Friday, June 18, 2010

လမ်း....

ညဥ့်နက်နက်မှာ ငြိမ်သက်နေတဲ့ လမ်းတစ်လမ်း...!!! သူ့ခန္ဓာပေါ်မှာ မိုးစက်တွေ အလိမ်းလိမ်းနဲ့ မည်းနက်ပြောင်လက်လို့...။ လမ်းဘေးဓါတ်တိုင်ရဲ့ ခပ်မှိန်မှိန်မီးလုံးရောင်တောင် လင်းလွန်းနေသယောင် သူ့အပေါ် ဝဲဖြာကျနေတယ်...။ ကိုယ်ငေးနေမိခဲ့တာ နာရီလက်တံတွေတောင် အတော်လွင့်သွားနေပြီ...။ မထင်မှတ်ပဲ  လူးလွန့်ထလာတဲ့ လမ်းဟာ စိုရွှဲမည်းနက်နေတဲ့ သူ့ဆံနွှယ်ရှည်တွေကို ခပ်သဲ့သဲ့ လှုပ်ခါလိုက်ပြီး ကိုယ့်ကိုနှုတ်ဆက်တယ်... ဟိုင်း...” တဲ့။ ဖြတ်ကနဲ အသက်ရှုတွေ ခဏရပ်သွားချိန်မှာ ကိုယ့်ကိုစကားတစ်ခွန်း သူပြောတယ်..။ “မင်း လမ်းတွေကို သဘောကျလား...!!”

ပြာနှမ်းနှမ်းနိုင်နေတဲ့  သူ့နှုတ်ခမ်းက  ထွက်ကျလာတဲ့ အသံတစ်စဟာ တိုးဖျော့ ကွဲအက်လွန်းနေတော့ တိတ်ဆိတ်နေခဲ့တဲ့ ကိုယ့်အသက်ရှုသံတွေ တဟုန်ထိုး မြန်လာပြန်တယ်...။  နာကျင်ကျင် အရသာ တစ်မျိုးက  ရင်ခုန်သံတွေနဲ့အတူ ကိုယ့်ရင်တံခါးဝကို ဆောင့်ပြီးလာအကပ်မှာ ကိုယ်ဟာ ခေါင်းငိုက်စိုက်ကျလို့ ဝေဝါးဝါးအပြုံးတစ်စကို နှုတ်ခမ်းမှာတပ်လိုက် မိတယ်ထင်တယ်..။ အဲ့ဒီစက္ကန့်လေး အတွင်းမှာပဲ ဘာစကားမှမပြောပဲ ခေါင်းငုံ့ချလိုက်တဲ့ ကိုယ်ရယ်... စကားပြောတဲ့ လမ်းရယ်.. မိတ်ဆွေ စဖြစ်သွားခဲ့တာဖြစ်မယ်..။

တစုံတရာကို နာကျည်းနေတဲ့ လမ်းဟာ သူ့ကြေကွဲမှုတွေကို ညည်းတွားရင်း စကားလုံးတွေအဖြစ်နဲ့ တဟုန်ထိုး ဖောက်ခွဲ ထုတ်ပစ်လိုပုံရတယ်.. လမ်းဟာ စကားပြောဖို့ အဖော် စောင့်နေခဲ့သူလည်း ဖြစ်နိုင်တယ်..။  ပေါက်ကွဲထွက်လာမဲ့ သူ့စကားကို နားထောင်ပေးဖို့ တစုံတယောက်ကို  စိတ်ရှည်လက်ရှည်နဲ့ ထိုင်ရွေးချယ်ခဲ့ ပုံလည်းပေါ်တယ်..။ လမ်းဟာ ခပ်စင်းစင်း ဝပ်တွားနေတဲ့ မြွေတစ်ကောင်လို ယောက်ယက်ခပ်မှု ကင်းကင်းနဲ့ ပေတေနေခဲ့သူလည်း ဖြစ်နေခဲ့ပါလိမ့်မယ်..။ လမ်းဟာ လမ်းနဲ့ မတူအောင် မာနတွေလည်း ရှိနေပြန်တယ်..။

လမ်းဟာ မဲ့ပြုံးကို ပိုင်ပိုင်နိုင်နိုင် ပြုံးပြနိုင်တဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ထက် အများကြီးသာနေတယ်..။ ပြီးတော့.. လမ်းဟာ သိပ်ကို ကြင်နာတတ်လွန်းတဲ့ မာသာထရီဆာလို အမူအကျင့်ရှိသူလည်း ဖြစ်မယ်..။ လမ်းဟာ အားငယ်ပြီး မျက်ရည်တွေကျနေတဲ့ ဖြူစင်လွန်းတဲ့ ကလေးလေး တစ်ယောက်လိုလည်း ဖြစ်တယ်..။ လမ်းဟာ ပညာတွေ အများကြီးတတ်ပြီး အတွေ့အကြုံပေါင်းများစွာနဲ့ ရင့်ကျက်လွန်းနေတဲ့ ပရော်ဖက်ဆာကြီး တစ်ဦးလိုလည်း ဖြစ်ပြန်တယ်..။ လမ်းဟာ ကျက်သရေ ရှိရှိ အိနြေ္ဒရလွန်းတဲ့ ကောက်ကြောင်းလှလှ အမျိုးသမီးလိုလည်း ဖြစ်တယ်..။ တာဝန်ကို သိတတ်လွန်းတဲ့ အိမ်ထောင်ဦးစီးလည်း ဖြစ်တယ်..။  လမ်းဟာ ကောက်ကျစ်မှုကင်းတယ်.. လမ်းဟာ မတရားမှုကို မုန်းတီးသလို.. ငြိမ်းချမ်းရေးကို တောင့်တမြတ်နိုးသူဖြစ်တယ်..။ အသေချာဆုံးကတော့ လမ်းဟာ  လမ်းဖြစ်ပြီး လူသားတချို့ထက် လူသားဆန်နေပါတယ်...။

စကားတွေပြောနေတဲ့ လမ်းရဲ့မျက်ဝန်းတွေဟာ တခါတခါ တဖြတ်ဖြတ် လက်နေတယ်.... တခါတခါ ညှိုးငယ်လွန်းစွာနဲ့ မျက်လွှာကို ပါးပါးလေး ချတတ်ပြန်တယ်..။ လမ်းဟာ သွေးကိုမုန်းတီး ဆက်ဆုတ်သူဖြစ်တယ်..။ ယမ်းနံ့တွေကို ခါးသီးလွန်းသူဖြစ်တယ်... စစ်ကိုမုန်းတယ်.. စစ်ဖိနပ်တွေရဲ့ တက်ကြွတဲ့ ချီသံတွေကို အော့နှလုံးနာသူဖြစ်တယ်..။ ညှပ်ဖိနပ်ပြတ်လေး တစ်ဖက်ကို သူ့ရင်ခွင်မှာ အလှဆင်ထားချင် သူလည်း ဖြစ်တယ်..။ တိုးကြပ်ပြည့်သိပ်နေတဲ့ ဘတ်(စ်)ကားတွေကို ချစ်ပြီး... ဖနောင့်ပါးနေတဲ့ ညှပ်ဖိနပ်လေးတွေဆီက ရတတ်တဲ့ ဖိနပ်သံကို သီချင်းစပ်ချင်သူ ဖြစ်တယ်..။ လမ်းဟာ တဝေါဝေါနဲ့ အရှိန်ပြင်းပြင်း မောင်းဖြတ်သွားတတ်တဲ့ မှန်လုံကားတွေကို ရွံရှာသူဖြစ်တယ်..။ ပုဆိုးတိုတိုဝတ် လျော့ရွဲရွဲ ထီးကိုစောင်းပြီး ခပ်သုတ်သုတ် လျှောက်တတ်တဲ့ လူတွေဆီက ဖိတ်စင်ကျလာတဲ့ ချွေးစက်တွေကို တန်ဖိုးထားသူဖြစ်တယ်..။ 

လမ်းဟာ စုတ်တသတ်သတ် ညည်းတွားရင်း ခေါင်းကိုအတွင်တွင် ရမ်းခါတတ်တယ်... လမ်းဟာ သူ့စိတ်လွတ်သွားချိန်မှာ ကိုယ်တိုင် ထိမ်းချုပ်နိုင်စွမ်းမဲ့သူလို ခပ်ကျယ်ကျယ်နဲ့ “တောက်..” ခေါက်တတ်ပြန်သေးတယ်...။ လမ်းဟာ အတ္တကြီးပြီး မောဟတရားတွေ ထန်လွန်းနေတဲ့ လူတွေကို ကဲ့ရဲ့ရှုံ့ချတယ်...။ ဖိနပ်မပါတဲ့ ကလေးတချို့ရဲ့ ဗိုက်ဟောင်းလောင်းနဲ့  ဆာလောင်စွာ ငိုကျွေးနေမှုကို ကဗျာစပ်သူ ကဗျာဆရာလည်းဖြစ်တယ်..။ တစ်ထောင့်တစ်ညထက် ပိုဆန်းကျယ်တဲ့  သရုပ်မှန်ပုံပြင်တွေကို ကွင်းကွင်းကွက်ကွက် မြင်ယောင်လာအောင် ပြောနိုင်တဲ့ အင်မတန်  ပုံပြောကောင်းသူ ဖြစ်တယ်..။ လူတွေ ပစ်ချလိုက်တဲ့ စီးကရက်ဆေးလိပ်ထက် ဖက်ကြမ်းတို တစ်လိပ်ကို ခုံမင်စွာကောက်ယူရင်းနဲ့ စာရေးချင်တဲ့ စာရေးဆရာဖြစ်တယ်..။ 

လမ်းမှာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ  ရှိနေတယ်.. လမ်းဟာ တခါတခါ အားအင်ချိနဲ့စွာ မှုန်ဝါးဝါးနိုင်သွားသလို တခါတခါတော့ ရဲရဲတောက်နေတဲ့ အနီရောင် အလံတစ်လက်လို ဝံ့ဝံ့ကြွားကြွား ခန့်ငြားလွန်းလာတယ်..။ လမ်းဟာ မလိုအပ်တဲ့ ဘောင်တွေကို အော်ဂလီဆန်နေတယ်.. ဘယ်သူမှ မလိုက်နာချင်တဲ့ စည်းမျဉ်းတွေကို အရက်ဖြူနဲ့မြည်းပြီး လက်ထိုးအန်ချင်တဲ့ ခပ်ရွတ်ရွတ်ကောင် လည်းဖြစ်တယ်..။ သူရဲကောင်းတို့ရဲ့ ဝိညာဉ်တွေကို နတ်ဆရာတစ်ယောက်လို အစည်းအဝေးခေါ်ပြီး လေးစားမှုတွေနဲ့ တပည့်ခံချင်သူဖြစ်တယ်..။ လမ်းဟာ အတိတ်အိပ်မက်တွေ ပြန်မက်မက်နေရတာကို တစ္ဆေတစ်ကောင်  မြင်ရတာထက် ကြောက်လန့်တတ်သူဖြစ်တယ်..။ လမ်းဟာ သူမတက်ဖူးတဲ့ ကျောင်းတော်ကြီးကို လွမ်းနေသူဖြစ်တယ်..။ လမ်းဟာ သစ်ပုတ်ပင်ကြီး ရှိရာကို အပြေးသွားချင်သူ လူငယ်လေး ဖြစ်တယ်..။ လမ်းဟာ စွယ်တော်ပင်တွေအောက်က ခုန်တန်းရှည်ပေါ်မှာ မခို့တရို့ ထိုင်ရင်း ချစ်သူ့ဘေးမှာ ချွဲနွဲ့နေချင်တဲ့ ကောင်မလေးဖြစ်တယ်..။ 

သူ့စကားတွေကို မှင်တက်ငေးမောနေရင်း ဘာမှပြန်မပြောတဲ့ ကိုယ့်ကို ဂြိုလ်ကြည့်ကြည့်သူ ဖြစ်တယ်..။ ခေါင်းကို အတွင်တွင်ငုံ့ထားရင်း မျက်ရည်ခိုးသုတ်တဲ့ ကိုယ့်ကို သနားနေပုံလည်းရတယ်..။ လမ်းဟာ စာတစ်ပုဒ်ဖတ်သလို ကိုယ့်အတွေးတွေကို သိသိသာသာ ဝင်ဖတ်ချင်သူဖြစ်တယ်..။ မိုးရေတွေအောက်မှာ ခေါင်းမာမာနဲ့ သူ့အနားမှာ ရှိနေပေးခြင်းကို အားနာနေပုံရတယ်..။ လမ်းဟာ သူ့ရင်အစုံက ကွဲရှလွင့်စင်လာတဲ့ အကျိုးအပဲ့တွေကို သိမ်းထားပေးမှာ သိနေတဲ့ ကိုယ့်ကို ကျေးဇူးတင် စကားဆိုတတ်သေးတယ်..။ ကိုယ့်နှုတ်က ထွက်ကျလာမဲ့ စကားတစ်ခွန်းခွန်းကို မျှော်လင့်နေပုံရတယ်..။ အားမလို အားမရ ဖြစ်ခြင်းတွေနဲ့ ကိုယ့်ကို အပြစ်တင်ချင်ပုံရတယ်..။ လမ်းဟာ ကိုယ့်ကို အရပ်လေးမျက်နှာကနေ ရှု့ထောင့်အမျိုးမျိုးနဲ့ လေ့လာသူလည်း ဖြစ်တယ်..။ 

ကိုယ့်မျက်နှာကို မော့လိုက်ရင်း သူ့မျက်လုံးတွေထဲကို စေ့စေ့ကြည့်လို့ ခေါင်းတစ်ချက်ဆတ်ပြလိုက်တယ်..။  ဒါဟာ ကိုယ် လမ်းကို နှုတ်ဆက်လိုက်ခြင်းပဲ ဆိုတာ သူသိသွားပြီ...။ လမ်းက လက်တစ်ဖက်ကမ်းရင်း ကိုယ့်ကိုပြုံးအပြမှာ ကိုယ့်မျက်ရည်တွေကို သူမြင်သွားပြီ..။ လမ်းဟာ ပထမ မျက်မှောင်ကြုတ်တယ်.. အဲ့ဒီနောက် ခေါင်းကို လေးတွဲ့တွဲ့ခါရင်း နောက်ဆုံး စကားအရှည်ကြီးတစ်ခွန်းကို သူပြောတယ်..  

မင်းဟာ စကားမပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိသွားပြီ... ငါ့အန်ဖတ်တွေကို မင်းသယ်မသွားပါနဲ့... ငါ့ပုံပြင်တွေကို မင်းရင်ထဲက ထုတ်ပြီး ဒီနေရာမှာပဲထားခဲ့ပါ.. မျက်ရည်တွေကို သုတ်လိုက်တော့.. မင်းလျှောက်မဲ့ လမ်းတွေ လှပပြီး ဒဏ်ရာတွေ နည်းပါစေကွာ.. ကဲ.. မင်းသွားတော့”  ... တဲ့...။  ပြောပြောဆိုဆို လမ်းဟာ ငြိမ်သက်သွားတယ်... လမ်းဟာ လမ်းဖြစ်သွားတယ်...။ 

ဘယ်လို ခံစားမှုမျိုးမှန်း မသိပဲ ကိုယ့်ရင်တွေ တစ်ဆို့ဝမ်းနည်းလာပြီ...။ စူးပြီး အောင့်တက်လာတဲ့ရင်ကို လက်တစ်ဖက်နဲ့ ကိုယ်ဖိလိုက်ရင်း နောက်လက်တစ်ဖက်နဲ့ မိုးတွေရွှဲရွှဲစိုနေတဲ့ ကိုယ့်ဆံပင်တွေကို သပ်တင်လိုက်တယ်..။  ကိုယ်ဟာ ခြေထောက်တစ်ဖက်ကို ခပ်ဖွဖွ စကြွလိုက်တယ်..။ ချာကနဲ လှည့်ထွက်ဖို့အားယူရင်း ကိုယ့်နှုတ်ခမ်းဆီက သူမမျှော်လင့်တဲ့ စကားတစ်ခွန်း လွတ်ထွက်ကျသွားတယ်..။ 
 
“ငါကိုယ်တိုင်လည်း လူမှမဟုတ်တာ...  အရာအားလုံး နာကျင်ကြေကွဲမှုအားလုံးဟာ မင်းနဲ့ထပ်တူ ထပ်မျှ ခံစားဖူးတဲ့ လူယောင်ဆောင်ထားတဲ့ လမ်းတစ်လမ်းမို့ပါပဲ... ငါမင်းကို နှုတ်ဆက်ပါခဲ့တယ် လမ်းရေ....”

ညဥ့်နက်နက် တစ်ညမှာ မိုးရေတွေအောက်က လမ်းတစ်လမ်းဟာ တုတ်တုတ်မှမလှုပ် တိတ်ဆိတ်ငြိမ်သက်လွန်းစွာ လဲလျောင်းလို့နေပါတယ်...။

(ခင်လေးငယ်)

23 comments:

Moe Myint Tane said...

Heart Touching လို့ ပြောလို့ရနိုင်တဲ့ အက်ဆေးလေးတစ်ပုဒ်ပါ။ ညင်ညင်သာသာလေးနဲ့ နွဲ့နွဲ့လေး ဆွဲခေါ်သွားနိုင်တဲ့ အရေးအသားက မခင်လေးငယ် ပီသပါတယ်။ နောက်ထပ် နောက်ထပ် စာကောင်းတွေကို စောင့်မျှော်နေပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

June Mozart said...

i love the twist in the ending which reveal that the man himself is a road. the persona the road features is really interesting, like sassy, girl aspects. so nice! love the writing. love the way u interpret ur imaginations into words.

dingra said...

a yan god tat essay lay par ma ma yae nya lay ka tot a lo write naing tar ko arr kya tae ...... a yan lae` yae chin tae tar pin mat ma yae tat buu.....carry on ma ma arr pae nae mae naw!!!

အိန္ဒြာ said...

လမ်းဟာ..ခရီးတွေထမ်းပိုးလာသူကို ပန်းတိုင်အထိပို့ပေးမယ့် အနင်းခံတံတားတစ်စင်းလည်းဖြစ်တယ်..

လမ်းဟာ..သည်းခံနိုင်ခြင်းကို အစွမ်းကိုထွန်းလင်းပြထားတဲ့ အသံတိတ် ဆူညံမှုတစ်ခုလည်းဖြစ်တယ်..

( အဲဒီ့လမ်း အသက်ရာကျော်ရှည်ပါစေ..။)

ညီမ ခင်လေးးးးးး

လက်ရာတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ပဲ...

မေဦးကိုကို said...

မိုက်တယ်ကွာ :)

နေ၀သန်ပါ။ said...

အရမ်းကို ခံစားလို့ကောင်းတဲ့ အတ်ဆေးလေးပါ တီငယ်... စာမဖတ်ဖြစ်တာကြာသွားပြီ...း))... နေကောင်းကျန်းမာပါစ...


ခင်မင်တဲ့
နေ၀သန်

ဖိုးဂျယ် said...

လမ်းဟာ အခြေခံ လူတန်းစားတွေ ရှေ့က မားမားရပ်တည်မဲ့ လမ်းဖြစ်တယ်

ကောင်းကင်ကို said...

တခါတခါ လူယောင်ဆောင်ထားတဲ့ လမ်း ဖြစ်လိုက်
တခါတခါ လမ်းယောင်ဆောင်ထားတဲ့ လူ ဖြစ်လိုက်

mitoelay said...

အက်ဆေးလေးက ကောင်းလိုက်တာ တီငယ်.....။ အရမ်းကြိုက်တယ်.. .....။
Toe Toe lay

Nyein said...

တခါတလေ လူအဖြစ်နဲ့ အဲ့ဒီ့လမ်းပေါ်မှာ စိတ်ကူးတဲ့ရာ
မနားတမ်းသွားချင်တယ် ....တခါတလေကျပြန်တော့လဲ
လမ်းအဖြစ်နဲ့ ခပ်ပျင်းပျင်းလှဲလျောင်းနေချင်တယ် ...
မရေ...ဘာပဲပြောပြော လမ်း အဖြစ်နဲ့ ပဲ ဖြစ် လူအဖြစ် နဲ့ ပဲ ဖြစ် နှုတ်ဆက်ပါတယ် “ Hello ” ပါနော် ...း)

သဒ္ဓါလှိုင်း said...

မမခင်လေးရဲ့အရေးအသားကိုဖတ်ရင်းမျောဝင်သွား
လိုက်တာလေ...။ လမ်း.... လမ်း..လမ်း...
ပျော်ရွှင်ပါစေမမခင်လေး..
ခင်တဲ့
ညီမသဒါ

ဖိုးမောင် said...

မခင်ရေ လမ်းဆိုတဲ့ အက်ဆေးလေးမျာ အတွေးတွေ အများကြီးပေးလိုက်သလိုပါပဲ... အက်ဆေးကောင်းလေးဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်မိတယ်ဗျာ...
လမ်းကိုယ်တိုင်မှာရော... ချစ်ခြင်း၊မုန်းခြင်း၊ တွေဝေခြင်း၊ ၀မ်းနည်းခြင်း၊ ဒွိဟဖြစ်ခြင်း၊ မှားခြင်း၊ မှန်ခြင်းတွေကို ဝေခွဲနိုင်သလား... တခါတလေ လမ်းတစ်ခုရဲ့ အမှားအမှန်ဆိုတာကို ဘယ်လိုအချိန်တွေမှ သိခွင့်ရတာလဲ... လမ်းကိုယ်တိုင်ရော သူ့ရဲ့အဆုံးဟာ သုခလား ဒုက္ခလား ဆိုတာ... ဝေခွဲပေးနိုင်လား... ဒါပေမယ့် လမ်းဆိုတာ အဲလိုဝေခွဲပေးဖို့ တာဝန်မရှိဘူးလို့ ခံယူထားသလား... လမ်း..
လမ်း... မဂ္ဂဆိုတဲ့ လမ်းဟာ သူ့အတိုင်းလှနေတာပဲနော်...

Anonymous said...

ခင်လေးရေ .. ရွေးချယ်ခံလမ်းတွေနဲ့ ရွေးချယ်ခွင့် ရှိတယ်လို့ ထင်ရတဲ့လူတွေ ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ရွေးချယ်ဖို့ခက်ခဲနေတဲ့ နေ့ရက်တွေ .......
ချစ်တဲ့
မမ

ရင်ခုန်ညီ said...

“ငါကိုယ်တိုင်လည်း လူမှမဟုတ်တာ... အရာအားလုံး နာကျင်ကြေကွဲမှုအားလုံးဟာ မင်းနဲ့ထပ်တူ ထပ်မျှ ခံစားဖူးတဲ့ လူယောင်ဆောင်ထားတဲ့ လမ်းတစ်လမ်းမို့ပါပဲ... ငါမင်းကို နှုတ်ဆက်ပါခဲ့တယ် လမ်းရေ....” It touched my heart so hard.

jr said...

မခင်လေး .. ကောင်းလိုက်တာ ..
စာဖတ်သူက လမ်းလေးနောက် ကောက်ကောက်ပါအောင် လိုက်လျှောက်မိနေရော ..

Cho said...

အမ....
လမ်းက မေတ္တာသုတ်ပွားများသံတွေကို ကြည်ညိုသေးတယ်နော်ု။။
ရင်ထဲမှာနင့်နေအောင် ကျန်ခဲ့တဲ့ အက်ဆေး၁ပုဒ်မို့
ချစ်လွန်းစွာလေးစားလျှက်

ညီမ
Cho

မယ်ကိုး said...

စာလေး အရမ်းလှတယ် မမရယ်။ လမ်းက လူယောင်ဆောင်ထားတဲ့ လမ်းကို မမုန်းသေးတာ တော်သေးတာပေါ့နော်။

မယ့်ရဲ့လမ်းတွေကတော့ မယ့်ကို မုန်းတီးနာကျည်းနေကြပြီ ထင်ပါရဲ့။

wutyee said...

အမ..
အရမ်းကောင်းပါတယ်...

လုလု said...

ခင်လေးေ၇့ 
အ၇မ်းကောင်းတဲ့စာစုလေးကို ဖတ်သွားပါတယ်နော်။

u2 said...

“ငါကိုယ်တိုင်လည်း လူမှမဟုတ်တာ... အရာအားလုံး နာကျင်ကြေကွဲမှုအားလုံးဟာ မင်းနဲ့ထပ်တူ ထပ်မျှ ခံစားဖူးတဲ့ လူယောင်ဆောင်ထားတဲ့ လမ်းတစ်လမ်းမို့ပါပဲ... ငါမင်းကို နှုတ်ဆက်ပါခဲ့တယ် လမ်းရေ....”
that line blew me away .
there r only two ways to live our life. 1 is as though nothing is a miracle. the other is as though everything is a miracle.

သိင်္ဂါကျော် said...

လမ်းဟာ သူ့အပေါ်ကို ဘယ်သူတွေပဲ နင်းနင်း မငြူစူခဲ့ဘူးနော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့အရေးနဲ့အတွေးလေး
ကိုယ်တိုင်တောင် လမ်းကလေးဖြစ်သွားသလိုပါဘဲ
ြိငိမ့်ငြိမ့်ကလေးနဲ့ အေးအေးလေး ဖတ်လိုက်ရတယ်...
ဆွဲဆောင်မှုအပြည့်နဲ့ပေါ့....
တစ်ပုဒ်ဆို ဆိုသလောက် ရသအပြည့်ပေးနိုင်တဲ့ ချစ်သော မခင်လေးရဲ့ လက်ရာကောင်းလေးနော်...
အားပေးလျှက်

ချစ်တဲ့
ချော

Anonymous said...

ကောင်းလိုက်တဲ့ အက်ဆေးလေးတစ်ပုဒ်.. အဆင့်အတန်းအရမ်းမြင့်ပြီး ဖတ်ရတာ ငြိမ့်ငြိမ့်လေးနဲ့ အရမ်းအရသာရှိလိုက်တာ..
ဒီစာကိုဖတ်ရင်း ကျနော်ဖတ်ဘူးတဲ့ တရုတ်ပြည်က "ယင်အန်းစာပေ အနုပညာမိန့်ခွန်း" (ဘယ်သူရေးတယ်ဆိုတာမသိတော့) လို့အမည်ရတဲ့ အလွန်ကောင်းတဲ့ စာတမ်းလေးကို သတိရမိတယ်..။
ယင်အန်းစာပေ အနုပညာမိန့်ခွန်းမှာ ပြန့်နှံ့ခြင်းနဲ့ မြှင့်တင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အဆင့်မြင့်သော ပြည်သူစာပေများ လူထုကြားထဲတွင်ပြန့်နှံ့အောင်လုပ်နိုင်ဘို့ဆိုတဲ့ အလွန်တန်ဘိုးရှိတဲ့ အကြောင်းလေး (public policy) ကို ဆွေးနွေးရေးသားထားတယ်.. အဲဒီစာတမ်းလေးကို သတိရမှုနဲ့အတူ မခင်လေးငယ်ရဲ့ ဒီအက်ဆေးလေးကို အနစ်သာရ၊ အရည်အသွေး၊ အဆင့်အတန်းနဲ့ တန်ဘိုးကိုလည်းမပြောင်းပဲ လူထုအသီးသီးကြားထည်းလည်း ပြန့်နှံ့သွားအောင် ဘယ်လိုများလုပ်ရပါ့မလည်းလို့ .... စဉ်းစားတွေးတောမိတယ်.. စဉ်းစားမိတာကိုပြောပြတာပါ။
ကျနော့်အတွက်ကတော့ "လမ်း.." ဆိုတဲ့ အက်ဆေးလေးကြောင့် ဒီတနေ့ ဘ၀ဟာ ပို အဓိပါယ်ရှိသွား ချိုမြိန်သွားတယ်.။