Tuesday, March 23, 2010

သေနည်းသေဟန်သရုပ်မှန်

အလောင်းကောင်ကြီးဘေးတွင် ငုတ်တုတ်ထိုင်ချ၍ မျက်နှာပေါ်မှ ပိတ်ဖြူစကို အသာဟကြည့်လိုက်သည်။ ဝါဖန့်ဖန့်၊ ညိုညစ်ညစ်၊ အသေကောင်မျက်နှာက ထိန့်လန့်စရာကောင်းနေသည်။ ပုပ်ပွသွားသောကြောင့် ထင်သည် မျက်နှာမှာ ရောင်အန်းအန်းနှင့် ပြည့်ဖောင်းဖောသွပ်နေသည်။ နှာခေါင်းထဲ လုံးကနဲ တိုးဝင်လာသော အပုပ်နံ့က အတော်ပင် အော်ဂလီဆန်သွားသည်။ ကြက်သီးများ တဖြန်းဖြန်းထလာကာ နှာခေါင်းအား ချက်ချင်း လှမ်းအုပ်လိုက်မိသည်။ ယင်စိမ်းကောင် တစ်ကောင်နှစ်ကောင်ပင် အလောင်းနား ဝဲပျံနေလေပြီ။ စိတ်မကောင်းစွာဖြင့် ပိတ်ဖြူအား ပြန်ဖုံးထားလိုက်တော့သည်။

“အန်ကယ်တိုနီ”..။ ပျော်ပျော်နေတတ်သည့် အန်ကယ်ကြီး အခုတော့ အသက်မဲ့နေလေပြီ။ အပုပ်ကောင် ရုပ်ဆောင်လို့ နေလေပြီ။ သေခြင်းတရား ဆိုတာကြီးကို မိန့်မိန့်ကြီး ခံစားနေလေပြီ။ ဟိုတနေ့က ဆေးရုံသွားကြည့်တော့ ပြုံးပြုံးကြီး နှုတ်ဆက်နေသေးသည်။ ဒီနေ့တော့ ဆန့်ဆန့်ကြီး သေနေလေပြီ။ မကြာမီ အခေါင်းထဲထည့်၍ သင်္ချိုင်းပို့ရတော့မည်။ မြေမြုပ်ရတော့မည်။ ကိစ္စတုန်းလေပြီ။ နိဂုံးချုပ်လေပြီ။

အသုဘအိမ်သည် အသုဘတို့ ထုံးစံအတိုင်း လူများ ဝင်လိုက်ထွက်လိုက်နှင့် စည်ကားနေသည်။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုသော စကားအား အကောင်အထည် ဖော်နေကြပြီ။ ကူသူများလည်း ကိုယ်စီအလုပ်များနေကြသည်။ ပရိတ်သတ်လည်း ခြံထဲတွင် စကားဝိုင်းဖွဲ့ပြောသူ ပြော၍ လဖက်သုပ်စားသူ စားနေကြသည်။ အိမ်ပေါ်တွင် မိသားစုအား အားပေးနှစ်သိမ့်သူ နှစ်သိမ့်၍ ငိုဖော်ပြုသူများလည်း အဖော်ပြု၍ ငိုပေးနေကြသည်။ အခန်းဒေါင့် ဖျာကြမ်းကြီးပေါ်တွင်တော့ ခရစ်တော်၌ အိပ်ပျော်လေသော သေဆုံးသူကြီး ထာဝရ အိပ်စက်နေလေပြီ။ သူ့ အသက်မဲ့ခန္ဓာ ပေါ်တွင်တော့ တစ်သက်တာလုံး ညစ်နွမ်းခဲ့သည်များကို ပိတ်ဖြူနှင့် ဖုံးအုပ်၍ ဖြူစင်ခြင်းသို့ ရောက်စေသည်။

အသုဘပို့ချိန်လည်း နီးပြီမို့ အလောင်းကောင်ကြီးအား အခေါင်းတွင်း ထည့်ရတော့မည်။ ရပ်ကွက်မှ လူငယ်အချို့နှင့်အတူ အလောင်းကြီးအား ဝိုင်းကူမလိုက်သည်။ နဂိုဝသူ အလောင်းကြီးသည် သေပြီးမှ ပို၍ ဝလာသည် ထင်ရ၏။ ရေဖျင်းစွဲသေသူမို့ ထင်သည် ဖောသွပ်သွပ်နှင့် လေးလွန်းနေသည်။ အေးစက်စက်နှင့် တောင့်တင်းတင်းကြီးဖြစ်သည်။ လက်နှစ်ဖက်အား အလောင်းကောင်၏ ကျောပြင်သို့ ထိုးထည့်လိုက်ချိန်တွင် တကိုယ်လုံး ကြက်သီးများ တဖြန်းဖြန်း ထလာတော့သည်။ အပုပ်ရည်တို့ဖြင့် နူးအိနေသော ကျောပြင်ကြီးတွင်းသို့ လက်နှစ်ဖက်မှာ နစ်ဝင်သွားမတတ် ပျော့အိနေသည်။ အပေါ်ယံတင်းနေသော အသားအရည်တို့က အတွင်းတွင်တော့ ပျော့စိနေလေပြီ။ လက်နှစ်ဖက်လည်း စေးပျစ်ပျစ်အရည်များနှင့် စိုစိစိကြီး ဖြစ်သွားသည်။ အပုပ်နံ့လည်း မခံနိုင်လောက်အောင် ဟောင်ထွက်လာသည်။ အလောင်းကြီးမှာ အခေါင်းတွင်း ပြည့်ကျပ်သွားသည်အထိ ဝဖောင်းဖောသွပ် ပုပ်ပွနေလေပြီ။

သမီးကြီး၏ အိကနဲ ငိုသံ တစ်ချက်ထွက်လာသည်။ အီးကနဲ ဖြစ်လာသည်။ ထို့နောက် အီးဟီးးဟီးးးးး ဆိုပြီး အရှိန်မြင့်၍ ငိုလေတော့သည်။ တစ်သံထွက် နှစ်သံထွက်နှင့် ဆွေမျိုးများ၏ တရှုံရှုံ ငိုသံများပါ ထွက်လာသည်။ အလောင်းအား အိမ်မှထုတ်၍ သယ်သွားတော့မည့် အချိန်သည် အသုဘတစ်ခု၏ ကြေကွဲစရာ အကောင်းဆုံးအချိန်ဖြစ်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးလည်း မိသားစုနှင့် ထပ်တူခံစားမိ၍ လွန်စွာဝမ်းနည်းရချိန်ဖြစ်သည်။ အသုဘအိမ်၏ ပုံရိပ်များ ပိုမိုပီပြင်လာချိန်ဖြစ်လေသည်။

အခေါင်းကြီးအား မ၍ လှည်းကြီးပေါ် တင်လိုက်ကြပြီ။ လှည်းပေါ်တွင် ငြိမ်နေစေရန် အခေါင်းအား ကြိုးဖြင့် တုပ်ထားလိုက်သည်။ မြို့မှာကဲ့သို နိဗ္ဗာန်ယာဉ်ဖြင့် ပို့ခြင်း မဟုတ်ပဲ အသုဘလှည်းဖြင့်သာ ပို့ခြင်းဖြစ်၍ အသုဘပို့သူများလည်း ခြေလျင်သာ လျှောက်ကြရသည်။ “လှည်း” မှာလည်း နွားလှည်းဘီးကြီးကဲ့သို့ သံခွာတပ်ထားသော လှည်းမျိုးဖြစ်သည်။ အုန်းဆံကြိုးရှည်ကြီးဖြင့် အရှေ့မှ ဆွဲသူဆွဲ၍ အနောက်မှ ထိန်းသူ ထိန်းရသည်။ အတက်လမ်းတွင် အရှေ့မှ ဆွဲသူများ အားစိုက်ဆွဲရသည်။ အဆင်းလမ်းတွင် လှည်းကြီး အရှိန်နှင့် လိမ့်မသွားစေရန် အနောက်မှ ဆွဲထားရသည်။ ကတ္တရာ လမ်းပျက်ပေါ်တွင် တဒုန်းဒုန်း မြည်သော ဘီးလိမ့်သံနှင့် တကျွီကျွီ မြည်နေသော ဝင်ရိုးဆီငတ်သံသည် ဝမ်းနည်းစရာလိုလို ထိတ်လန့်စရာလိုလိုပင်။ အလောင်ကြီးမှာတော့ ဘာမှမသိ ပကတိ ပုပ်ပွငြိမ်းချမ်းနေလေပြီ။

RIP (Rest In Peace) ဦးတိုနီ အသက် (၇၃) နှစ် ဟု ရေးထားသော လက်ဝါးကပ်တိုင်ကြီး၏ နောက်တွင် ဓမ္မတေးဆိုသူများ၏ ဓမ္မတေးသံများနှင့် ပျံ့လွင့်နေသည်။ ခပ်ပုပ်ပုပ်အနံ့လည်း လေနှင့်အတူ လွှင့်ပျံ့နေသည်။ အသုဘ ပို့သူများ ဝမ်းနည်းရိပ်များနှင့်အတူ နှာခေါင်း ပိတ်သူ ပိတ်ထားကြသည်။ လမ်းဘေး အိမ်များမှ ထွက်ကြည့်ကြသည်။ အကြည့်များမှာ နှုတ်ဆက်နေသလိုလို၊ ဝမ်းနည်းနေသလိုလို၊ ထိန်လန့်ကြောက်ရွံ့နေကြသလိုလိုနှင့်။ သဘာဝတရားကြီး ဆိုသည်မှာ အချိန်တစ်ခုသာ ဖြစ်လေသည်။ အချိန်စေ့လျှင် သေခြင်းတရာ ရောက်လာ၍ သင်္ချိုင်းကုန်းသို့ သွားကြရမည်။ အလှည့်ကျလျှင် သွားကို သွားရမည်။ ကိုယ့်အလှည့်လည်း အနှေးနှင့်အမြန် ရောက်လာဦးမည်။

သင်္ချိုင်းသည် သင်္ချိုင်းတို့ သဘာဝအတိုင်း မြို့ပြင်ခပ်လှမ်းလှမ်း တိတ်ဆိတ်အေးချမ်းသော နေရာတွင်ဖြစ်သည်။ မြို့ပြင်ရောက်လေ လမ်းကဆိုးလေမို့ လှည်းကြီး ထိန်းရခက်နေပြီ။ ပို၍ဆိုးသည်မှာ အသုဘတို့၏ ထုံးစံအတိုင်း မိုးက ခပ်ဖွဲဖွဲကျလာသည်။ အေးစက်စက်လေများ စိမ့်၍တိုက်ခတ်လာသည်။ ဝါးပင်ကြီးများ၏ လေတိုးသံများကလည်း စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်။ သဘာဝတရားကြီးလည်း အုံ့အုံ့ဆိုင်းဆိုင်းနှင့် သေသောသူအတွက် ဝမ်းနည်းပေးနေဟန်တူသည်။

သင်္ချိုင်းမှာ မြို့သင်္ချိုင်းများကဲ့သို့ ရှင်းလင်းနေခြင်းမဟုတ်ပဲ သစ်ရိပ်၊ ဝါးရိပ်၊ ခြုံနွယ်များဖြင့် ဖုံးအုပ်နေသည်။ သုသာန်တစပြင် ဆိုသည့်အတိုင်း တိတ်ဆိတ်၍ ထိတ်လန့်ဖွယ်အသွင် ဆောင်နေသည်။ အချို့တတ်နိုင်သူများ အုပ်ဂူများဖြင့် နေသကဲ့သို့ မတတ်နိုင်သူများမှာ မြေပုံလေးများဖြင့်ပင် နေနေရသည်။ သေသည်အထိ အဆင့်အတန်းက ကွဲနေသေးသည်။ အချို့ မြေပုံများ လက်ဝါးကပ်တိုင်ပင် ဆွေးနေပြီ။ နာမည်ပင် ပျောက်နေလေပြီ။ မိသားစုများ အတော် တရားကျဖို့ကောင်းသည်။ သေသူအား သေပြီးနောက် မေ့လိုက်ကြပြီထင်သည်။ တစ်လတစ်ခါ မဟုတ်သည့်တိုင် သုံးလေးလ တစ်ခါလောက်တော့ မိမိဆွေမျိုးမိဘ၏ မြေပုံ (သို့) အုပ်ဂူအား ရှင်းလင်းသင့်သည်။ သေသူသေရွာမှာ ခေါင်းတညိတ်ညိတ် လုပ်နေတော့မည်။

လှည်းကြီးကို သင်္ချိုင်းအဝင်တွင် ရပ်ကာ အခေါင်းကြီးအား မ၍ သယ်ကြရသည်။ ဦးတိုနီအတွက် တူးထားသော မြေတွင်းကြီးမှာ ဒေါင့်ကျကျတွင်ဖြစ်သည်။ မြေပုံများ၊ အုပ်ဂူများအား ကျော်ခွ၍သွားရသည်။ သူ့အား အပိုင်ပေးမည့် ခြောက်ပေကျင်း ပေါ်တွင် ပျဉ်နှစ်ချပ်အား ကန့်လန့်ဖြတ်၍ အခေါင်းကြီးအား တင်လိုက်သည်။ အသုဘလိုက်ပို့သော ပရိတ်သတ်လည်း အခေါင်းကြီးဘေးဝိုင်း၍ ရပ်နေကြသည်။ အခေါင်းအဖုံးအား အသာဟ၍ နောက်ဆုံးအနေဖြင့် အလောင်းကောင်၏ မျက်နှာအား ကြည့်ကြသည်။ ငိုသံများပို၍ ကျယ်လာသည်။ အနံ့ဆိုးများ ပို၍ ထွက်လာသည်။ ခရစ်ယာန်ဘုန်းတော်ကြီးမှ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းများပြု၍ အသုဘအခမ်းအနားအား ဝမ်းနည်းစွာ ကျင်းပလေသည်။  ဓမ္မတေးသံများ ဆွဲဆွဲငင်ငင် ဆွေးမြေ့နေသည်။ မိသားစုများ ပို၍ ငိုကြသည်။ ဦးတိုနီ၏ ဇနီးမှာ အသံတိတ်ကြိတ်၍ ငိုနေသည်။ တရားသဘောကို သိ၍ သေခြင်းတရားကို စဉ်းစားဆင်ခြင်နေပုံပေါ်သည်။ သမီးများက အော်ဟစ်ငိုယိုကြသည်။ အသုဘရှုသူများလည်း မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းနေကြသည်။ အသုဘတစ်ခု၏ ဇာတ်ရှိန်အမြင့်ဆုံးအချိန်ပင် ဖြစ်တော့သည်။

အခေါင်းကြီးအား ပြန်ပိတ်လိုက်သည်။ တူဖြင့် တဒုန်းဒုန်းရိုက်၍ အခေါင်းဖုံးအား အသေပိတ်လိုက်သည်။ သံရိုက်သံသည် လိုက်ပို့သူများ၏ ရင်ကို ထိမှန်စေလောက်အောင် ဝမ်းနည်းစရာ ကောင်းလှသည်။ ကျန်ရစ်သူ မိသားစုအတွက် ဆိုလျှင်တော့ ပြောဖွယ်ရာ မရှိတော့ပေ။ ထို့နောက် အခေါင်းကြီးအား အုန်းဆံကြိုးနှင့် သိုင်းကာ မြေကျင်းထဲ တဖြည်းဖြည်း ချလိုက်တော့သည်။ ကျင်းနက်နက်ထဲတွင် အခေါင်းကြီး ဆွေးမြေ့၍ အရိုးဆွေးသည်အထိ ရာသက်ပန် နေရတော့မည်။ “မြေမှုန့်အဖြစ်နှင့် ငြိမ်းချမ်းပါစေ” ဟု ဆုတောင်းကာ မြေကြီးများအား လက်နှင့်ကိုင်၍ တွင်းထဲ ပစ်ချကြသည်။ ဂေါ်ပြားဖြင့် မြေများ ဖို့လိုက်သည်။ လက်ဝါးကပ်တိုင်အား မြေတွင် စိုက်လိုက်သည်။ အသက်တာတစ်ခု ချုပ်ငြိမ်းသွားလေပြီ။

သင်္ချိုင်းတွင်းမှ ဝိညာဉ်များ ပျော်ရွှင်နေလိမ့်မည်။ သူတို့အတွက် အဖော်တစ်ယောက်တိုးလေပြီ။ အသုဘ ပို့သူများအား ကြည့်၍လည်း တရားရနေလိမ့်မည်။ လူဆိုသည်မှာ ငိုလိုက်၊ ရယ်လိုက်နှင့် သေခြင်းတရားအား မေ့နေကြပြီဟု တွေးထင်နေလိမ့်မည်။ သေသောသူများအတွက် ဆုတောင်းခြင်း၊ အမျှဝေကုသိုလ်ပြုခြင်းများ ပြုလုပ်ရန် မေ့လျော့နေကြပြီဟုလည်း အထင်ရောက်နေကြမည်။

အပြန်လမ်းတွင်တော့ သံဝေဂ ရစရာများနှင့် လေးလံထိုင်းမှိုင်းသလို ဖြစ်နေသည်။ သေဆုံးသူ၏ မိသားစုမှာလည်း အငိုမျက်နှာများနှင့် စိတ်ခံစားမှုများ ပေါ်လွင်နေသည်။ အသုဘပို့သူများလည်း စိတ်မကောင်းမှုများ ကိုယ်စီနှင့် သံဝေဂတရားများ ရနေကြမည်ထင်သည်။ လူငယ်တစု ပြန်ဆွဲလာသော အသုဘ လှည်းကြီးလည်း တဒုန်းဒုန်းနှင့် ပြန်လာသည်။ နောက်နေ့သေသူများကို ပို့ဖို့ သူစိတ်မပါသော်လည်း တာဝန်အရ သူထမ်းပို့ရဦးမည်။ ခရစ်ယာန်ဘုန်းတော်ကြီးလည်း ဆေးရုံသို့သွား၍ မွေးဖွားစ ကလေးငယ်အား မင်္ဂလာရည် ပက်ဖြန်း၍ ဆုတောင်းပေးရဦးမည်။ ယနေ့ပင် သေသူရှိ၍ ယနေ့ပင် မွေးသူများလည်း ရှိနေသည်။

ညအိပ်ယာဝင်ချိန်တွင် ဟိုလည့်ဒီလည့်နှင့် အိပ်မရပဲ လူးလိမ့်နေမိသည်။ နှာခေါင်းထဲ အပုပ်နံ့ နံလာသလို ခံစားလာရသည်။ မျက်လုံထဲတွင်လည်း ဝါဖန့်ဖန့် အလောင်းကောင်ကြီးအား မြင်ယောင်လာသည်။ မျက်စိမှိတ်ထားသော အမှောင်ထုထဲတွင် ထိုမျက်နှာကြီးက ပြုံးပြလိုက် မဲ့ပြလိုက်နှင့် စိတ်ခြောက်ခြားဖွယ် ဖြစ်နေသည်။ သူ့မျက်နှာကြီး တဖြည်းဖြည်း နီးလာသည်မှာလည်း Zoom ဆွဲသလို မျက်နှာနား ကပ်လုမတတ် ဖြစ်နေသည်။ ငုတ်တုတ်ထထိုင်၍ ရေသောက်လိုက်သော်လည်း ကြောက်စိတ်က ပြေမသွားပဲ အနံ့ရသလိုလို၊ အသံကြားသလိုလို ခံစားနေရသည်။ နားထဲတွင် ငိုသံများ၊ ရယ်သံများ ကြားနေရသည်။ သံရိုက်သံများ ကြားယောင်လာသည်။ သရဲတစ္ဆေ ကြောက်လန့်တတ်သူမျိုး မဟုတ်သော်လည်း ကြက်သီးများ တဖြန်းဖြန်း ထနေမိသည်။

အမှန်ဆိုလျှင် အသုဘဟုခေါ်သော အပုပ်ကောင် ရုပ်ဆောင်နေသည့် အလောင်ကောင်ကြီးသည် ထိတ်လန့် ကြောက်ရွံစရာ မဟုတ်ပေ။ လမ်းဘေးတွင် သေနေသော ကြွက်သေပုပ် တစ်ကောင်၏ သေခြင်းမျိုးသည်လည်း အသုဘပင်ဖြစ်သည်။ ထိုကြွက်သေသည်လည်း အလောင်းကောင်ပင်ဖြစ်သည်။ လူသေကောင်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် အနံ့အသက် ဆိုးရွားခြင်းမှအပ မည်သို့မှ အန္တရာယ်မပြုနိုင်ပေ။ ကြောက်လန့်စရာ မဟုတ်ပေ။ အသုဘ၊ လူသေ၊ အလောင်းကောင် ဟု ဆိုလိုက်လျှင် လူတို့ ကြောက်လန့်နေကြသည်မှာလည်း ရှေးရိုးစွဲ အယူမှားများကြောင့် ဖြစ်နိုင်သည်။ မင်္ဂလာမရှိ၊ လာဘ်မရှိ၊ နိမိတ်မရှိ၊ စသည်ဖြင့် သတ်မှတ်နေကြသည်မှာလည်း လွဲမှားနေသည်။ အမှန်မှာ ကိုယ်တိုင်လည်း ထိုဘဝ ရောက်ကြမည်ဖြစ်၍ သွားနှင့်သူများအား ဆုတောင်း အမျှဝေခြင်းဖြင့်သာ ငြိမ်းအေးစေသင့်သည်။ စိတ်ထင်ရာ သတ်မှတ်နေကြခြင်းမှာ အဓိပ္ပါယ်မဲ့နေသည်။

သရဲတစ္ဆေ၊ ဖုတ်၊ နာနာဘာဝ ဆိုသည်များ ရှိခြင်း၊ မရှိခြင်းအား ထင်မြင်ချက် မပေးလိုပေ။ သေချာသည်မှာ ထိုဘုံသားများအား တွေ့မြင်ဖူးသူ အလွန်ရှားပေမည်။ လူတစ်ရာလျှင် ဆယ်ယောက်ပင် မြင်ဖူကြမည် မထင်ပေ။ မြင်ဖူးသည်ဟု ဆိုနေသူများသည် စိတ်ကြောင့် ဖြစ်နိုင်သလို၊ သူတပါးထိတ်လန့်စေရန် ခြောက်လန့်ခြင်းသက်သက်သာ ဖြစ်နိုင်သည်။ ထိုသို့ အလောင်းကောင်များ ခြောက်တတ်သည်၊ ဝိညာဉ်များ ကပ်ပါလာတတ်သည်ဆိုပါက နေစရာ နေရာပင်ရှိမည်မဟုတ်ပေ။ တစ်ရက်တစ်ရက် သေဆုံးသူများ မရည်မတွက်နိုင်အောင်ရှိ၍ ဤကမ္ဘာတွင်လည်း သရဲတစ္ဆေများနှင့်သာ ပြည့်နေတော့မည်။

အသုဘအား အစအဆုံး ကူညီလိုက်ရသောကြောင့် ကုသိုလ်များစွာ ရလိုက်ပြီဟု ခံစားနေရသည်။ သေဆုံးသူအတွက် မေတ္တာပို့ပေးနေမိသည်။ အသက်ကြီးပြီဖြစ်သော မိဘများအကြောင်း တွေးမိ၍ စိတ်ထဲမှာ စိုးရိမ်စိတ်များ ဖြစ်လာသည်။ ယနေ့ကြုံတွေ့ရသော အဖြစ်အပျက်များအား တနေ့တော့ ကိုယ်တိုင်ကြုံတွေ့ရဦးမည်။ ဘုရားထရှိခိုး၍ ဆုတောင်းနေသော်လည်း ဤကိစ္စ ရှောင်လွှဲမရနိုင်သည်မှာ သေချာနေသည်။ လူတိုင်း သေကြရမည်ဖြစ်သောကြာင့် သေခြင်းတရားသည် သိပ်မဆန်းကျယ်လှသော ဖြစ်မြဲဓမ္မတာ ဖြစ်သည်။ ထိုသေခြင်းနှင့် လက်တကမ်းအကွာတွင် လူတိုင်းရှိနေကြသည်။ မနက်ဖြန်လည်း သေနိုင်သည်။ ခုချက်ချင်းလည်း သေနိုင်သည်။ လောဘ၊ ဒေါသ၊ မောဟကြီးသူများ အတ္တဆန်နေကြသူများ မသေခင်စပ်ကြား အမြင်မှန်ရ၍ မေတ္တာဖြင့် ပတ်ဝန်းကျင် ကောင်းကျိုး ပြုကြလျှင်ကောင်းမည်။ အားငယ်သူ အားပေး၍ နှိမ့်ကျနေသူကို ဖေးကူသင့်သည်။ သေလျှင်ပါနိုင်သော ကောင်းမှုကုသိုလ်အား ယူနိုင်သလောက် ယူသွားသင့်သည်။

ဤသို့ သေနည်းသေဟန်နှင့် သရုပ်မှန်စွာ အဆုံးသတ်သွားသော အသုဘတစ်ခုအား ကိုယ်တိုင်ပါဝင်ရင်း သံဝေဂပေါင်းများစွာ ရမိလေသည်။ မေတ္တာပွားများ၍ ဖြူစင်စွာ အသက်ဆက်ဖို့လိုကြောင်းလည်း ဆင်ခြင်မိလာသည်။ မိဘများအား မသေခင် အလုပ်အကျွေးပြုရန်လည်း အလေးအနက် တွေးနေမိသည်။ ကိုယ်တိုင်လည်း ပုပ်ပွနေသော အလောင်းကောင်ကြီး ဖြစ်ရဦးမည်ဖြစ်၍ ကြိုတင် ပြင်ဆင်ထားသင့်သည်များ ပြင်ထားရပေတော့မည်။ တွင်းနက်ကြီးအတွင်း တစ်ကိုယ်တည်း အိပ်စက်တတ်ရန် ညအိပ်တိုင်း သေခြင်းတရားအား ဆင်ခြင် ကြည့်ရမည်။ သေဆုံခြင်းနှင့်အတူ ကိုယ့်အသုဘနေ့ရက် မရောက်မီ စိတ်ကောင်း၊ နှလုံးကောင်း ထားကာ ကောင်းမှုတစ်ခုတော့ နေ့စဉ်ပြုလုပ်မှ ဖြစ်တော့မည်။

(ကိုရင်နော်)

မှတ်ချက်။ ။ ကျွနု်ပ် ရေးဖြစ်ခဲ့သော သရုပ်မှန် ပိုစ့်များသည် ရယ်ရွှင်ပြုံးစရာ ဖြစ်စေရန်သာ ရည်ရွယ်ရေးသာခဲ့သော်လည်း ယခုပိုစ့်သည် စိတ်ညစ်စရာ (သို့မဟုတ်) ထိတ်လန့်ရွံရှာစရာ ကောင်းနေပါလိမ့်မည်။ ဤအဖြစ်အပျက်သည် ကိုယ်တိုင်ကြုံတွေ့ဖူးသော ဖြစ်ရပ်မှန် အသုဘ တစ်ခုဖြစ်သည်။ အဖြစ်အပျက်အား ချဲ့ကား၍ ကြောက်လန့်စေရန် သရဲခြောက်ခန်းအား ဆက်ရေးရန်စဉ်းစားမိသေးသည်။ ပျော်စရာများသာ ရေး၍ ပျော်ရွှင်ခြင်းကိုသာ ဖန်တီးပေးလိုသော စိတ်ရင်းကြောင့် ထိုထိတ်လန့်ဖွယ် အခန်းအား ထည့်မရေးတော့ပဲ ချန်ထားခဲ့လိုက်ပါသည်။။ သရဲခြောက်ခြင်းအား အယုံအကြည် မရှိသောကြောင့် အယူလွဲများအား ထင်ယောင် ထင်မှား မရေးလို၍လည်း မရေးခြင်းဖြစ်သည်။  ခေါင်းစဉ်အား အခြားခေါင်းစဉ်ဖြင့် သပ်သပ်ခွဲပေးလိုသော်လည်း သရုပ်မှန် အနေနှင့်သာ ပေးသင့်သည်ထင်၍ သရုပ်မှန် အောက်တွင်သာ ထည့်ရေးလိုက်ပါသည်။ နောက်ရေးရန် ရှိသော “သွားနည်းသွားဟန် သရုပ်မှန်” နှင့် ရယ်နည်းရယ်ဟန်၊ ငိုနည်းငိုဟန်၊ ချစ်နည်းချစ်ဟန်၊ ခိုးနည်းခိုးဟန်၊ ရေးနည်းရေးဟန် စသောသရုပ်မှန် ပိုစ့်များအား စိတ်ညစ်စရာများ ရှောင်၍ ပျော်စရာပေါ့ပေါ့ပါးပါး အဖြစ်သာ ပုံဖော်ရေးသားသွားပါမည်။

34 comments:

ဒဏ္ဍာရီ said...

ကိုရင်နော် ရေးတဲ့ ပိုစ့်တော်တော်များများက ပေါ့ပေါ့ပါးပါးနဲ့ စာဖတ်သူကို အပြုံးနဲ့ အသိတရားတွေ၊ အတွေးတွေကို ရစေခဲ့တယ်။

အခုပိုစ့်လေးကတော့ ဖတ်နေရင်းနဲ့ ထူးထူးခြားခြား စိတ်ခံစားမှုမျိုး ခံစားလာရတယ်။ ဒီလို အသုဘရှုမျိုး တခါမှ မမြင်ဘူးပေမယ့် စာထဲမှာ ဖတ်ရတဲ့ သရုပ်ဖေါ်ဟန်က ပီပြင်လွန်းတော့ ကိုယ်တိုင် အသုဘအိမ်ကို ရောက်သွားပြီး တကယ်အနံ့ရလာသလိုပဲ။ တော်သေးတယ် မနက်ပိုင်း ဖတ်မိလို့ပေါ့။ တရားမရှိဘူးလို့ ဆိုရမလားပဲ။ ကြောက်သလိုလို ရွံ့သလိုလို ဖြစ်လာပေမယ့် ဆက်ဖတ်ရင်းနဲ့မှ ကိုရင်နော် ပြောသလိုပဲ ဒီလမ်းကို လူသားအားလုံး မလွဲမသွေ သွားရမှာပဲလေ ဆိုတဲ့ အသိတရား ၀င်လာတယ်။ ရှေ့ကသွားတဲ့သူနဲ့ နောက်က လိုက်မယ့်သူပဲ ကွာတာပါ။ မသေခင် ကျေးဇူးတရားကို နားလည်ပြီး၊ ကောင်းမှုကုသိုလ် ပြုသင့်တာပြုလို့ နေတတ်သင့်ပြီ။ နေတတ်သလို သေတတ်ဖို့ အရေးကြီးတယ်ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာတယ်။

ကျေးဇူးတင်ပါတယ် ကိုရင်နော်။

ခင်မင်လေးစားလျှက်

မိုးမောင် said...

ဒီတခါတော့ အန်ချင်တယ်ဗျာ။ ကွက်ကွက်ကွင်းကွင်းကြီး မြင်ယောင်မိပ။ ထိန်ပင်တို့ ရေဝေးတို့မှာ အသုဘလိုက်ပို့တုန်းက မြင်ခဲ့ဖူးတဲ့ အလောင်းတွေတောင် ပြန်သတိရမိတယ်။ သေပြီးဆိုတော့လည်း အကျည်းတန်ပြီပေါ့။ ဒီပိုစ့်က ရနေကြ(ဖတ်တုန်းခဏ) သံဝေဂထဲက တစ်ခုပေါ့။

လေးစားခင်မင်လျှက်...

မေဇင် said...

ဦးနော်ရေ...ရုံးရောက်ရောက်ချင်းပါပဲ...မေလ်း ဖွင့်ပြီး ဦးနော်ရဲ့ မက်ဆေ့ က လင့်ကို တွေ့တာနဲ့ တန်းဖတ်တာ.... ခု ရင်ထဲမှာ ဆွေးနေတယ်...တစ်မျိုးပဲ... အမှန်အတိုင်းပြောရရင် ကြောက်တယ်။ "သေဆုံခြင်းနှင့်အတူ ကိုယ့်အသုဘနေ့ရက် မရောက်မီ စိတ်ကောင်း၊ နှလုံးကောင်း ထားကာ ကောင်းမှုတစ်ခုတော့ နေ့စဉ်ပြုလုပ်မှ ဖြစ်တော့မည်"
အဲ့ဒီစာသားလေး က သတိပေးလိုက်တယ်...။ ကျေးဇူးတင်ပါတယ်။

:) said...

ကွက်ကွက်ကွင်းကွင်း ကိုမြင်ယောင်ပြီး ပျို့ချင် အန်ချင်တောင်ဖြစ်သွားတယ်...

Nyein said...

အမှန်းအတိုင်းပြောရရင်တော့ ကိုယ်လဲတနေ့ တော့ သေရမှာပါပဲ ဒါပေမယ့်အဲလိုမျိုးကြီးမျက်လုံးထဲမြင်တော့ အူယားတယ် နောက် ရွံ သလိုလိုမျိုးးးးးးး......
ဒါပဲနော် မသေခင်တော့ ချစ်လိုက်ကြ ခင်လိုက်ကြတာ
သေတော့လဲ ရွံစရာ အပုတ်ကောင်ပဲ .........
ဘယ်နေ့ လဲ ကိုယ့်အလှည့်................???

မိုးစက်ပွင့် said...

မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ပေါ့နော် ...ရှင်းလင်းသွက်လက်တဲ့ အရေးအသားလေးကို နှစ်ခြိုက်အားကျ မိပါတယ်...

sweetpeony said...

စိတ်ညစ်စရာမကောင်းပါဘူး ဦးနော်ရဲ့... ဦးနော်ရေးရင် ဘယ်လိုပဲဖြစ်ဖြစ် ဖတ်လို့ကောင်းပြီးသား... ကြောက်အောင်ပဲ ရေးရေး ပျော်အောင်ပဲ ရေးရေး အသိ၁ခုတော့ ရတာကြီးပဲ.. ဒါကြောင့် ကြိုက်သလိုသာရေး ရသအမျိုးမျိုး ခံစားရတာပေါ့နော့်..း)

sweetpeony said...

ဒါနဲ့ စကားမစပ်.. တီငယ် ငြိမ်နေတယ်...း)

channyein said...

အောင်မလေး..အသုဘ မြင်ကွင်း ဆိုပြီး စာစီစာကုံး ရေးထားသလိုပဲ။ တယ်လဲရေးတတ်တဲ့လူကြီး။ တကယ်ကိုပေါ့ပေါ့ပါးပါး စာအတိုအစလေးတွေပဲ

သဒ္ဓါလှိုင်း said...

မေ့နေကြတဲ့အသိလေးတခုရင်ထဲကိုထင်းကနဲရောက်လာ
တာပေါ့.။လူတိုင်းမလွဲမသွေသွားရမဲ့လမ်းဆိုတာကိုသတိရ
ပြီးစိတ်ထားကောင်းပြီးကောင်းမှုကုသိုလ်လေးနဲ့နေသွားဖို့
ပဲအရေးကြီးပါတယ်။အခုလိုသတိပေးသံဝေဂလေးအတွက်
လည်းကျေးဇူးနော်။
ကိုရင်နော် ကျန်းမာပျော်ရွှင်နိုင်ပါစေလို့......
ခင်တဲ့
သဒ္ဓါ

မေလေး said...

သတ္တိသိပ်ကောင်းတာ ရုံးမှာလူများတဲ့အချိန်မှလာဖတ်ရဲတယ်။
သိပေမဲ့မဆင်ခြင်နိုင်သေးတဲ့အချိန်မှာ
ဒီပို့စ်လေးက သတိထပ်ပေးလိုက်သလိုပါဘဲဦးနော်။
ဒါထက်အရာအားလုံးအတွက်ကျေးဇူးပါ..

အိန္ဒြာ said...

လေးစားပါတယ်

မေနိုင်း said...

အရင်ပိုစ့်တွေနဲ့ မတူတဲ့ ရသတွေနဲ့ ဒီပိုစ့်ကို ဖတ်ရတော့ ကြောက်စိတ်မဖြစ်ပေမယ့် လူ့သဘာဝအရတော့ ဆက်စုတ်မိတာ အမှန်ပဲ။ ကိုယ်တိုင်က မြို့ကြီးပြကြီးမှာပဲ သေမလား? အခုလိုပဲ သေမလားဆိုတာ ဘယ်လိုသေမယ် မသိတော့ မပြောနိုင်ဘူး။ သံဝေဂတော့ ရမိတယ် ဦးနော်။ မသေခင် ဘယ်လောက်ချစ်တယ်ပြောပြော သေရင်တော့ စွန့်ပစ်ကြတာပဲလေ။
ဦးနော် ပြောသလို သရဲဆိုတာ အယုံအကြည်မရှိခြင်းထက် တရားသဘောနဲ့ ကြည့်ရင်တော့ ရှိစရာကို မရှိတာပါ။ စိတ်စွဲလို့ ခြောက်ခြားတာမျိုးပဲ ဖြစ်နိုင်ပါတယ်။ အသုဘကို ကူညီတာတော့ ကုသိုလ်ရလိုက်တာပေါ့နော်။
ကိုယ်တိုင်မသေခင် ဘယ်လောက်အထိ ကောင်းမှုကိုသိုလ် လုပ်ပြီးပြီလဲ ဆိုတာ အတွေးတွေ ၀င်လာတယ်။ ကုသိုလ်နဲ့ အကုသိုလ် ဘယ်ဟာက ပိုများနေလဲဆိုပြီးတော့လည်း ဆင်ခြင်မိသွားတယ်။

ကျေးဇူးတင်တယ် ဦးနော်ရေ
မေနိုင်း

James said...

သေရမှာတောင် ခတ်လန့်လန့် ဖြစ်လာတယ် ကိုရင်နော်ရေ
မသေခင်တော့ အဆောင်အယောင်တွေနဲ့ သေတော့လည်း အခုလို ပုတ်ပွသွားကြတာပဲဗျ။ ခင်ဗျားအတွေး ကောင်းသဗျ ရေးလည်းရေးတတ်တယ်။ မျက်လုံးထဲတောင် မြင်ယောင်လာတယ်။ တရားကျဖို့တော့ ကောင်းသား။ မသိတာမဟုတ်ပဲ မသိယောင် ဆောင်နေကြတာပါပဲဗျား။ ကိုရင်နော်ပြောမှပဲ မသခင်တော့ အသိတရားနဲ့ ဆင်ခြင်နိုင်မှ ဖြစ်မယ်။

kokomaung.uk said...

လူတိုင်း သေလမ်းကို သွားကြရမယ်ဆိုတာ သိနေကြပေမဲ့ မကြာခဏတော့ မေ့နေကြလေရဲ့။ တစ်နေ့နေ့တော့ သေရမှာဘဲဆိုတဲ့အသိထက် အခုလို အဖြစ်အပျက်မှန်လေးကို သဘာဝကျကျတင်ပြပေးလိုက်ခြင်းဖြင့် စာဖတ်သူတွေကို ပိုပြီး တရားသံဝေရစေလိုက်တာဟာ သေခြင်းရဲ့ သရုပ်မှန်ကို ဖတ်သူတိုင်း သိခွင့်ရသွားတာပေါ့ခင်မျာ။

သရုပ်မှန်တွေ များများရေးနိုင်ပါစေ။

..

ညီနောင် said...

စိတ်ညစ်စရာ လို့ မတွေးမိပါဘူး ။ လူတိုင်း ရင်ဆိုင်ရမယ့် အခြေအနေတစ်ခုကို ကြိုတင် သတိပေးလိုက်တဲ့ အတွက် အကျိုးပြု သရုပ်မှန် ပို့စ်ကောင်းတစ်ခုလို့ပဲ ထင်မြင်မိပါတယ်။ အထက်က ပြောသလို သရုပ်မှန်တွေ များများရေးနိုင်စေဖို့ မျှော်လင့်မိပါတယ်။ အရင် စားနည်း- ယောင်နည်း - သွားနည်း - အိပ်နည်း သရုပ်မှန်တွေ ဖတ်ရကတည်းက သဘောကျပြီး ပို့စ်တွေကို ခွင့်မတောင်းဘဲ ကူးယူသိမ်းထားမိပါတယ် ။ အခု ကြုံတုန်း ခွင့်တောင်းလိုက်တယ်ဗျို့ ။ :D ၊ အီးပေါလော ဖတ်ရတုန်းကလည်း ကိုယ့်ရဲ့ အလုပ်လက်မဲ့ အချိန်များကို ပြန် တွေးကြည့်မိပါရဲ့ ။ ကိုရင်နော်ရဲ့ ပို့စ်လေးတွေဟာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ပြုံးစရာ ဆိုပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော့ရင်ထဲ အတွေးစတွေ အမြဲ ကျန်ရစ်ခဲ့ပါတယ်။ အတွေးတွေအတွက် ကျေးဇူးပါ . . .

မြစ်ကျိုးအင်း said...

သရုပ်မှန်က သရုပ်မှန်လွန်းတယ်
ကွင်းကွင်းကွက်ကွက်ပါပဲ ကိုရင်ရယ်

မသေခင်မှာ သေသူနေရာကတွေးတော့လည်း ကျန်ခဲ့မယ့်သူတွေကို အာနာနေမိတယ်။

moe khit said...

ကံဆိုးတာပဲ...တစ်သက်နဲ့တစ်ကိုယ် အဲလိုမြင်ကွင်းမျိုး တစ်ခါမှမမြင်ဘူးသေးဘူးဗျာ... မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုလို့ လိုက်ပို့ချင်တာတောင် ကြံဖန်ပြီး ခုထိလွဲနေတုန်းပဲ...

ချော(အစိမ်းရောင်လွင်ပြင်) said...

မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း ပုံပေါ်လာအောင်ကို
သရုပ်ဖော်ထားတာ တကယ်ဘဲ အသုဘတစ်ခု ကိုယ့်ရှေ့ရောက်လာသလိုပါဘဲ..
ဖတ်ပြီးတော့ ဆင်ခြင်စရာပါဘဲ
ကိုယ်လဲဒီလမ်းကို တစ်နေ့တော့ မလွဲမသွေ လိုက်ရဦးမယ်
သေတဲ့နည်းသာ မှန်ကန်ဖို့ လိုမယ်ထင်ရဲ့..
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေခွင့်ရချင်မိတယ်..

ညရဲ့ကောင်းကင် said...

အသည်းတယားယားနဲ့ ဖတ်သွားပါတယ် ..
ကျွန်တော်တော့ ကြောက်တယ်ဗျ ..

သမီးကြီး said...

ကြောက်တော့ကြောက်ဖူး။ ကိုရင်နော် ရေးတာတအားသရုပ်ပါတော့ ကိုယ်ကိုတိုင် အလောင်းကောင်ကြီးကျောကုန်းထဲလက်နှိုက်ရသလိုခံစားရတယ်။ အိမ်လာလည်ဖို့လည်း ဖိတ်သွားပါတယ်။

သမီးကြီး said...

ကြောက်တော့ကြောက်ဖူး။ ကိုရင်နော် ရေးတာတအားသရုပ်ပါတော့ ကိုယ်ကိုတိုင် အလောင်းကောင်ကြီးကျောကုန်းထဲလက်နှိုက်ရသလိုခံစားရတယ်။ အိမ်လာလည်ဖို့လည်း ဖိတ်သွားပါတယ်။

ကျောပိုးအိတ် said...

ဦးနော်ရေ

ပိုးပိုးဂတိတည်တယ်နော်။ မနက်မှ ဖတ်ပြီး မန့် တော့မယ် ဆိုတာလေ။ ညက သရဲကြောက်တာနဲ့  သေချာမဖတ်လိုက်ဘူး။

ဦးနော်ရဲ့ ပထမအပိုဒ်မှာက ကွင်းကွင်းကွက်ကွက် မြင်အောင် ရေးထားတာကိုး။ ခုတောင် ရုံးမှာ လူများနေတုန်း ဖတ်ရတာ။

ဝါးးးးးးးးးးးးးးးးးးး
း)

လုလု said...

ဦးနော် အရေးအသား သိပ်ကောင်းတာပဲ။ တကယ့်ကို ကွင်းကွင်းကွက်ကွက်ပေါ်အောင် ထိမိအောင် ရေးထားလိုက်တာ။ အချိန်တစ်ခုကို မီးမောင်းထိုးပြလိုက်တဲ့အတွက် သတိတရားတစ်ခု ၀င်လာပါတယ်။ ကိုယ့်အလှည့်ကျ ဘယ်လိုဖြစ်မယ်ဆိုတာကိုပေါ့လေ။ ကျေးဇူးအထူးတင်ပါတယ် ဦးနော်ရေ။
လေးစားစွာဖြင့်
လုလု

ဖိုးစိန် said...

အရမ်းကောင်း ဦးနော်ရေ....


မျက်စိထဲကို မြင်မိတယ်..


အဖွားဆုံးတုန်းက မြေချတာကိုပါ ပြန်မြင်မိပြန်ရော..

သံဝေဂတွေ.. အများကြီး...

တောင်ပေါ်သား said...

အနိစ္စး) သေခြင်းတရားကို ကွက်ကွက်ကွင်းကွင်းကို မြင်လိုက်ရတယ် ဦးနော်ရေး) ကျနော်တို့တွေလဲ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ရှောမယ်မှန်းမသိသေးဘူးနော် တရားရပါ့


လေးစားလျက်
တောင်ပေါ်သား

မအယ် said...

ကိုရင်နော်ရေ
မအယ်တော့ သေတာကိုလည်း ခဏခဏတွေ့ရ မိသားစုတွေ ပူဆွေး အော်ငိုတာလည်း ကြုံရ အသုဘလည်း ခဏခဏ လိုက်ပို့ဖူးတယ်။

လူတွေကအလောင်းကို ကြောက်တာထက် သေခြင်းတရားကို ပိုကြောက်ကြတယ် ထင်ပါတယ်။

ကိုယ်သေမှာထက် ဆွေမျိုးသားခြင်း သေတာကို မြင်ရ ကြုံရမှာ ပို ကြောက်ကြတယ်။

အသုဘတွေမှာ ငိုကြတဲ့ခါလည်း သေတဲ့သူအတွက် ၀မ်းနည်းတာ တွေ ရှိသလို သေတာကို ကြောက်လန့်ပြီး ထငိုတာလည်း ရှိတယ်။

ခရစ်ယာန် အသုဘတွေ ခဏခဏ ပို့ဖူးတယ်။ တရားဟော ဆရာတွေက သေခြင်းဟာ ရှင်ခြင်းထက် ပိုမြင့်မြတ်တယ်လို့ ပြောကြတယ်။

နောက် ကိုရင်နော် ရေးသလို ခရစ်ယာန် အသုဘမှာတော့ အော်ဟစ်ငိုကြွေးတာ တခါမှ မကြုံဖူးဘူး။



မအယ်

မြသွေးနီ said...

ဒီပို့စ်လေးကိုနှစ်သက်တယ်။
အားလုံးမလွဲမသွေ လျှောက်လှမ်းရမယ့်လမ်းတစ်ခု။
ဆင်းရဲချမ်းသာကြီးငယ်မရွေး အချိန်မရွေးရောက် သွားနိုင်တဲ့နေရာတစ်ခု။
မွေးဖွားခြင်းနဲ့ ရှင်သန်ခြင်းကြားက ဘ၀ဆိုတဲ့ အလွှာပါးလေးတစ်ချပ်..။
ကျွန်မတို့ ဘာမှ အဆင်သင့် မဖြစ်ကြသေးပါလား လို့ ထိတ်လန့်စွာတွေးမိတယ် အစ်ကိုရေ..။

မြသွေးနီ said...

ဒီပို့စ်လေးကိုနှစ်သက်တယ်။
အားလုံးမလွဲမသွေ လျှောက်လှမ်းရမယ့်လမ်းတစ်ခု။
ဆင်းရဲချမ်းသာကြီးငယ်မရွေး အချိန်မရွေးရောက် သွားနိုင်တဲ့နေရာတစ်ခု။
မွေးဖွားခြင်းနဲ့ ရှင်သန်ခြင်းကြားက ဘ၀ဆိုတဲ့ အလွှာပါးလေးတစ်ချပ်..။
ကျွန်မတို့ ဘာမှ အဆင်သင့် မဖြစ်ကြသေးပါလား လို့ ထိတ်လန့်စွာတွေးမိတယ် အစ်ကိုရေ..။

အောင်မော် said...

ကျနော်တို့အားလုံးတစ်နေ့မှာဒီလမ်းကိုမလွှဲမသွေသွား
ကြ၇မှာသေချာပေမဲ့...တော်တော်များများသောသူတွေကမေ့လျှော့တာလား
လုံးလုံးကိုမတွေးမိတာလားမသိပါဘူးဗျာ....
အတ္တတွေ၊မာနတွေ လွှတ်ကြီးနေဆဲပါဘဲ....

khin oo may said...

:cool:

မျိုးချစ်မြန်မာ said...

အကိုရေ

အားလုံးကောင်းတယ်
တစ်ခုဘဲ ကလိကလိဖြစ်နေတာလေးက
သင်္ချိုင်း လို့ပေါင်းရမှာ ကို င်္သချိုင်း ဖြစ်နေတာလေးပါ
( သချ ) ကိုရိုက်ပြီး Ctrl + Alt + Shift နှိပ်ပြီး L ကို ရိုက်လိုက်မှ ( င်္ိ ) ငသတ်နဲ့ ဝဆွဲလေးကို ကပ်ပေါင်းထားတာလေး ရပါတယ် လူတော်တော်များများက ဇော်ဂျီ မှာ အဲ့ဒါကိုရိုက်ရင် မပေါ်လို့ မရိုက်တတ်ကြတာလား မသိကြတာဘဲလားတော့ မသိဘူး
မသိဘူးထင်လို့ ပြောပြတာနော်
အကိုစာလုံးပေါင်းသေချာစစ်တတ်တယ် ဆိုတာ ဖတ်လိုက်ရင် သိပါတယ်
ဥပမာ သုည နဲ့ ဝလုံး မတူဘူးဆိုတာ ဂရုစိုက်တဲ့သူ
ဒီလိုလူက မှားရိုက်တာတော့ မဟုတ်လောက်ဘူး ထင်လို့ပါ
ဆရာလုပ်တယ် မထင်ပါနဲ့နော်

လေးစားခင်မင်လျက်

မျိုးချစ်

ကိုရင်နော် said...

ဟုတ်တယ်.. ကိုမျိုးချစ်ကြီးရေ...
ရိုက်ထားတာ ကြည့်ပြီး ကိုယ့်ဟာကိုယ် မှားနေသလိုလိုတော့ ခံစားရတယ်.. အမှန်ကို ဇဝေဇဝါ ဖြစ်နေတာ... ဂူဂဲထဲမှာ ရိုက်စစ်ကြည့်တော့ အမှားစာလုံးတွေက နေရာယူတာ များနေတယ်လေ.. အမှားကို အမှန်ထင်မိသွားတယ်ဆိုပါတော့ဗျာ.. ခုလို ပြင်ပေးတာ ဇူးဇူးဗျာ.. ကျနော် ပြင်လိုက်ပါပြီ...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်

ကိုကိုးအိမ် said...

ကိုရင်နော်ရေ ဒီပို့စ်လေးကိုဖတ်ရတာ ကျွန်တော့်ကို ခပ်ပြင်းပြင်းပုတ်နှိုးလိုက်သလိုပါပဲ။
ဖျတ်ခနဲလန့်သွားမိတယ်.. ငါလည်းသေရမှာပါ လား သူတိုနောက်ကိုလိုက်ရမှာပါလား..ငါဘာ တွေလုပ်ခဲ့ပြီလည်း ..ကောင်းမှူ့မကောင်းမှူ့ စုံလို့ပေါ့... ငါသေရင်လည်းဒီလိုမျိုးကြီးပုပ်ပွနေ
မှာပါလား ဆိုပြီးတော့ပေါ့.. လူတွေဟာ လူအလောင်းကိုသာကြောက်ကြတာပါ.. တိရိစ္ဆာန်အလောင်းဖြစ်တဲ့ ကြက်သား ၀က်သား..ငါး အစရှိတဲ့အကောင်တွေကို တော့ အိမ်ရှေ့ပေါက်ကနေ လူမမြင်မြင် အောင် အောက်ကခုခံပြီးတော့ကိုအိမ်ထဲ သွင်းကြတာပါ..မမြင်တတ်ကြပုံများပြောပါတယ်.. သေချာစဉ်းစားကြည့်ရင် ရင်လေးမိသေးတော့... ကိုရင်နော့်ပို့စ်ကို ဒါပထမဆုံးဖတ်ဖူးတာပါ..ပထမဆုံးမှာပဲ အရမ်းလေးစားသွားပါတယ်.. လင့်ခ်လည်း ချိတ်ထားလိုက်ပါတယ်...
ခင်လျှက်
ကိုကိုးအိမ်