်မရှိလို့ ဒီမှာပဲ ရေးခဲ့တယ် ဗျို့
ဆရာဖေမြင့်ရဲ့ စာတွေကို Credit မပေးပဲ ကူးချပြီး ဘလောဂ့်အကယ်ဒမီ ရမယ်ဆိုရင် ဖြစ်သင့်ပါသလား ။ ဒီလင့်လေးကို သွားဖတ်ကြည့်ပါ။ http://www.blog.moeeaintphyu.net/2010/02/blog-post_02.html

Dream said...

စားမှာပဲ စားမှာပဲ ငါ့ကိုလေ မတားနဲ့..ဒါပဲ
အစားမတော်တလုတ် အသွားမတော် တလှမ်းဆိုတဲ့ မြန်မာစကားပုံကလဲ အစားသောင်းကျန်းမှုကို ရှောင်ဖို့ သတိပေးနေသလိုပါပဲနော်...ဦးနော်...

းx)

း)

ပြန်လာရင် မုန့်ဝယ်လာခဲ့နော်....ဒါပဲ..း)

Dream said...

စားမှာပဲ စားမှာပဲ ငါ့ကိုလေ မတားနဲ့..ဒါပဲ
အစားမတော်တလုတ် အသွားမတော် တလှမ်းဆိုတဲ့ မြန်မာစကားပုံကလဲ အစားသောင်းကျန်းမှုကို ရှောင်ဖို့ သတိပေးနေသလိုပါပဲနော်...ဦးနော်...

းx)

း)

ပြန်လာရင် မုန့်ဝယ်လာခဲ့နော်....ဒါပဲ..း)

ဏီ(န်)ကင်း said...

ကောင်းလိုက်တဲ့ပိုစ့်လေးပါဗျာ...ကွက်ကွက်ကွင်းကွင်း
မြင်တယ်....အရာအားလုံးကို..
အရေးအသားကလဲစားချင်လာအောင်ကိုရေးထားတာပါ..
ကျွန်တော်ဆိုလိုတာကအပေါ်ကစားပုံစားနည်းတွေနော်..
အောက်ကအချက်တော့ပါဘူးရယ်

MANORHARY said...

eat to live or live to eat??
:)

သဒ္ဓါလှိုင်း said...

လောကကြီးထဲမှာ နှစ်ခုစလုံး ရှိနေကြမှာပဲနော်...။
မမခင်လေး ပျောက်နေတယ်နော်... သဒ္ဓါ သတိရနေပါတယ်.

ခင်တဲ့
သဒ္ဓါ

လုလု said...

ကောင်းလိုက်တဲ့အရေးအသား
ကွင်းကနဲ ရှင်းကနဲ လင်းကနဲပဲ
ဗိုက်ဆာနေတဲ့အချိန်မှာ ဖတ်မိတာ ဘယ်နည်းနဲ့ စားရမလဲပေါ့လေ့ 
မရောက်ဖြစ်တာကြာလို့ အများကြီးဖတ်သွားတယ်နော်

မယ်ကိုး said...

စာအရေးအသားကောင်းတာတော့ အထူးအထူးကို မပြောလိုတော့ပါ ...အရမ်းကို ကြိုက်ပါတယ်။
နောက်ထပ် ဇာတ်လမ်းဆက်လေးတွေကိုလည်း မျှော်နေ့ပါမယ်...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
=)

နှင်းနဲ့မာယာ said...

မင်္ဂလာပါ
အတွေးကောင်းကောင်းလေးနဲ့ စားပုံစားနည်းလေးတွေ ပြောပြသွားတဲ့ ပို့စ်လေးကို သဘောကျမိပါတယ်....
အဘိုးကတော့ အမြဲပြောဘူးတယ်..
ငါးသလောက်ကတော့ ပေါင်းစားမှ အရိုးမစူးမှာတဲ့...
အမြဲအားပေးနေပါတယ်နော်..

နှင်းနဲ့မာယာ

ကျောပိုးအိတ် said...

ဦးနော်ရေ

ဖတ်ရင်းနဲ့ ရယ်လိုက်ရတာ။ စာဖတ်နေတဲ့သူတွေ မျက်စိထဲ မြင်လာအောင် မြည်သံစွဲ အလကာင်္တွေ ထည့်ထားတာ အရမ်းကောင်းတယ်။ ဖတ်နေရင်းနဲ့  ဆာတောင်ဆာလာတယ်။ အဘလိုမျိုးစားချင်တယ်။ ဟိုဟာဘတ်၊ဒီကာကြွပ်ကနည်း စားချင်တယ်။
လက်ရည်တစ်ပြင်တည်းတော့ စားဘူးသေးဘူး။
ကြုံရင်တော့ စားချင်သား။

ကျောပိုးအိတ် said...

ဇွန်းနဲ့ စားနေရပေမယ့် မြန်မာဖြစ်နေလို့ လားမသိဘူး။ လက်နဲ့ ဘဲ နယ်စားချင်တယ်။

ငပိရည်နဲ့ 
အဟီးးးးးးး
ပြောနေရင်းနဲ့ သွားရည်ကျတယ်

တိန်

ကိုလူထွေး said...

သဘာဝက ပေးတဲ့ ဒုက္ခကြီးကိုပဲ မက်မက်မောမော တွယ်ဖက်လိုက်အုံးမယ်...

စာဖတ်ရင်း ဗိုက်ဆာလာပြီဗျ...

းဝ)

းဝ)

Upasaka said...

အတွေးကောင်း အရေးကောင်း တဲ့စာတွေကို ဖတ်ရှု အတု ယူသွားပါ ကြောင်း

kokomaung.uk said...

စားနည်းစားဟန်ထဲက နောက်ဆုံးစားနည်းကတော့ ပိုပြီးဗိုက်ပြည့်ရ ခက်မယ်ထင်တယ်နော။

kokomaung.uk said...

စားနည်းစားဟန်ထဲက နောက်ဆုံးစားနည်းကတော့ ပိုပြီးဗိုက်ပြည့်ရ ခက်မယ်ထင်တယ်နော။

တောင်ပေါ်သား said...

ဦးနော် နော် ဦးနော် လူကို သရေတွေကျအောင် လုပ်တယ် အဟင့် ကျနော်ကတော့ ဒီအတိုင်း လက်ကြီးနဲ့ တဗျစ်ဗျစ်နယ်ပြီး ပါးစပ်ထဲကို အားပါးတရ ဆွဲသွင်းလိုက်တာပါပဲ အဟေးဟေးးးးး

လေးစားလျက်
တူမောင် တောင်ပေါ်သား

လိုင် said...

ထို့ကြောင့် ကျွန်ုပ်တွေးနေမိသည်မှာ..
အစားတစ်လုတ်အတွက် အသက်ရှင်နေကြခြင်းလော..!!
အသက်ရှင်သန်ရန်အတွက် အစား စားနေကြခြင်းလော..!!

ကောင်းလိုက်တဲ့ပိုစ့်

Angel Shaper said...

ပိုစ့်ကောင်းကောင်းလေး ဖတ်လိုက်ရလို့ ကျေးကျေးစ်နော်။
အစားတစ်လုတ်အတွက် အသက်ရှင်နေကြခြင်းလော..!!
အသက်ရှင်သန်ရန်အတွက် အစား စားနေကြခြင်းလော..!! တကယ်ဆင်ခြင်စရာလေးပါ။
ခုထက်ထိတော့ စားတုန်း ရှင်တုန်း တွေးတုန်းဗျာာာာ အဟဲ

lin said...

ဦးနော်ပို့စ်ကိုဖတ်ပြီးသတိရသွားတယ်
ကျနော့်ဦးလေးကြီးကိုလည်းအစားအသောက်
ဆင်ခြင်ခိုင်းအုန်းမှ။

သဒ္ဓါလှိုင်း said...

မမခင်လေး
နေကောင်းပါရဲ့လားလို့...သတိရလို့ လာသွားပြီး ဖတ်ပြီးသားတွေ ပြန်ဖတ်သွားပါတယ်။

ခင်တဲ့
ညီမသဒ္ဓါ

ချစ်ကြည်အေး said...

ကိုရင်နော်...စားနည်းစားဟန်တွေ အတော် လေ့လာထားတာပဲ၊ ကျမလည်း ဒေါင်းလန်းကြီးနဲ့ မဟုတ်ပေမဲ့ ငှက်ပျောရွက်ပေါ် လက်ရေတပြင်တည်း စားခဲ့ဖူးသပေါ့ရှင်...။ ဆရာ မင်းသိင်္ခရဲ့ နဂိုဒုက္ခ နဲ့ အပိုဒုက္ခ ကို သတိရသွားတယ်...:)

မြသွေးနီ said...

ကိုရင်နော်ရေ...

မြသွေးနီလည်း တစ်ခါက သူများအားရပါးရ နယ်ဖတ်စားတာကြည့်ပြီး သွားရည်တွေ ဂလုကနဲကြိတ်မြိုချခဲ့ရဘူးတာ ကြုံတုန်း မရှက်မရွံ့ပြောလိုက်ပါရစေ။
အစ်ကိုရေ..ရိုးသားကောင်းမွန်တဲ့ အစားအစာမျိုးကိုသာ သွားရည်ကျမိတာကိုတော့ နောက်ဆက်တွဲလေး ပြောပါရစေနော်။ :)

ရွှေနတ်သား said...

စားနည်းသောက်နည်း ပညာလာယူပါတယ္ခင္မ်