Tuesday, March 30, 2010

ရင်တမမ ကျော်ခွလိုက်သော်

ကျွန်ုပ် ငရင်နော် အိမ်ပြန်ရောက်ကတည်းက ထိုင်ရမလို၊ ထရမလိုနှင့် ရောဂါထကြွနေသည်။ နှစ်အတော်ကြာ စွဲကပ်ခဲ့သော ရောဂါကြီးသည်လည်း မဟားဒယား ရင့်မာနေပြီ။ ထိုရောဂါစိတ်ဖြင့် မစားချင် မသောက်ချင်နှင့် သွားပြီးရင်း သွားချင်နေမိသည်။ ရောဂါကလည်း ယားကျိယားကျိနှင့် အားမရှိသလို ဖြစ်နေသည်။ အေးသလိုလို၊ နွေးသလိုလိုနှင့် ကွေးရင်းသာ တွေးတွေးနေမိသည်။ တွေးပြီး ပြန်လျှင်လည်း ချက်ချင်း ဖွင့်ချလိုက်ချင်သော စိတ်ကြောင့် အားမလိုအားမရ ဖြစ်နေမိသည်။ ရေးလိုက်ရ၊ ဖတ်လိုက်ရမှ နေသာထိုင်သာ ရှိသွားတတ်သည်။

ဆိုတော့ဖြင့် ကျွန်ုပ်ခံစားနေရသော ရောဂါအား စာဖတ်သူတို့ ရိပ်မိလောက်ပြီ။ သေချာပါသည် ကျွန်ုပ်၏ရောဂါမှာ အခြားတော့မဟုတ်ပေ အချိန်တော်တော်ကြာကြာကပင် ကူးစက်ပြန့်ပွားနေသော ဘလော့ရောဂါပင် ဖြစ်တော့သည်။ ကျွန်ုပ်ဘလော့ဂင်းချိန်လည်း မနည်းတော့ပြီမို့ ရောဂါရင့်နေသည်မှာ ဆန်းတော့မဆန်းပေ။ အိမ်အပြင်မှာတော့ ဆေးမှန်မှန်သောက်ရင်း ကုစားလို့ ရနေသည်။ အိမ်တွင်း ပြန်ရောက်တော့ အစစအရာရာ ရှားပါးနေသည်။ ခက်ခဲနေသည်။ အဝင်အထွက် ခက်နေသည်။ ပြင်ပကမ္ဘာကြီးနှင့် ကျွန်ုပ်နေထိုင်ရာ ဘလော့လောကကြီးအား အဆက်အသွယ် ပြတ်နေသည်။ လှမ်း၍ မမှီ၊ ကြည့်၍ မမြင်နှင့် တံတိုင်းကြီးကာထားသလို ဖြစ်နေသည်။ ခြံစည်းရိုးမှာ အတော်မြင့်သည်။ နောက်ဆုံးတော့ မထူးတော့ပြီ ကျွန်ုပ်လည်း ဝါသနာပါရာလုပ်ချင်သူမို့ ကျီးကြည့်ကြောင်ကြည့်နှင့် သူများကျော်သလို ကျော်ရင်းခွရင်း ရောဂါကုနေရပါတော့သည်။

ဆိုက်ဘာကဖေး ဆိုသော နေရာများလည်း လမ်းဘေး ဖုန်းဆိုင်လို မှိုလိုပေါက်နေသည်။ ကျွန်ုပ်လည်း မိုးလင်းပြီဆိုလျှင် ဖင်တကြွကြွနှင့် ရင်တမမ ကျော်ခွရသော ဆိုက်ဘာကဖေးသို့သာ သွားချင်နေတော့သည်။ ကမ္ဘာကြီးကို ဆိုက်ကားစီးရင်း ပတ်ရသည်မှာ ကဗျာဆန်လှသည်။ ဘလော့တစ်ခုဝင်ရန် စောင့်ရင်း တရေးအိပ်ရသည်မှာလည်း အရသာရှိလှသည်။ မဖတ်စေချင်သော ကန့်သတ်စာ ခိုးဖတ်ရသည်မှာလည်း ရင်တထိတ်ထိတ်နှင့်၊ ဝင်ခွင့်မပြုတဲ့အခန်း ကျော်ဝင်ရသည်မှာလည်း စွန့်စွန့်စားစားနှင့်၊ ဆိုက်ဘာကင်းသမား ရှောင်ရသည်မှာလည်း ကျီးလန့်စာစားနှင့်။ တကယ်ကို လျှို့ဝှက်သည်းဖိုပင်။ ထိုသို့ စိတ်လှုပ်ရှားစရာနေရာမျိုး သွားလိုက်ရမှ ကျွန်ုပ်၏ ယားကျိကျိရောဂါ သက်သာသွားသလို ခံစားရသည်။ ဒူးပွန်း တံတောင်ပွန်း ကျော်လိုက်ခွလိုက်ရမှာ နေသာထိုင်သာရှိသွားသည်။

ကျွန်ုပ်နေထိုင်ရာ ရပ်ကွက်ပုစိကွေးလေးတွင်ပင် ဆိုက်ဘာကဖေး သုံးလေးခုရှိသည်။ လွန်ခဲ့သော နှစ်အစိတ် ရပ်ကွက်ဗီဒီယိုရုံများ ခေတ်စားသလို ဆိုက်ဘာကဖေးများ ခေတ်စားနေသည်။ ယနေ့တွင်တော့ အိမ်တိုင်းနီးပါး တီဗွီ၊ ဗီဒီယို ဆိုတာလောက်တော့ ရှိကြသည်။ ဤပုံအတိုင်းဆိုလျှင် နောင်နှစ် အစိတ်တွင် အိမ်တိုင်း အင်တာနက်သုံးနိုင်မည်ဟု ခန့်မှန်းနိုင်သည်။ စိတ်ပူရန် မရှိပါ နှစ်အစိတ်ဆိုသည်မှာ ဟိုလိုလိုသည်လိုလိုနှင့် ရုန်းရင်းကန်ရင်း ရောက်လာဦးမည်။ လောလောဆယ်တော့ ဆိုက်ဘာကဖေးနှင့်သာ နှစ်ပါးသွားနေကြရုံသာရှိသည်။

ဆိုက်ဘာကဖေးများ မှိုလိုပေါက်နေသလို ဆိုက်ဘာကဖေးထဲတွင်လည်း ကွန်ပျူတာများ မှိုလိုပင် ပေါက်နေသည်။ အခန်းကျဉ်းကျဉ်းထဲတွင် ကွန်ပျူတာ အလုံး (၂၀) ကျော် ရှိသည်။ ခုံများမှာ မင်္ဂလာဈေးတွင်းမှ ဆိုင်ခန်းများကဲ့သို့ ဖင်ချင်းပေါက် ပူးကပ်နေသည်။ ဝင်ထွက်ရန်ပင် အတော်ခက်သည်။ နံရံကျောကပ်ထိုင်လျှင် သံသယအကြည့်ဖြင့် ကြည့်ခံရသည်။ ကြားခုံထိုင်လျှင် သုံးသူချင်း ကျောကပ်၍ မှီထားနိုင်သည်။ ဘေးမှ ချာတိတ်မနှင့် လက်မောင်းချင်း ထိနေသည်။ အင်တာနက်ကို “တခိခိ” “တဟိဟိ” နှင့် အကျိုးရှိရှိ ကြူနေသည်များ မြင်ရသည်။ ကျွန်ုပ် တောင်ဖတ်၊ မြောက်ဖတ် ဖတ်နေသည်ကိုလည်း တခြားသူ မြင်နိုင်သည်။ ဘေးမှကလေး Game Play ရင်း “တဟေးဟေး” အော်နေသံ နားကွဲသွားနိုင်သည်။ ရယ်ရယ်မောမောနှင့် အော်ဟစ် ပြောနေသူများလည်း ရှိသည်။ တီးတိုးတီးတိုးနှင့် သဖန်းပိုးသူလည်း ရှိသည်။ နည်းပညာ လေ့လာလိုသူများ၊ ပညာရေး စုံစမ်းလိုသူများ၊ ဗဟုသုတ ရှာဖွေလိုသူများ၊ အတွေ့အကြုံ မျှဝေလိုသူများ ကျော်ခွဝင်ရောက်ကြရသည်။ ခုံမလွတ်၍ စောင့်နေသူများလည်း တန်စီနေကြသည်။ မီးပြတ်မည်လည်း စိုးရသေးသည်။

ကျွန်ုပ်မှာတော့ ဘလော့ဂါတို့ ထုံးစံအတိုင်း ဘလော့ထဲ ဝင်ကြည့်ချင်သည်။ ကိုယ့်စက်မဟုတ်၍ Password များ ရိုက်ရမည်ကိုလည်း လက်တွန့်နေမိသည်။ သုံးနေသည်များကို ကိုယ်ပျောက်ပညာသုံးပြီး ဖမ်းယူ မှတ်တမ်းတင်နေမှာလည်း တွေးလန့်မိသည်။ ကျွန်ုပ် ဘလော့ရေးသည်ကိုလည်း သူများသိမှာ ကြောက်သေးသည်။ ပုန်းလျှိုးကွယ်လျှိုးနှင့် ရှက်ကရှက်သေးသည်။ ဘလော့လောကကို သတိရသည်။ ဘလော့ဖော်ဘလော့ဖက်များ အသစ်ရေးတာ ဖတ်ချင်သည်။ ဘာညာကွိကွ ကော်မန့်လေး ရေးချင်မိသည်။ ဆီပုံးများကို ဖတ်ချင်မိသည်။ စိတ်ထဲရှိတာများ ချရေးချင်မိသည်။ သို့သော်လည်း ဝင်မရပြုမရနှင့် အတော်ပင် အချိန်တွေ ကုန်နေသည်။ တစ်ခုဝင်လိုက်လျှင် ကန့်သတ်နယ်မြေအဖြစ်သာ တွေ့နေရသည်။ ခိုးချောင်ခိုးဝှက်နှင့် ကျော်ခွနည်းများ လေ့လာခဲ့၍ တော်တော့သည်။ အိမ်တွင်းဘလော့ဂါ မိတ်ဆွေများ ခက်ခဲ ပင်ပန်းစွာ ဝင်ထွက်ရေးသားနေသည်ကို ချီးကျူးလေးစားမိသည်။
(ကြော်ငြာ။ ။ ဆိုက်ဘာကဖေး နှင့်ပတ်သက်၍ ကလိတိတိကဗျာ တစ်ပုဒ်ရေးခဲ့ဖူးသည်။)

ကိုယ်တိုင် အိမ်ပြန်ရောက်မှ ဤခရီးမနီးမှန်း သိတော့သည်။ ရေးချင်စိတ်ကလည်း ရှိသေးသည်။ ရောဂါကြီး မပျောက်သ၍ ဆိုက်ဘာကဖေးသို့ လာနေရဦးမည်။ ရေးချင်တာများ ရေးနေနိုင်အောင် ဘလော့အား လွယ်လွယ်နှင့် ဝင်ခွင့်ရချင်မိသည်။ ကျော်ခွရခြင်းကိုလည်း လွန်မြောက်ချင်သည်။ ထို့ကြောင့် အိမ်ပြင်ရောက် ရောင်းရင်း မိတ်ဆွေများနှင့် ဆက်သွယ်ကာ ကျွန်ုပ်တို့ဘလော့အား လိပ်စာ ပြောင်းရန် ကြံတော့သည်။ ပြောင်းစမို့ အဆင်မပြေသည်များ ရှိနေသေးသည်။ မိတ်ဆွေများ၏ Link များ ပြန်ချိတ်ရဦးမည်။ ကျွန်ုပ်တို့ ဘလော့အား Link ချိတ်ထားသော မိတ်ဆွေများ အနေဖြင့်လည်း www.koyinnawkhinlaynge.com ဟု Link ပြောင်းချိတ်ပေးဖို့ မေတ္တာရပ်ပါသည်။

ကျွန်ုပ် အချိန်ပေး၍ စာများ ဆက်ရေးနေပါဦးမည်။ ကျွန်ုပ်၏ဘော်ဒါကြီး ဒေါ်ခင်လေးငယ်လည်း ရေးပါလိမ့်ဦးမည်။ ကျွန်ုပ်တို့၏ ဆီမပါ၊ ဆားမပါ၊ အနံ့အရသာ မပါသော ပေါ့ပေါ့ပါးပါးစာများအား အချိန်ပေး ဖတ်ရှုဝေဖန်ပေးသော ချစ်မိတ်ဆွေများအား ရင်ဘတ်ကြီးဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
(ကိုရင်နော်)

33 comments:

Anonymous said...

ကိုရင်တို့ေ၇းတဲ့စာတွေ မဖတ် ရရင်လည်း ယားကျိယားကျိပါပဲ ကိုရင်ရာ
ကျော်ရခွရေ၇းရတဲ့ သုတွေကိုတကယ်ကျေးဇူးတင်ပါတယ်
မမ ကိုရင် စာတွေ များများရေးနိင်ပါစေ

ချစ်တဲ့ 
ဂန့် 

မေဇင် said...

ဒါဆို...ခု ကျော်စရာ ခွစရာ မလိုတော့ဘူးပေါ့နော်...း) ။ တစ်နေ့ တစ်ပုဒ်ရေးနိုင်ပါစေး)

ဝေလေး said...

လင့် ပြောင်းလိုက်ပါမယ်..
ဦးနော်တို့ မမခင်လေးတို့ရေးတဲ့စာတွေမဖတ်ရရင် ဆီမပါ ဆားမပါသလိုပဲ.. :P ဘာမှမရေးခဲ့ရင်သာနေမယ်။ လာတော့ ဖတ်ဖြစ်ပါတယ်။

sweetpeony said...

wayyyyyyyyy
own domain..
own wrting...
own feelings...
this is U Naw n T Nge!!!!
;)

လင်းဒီပ said...

လာလာဖတ်ပါတယ် ဆက်ရေးပါ လင့်လည်း ပြောင်းလိုက်ပါမယ် ။ :)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ကိုရင် ရေ..

အသစ်တင်တိုင်း ဖတ်ဖြစ်ပါတယ်ဗျာ။

ကျော်ပြီးတော့လဲလာမယ်... ခွပြီးတော့လဲ လာမယ်.... မကျော်မခွရလဲ လာမယ်... :) :)..

link ပြောင်းပြီး ချိတ်ထားလိုက်ပါပြီ။

ခင်မင်စွာဖြင့်
ကိုမျိုး

ဒဏ္ဍာရီ said...

ဟိုတလောထဲက ပိုစ့်တွေ့လို့ ချိန်းလိုက်သေးတယ် မရလို့ ပြန်ပြောင်းထားတာ။ အခုရပြီဆိုတော့ ပြန်ချိန်းလိုက်တော့မယ်နော်။ ဆိုက်ဘာကဖေးမှာ ကျော်ရ ခွရတဲ့ ဒုက္ခကတော့ ပြောချင်တော့ပါဘူး ကိုရင်နော်ရေ...။ အခုတော့ ဒီဝဋ်က ကျွတ်ပြီပေါ့။ ဒေါ့ကွန်း ဖြစ်ပြီဆိုတော့ တနေ့တပုဒ်သာ ပို့တွေ ရေးတော့ ကိုရင်နော်နဲ့ မမခင်လေးရေ..။

ခင်မင်လေးစားလျှက်

Mogok Thar said...

လင့်ခ် ပြောင်းလိုက်မယ်ဗျို့

ခုတော့ ကျော်ခွရတဲ့ ဒွတ်ခက လွတ်သွားပြီပေါ့....

သတိရတယ်....

Vista said...

လင့်ပြောင်းလိုက်ပါပီ...ကြိုးစားရေးပေးလို့ ကျေးဇူးအထူးတင်ပါသည်...

မေနိုင်း said...

ကျော်ရခွရ ဘလော့စပေါ့ကနေ ဒေါ့ကွန်းပြောင်းတဲ့ အကြောင်းတောင် ရီစရာ ဟာသလေးနဲ့ ပိုစ့်လေး ဖြစ်အောင် ရေးတတ်တာ လေးစားတယ် ဦးနော်ရေ..။း))) ဦးနော်ရဲ့ ရောဂါတက်ပြီး ရွစိရွစိ ယားကျိယားကျိ ပုံစံကို မျက်လုံးထဲ မြင်ယောင်ကြည့်သွားတယ်။ ဟုတ်မှာပါလေ.. ဘလော့မရေးတတ်ပဲ ဘလော့်လည်ပြီး စာဖတ်ရတဲ့ မေနိုင်းတို့တောင် ဒီလောက်ပိုးထနေတာ ဦးနော်တို့လို ဘလော်ကာတွေဆို ပိုဆိုးပေါ့။ ခုတော့ ကျော်ရခွရတဲ့ ဘ၀က လွတ်ပြီ။ နေ့တိုင်းလာဖတ်မယ် ပိုစ့်များများသာရေးပေတော့ ဦးနော်။

တောင်ပေါ်သား said...

စိတ်မပျက်နဲ့ ဦးနော် မကြာတော့တဲ့ အချိန်လေးအတွင်းမှာ အကုန်ရတော့မှာပါ အထင် အထင်း) အမြဲ အားပေးမယ်


လေးစားလျက်
တောင်ပေါ်သား

ဖိုးဂျယ် said...

ဟုတ်ပါ့ ဦးနော်ရေ ကျွန်တော် အပြင်မှာဆို သိပ် မလည်ဖြစ်ဘူး။ အိမ်နားက ကိုယ်သုံးနေကြဆိုင်ရောက်မှ လည်ဖြစ်တား)

ဝက်ဝံလေး said...

ဦးနော် ရန်ကုန်ပြန်ရောက်သွားပြီလား
ခရေတွန်ပြောတော့ ခြင်ကြားပုန်း(စင်ကာပူ) ဆို
ပြောင်းချိတ်ထားလိုက်မယ်နော်

လုလု said...

တို့က ကျော်နေခွနေကြ့ 
ဦးနော်ရေ့  ကျော်ခွတဲ့အရသာလေးကို ရေးထားပေးတာ ပြောင်မြောက်လှပေစွ
လင့်ခ်လည်းပြောင်းချိတ်ထားပြီးပါပြီနော်
ခင်မင်စွာဖြင့်
လုလု

ချော (အစိမ်းရောင်လွင်ပြင်) said...

ကျော်ရခွရတာ
ဘယ်မှာမှ မရနိုင်တဲ့ အရသာထူးမို့
ရောက်တုန်းရောက်ခိုက် အ၀သာခံစားသွားပါ အစ်ကိုနော်ရေ..
ဟိုပြန်ရောက်ရင် ဒီလို ခံစားချက်မျိုး ရနိုင်တော့မှာ မဟုတ်ဘူး
ဒီမြေ ဒီရေ ဒီဒေသမှာသာရနိုင်တဲ့
တန်ဖိုးကြီးခံစားချက်မျိုးရှင်.....

သိင်္ဂါကျော် said...

ကျော်ခွရတဲ့ ဒုက္ခကို သိနေတဲ့ သူတွေမို့ ကိုယ်ချင်းစာပါတယ်..
ခုလို ပြောင်းလိုက်တာ အကောင်းဆုံးပါပဲ..
link ပြောင်းချိတ်လိုက်ပါပြီ.. :):)

Zephyr said...

ကိုရင် ဖတ်ရခက်မှာစိုးလို့ သားအမိနှစ်ယောက်စလုံး ဒိုမိန်းဝယ်ထားပါတယ်။ မဒါလည်း ကိုရင် ဖတ်ရခက်မှာစိုးလို့ ဒိုမိန်းဝယ်လိုက်တယ်ပြောပါတယ်။ ကျော်ရလွှားရခက်ရင် ပို့စ်တွေကို စာတိုက်ကပို့ပေးတဲ့ စနစ်ဖြစ်ဖြစ်၊ စာပို့ခိုနဲ့ဖြစ်ဖြစ် ပို့ပေးတဲ့ စနစ်အဖြစ်ဖြစ် အကောင်အထည်ဖော်ပေးဖို့ရှိပါတယ်။ ညနက်သန်းခေါင် ဆိုက်ဘာာကဖေးမှာ မျက်မှန်အမည်းကြီး တပ်ပြီး ဟိုတိုက်ဒီတိုက်ဝင်လာတဲ့ ရုပ်သန့်သန့်ဘဲကြီးဆိုရင် လူတိုင်းကသိပါတယ်လေ။ .....

ခင်မင်စွာဖြင့်
Zephyr

ဖိုးသင်္ကြန် said...

ကိုယ်ချင်းစာပါတယ်ဗျာ

MANORHARY said...

ကိုရင် နောက် နှစ်အစိပ်ထိ ဘလော့ကင်းမယ်ဆိုတဲ့
သဘောလား .. အဲဒီအချိန်ဆို ကိုရင်တော်တော် အိုနေလောက်ပြီနော် ခင်လေးလိုတော့ ငယ်လှနေတော့ မယ်လို့ မထင်ဘူး =)

အိမ့်ချမ်းမြေ့ said...

မြန်မာပြည်မှ အင်တာနက်သုံးရတာ ဂုမ္ဘာန်တစ်ထောင်ကြားက နတ်ပန်းကို ခူးဆွတ်ရသလိုများ ဖြစ်နေမလားပဲနော်..

Chan said...

ပာုတ်.
ပာုတ်... ပာုတ်ကဲ့ပါ
အခုပဲ ပြောချိတ်လိုက်ပါမယ် လင့်အသစ်လေးသို့း)

kaungkinpyar said...

ညလေး လဲ ပြောင်းချိတ်လိုက်ပါ့မယ်...:P

MoeKhit said...

ပြောင်းချိတ်လိုက်ပါ့မယ်ခင်ဗျာ....စာတွေအများကြီးဆက်ရေးနိင်ပါစေ.....

ထွေးငယ် said...

ဒူးပွန်း တံတောင်ပွန်း ကျော်လိုက်ခွလိုက်ရမှာ နေသာထိုင်သာရှိသွားသည်။ :)

အတူတူပဲကိုရင်ရေ
ပထမဆုံးအလည်ရောက်ပါတယ် လာခဲ့ပါအုံးမယ်
ခင်တဲ့
ထွေးငယ်

khin oo may said...

ကိုယ်ချင်းစာပါတယ်။ ကိုယ်တောင် ဘလော့ .com ကြိုပြောင်းထားမလားစိတ်ကူးနေတယ။် ရန်ကုန်ပြန်ရင် မရေးရမှာစိုးလို့။

ရွှေပြည်သူ said...

ပြည်တွင်းက အခက်အခဲမျိုးစုံကျော်ပြီး စာရေးနေတဲ့ စာဖတ်ပေးနေတဲ့သူတွေကို တကယ်ပဲ လေးစားကျေးဇူးတင်မိပါတယ်။

စကားမစပ်... “ပေါ့ပေါ့ပါးပါးစာများ” တဲ့။ မနောက်ပါနဲ့ ကိုရင်နော်ရယ်း)

♥ကိုဇော်♥ said...

အလုပ်များ နေလို့ ရောက်တာ နောက်ကျ.....စ်..
လင့်ပြောင်းလိုက်ပါပြီ..ကိုရင်ရေ...

ပေါ့ပေါ့ပါးပါးလေး ဖြစ်အောင် အတွေး ဗဟုသုတလေးတွေကို ရေးတတ်တာကိုက ဆရာကျတာဗျာ..

ဆက်လက်အားပေးလျက်
ကိုဇော်

ရွှန်းလဲ့ said...

အစ်ကိုတို့ အစ်မတို့စာ လာဖတ်သွားပါတယ်

တော်တော်ရက်ရက်ရောရော ကြီးကိုတွက်လိုက်တာပဲ လာမယ့် နှစ်ဆယ့်ငါးနှစ်တဲ့.... :)

မဗေဒါ said...

ဖြစ်ရလေစကိုရင်ခင်လေးငယ်...။
အားလုံးကို ကျော်ဖြတ်နိုင်ပါစေလို့ ဆုမတောင်းတော့ဘူး..
တောင်းလည်းပြည့်မှာမဟုတ်လို့ ..။

သုဒြေ္န said...

ကိုရင်ခံစားရတာတွေ အားလုံးကိုသဘောပေါက် နားလည်ခံစားမိပါတယ် ကိုရင့် ကိုလဲကျေးဇူးတင်တယ် ကျနော်ကိုယ်တိုင်လည်း ကိုရင့် ဆီကို ကျော်ခွဖြတ်တောက် မျှော်လင့်  စောင့်စားပြီး လာခဲ့ ရလို့ ပါ ကိုရင့် စာတွေမဖတ်ရရင်လဲ ကလိကလိနဲ့ ဆားမပါသောဟင်းစားနေရသလိုပါဗျာ ခင်တဲ့  သုဒြေ္န

PhyoPhyo said...

မင်္ဂလာနှစ်သစ်ပါ ..
ဆီမပါ ဆားမပါ အရောင်မပါ အနံ့အရသာမပါဘူးလို့သာဆိုတယ် .. ဖတ်ပြီး တော်တော်အရသာရှိတာပဲ ..
စာအရေးကောင်းလိုက်တာ ..
ခင်မင်လေးစားလျှက်

မောင်မျိုး said...

ဟုတ်ပါ့ နက်ဆိုင်တွေ မှိုလိုပေါနေတာတောင် သုံးချင်လို့ တန်းစီရတယ် ကျနော်လည်း ကျလိ ကျလိဖြစ်နေတယ် နော်နော်း) အဲ့တာ ဟိုကို ဆားဖျော်ပြီးရေလောင်းလိုက် တကယ်ပျောက်တယ် လုပ်ကြည့် ။

ကိုကိုးအိမ် said...

အဟီး ကျွန်တော်တို့လည်းဒီလိုပဲ ကျော်ရခွရတာပဲဗျ ကန်တော့ ကန်တော့ပြော ပြီးကျော်ရတာပ ငရဲတော့မကြီးလောက်ပါဘူး
နော့........

ခင်လျှက်
ကိုကိုးအိမ်