Monday, April 12, 2010

ပိတောက်အိုအို ပျိုချိန်တုန်းက

မိုးရိပ်တွေသမ်းနေတဲ့ သင်္ကြန်အကျနေ့ရဲ့ နံနက်ခင်းတစ်ခုကို DJ ပွတ်သံတွေနဲ့ ခပ်ပြင်းပြင်း လှုပ်နိုးလိုက်တော့ အိပ်ပျော်နေတဲ့ ပိတောက်ပင်အိုကြီး လန့်ကာ ဖြန့်ကာ နားနှစ်ဖက်ကို ပိတ်ထားလိုက်တော့တယ်။

“အလိုလေလေ နံနက်လင်းမယ် မကြံသေးဘူး ဆူညံသံတွေက စ နေပါပေါ့လား..”

ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်မိတော့ လမ်းမကြီးပေါ်မှာ ကားတွေ တတီတီနဲ့။ လမ်းဘေး ဝဲယာမှာလည်း ကြော်ငြာမဏ္ဍပ်ကြီးတွေ ဟီးလို့။ ရေပက်မယ့် မဏ္ဍပ်ပေါက်စလေးတွေကလည်း ဘေးချင်းကပ်၊ မှက်နှာချင်းဆိုင်၊ မျက်စောင်းထိုး၊ ဖင်ချင်းပေါက် ပြွပ်သိပ်လို့..။ စင်ပေါ်မှာလည်း ခုန်ပေါက်သီဆိုကြတော့မယ့် ခေတ်လွန် ကလေးငယ်တွေ.. လန်လို့ ပျံလို့။ DJ အသွားနဲ့ Hip Hop သီချင်းသံတွေက စစ်ပွဲတစ်ခု ကျင်းပတော့မလိုလို တဝုန်းဝုန်းနဲ့။ လမ်းတဖက် ခပ်လှမ်းလှမ်းမှာ ယိမ်းထိုး မြူးကြွနေတာကတော့ မနေ့တနေ့ကမှ အရွယ်ရောက်လာတဲ့ ပိတောက်ပင်ပျို..။

ပိတောက်ပင်ပျိုရဲ့ ခပ်လန်လန်ဒီဇိုင်းက အပီကဲတော့မယ့်ပုံ။ လေအဝေ့မှာ ယိမ်းကာ နွဲ့ကာနဲ့ ခုန်တော့မလို ပေါက်တော့မလို မြူးကြွနေတယ်။ ပိတောက်ပင်အိုကြီးက ပိတောက်ပင်ပျိုလေးကို ကြည့်ရင်း သက်ပြင်းချကာ “ဒီ ပိတောက်ပင်လေး သင်္ကြန်ရဲ့ အနှစ်သာရအမှန်တွေကို မသိရှာပါလား” လို့ တွေးနေမိတော့တယ်။

အဲ့ဒီလို တွေးနေတုန်းမှာပဲ ပိတောက်ပင်ပျိုလေးက လမ်းတဖက်ကနေ လှမ်းပြီးနှုတ်ဆက် လာပါတော့တယ်..

“Yo.. Yo... ဖိုးဖိုးပိတောက်ပင်ကြီး... မောနင်းဗျာ ဟက်ပီးသင်္ကြန်..”
“ဟေ.. အေ့.. ပိတောက်ပင်လေး... မင်္ဂလာနံနက်ခင်းပါကွယ်..”

“ဖိုးဖိုးပိတောက်ကြီးရေ ဒီလမ်းက ခါတိုင်းနှစ်ထက် စည်မယ့် အထာပဲဗျ.. မဏ္ဍပ်တွေကလည်း ရေလည် လန်းတယ်.. DJ တွေကလည်း ဆွဲသလား မမေးနဲ့.. ခဏနေဆို Rapper တွေ အပီဖြဲတော့မယ်..”

ပိတောက်ပင်အိုကြီးက စိတ်ပျက်လက်ပျက် ခေါင်းခါရင်း..
“ပိတောက်ပင်လေးရယ်.. ဖိုးဖိုးတော့ မနေတတ်ပါဘူးကွာ နားတွေလည်း ငြီး.. မျက်စေ့တွေလည်း ရှုပ်ပါတယ်.. ခေါင်းတွေလည်း ကိုက်လာတယ်.. ဒီအသံတွေ နားမယဉ်ပါဘူးကွာ.. သင်္ကြန်ဒိုးလေးနဲ့ မြန်မာဆန်ဆန် သင်္ကြန်တွေကိုပဲ သတိရမိတယ်..”

“ဖိုးဖိုးကြီးကလည်းဗျာ Date Out လိုက်တာ.. သင်္ကြန်ဆိုတာ ဒီလို မြူးနေမှ မိုက်တာပေါ့ဗျ..”

“ပိတောက်လေးရယ်.. မင်းက ရှေးက သင်္ကြန်တွေကို မီမှ မမီခဲ့တာ.. မင်းတို့ DJ တွေ မြူးတာလောက်တော့ သင်္ကြန်ဒိုးက ထိုင် (ရီ) ရယ်တယ်ကွ.. ဒို့ ဒိုးသံကြားရင်ကို ဘယ်သူမဆို အလိုလို ယိမ်းကွက် လိုက်ကပြီးသားပဲ.. စည်းချက်ညီညီ လက်ခုပ်လိုက်ပြီးသားပဲကွ.. မင်းတို့ အသံတွေကတော့ ကြားတာနဲ့ နားကွဲမတတ်ပဲ.. ဖိုးဖိုးကတော့ သင်္ကြန်မှာ ဒီအသံတွေ လွှမ်းမိုးလာတာ ကြိုက်ကို မကြိုက်ဘူး..”

“ဖိုးဖိုးကြီး.. ဝေးသွားပြီဗျာ အဝေးကြီးမှာ ကျန်ခဲ့ပြီ.. အသစ်ဗျ ဒါတွေက အသစ်တွေ..”
ပိတောက်ပင်ပျိုလေးက ပြောပြောဆိုဆိုနဲ့ ဦးထုပ်ကို ပြောင်းပြန်လည့် နောက်ပြန်စောင်းရင်း တစ်ပင်လုံး ရမ်းခါသွားအောင် လှုပ်ရမ်းနေတော့တယ်..။

အချိန်ကလည်း နေပွင့်လာပြီမို့ သင်္ကြန်ပျော်တွေ ကားကိုယ်စီနဲ့ ရောက်လာလိုက်ကြတာ လမ်းတစ်ခုလုံး ပြည့်သိပ်သွားတဲ့ အထိပါပဲ..။ ကားတန်းကြီးနဲ့ ခေတ်ဆန်ဆန် လူသားတွေ အော်သံ ဟစ်သံတွေ ဆူညံစွာ အသက်ဝင်လာတယ်။
ပိတောက်ပင်အိုကြီး အတွက်တော့ ခုခေတ်သင်္ကြန်ဆိုတာ ငရုပ်သီး ထည့်ထားတဲ့ မုံ့လုံးရေပေါ်လို စပ်ဖျဉ်းဖျဉ်း..

ရောင်စုံကြော်ငြာ မဏ္ဍပ်သေးသေး တွေကလည်း ရေပက်မလို့တဲ့ ရေလာဖို့ စောင့်နေကြတာ ပိုက်တန်းလန်းနဲ့..။ မဏ္ဍပ် တစ်ခုနဲ့ တစ်ခုကတော့ ငါးစိမ်းသည်မ နှစ်ယောက် အပြန်အလှန် ရန်ဖြစ်နေသလို သူအော် ငါအော်နဲ့ Rap သီချင်းတွေ အပြိုင်ကို အော်နေကြတော့တယ်..။ တပ်ဆင်ထားတဲ့ စက်တွေကလည်း မနည်းမနော.. အသံတွေကလည်း ဆူညံပေါက်ကွဲလို့..။ Rapper တွေ ဆိုနေတဲ့ သီချင်းတွေကလည်း သင်္ကြန်နဲ့ မဆိုင်တဲ့ ဝူးဝူးဝါးဝါး အော်သံတွေ.. မပီမသ ဆဲသံတွေ..။ စတိုင်ခပ်ရိုင်းရိုင်းနဲ့ ရန်ဖြစ်နေသလိုလို..။ သတ်တော့မလို ဖြတ်တော့မလို..။

“တွေ့လားကွ ပိတောက်ပင်လေး ဟိုစင်ပေါ်မှာ မင်းပြောတဲ့ Rapper တွေဆိုလား ဘာဆိုလား.. ခုန်ပေါက် အော်ဟစ်နေကြတာ လူရိုင်းတွေလိုလိုပဲ မြန်မာယဉ်ကျေးမှုနဲ့ မညီတော့ပါလား..”

“ဖိုးဖိုးကြီးကလည်း မြန်မာဆန်ဖို့ မလိုတော့ဘူးလေဗျာ ကမ္ဘာဆန်ဖို့ လိုနေပြီဗျ.. ဂလိုဗယ်လိုက်ဇေးရှင်းဆိုတာ ဖိုးဖိုးကြီး မကြာဖူးဘူးထင်တယ်..”

“ဟ.. ကလေးရ... မြန်မာ မဆန်တော့ရင် တဖြည်းဖြည်းနဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာ ပျောက်သွားမှာပေါ့ကွ.. ကိုယ့် ယဉ်ကျေးမှု ကိုယ့်ဖာသာ ထိန်းမှ ရမှာကွ.. ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်မယ်ဆိုလား ဘာဆိုလား ကြားဖူးတာပဲ.. ခုတော့ ကိုယ့်အလှ ကိုယ်ဖျက်နေကြတာ.. အားလုံး ဖျက်စီးနေကြတာပဲ.. ဒို့ မြို့မငြိမ်း သီချင်းလည်း ကြည့်လေ ဒီကောင်တွေ လုပ်မှ မူရင်း အရသာပျက်ကုန်တယ်.. သင်္ကြန်သီချင်းမှ ဟုတ်ရဲ့လားလို့ မနည်းကို နားထောင်နေရတယ်ကွာ.. ဆရာငြိမ်းများ ပြန်ကြားရင် နားရင်းထရိုက်ချင်မလား မသိ..”

“ဖိုးဖိုးကြီး.. မလုပ်နဲ့နော် ဒီကောင်တွေ ဆရာတွေနော်.. တော့ကီတွေက လန်ထွက်နေတာပဲ.. ဒီကောင်တွေရှေ့မှာ ကိုးယိုးကားယား သွားမလုပ်နဲ့ သီချင်းဖြစ်သွားမယ်..”

“အေးပါကွာ ယုံပါတယ်.. ပါးစပ်ထဲတွေ့ရာ ကဗျာရွတ်သလို ကာရန်လေးချိတ်ပြီး ရွတ်တာနဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ ပညာက လေးစားစရာပါပဲ.. တကယ်တော့ ဒီကောင်တွေက သီချင်း မဆိုရဘူးကွ သံချပ်ထိုးသင့်တာ.. ခေတ်ကို သရော်ပြီး အဖြစ်မှန်တွေကို သံချပ်ထိုးရမှာ.. ခုတော့ကွာ အထင်ကရ ဂန္တဝင်သီချင်းတွေကို ပုံပျက်ပန်းပျက် ဖျက်လိုဖျက်စီး လုပ်တာမျိုးတွေ တွေ့ရတာတော့ စိတ်ပျက်စရာပဲ..

“ဖိုးဖိုးကြီး.. ဖိုးဖိုး မကြိုက်ရင်လည်း မဝေဖန်နဲ့ဗျာ.. ဒီကောင်တွေ ကြားရင် ဖိုးဖိုးကြီးကို ဝိုင်းဖဲ့လိမ့်မယ်.. ကျနော်ကတော့ ခိုက်တယ်ဗျာ.. ဒီကောင်တွေကို လေးစားတယ်ဗျာ... ဒီဘဲတွေ ရေလည် ဒွန်းး တယ်..”

သင်္ကြန်က အရှိန်ရလာတဲ့ အရက်သမား တစ်ယောက်လို.. မူးမူးရူးရူးနဲ့ ဆူညံနေတော့တယ်..။

“ဟေ့ဟေ့ ပိတောက်ပင်လေး ဟိုမှာ ကြည့်စမ်းကွ ချာတိတ်မလေးတွေ ကဲနေလိုက်ကြတာ.. ဆိုးပါ့ကွာ..”

“ရေ့ရေး... ယို့ယိုး... ဟုတ်တယ် ဖိုးဖိုး.. ဟိုဘက် စင်ပေါ်မှာလည်း ကောင်မလေးတွေ အများကြီးဗျ လန်းလိုက်တာ..”

“မင်း ပြောပြောနေတဲ့ “လန်းတယ်.. လန်းတယ်” ဆိုတာ ဘာလဲကွ.. ဖိုးဖိုးတွေ့တာတော့ “လန်” တော့မလိုလိုဟာတွေပဲ တွေ့ပါလား..”

“ဖိုးဖိုး ကလည်း Out ပြန်ပြီဗျာ အဲ့လို လန်တော့မလိုကိုက လန်းတာဗျာ ဟဲဟဲဟဲ..”

ပိတောက်ပင်အိုကြီးက မျက်မှန်ကို ပင့်တင်ကာ ပါးစပ်အဟောင်းသားနဲ့ အလန်းလေးတွေကို ကြည့်ရင်း..

“ဟ.. ပိတောက်ပင်လေးရ မင်းဟာက သင်္ကြန်ပွဲလုပ်မှာလား နိုက်ကလပ်တွေ စင်ပေါ် တင်လာတာလားကွ.. ဟေ.. တစ်နှစ်ထက် တစ်နှစ် ပိုပို ပျက်လာလိုက်တာ နောက်သိပ်မကြာခင် နှစ်တွေဆို အဝတ်အစားမှ ဝတ်ကြတော့ပါ့မလား..”

“ဖိုးဖိုးရာ.. ဘာလို့ ဒီနားမှာ လာပေါက်တာလဲဗျာ တကယ်ဆို ဖိုးဖိုးက ဘုန်းကြီးကျောင်းထဲမှာ ပေါက်ရမယ့် ပိတောက်ပင်ကြီး..”

“ဟကောင်ရ.. မင်းက မနေ့တစ်နေ့ကမှ ပေါက်လာတဲ့ကောင်.. ဖိုးဖိုးက ဒီနေရာမှာ နှစ်ပေါင်းများစွာရပ်နေတာကွ.. ဖိုးဖိုးက သင်္ကြန်နဲ့ ယှဉ်တွဲပြီးနေနေတာ.. သင်္ကြန်ရောက်တိုင်း ပိတောက်တွေ လှိုင်လှိုင် ပွင့်ပေးနေကျကွ.. သင်္ကြန်တွေကိုလည်း နှစ်တိုင်း တွေ့နေရတယ်.. လွန်ခဲ့တဲ့ နှစ်တော်တော်ကြာကြာကဆို ဒီနေရာက မဏ္ဍပ်တွေက ဒီလိုမှ မဟုတ်တာကွ.. သင်္ကြန်ဒိုးတွေနဲ့ တူးပို့တူးပို့နဲ့ ယိမ်းသမတွေရဲ့ မြူးကြွတဲ့ သင်္ကြန်ယိမ်းတွေနဲ့ကွ.. ယိမ်းသမတွေကလည်း ပိတောက်ပန်းတွေနဲ့ လန်းဆန်းတက်ကြွနေကြတာကွ.. ယိမ်းသမတွေရဲ့ သင်္ကြန်ယိမ်းကလည်း ကချိုးကကွက်တွေနဲ့ မြန်မာဆန်တယ်ကွ.. ခုခေတ်လို သင်္ကြန်သီချင်း DJ ရောထားတဲ့ ဆတ်စလူးယိမ်းတွေ မဟုတ်ဘူး.. သင်္ကြန်ပျော်တွေကလည်း ယဉ်ကျေးတယ်ကွ.. အော်ဟစ်ဆဲဆိုသံတွေ မကြားရဘူးကွ.. ဝတ်စားကြတာလည်း ယဉ်ကျေးမှုနဲ့ ကိုက်ညီတယ်ကွ.. ခုခေတ်လို ဖင်ပေါ်ခေါင်းပေါ် မဟုတ်ဘူးကွ..”

“ဖိုးဖိုးပြောတဲ့ ဆပ်စလူး ယိမ်းတွေကမှ တုန်တုန်တုန်တုန်နဲ့ မိုက်တာဗျ.. ဟဲဟဲ.. ရှေးက သင်္ကြန်ကကွက်တွေက ရိုးပါပြီဗျာ မလန်းတော့ဘူး.. နောက် ကောင်မလေးတွေ ဝတ်တာတွေ ဘာညာကွိကွ ပေါ်တာတွေကလည်း နည်းနည်းပါးပါး ပေါ်မှ လန်းမှာပေါ့ဗျ.. ဒါမှလည်း သူတို့ကို လူတွေကြည့်မယ်.. စိတ်ဝင်စားမယ်လေ.. ကျနော်ကတော့ ကြုံတုန်း ရှိုးမှာပဲ..”

“ဟ.. ကြည့်စမ်းပါဦးကွ မင်းဟာလား နည်းနည်းပါးပါးပေါ်တာ... ဟိုမှာတွေ့လား ဟိုကောင်မလေးဆို စွပ်ကျယ်ပွပွ ဝတ်ထားတာ ခုန်လိုက်ရင် ထွက်ကျတော့မလိုပဲ.. ဟိုမှာလည်းတွေ့လား ဘောင်းဘီချက်ပြုတ်က ဗိုက်သား တပြင်လုံးရှင်းနေတာ.. ချက်မှာတောင် သံကွင်း တပ်ထားသေးတယ်.. ချက်ပြုတ်က ဒီထက်ထပ်ပြုတ်ရင် မတွေးရဲဘူး.. ဟိုစင်ပေါ်မှာလည်း နောက်တစ်ယောက်.. ကြည့်စမ်းကွာ.. စကပ်တိုတိုဝတ်ထားတာများ တစ်ထွာမှ ရှိရဲ့လားကွ.. ခုန်လိုက်ပေါက်လိုက်.. ကုန်းလိုက် ကွလိုက်နဲ့.. စင်အောက်ကလူတွေ ပါးစပ်အဟောင်းသား ဖြစ်ကုန်တာဆန်းလို့လား.. ကြည့်စမ်းပါဦး.. ဟိုချာတိတ်နဲ့ ဟိုကလေးမလည်း ဖက်နေ.. နမ်းနေလိုက်ကျတာ လူမြင်ကွင်းကွာ သူတို့မို့ မရှက်တယ်.. စိတ်ပျက်ပါတယ်ကွာ ခေတ်ကာလ ကလေးတွေ သင်္ကြန်ကို ဖျက်စီးနေလိုက်ကျတာ..”

“ဖိုဖိုး ကလည်းဗျာ... နားအဟောင်းကြီးနဲ့ မနားထောင်နဲ့.. မျက်စေ့ အဟောင်းကြီးနဲ့ မကြည့်နဲ့ လေဗျာ ခေတ်နဲ့အညီ မြင်လိုက်စမ်းပါ.. ကျနော်ကတော့ ခုလို သင်္ကြန်ကို ကြိုက်တယ်ဗျာ..”

“မင်းက ဒီသင်္ကြန်လောက်ပဲ မြင်ဖူးလို့ ဒီသင်္ကြန်ကိုပဲ ကြိုက်မှာပေါ့ကွ.. မင်းအရွယ် ဖိုးဖိုးခပ်ငယ်ငယ်က သင်္ကြန်မယ်တွေက ခုခေတ်လို မဟုတ်ဘူးကွ.. ဝတ်ထားတာလည်း လုံခြုံတယ်ကွ.. ဗမာအင်္ကျီရင်ဖုံးလည်ထောင်နဲ့.. ချည်လုံချည် ခပ်ထူထူနဲ့.. သနပ်ခါး ပါးကွက်နဲ့ ဆံရှည်တွေကို ကျစ်ထားတဲ့ ကျစ်ဆံမြီး ခပ်ခွေခွေ ဆံထုံးနဲ့.. နောက်.. အဲ့ဒီခေတ်တွေက မိန်းမပျိုတွေက ဒို့ ပိတောက်ပန်းတွေကို သိပ်တန်ဘိုးထားတာကွ.. ခေါင်းတစ်ခုလုံးမှာလည်း ပိတောက်ပန်းတွေ ဝေလို့ကွ.. ယဉ်ယဉ်လေးတွေကွာ မြင်သူငေးလောက်တဲ့ မဟာဆန်တဲ့ အလှမျိုးတွေကွ.. ဝတ်ထားတာ လုံခြုံတာမှ မင်းမြင်ချင်ရင်တောင် မြင်လို့ မရဘူးကွာ.. ဗိုက်သား.. ရင်သား မပြောနဲ့ လည်ပင်းသားလေးတောင် မမြင်ရဘူး.. အဲ့လောက် မြန်မာဆန်တာကွ.. ခုခေတ်လို အတင်း မမြင် မြင်အောင်.. မကြည့် ကြည့်အောင် ဖော်နေ ပြနေတာမျိုး မဟုတ်ဘူးကွ.. ခုခေတ်ကတော့ကွာ မပြောချင်တော့ပါဘူး..”

“ဖိုးဖိုးကလည်းဗျာ အဲ့လိုတွေ ဝတ်ထားရင် ဘယ်လွတ်လပ်မလဲဗျ.. သနပ်ခါးတွေ လိမ်းရင်လည်း ပျက်သွားမှာပေါ့..”

“ဒို့ အရင်က သင်္ကြန်တွေက ရိုးရာနဲ့ ညီတယ်ကွ ယဉ်ကျေးတယ်.. ရေလောင်းရင်တောင် ခွင့်တောင်းပြီးမှ လောင်းတာကွ.. သနပ်ခါး ပျက်လောက်အောင် လောင်းတာမျိုးတွေ ခပ်ရှားရှားပဲ.. ခု မင်းတို့ခေတ်များ မီးသတ်ပိုက်နဲ့ ထိုးတာတဲ့ မိန်းကလေးတွေကိုကွာ တကယ့်နေရာတွေထိုးတာ လုပ်သင့်သလား ဖြစ်သင့်သလားကွာ... နှမချင်းမစာမနာ.. ဟိုဟာမလေးတွေကလည်း မထိုးထိုးအောင် ဝတ်ထားတော့ ထိုးကြရောပေါ့..”

“ဖိုးဖိုးပြောတဲ့ ကျစ်ဆံမြီးကတော့ ခုခေတ်လည်း ကျစ်ကြတာပဲလေ.. ဟိုမှာ ကြည့်ပါလား ဟိုကောင်မလေး ကျစ်ဆံမြီး ကျစ်ထားတယ်..”
ပိတောက်ပင်ကလေးက လက်ညိုးတထိုးထိုးနဲ့ ဂျစ်ကားဘောနက်ပေါ်တက်ကာ အောက်တစ်ပိုင်းလုံး ပြုတ်ထွက်မတတ် လှုပ်ခါရမ်းနေတဲ့ နီကြောင်ကြောင် ကျစ်ဆံမြီးရှည် အလန်မလေးကို ပြပြန်တယ်..

“ဟကောင်ရ အဲ့ဒါ မြန်မာ ကျစ်ဆံမြီး မဟုတ်ဘူးကွ.. အာဖရိကအမြီးတွေ.. ဘယ့်နယ်ကွာ.. မဟူရာဆံနွယ် နက်မှောင်မှောင်ကို အရောင်တွေဆိုး.. ဖွတ်မြီးတွေ ထိုးပြီး အလှဆင်ကြတယ်လို့.. ကြည့်စမ်း.. လှုပ်နေရမ်းနေလိုက်တာလည်း တစ်ကိုယ်လုံး ပြုတ်ပျက်ထွက်တော့မလိုပဲ.. ဟိုမှာလည်းကြည့်.. ချာတိတ်တွေ ဆံပင်တွေ အရောင်ဆိုးထားတာ ထိုးထိုးထောင်ထောင်တွေနဲ့ လမ်းသရဲတွေလိုလို ဂြိုလ်သားတွေလိုလို.. သရုပ်ပျက်ပါ့ကွာ..”

အဲ့ဒီအချိန်မှာပဲ လူအုပ်ထဲ ပြေးကြလွှားကြ ကျော်ကြခွကြနဲ့...

“ဟား... ဖိုးဖိုး ဟိုမှာ လူတွေ စုရုံးစုရုံးနဲ့ ရန်ဖြစ်ကုန်ပြီထင်တယ်..”

“အေ... သင်္ကြန်မှာ စိတ်ပျက်တာ အဲ့ဒါလည်း ပါတယ်ကွ.. ဘာမှန်း မသိဘူး.. အဲ့ဒီအရည်တွေသောက် ပြီးရင် လူမှန်းမသိ သူမှန်းမသိ.. မူးပြီးရမ်း.. ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ရန်တွေဖြစ် ထိုးကြကြိတ်ကြနဲ့.. မြန်မာ အချင်းချင်းကွာ ပျော်ပျော်ပါးပါး နှစ်သစ်ကူးနေကြတာ.. နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ သွားဖို့ ပြင်ကြရမှာ ခုတော့ ဆော်ပလော်တီးနေကြတယ်.. ကွဲကြပြဲကြနဲ့ ကားတွေတိုက်.. ဆိုက်ကယ်တွေတိုက် အနိဋ္ဌာရုံတွေနဲ့ နှစ်သစ်ကူးတယ် ဖြစ်သင့်သလား.. ဒို့မြန်မာတွေ ချစ်ခြင်းမေတ္တာ အတော်နည်းကုန်ကြပြီထင်တယ်ကွ.. သည်းခံစိတ်တွေ ခွင့်လွှတ်စိတ်တွေ မရှိကြတော့ဘူး.. ထစ်ကနဲဆို လက်က ပါချင်ကြပြီ.. ခက်ပါတယ်ကွာ..”

ပိတောက်ပင်အိုကြီး စိတ်ပျက်လက်ပျက်နဲ့ ခေါင်းခါရမ်းလိုက်တယ်..

“ကျနော်က ရန်ပွဲဆိုလို့ လက်ခုပ်တီးပြီး အားပေးမလို့.. ဖိုးဖိုး ပြောသလိုဆိုရင် ရန်ဖြစ်တာ ဘယ်ကောင်းမလဲနော်.. အချင်းချင်း မေတ္တာထားပြီး ချစ်ချစ်ခင်ခင်နေသင့်တာပေါ့..”

“ဒါပေါ့.. ချစ်ချစ်ခင်ခင်နေသင့်တယ်.. လှပတဲ့ သင်္ကြန်နှစ်ကူးကို အလှပဆုံး ဖြစ်အောင် ဖန်တီးသင့်တယ်.. စိတ်ပျက်စရာ သင်္ကြန်တွေဆိုရင် ဖိုးဖိုးလည်း ပိတောက်ပန်းတွေ မပွင့်ပေးချင်တော့ဘူး..”

“မပွင့်လို့တော့ ဘယ်ဖြစ်မလဲ ဖိုးဖိုးရဲ့ ကျနော်တို့ ပိတောက်ပန်းဆိုတာ အတာနှစ်ကူးမှာ မရှိမဖြစ်တွေပဲ..”

“သေချာတာပေါ့ ပိတောက်ကလေးရဲ့ သင်္ကြန်ဆိုတာ ဒို့ ပိတောက်တွေရဲ့ မွေးနေ့ပွဲလိုပဲကွ.. ဒို့ကလည်း အလှပဆုံး ပွင့်ကြမယ်.. အမွှေးပျံ့ဆုံး အနံ့တွေပေးမယ်.. ဒို့ကိုလည်း လူတွေက ခူးပြီး ပန်ကြမယ်.. အလှဆင်ကြမယ်.. ဒို့အကြောင်း သီချင်းတွေ ဆိုကြမယ်.. ဒို့အကြောင်း ကဗျာတွေ ရေးကြမယ်.. ချစ်သူတွေကို လက်ဆောင် ပေးကြတယ်.. ဘယ်လောက် ပျော်စရာ ကောင်းလဲ..”

“ဟုတ်တယ်နော် ဖိုးဖိုး.. ကျနော်လည်း ကျနော့် ပန်းတွေကို သူများတွေ ခူးပြီးပန်ရင် သိပ်ပျော်တာပဲ.. ”

ပိတောက်ပင်အိုကြီးက ပိတောက်ပင်ပျိုလေးကို ကြည့်ရင်း ပြုံးလိုက်တယ်..

“မင်းရဲ့ ပန်းတွေကို မင်းက ပန်စေချင်တာတော့ ဟုတ်ပါပြီ.. အခု ခေတ်ကာလ ကောင်မလေးတွေ.. မင်းပြောတဲ့ မင်းရဲ့ အလန်းလေးတွေက မင်းကို ပန်ကြလို့လား မင်းကို ဂရုစိုက်ကြလို့လား..”

ပိတောက်ပင်ပျိုလေး မျက်လုံးလေး ကလယ်ကလယ်နဲ့

“အင်း ဖိုးဖိုး သူတို့ ကျနော့်ကို မပန်ကြဘူး..”

“အေးကွ ပိတောက်ပန်းဆိုတာ အခူးခံရမှ.. ပန်ခံရမှ.. တန်ဖိုး ပိုရှိတာကွ.. မင်းက ကြိုက်ပါတယ် လှပါတယ် ဆိုတဲ့ ခေတ်ဆန်ဆန် ဟာမလေးတွေက မင်းကို ပန်မှာ မဟုတ်ဘူးကွ.. ပန်တယ်ဆိုရင်လည်း မင်း သူတို့ ခေါင်းပေါ်မှာ လှမှာ မဟုတ်ဘူးကွ.. ပိတောက်ပန်းဆိုတာ မြန်မာဆန်ဆန် ဝတ်စားထားတဲ့ မြန်မာမိန်းကလေးတွေနဲ့မှ လှပတင့်တယ်မှာ.. တန်ဖိုးရှိမှာကွ.. မင်းကွာ... အခု ဟိုစင်ပေါ်က ရေပက်နေတဲ့ အလန်းမလေးတွေ ကြားထဲမှာ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေး ဝတ်ထားတဲ့ ကောင်မလေး တစ်ယောက်က ပိတောက်ပန်းတွေ ဝေနေအောင် ပန်ထားမယ်ဆိုရင်.. ပြီးတော့ အဲ့ဒီ ဟိုပေါ်ဒီပေါ် ခေတ်လွန်မလေးတွေနဲ့ ရောနေမယ်ဆိုရင်.. ဘယ်သူ ထင်ပေါ်မယ်ထင်သလဲ... ဘယ်သူ ပိုလှမယ် ထင်သလဲ.. မင်းစကားနဲ့ပြောရင်.. ဘယ်သူ ပိုလန်းမယ် ထင်သလဲ..”

“ဟုတ်တယ် ဖိုးဖိုး ကျနော် သဘောပေါက်ပြီ.. ကျနော်တို့ ပိတောက်ရဲ့ တန်ဖိုးကိုလည်း သိပြီ.. မြန်မာ့ဂီတနဲ့ ယဉ်ကျေးမှု ဆိုတာကိုလည်း ကျနော် သဘောပေါက်ပြီ... ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသင့်တာလည်း ကျနော် နားလည်ပါပြီ.. ဘယ်အရာမဆို ခေတ်မီတာ ကောင်းပေမယ့်.. အရမ်းခေတ်လွန်သွားရင်.. ယဉ်ကျေးမှုတွေ ပျောက်သွားနိုင်တယ် ဆိုတာ ကျနော် သဘောပေါက်ပြီ..”

“ဒါပဲပေါ့ကွာ.. ဒါတွေကို မင်းတို့လို ခေတ်လူငယ်တွေ သိမှ ဖြစ်မယ်.. ဒို့မှာ ကိုယ်ပိုင်ယဉ်ကျေးမှု ရှိတယ်ဆိုတာ သိမှ ဖြစ်မယ်.. ဒို့ယဉ်ကျေးမှုက ဟိုး.. ရှေးခေတ်အဆက်ဆက်တည်းက ပုံစံတကျ ရှိခဲ့ပြီးသားပဲ.. ဒါတွေကို ဆက်လက်ထိန်းသိမ်းရမှာက မင်းတို့ တာဝန်ပဲလေ.. အသစ်အဆန်းတွေ.. တိုင်းတပါးက ယဉ်ကျေးမှုတွေကို တုပပြီး ကိုယ့်ယဉ်ကျေးမှုကို အရောင်ဆိုးလိုက်တော့ နဂိုရှိပြီးသား လှပမှုတွေ ပျောက်ကုန်ရောပေါ့ကွာ..”

“ကျနော့် ပိတောက်ပန်းတွေ မြန်မာမလေးတွေ ပန်အောင် ကျနော် ခါချလိုက်မယ် ဖိုးဖိုး..”

“အေးအေး... ကောင်းတယ်ကွယ်... ဖိုးဖိုးလည်း ကြားနေရတဲ့ အသံတွေနဲ့ မြင်နေရတာတွေကြောင့် ဥပုဒ်လည်း ကျိုးပါပြီကွယ်..”

ပိတောက်နှစ်ပင်လုံး တဟားဟားနဲ့ ရယ်လိုက်ကြတော့တယ်..

အဲ့ဒီအချိန်မှာပဲ DJ သံတွေ Hip Hop သံတွေကိုထိုးဖောက်ပြီး ဘယ်ကဖွင့်လိုက်မှန်း မသိတဲ့ မန်းတောင်ရိပ်ခို သီချင်းက သင်္ကြန်ဒိုးနဲ့အတူ ခပ်ဝေးဝေးဆီက လွှင့်ပျံလာတယ်..။ ပိတောက်အိုနဲ့ ပိတောက်ပျို နှစ်ပင်လုံးလည်း သင်္ကြန်သံစစ်စစ်နဲ့အတူ လေယူရာ ဝေ့ယိမ်းနွဲ့ရင်း စည်းချက်ညီ လှုပ်ရမ်းကခုန်လိုက်တော့ ကိုယ်ပေါ်က မိုးစက်လေးတွေ ဖွာလွှင့်ကျဲ လမ်းတစ်ခုလုံး ပိတောက်နံ့တွေ သင်းသွားလေတော့တယ်..။

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ
ခင်မင်လေးစားချစ်ခြင်းအားဖြင့်

(ကိုရင်နော်)

မှတ်ချက်။ ။ သင်္ကြန်မှာ ကဲဖို့ပြင်နေကြတဲ့ ညီမငယ်တို့ရေ.. ခေတ်တော့ မလွန်ကြပါနဲ့လားကွယ်.. သင်္ကြန်ပြီးရင် အင်တာနက်ပေါ် ကိုယ့်ဓါတ်ပုံတွေ ရောက်ကုန်မှဖြင့် ဟုတ်ပေ့ ဖြစ်နေမယ်..။ မြန်မာမလေးတွေဆိုတာ မြန်မာဆန်ဆန် လှတာပဲ ကောင်းပါတယ်ကွယ်..။ ဒီနှစ်သင်္ကြန်မှာ မြန်မာဆန်ဆန်လေး ဝတ်ပြီး ပိတောက်ပန်းတွေ ပန်ထားမယ်ဆိုရင် သေချာပေါက် လန်းမယ် ဆိုတာ ပြောရဲပါတယ်..။ မြန်မာဆန်ဆန် ယဉ်သူလေးကို မီးထွန်းပြီး လိုက်ရှာပါဦးမယ်..။ တွေ့ရင်လည်း ပြောကြပါ..။

ကျနော် အပူကပ်လို့ ပိုစ့်အတွက် ပုံဆွဲပေးတဲ့ မပန် (ပန်ဒိုရာ) ကို အထူးပဲ ကျေးဇူးတင်ပါတယ်..။

41 comments:

Anonymous said...

မင်္ဂလာပါ နှစ်သစ်သင်္ကြန်

သင်္ကြန်ဆို သင်္ကြန်ကိုပဲ လွမ်းတတ်တာကြောင့်ထင်ပါရဲ့ ဖိုးဖိုးပိတောက်အိုအိုကိုလဲလွမ်းတယ် ..မြည်းလေးပိတောက်ပျိုပျိုကိုလဲ လွမ်းတယ် ပိတောက်နံ့ တွေသင်းနေတဲ့ မြေနံ့ ရေတွေစိုရွှဲနေတဲ့
ရွှေလမ်းလေးတွေလဲလွမ်းတယ် အကိုရေးတော့ သင်္ကြန်ရဲ့ အမှတ်တရသင်္ကေတအားလုံးကိုလွမ်းတယ် ...ဘာပဲပြောပြော အကိုရာ သင်္ကြန်စစ်စစ် ကိုလွမ်းရင်လွမ်းရပါတယ် ...။။။

သမီးကြီး said...

ရိုးရာသင်္ကြန်ကို အားလုံးလွမ်းနေကြတယ်နော်။ ပိတောက်ရနံ့ရယ် ရိုးရာသင်္ကြန်ရယ်ကို လွမ်းလိုက်တာနော်။

TGRmg said...

လူငယ်တိုင်း ဒါတွေ ခွဲခြားပီး ပျော်တတ်မယ်ဆို သိပ်ကောင်းတာပေါ့ ညီရာ

Flower said...

ခေတ်အခြေအနေကို ကောင်းကောင်းထင်ဟပ်စေတဲ့
စာကောင်းလေးတစ်ပုဒ်ပါ
ကိုရင်နော်ရဲ့ မြိုင်ဆိုင်တဲ့အရေးအသားတွေကြောင့်
သင်္ကြန်က ကြွရွနေတာပါဘဲ..
ဟုတ်ပါတယ်.. မြန်မာတွေရဲ့ ယဉ်ကျေးဖွယ်ရာသင်္ကြန်က
သရုပ်ပျက်နေတာ ကြာပါပြီ..
မြန်မာဆန်ဆန်လေးများ အသိတရားလေးနဲ့
ပျော်ကြမယ်ဆိုရင် အန္တရာယ်ကင်းတဲ့
မြန်မာဆန်ဆန်ပျော်စရာသင်္ကြန်ဖြစ်လာနိုင်မှာပါ
အသိတရားပေးတဲ့ ဒီပိုစ့်လေးအတွက်
ကျေးဇူးပါ အစ်ကိုရေ....

မြသွေးနီ said...

သင်္ကြန်တွေပြောင်းလဲကုန်ပြီ အစ်ကိုရေ..။
အသက်တွေကြီးလာလို့လားမသိ။
သင်္ကြန်ဆိုတာ ကိုယ်နဲ့ လားလားမှ မအပ်စပ်။
ဟိုးတုန်းက သင်္ကြန်မျိုး ပြန်မရနိုင်တော့ပါဘူးနော်။
နှစ်သစ်မှာပျော်ရွှင်ပါစေရှင်..။

ဒဏ္ဍာရီ said...

ခေတ်ရဲ့ သရုပ်ကို ပီပြင်အော် ဖော်ကျူးထားတဲ့ အရေးအသားကတော့ တကယ်ပြောင်မြောက်ပါတယ် ကိုရင်နော်ရေ...
ရေးထားတဲ့ စကားလုံးတိုင်းက ခုခေတ်ကလေးတွေရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ စကားအပြောအဆိုတွေ မျက်စိထဲ တန်းကို မြင်သွားတာပဲ။ ကျမတို့ကပဲ ခေတ်နောက်ကျနေတာလား ခုခေတ်ကလေးတွေကပဲ ခေတ်ရှေ့ ပြေးနေတာလားတော့ မသိဘူး။
ပိတောက်ပင်အို ပြောသလိုပဲ သင်္ကြန်နဲ့ လားလားမှ မဆိုင်လို့ ထင်မိပါတယ်။

ဆရာ မြိုမငြိမ်းများ ကြားရင် နားရင်းတောင် ရိုက်နိုင်မယ် မထင်.. ရင်နှစ်ခြမ်းကွဲပြီး နောက်တကြိမ်တောင် ထပ်သေသွားနိုင်တယ်။

သင်္ကြန်နဲ့ ပိတောက် တသက်လုံးက လိုက်ဖက်ညီနေတာ ခုခေတ်တော့ ပန်မယ့်သူလည်း မရှိတော့ပါဘူး။ ကိုရင်နော် ပြောသလို ဆတ်စလူးယိမ်နဲ့ လိုက်မှ မလိုက်ဖက်တာ။

ငယ်ငယ်တုန်းက သင်္ကြန်အရသာလေး အမှတ်ရသွားသလို အခုခေတ် ကလေးတွေအတွက် အနှစ်သာရရှိတဲ့ သင်္ကြန်ကို မြင်ဘူးစေချင်ပါတယ်။

ဒီပို့လေးထဲက စကားလုံးတိုင်း တန်ဘိုးရှိသလို တန်ဘိုးထားတတ်စေချင်တယ်။ ပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ် ကိုရင်နော်။

နှစ်သစ်အတာသင်္ကြန်မှာ ကိုရင်နော်၊ မခင်လေးငယ်နဲ့ ကလေးလေးတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

မိုးခေတ် said...

အရမ်းကောင်းပါတယ်..ဦးနော်...
ဒီခေတ်မှာတော့ ဒါတွေက ပြောတဲ့လူကလည်း ပြောကြတယ်..လုပ်တွေလူတွေကလဲ လုပ်နေကြတုန်းပါပဲ...အရှိန်မပျက် ရှေ့ကိုဆက်လျှက်ပေါ့... အခုအဲဒီလိုလုပ်နေကြတဲ့ လူငယ်တွေ လူကြီးတွေဖြစ်လာကြတဲ့အခါ သူတို့တွေလည်း အငယ်လေးတွေကို ဘယ်လိုပြောကြဦးမလဲမသိ...
ဦးနော် ပြောသလိုပဲ ပြောလိုက်တော့မယ်....ရေးထားတာ အရမ်းလန်းတယ်ဗျာ...:D

စိုင်းစိုင်းလားရှိုး said...

ကိုရင် တစ်ခွန်းထဲ ပြောလိုက်မယ် ရေးတဲ့စာ ကြိုက်တယ်ဗျာ

khin oo may said...

ပန်ဒိုရာပုံဆိုလို့နစ်ခါပြန်ကြည့်လိုက်တယ်။

HAPPY CLOUD said...

Yo.. man..
ဒီတစ်ပုဒ်လည်း ရေလည်လန်းတယ်။ အခုခေတ်သင်္ကြန်မှာ အထူးသဖြင့် မိန်းကလေးအများစုက အ၀တ်အစားတွေနဲ့ ပက်သက်ပြီး ဖြစ်ပျက်နေတာကို သူ့ခေတ်နဲ့ သူပဲလေဆိုပြီး လူကြီးတွေက လွှတ်မထားသင့်ဘူး။ နားဝင်အောင် ပြောဆိုဆုံးမသင့်တယ်။

ရေပူဖောင်းတွေနဲ့ ထုတဲ့ခေတ်ကဆို အင်းလျားလမ်း၊ ကုက္ကိုင်း တစ်လျှောက် မဏ္ဍပ်တွေမှာ မိန်းမတွေ သိပ်မသောင်းကျန်းရဲဘူးဗျ။ နည်းနည်း သရုပ်ပျက်နေတာနဲ့ စင်အောက်ကနေ ၀ိုင်းထုကြတာပဲ။ အခုလည်း အဲသလို ရေထုပ်နဲ့ပြန်ထုခွင့်ရကြည့် ၀တ်တာစားတာတွေ ပြန်ထိန်းသိမ်းသွားမလားပဲ။း))

အကို့ပိုစ့်လေးက ရာသီစာ သင်္ကြန်ပိုစ့်တွေထဲ တကယ်အကျိုးပြုတဲ့ ပိုစ့်ကောင်းတစ်ပုဒ်ပါပဲ။

ခင်မင်လျက်...

မြစ်ကျိုးအင်း said...

ဒီနှစ်တော့ စည်းကမ်းတွေ ထုတ်ထားတယ်လို့ ဖတ်ရတာပါပဲ။ ဖြစ်လာဖို့ သိပ်မလွယ်ပေမယ့် စောင့်ကြည့်ရမှာပဲမဟုတ်လား။
တစ်ထောင့်တစ်နေရာကနေ စာပေနဲ့ အကျိုးပြု တဲ့ ပို့စ်လေးလို့ မြင်မိပါတယ်။

မယ့်ကိုး said...

ဘယ်အရာမှ မမြဲ ပျက်စီးကြတဲ့အထဲမှာ ယဉ်ကျေးမှုတွေ ပါသွားတာတော့ ဝမ်းနည်းစရာကောင်းလိုက်တာ။
ဒီလို အဖတ်ဆည်ပေးတဲ့ စာလေးတွေကို forward mail ကတဆင့် အားလုံးဖတ်ရရင် ကောင်းမှာလို့ စဉ်းစားမိပါတယ်။

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ချစ်ကြည်အေး said...

ကောင်းတယ် ကိုရင်နော်...၊ အမတို့ ကြုံခဲ့ဖူးတဲ့ သင်္ကြန်တွေနဲ့ မတူတော့တာ အမှန်ပဲ၊ တကယ် ကျက်သရေရှိတဲ့ ရိုးရာနှစ်သစ်ကူးပွဲလေးတွေကို လွမ်းမိသေးတယ်...အလှပြယာဉ်တို့၊ သံချပ်အဖွဲ့တို့၊ ယိမ်းအကအလှတွေနဲ့ စည်ကားခဲ့တဲ့၊ အနှစ်သာရပြည့်တဲ့ သင်္ကြန်မျိုး ပြန်မြင်မိနေတယ်...:)

Anonymous said...

ကောင်းတယ် ဦးနော်။

မေနိုင်း said...

ဦးနော်ရဲ့ အရေးအသားကတော့ လေးစားတယ် ဦးနော်ရေ။ ပြောချင်တာမှန်သမျှ ပိတောက်ပင်ကို ပြောခိုင်းလိုက်တာ ကောင်းမှကောင်း။ မျက်စိထဲမှာ သောင်းကျန်းနေတဲ့ သင်္ကြန်မဏ္ဍပ်တခုကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်သွားတယ်။ အဲဒီမဏ္ဍပ်ပေါ်ကို ဦးနော်ပြောသလို မြန်မာဆန်ဆန် ကောင်မလေး တစ်ယောက်ကို တင်ပေးလိုက်ချင်တယ်။ ပိုစ့်တပုဒ်လုံးရဲ့ အနှစ်သာရပါပဲ။

ခေတ်မှီတာနဲ့ ယဉ်ကျေးမှုဆိုတာ တခြားစီပဲဆိုတာကို နားလည်သွားတယ်။ ဦးနော်ပြောသလို တဖြေးဖြေးနဲ့ မြန်မာ့ရိုးရာသင်္ကြန်ရဲ့ အနှစ်သသာရတွေ ပျောက်ဆုံးနေပြီ။
ပိုစ့်တပုဒ်လုံးကို ကြိုက်တယ် ဦးနော်။ နောက်ဆုံးက မှတ်ချက်ကတော့ အမျိုးကောင်း သားသမီးတွေအတွက် မှတ်သားစရာပါ။ မြန်မာမလေးတွေ မြန်မာလို လှစေချင်မိပါတယ် ဆိုတဲ့ စာရေးသူရဲ့ စေတနာကို အထင်းသား မြင်တွေ့လိုက်ရတယ်။
ကျေးဇူးကမ္ဘာ ဦးနော်ရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

မေနိုင်း

Anonymous said...

ကာတွန်းလေးက အသက်ဝင်သလို စာတပုဒ်လုံးက ကောင်းလွန်းလို့ ဘယ်လို မန့်ရမှန်မသိတော့ဘူး ပျက်စီးစပြုနေပြီဖြစ်တဲ့ ယဉ်ကျေးမှု ခေတ်ရေစီးကြောင်း တခုကို မြင်ယောင်သွားတယ်။
အရမ်းကောင်းသလို အရမ်းလည်းလေးစားပါတယ်။

Unknown said...

စိတ်ကူးလည်းကောင်း အရေးအသားလည်းကောင်းတဲ့ ပို့စ်ပဲဗျာ.. တကယ်တော့ သင်္ကြန်မှန်ရင် ဒိုးသံနဲ့ပဲ ကောင်းပါတယ်ဗျာ...

အဖြူရောင်နတ်သမီး said...

တန်ဖိုးရှိသော စာပေကောင်းလေး ဖတ်သွားပါတယ်...

ရေလောင်းသွားတယ်ရှင့်....

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေရှင်...

ဖိုးသင်္ကြန် said...

သိပ်ကောင်းတဲ့ ပို့စ်ပဲဗျာ
Link လေးကို Gtalk မှာတင်ပြီး ဝေမျှခွင့်ပေးပါ ကိုရင်ရေ...

မေဇင် said...

ခုခေတ်- DJ အသွားနဲ့ Hip Hop သင်္ကြန်သီချင်းတွေကို ကြားရင် ၀မ်းနည်း စိတ်မကောင်းဖြစ်မိတယ်။ ဘိုးဘိုးပိတောက်ပင်ကြီး ပင်ပျို ဘ၀ တုန်းက သင်္ကြန်ကို လွမ်းမိပါတယ်။

sweetpeony said...

သဘောကျတယ် ဦးနော်ရေ..
မှန်လိုက်ထှာ....
သင်္ကြန်ကို ၁နှစ်မှ အဲလို မလုပ်ဖူးတာ အဟုတ်...
ပိတောက်ကိုလွမ်းလိုက်တာ...
ပိတောက်ပန်းလေးကို မွေးရရင် ကောင်းမှာပဲ..
ဒီမှာ ပန်းခူးလို့ရရဲ့လား မသိဘူးးး
း(

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

မင်္ဂလာသင်္ကြန် နဲ့အတူ မင်္ဂလာနှစ်သစ်ပါလို့ ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။

သင်္ကြန်ရေ အေးအေးမြမြ လေးကို ဖလားလေးထဲ..ပိတောက်ပန်းလေးနဲ့ အတူထည့်လို့... ဦးနော်ကြီးကို ခေါင်းပေါ်ကနေ လောင်းလိုက်ပါတယ်။
ခေါင်းပေါ်ကနေ စပြီး အောက်ဘက် တလျောက်လုံး အဆင်ပြေရာ လမ်းကြောင်းကနေ စီးဆင်းပြီး တကိုယ်လုံး အေးမြသာယာပါစေကြောင်း ဆုမွန်လောင်းလိုက်ပါတယ် ဗျာ.....:) :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

ကိုရင်နော် said...

ကိုမျိုးရယ်..
ဘယ်လို.. ဘယ်လိုကြီး.. လောင်းလိုက်တာလဲကွယ်... အဆင်ပြေရာလမ်းကြားကနေ အသည်းတယားယား ချောင်ကျိုချောင်ကြား ရောက်တဲ့ အထိပါပဲ..း))) အဟေဟေ့ဟေဟေးးးး

လာရောက်အားပေးသော ချစ်မိတ်ဆွေများ အားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေ....

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

ဝေလေး said...

မင်္ဂလာရှိသော နှစ်သစ်အချိန်အခါ ဖြစ်ပါစေ ဦးနော် မမခင်လေး ကလေးလေးတို့ရေ။

ဝေလေးလည်း သင်္ကြန်သီချင်းဆို ဂန္တ၀င် သီချင်းတွေပဲ ကြိုက်တယ်။ ဘယ်နှစ်ခါ နားထောင် နားထောင် ရိုးမသွားဘူး။ စကားမစပ်.. မြန်မာဆန်ဆန် မိန်းကလေးတွေကတော့ အိမ်ထဲက အိမ်ပြင်ထွက်မယ့်ပုံမပေါ်ဘူး။ မူးရူးနေကြတာ ကြောက်ကြလို့.. :P တွေးမိတာပြောပါတယ်။ =)

sonata-cantata said...

ပို့စ်က အနှစ်တွေချည်းပဲ...။
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ

ကိုဇော် said...

သေတာပဲ အေးပါတယ်တော်...
သေတာပဲ အေးပါတယ်တော်...
ဆိုပြီး ဆရာမြို့မငြိမ်းကြားရင် ဖြစ်မှာဗျာ. . .

ကျနော်တို့ မရှိတာပဲ ကောင်းပါတယ်ဗျာ. . .
ရှိလို့ သူငယ်ချင်း ၊ မောင်နှမတွေ ထိလာရင် မခံနိုင်တော့ နှစ်တိုင်း ဝင်နေရမှာပဲလေ. . .

အခုတော့ သင်္ကြန် ဆိုတာ ရေသဘင်ပွဲ မဟုတ်တော့ဘူးဗျာ. . .
သင်္ကြန် ဆိုတာ ကျား / မ စုံ အရက်သောက်တဲ့ပွဲ . . . .ဖြစ်နေပြီ။

ဖော် ချွတ် ထုတ်ပြ . . .ဒါတွေကို ရွံတယ်ဗျာ

ရင်ဘတ်တူသူတွေ ရှိနေလို့ အားရလိုက်ပါဘိ။
ကိုနော် ကို ရေလောင်းသွားတယ်ဗျာ . . ဗွမ်း။

လေးစားစွာဖြင့်
ကိုဇော်

Anonymous said...

ကို၇င် မလေး
ဒီနေ့ အကြိုနေ့ နော်

ငွေဖလားထဲ ကိုေ၇ထည့် ကရက်မက်ရယ် နံသာဖြူ၇ယ် ကိုယ်တိုင်သွေးပီးထည့်  ပီး မှ သပြေခက်နဲ့ ရေ ပက်သွားပါတယ်

နှစ်သစ် မှာ ကျန်းမာရွှင်လမ်း ချမ်းမြေ့ ပါစေ

ချစ်တဲ့ 

ဂန့် ဂေါ်း)

ရေတမာ said...

တန်းဖိုးထား လေးစားစရာ ပိုစ့်ပါပဲ ဦးနော်ရေ.. မင်္ဂလာရှိသော နှစ်သစ်မှာ ပျော်ရွင်မှုအပေါင်းခညောင်းပါစေ

နောင်တော် said...

I feel something bad and worry about a girl after read.
Thanks.
I will make her to read this post.
Thank again.

kaungkinpyar said...

ပို့စ်ဖတ်ပြီး ကိုနော့် ကို သင်္ကြန်ရေ အေးအေးလေး လောင်းခဲ့ပါတယ်.....း)

မေဓာဝီ said...

လာဖတ်သွားပါတယ် ကိုရင်နော် ...
ခေတ်တွေပြောင်းလဲသွားသလို သင်္ကြန်ရဲ့ အနှစ်သာရကလဲ ပြောင်းလဲသွားပြီလား ... စဉ်းစားမိပါတယ်။
မျိုးဆက်ကွာဟချက် အမြင်မတူမှုတွေကို ပိတောက်ပင် နှစ်ပင်နဲ့ ရေးပြထားတာ သဘောကျမိပါတယ်။

မင်္ဂလာရှိသော သင်္ကြန်နဲ့ မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင်။

PhyoPhyo said...

လင့်လေးပါ ယူထားတယ်နော်

သူကြီးမင်း (တုံးဖလား) said...

ဖြစ်ပျက်နေတဲ့ သဘာဝကို ထင်ဟပ်စေပါတယ်။ လူငယ်တွေနှင့်လူကြီးတွေရဲ့ ကွာခြားမှုဟာ လိုက်မမီနိုင်အောင်ဖြစ်လာကြပါပြီ။ အရိုးဆုံးအရှင်းဆုံးလူသားတွေကို နေ့ခင်းကြောင်တောင် မီးခွက်ထွန်းရှာရမဲ့ကိန်းပါ။ ကျနော်လဲ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်ထားတဲ့ အမျိုးသမီးကိုဘဲ နှစ်သက်ပါတယ်။

သင်္ကြန်မှာ ပျော်ရွှင်ပါစေဗျာ။

kiki said...

ပိတောက်ပင်အိုကြီး ခမျာ ပြောရတာမောလှရှာရော့မယ် နော့် ..
ခေတ်တွေပြောင်းတော့ မြန်မာ့ရိုးရာတွေပါပြောင်းရုံမက ပျက်လာကြတာ စိတ်မချမ်းမြေ့ စရာတွေပါပဲလေ ။

(စကားမစပ် ..ကျောက်ထိုက်ရှန် သီချင်းအတွက် ပြန်လာ ပြီး အကြောင်းကြားတာပါ ..

ကိုရင်နော် --- ကျောက်ထိုက်ရှန်က မြန်မာပြည် မှာ လည်း သီချင်းခွေ ထုတ်ဖူးတယ် ပြောသံကြားပါတယ် ။ ခုလောလောဆယ်တော့ ဒီက Super Idol သီချင်းဆို ပြိုင်ပွဲ မှာ နာမယ်ကြီး နေတဲ့  မြန်မာပြည်ဘွား တရုပ်လူငယ်လေးပါ ။ သူ့ သီချင်းပြိုင်ပွဲ ဝင် ထားတာ တွေ ကို ဒီလင့် နဲ့ အပါအဝင် တွေမှာ ကြည့်ရှု အားပေးနိုင်ပါတယ် ။

http://www.youtube.com/watch?v=b3BIUNSMYR8&feature=related )

ခင်မင်စွာဖြင့်
ကိကိ

ရွှေရတုမှတ်တမ်း said...

ဟောရင်းသာပျံလွန်တော်မူသွားမည်...
ဆွမ်းဖြူတခွက်ထွက်စရာအကြောင်းမမြင်...

သဒ္ဓါလှိုင်း said...

ကိုရင်နော်နဲ့မမခင်လေးကို ဒီကနေ ရေခဲရေနဲ့ ရေတ၀ကြီး
လောင်းလိုက်တယ်နော်....... ဗွမ်းးးးးးးးးးးးးးးးးး
မင်္ဂလာ ရှိသော နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..။

ခင်တဲ့
သဒ္ဓါ

လင်းဒီပ said...

ကိုရင်ရေ...
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
၁၃၇၂ နှစ်သစ်မှာ မင်္ဂလာရှိပါစေဗျား...။

ဇွန်မိုးစက် said...

မင်္ဂလာနှစ်သစ်ပါ ကိုရင်နော်နဲ့မခင်လေးငယ်။ လာလည်သွားတဲ့အတွက်လည်း ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါတယ်ရှင်။း)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရင်ရေ

ခေတ် ကိုးဗျာ ဘယ်တတ်နိုင်ပါ့မလဲ . . . :P

ခင်မင်လျက်

လားရှိုးသူ said...

သင်္ကြန်နဲ့ယိမ်း၊ ဒိုးပတ်၊ အလှပြယာဉ်တွေကို သင်္ကြန်မိုးတို့လို့ ရုပ်ရှင်ဇာတ်လမ်းလေး ကြည့်ပြီး စွဲလန်းခဲ့တယ်.. ငယ်၂ ကတည်းက မြို့မငြိမ်းတို့ကိုဘဲ ရင်ထဲက လက်ခံလို့ရတယ်... သင်္ကြန်ဆိုရင် မန်းတောင်ရိပ်ခို၊ သင်္ကြန်မိုး၊ တူးပို့တူးပို့၊ ကဗျာနွေဦး၊ စတဲ့ သီချင်းတွေနဲ့မှ ရိုးရာပြီတယ်လို့ မှတ်ယူတယ်ဗျာ... ရင်ဖုံးလက်ရှည်၊ ထမီကိုရှည်ရှည်ဝတ်၊ ဆံထုံး၊ ဆံနွယ်မှာ ပိတောက်ပန်း နဲ့ အလှဆင်ထားတဲ့ မြန်မာတို့ရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ ရိုးရာလေး ပျက်နေတာကိုကြည့်ပြီး စိတ်မကောင်းဘူး... သင်္ကြန်ရောက်ရင် အင်တာနက်ပေါ်က အရင် ဇော်ဝမ်းတို့၊ မြို့မငြိမ်း၊ ခင်မောင်တိုးတို့ မနဲပြန်ရှာ နားထောင်နေရတယ်... ခရစ်ယာန်တယောက် အနေနဲ့တောင် အဲဒီလောက် မြန်မာ့ရိုးရာကို တမ်းတနေမိခဲ့တယ်ဆိုရင်တော့.. ဗုဒ္ဓဘာသာ မြန်မာလူမျိုး တယောက် ရိုးရာပီပြင်တဲ့ သင်္ကြန်ကို တမ်းတနေတာ ကိုယ်ချင်းစာပါတယ်... အော် မြန်မာ့သင်္ကြန်ဆိုတာ ရာဇဝင်မှာ တွင်ကျန်မဲ့ သမိုင်းတခုဘဲ ဖြစ်တော့မလားနော်...

~ဏီလင်းညို~ said...

ဖတ်လို့ ကောင်းတယ်ဗျာ.....။
သင်္ကြန်ပြီးမှာလာဖတ်ပေမယ့် လတ်ဆတ်နေသေးပါတယ်....း))
ခုခေတ် သင်္ကြန်ကတော့ ဘာဖြစ်သွားတယ်ရယ်လို့တောင်မသိနိုင်တော့ဘူးဗျာနော့်....း((
နှစ်သစ်မှာ မိသားစု ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ....။
ခင်မင်တဲ့
ဏီလင်းညို