Friday, July 23, 2010

အဖြူရောင်အတိတ်

တွေးမိလိုက်တဲ့ အတွေးတွေဟာ သီချင်းတစ်ပုဒ်သာ ဖြစ်လာမယ်ဆိုရင် စိတ်တို့ရဲ့ နိမ့်မြင့်တက်ကျ သံစဉ်တွေနဲ့ စက္ကန့်တိုင်းဟာ သီချင်းတွေ ဖြစ်မယ်ထင်ရဲ့...။ အခုလို အရွယ်မှာ ချတတ်တဲ့ ညစ်ကျယ်ကျယ် သက်ပြင်းတွေဟာလည်း အရောင်းမှိုင်းမှိုင်း  ကာလာတွေလို ပုတ်အက်နေတဲ့ သံစဉ်တွေ ဖြစ်ကုန်မှာများလား..!! လေးတိလေးပင်နဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေရမှုမှာ ကျွန်မကိုယ်တိုင် မောပမ်းစပြုလာခဲ့ပြီ..။

သစ်လွင်တောက်ပ နူးညံ့လတ်ဆတ်တဲ့ ငယ်ဘဝ ပုံရိပ်တွေကို အိပ်မက်ဖို့ တမ်းတရင်း ပူလောင်လွန်းတဲ့ အရောင်စုံ အိပ်မက်ဆိုးတွေသာ တစ်ထပ်ပြီးတစ်ထပ် ဆင့်ကာ ဆင့်ကာပေါ့..။ စံပယ်နံ့တွေ ထုံအီနေတဲ့ အိပ်မက်ဖြူဖြူတွေကို မက်ဖူးခဲ့တာ ကျွန်မပဲလားဆိုတာကို ခပ်ခါးခါး အိပ်မက်အနက်ရောင်တွေနဲ့ တရေးနိုးအထမှာ ကိုယ်တိုင် သံသယတွေ ဖြစ်ရပြန်ပါရော..။

မေမေလိမ်းပေးလိုက်တဲ့ ပါးနှစ်ဖက်ပေါ်က ဝိုင်းစက်နေတဲ့ သနပ်ခါးပါးကွက်လေးနဲ့ ညာပုခုံး သေးသေးလေးပေါ်မှာ အမွေးဖွားဖွားရောင်စုံ လွယ်အိပ်ကလေးကို ကျကျနနလွယ်.. ကော်လံမှာ ဇာပါးပါးလေးထပ်ချုပ်ထားတဲ့ ဆွတ်ဆွတ်ဖြူကျောင်းအင်္ကျီ.. ဒူးခေါင်းပေါ်မှာ ကားကားလေး ဝဲကျနေတဲ့ ကျောက်စိမ်းရောင် ကျောင်းစကပ်လေးရယ်နဲ့ ကျောင်းသွားခဲ့သူ ကျွန်မ...။

ကျောင်းဆင်းချိန်အထိ ပါးပေါ်က ပါးကွက်လေးကို အိမ်အရောက် မပျက်အောင် ပြန်သယ်သွားခဲ့ဖူးသူ.. ငြိမ်သက်အေးဆေးလွန်းသူ ကျွန်မ.. အဒေါ်တွေ အကိုတွေ အမတွေကြားမှာ တစ်နေ့တာ ကျောင်းအတွေ့အကြုံတွေကို ဆံပင်တခါခါ ခေါင်းတမော့မော့နဲ့ ပြန်ပြောရင်း ဖြူဖြူစင်စင် ရယ်မောခဲ့ဖူးသူ ကျွန်မ.. အဲ့ဒီကျွန်မကို ကျွန်မကိုယ်တိုင် လွမ်းဆွတ်နေခြင်းမှာ တချက်ချက်နဲ့  တီးတိုးမြည်တွန်နေတဲ့ ချိနဲ့နဲ့ တိုင်ကပ်နာရီအိုကြီးတစ်လုံးက သနားတဲ့အကြည့်တွေနဲ့ ကျွန်မကို လှမ်းလို့ငုံ့ကြည့်နေတော့ သူ့ကိုတောင်  အားနာမှုတွေနဲ့ ပြန်သနားမိရပြန်ပါရောလား..။

အဖြူရောင် အလင်းတန်းတွေက ညစ်ပေနေတဲ့ ကျွန်မမျက်လုံးတွေ တစ်ဝိုက်မှာ မသိမသာ ဖြတ်ပြေးသွားလိုက် ညှိုးနွမ်းမောပမ်းပြီး တောက်ပမှုမဲ့နေတဲ့ မျက်ဆန်မွဲမွဲတွေထဲ အတင်းအဓမ္မ တိုးဝင်ရောက်လာလိုက်နဲ့... သူတို့ရယ်သံ အက်အက်တွေမှာ “ဘဝ...” “ဘဝ...” လို့ ကလိတိတိ လှောင်ပြောင်နေသလို..။ မေမေ... ဖေဖေ...ရေ...  ဒူးမထောက် အရှုံးမပေးပါပဲ ညွတ်ညွတ် ကျလာချင်နေတဲ့ ကျွန်မ ဒူးခေါင်းတွေကို မုန်းလိုက်တာ..။ 

ဟော... သင်္ကြန်တဲ့လား...!! အခုတော့လည်း ကျွန်မနဲ့ ဘာမှ မဆိုင်တဲ့ စကားလုံးလေး တစ်လုံးလို ဖြစ်နေခဲ့တဲ့ နှစ်တွေ ဘယ်လောက်များ ကြာနေခဲ့ပြီလည်း ကိုယ်တိုင်တောင် မသိနိုင်တော့..။ အဲ့ဒီစကားလုံးလေးက ဘယ်လောက်များ ရင်းနှီးစွာ ပတ်သက်ခဲ့ဖူးပါလိမ့် ဆိုတာမျိုးကိုတောင် ဝေဝေဝါးဝါး ဖြစ်လို့နေပြီပဲ...။ ရင့်ကျက်လာတဲ့ အသက်အရွယ်ကြောင့် လည်းဖြစ်နိုင်သလို ကိုယ်ရှိနေရတဲ့ ပတ်ဝန်းကျင် ကျင်လည်နေရတဲ့ အသိုင်းအဝိုင်းတွေကြောင့်လည်း ဖြစ်နိုင်တာပဲလေ... ။

မညာတမ်း ပြောရရင်တော့ တွေးမိလာတိုင်း လှိုက်ကနဲ ဝမ်းနည်းတက်လာတဲ့ စိတ်တွေနဲ့ တမ်းတမ်းတတကြီးကို လွမ်းဆွတ်မိနေတာ အမှန်...။ သင်္ကြန်အတုတွေကြားမှာ မပျော်ပါးနိုင်တဲ့ ကျွန်မစိတ်တွေကကော ဘယ်လောက်အထိ စစ်နေပြန်သေးလို့လဲဆိုတာ မဝေခွဲတတ်ပြန်..။ တစ်ခါတစ်ရံတွေမှာ ကိုယ်တိုင်လည်း စိတ်အတုတွေနဲ့ ရှင်သန်နေထိုင်ခဲ့ဖူးတဲ့ နေ့ညတွေ ရှိနေခဲ့မှာပါပဲ...။ အပြုံးအတုတွေကို ပြုံးတတ်ခဲ့တာလည်း လောကကြီးရဲ့ အလှည့်အပြောင်း မာယာ သင်ခန်းစာ အဆင့်ဆင့်ကို တဆင့်ပြီးတဆင့် အောင်မြင်ခဲ့ခြင်းလို့ လက်ခံလိုက်ရ လေမလား..!!

အပြစ်ကင်းစင်လွန်းတဲ့ အပြုံးအရယ်စစ်စစ်တွေနဲ့ ကောင်မလေးတစ်ယောက်ရဲ့ နှစ်လိုဖွယ် သင်္ကြန်တွေ ဘယ်မှာများလဲကွယ်..!! ဖေဖေကိုယ်တိုင် စိတ်ရှည်လက်ရှည် လိုက်မောင်းပေးခဲ့တဲ့ ဂျစ်ကား အဖြူလေးတစ်စင်းပေါ်က ဟက်ဟက်ပက်ပက် ရယ်မောသံတွေရယ်... အပြစ်ကင်းစင်တဲ့ နှုတ်ခမ်းပါးလေး တစ်စုံနဲ့ နူးညံ့သန့်စင် ဝါဝင်းနေတဲ့ ပိတောက်ခက်လေးကို ဖွဖွလေး ထိနမ်းဖူးတဲ့ ကောင်မလေး တစ်ယောက်ကော ဘယ်ရောက်သွားခဲ့ပြီလဲ..!!

ကြည်စင်နေတဲ့ မျက်လုံးရွှန်းလဲ့လဲ့တွေနဲ့ ကောင်မလေးက သူ့ဖေဖေ ယူလာပေးတဲ့ ပိတောက်ခက်လေးရဲ့ သင်းပျံ့နေတဲ့ ပိတောက်နံ့တွေကို အားပါးတရ ရှုရှိုက်ဖူးခဲ့သေးသတဲ့လေ..။ သင်္ကြန်ရေတွေ ရွှဲရွှဲဆိုနေတဲ့ ဆံနွှယ်တွေကို လည်တိုင်လေးမော့ရင်း နေခြည်နုတွေအောက်မှာ ရေစက်လေးတွေ တဖွားဖွား ဖြာဆင်းကျသွားအောင် ဟန်ဆောင်မှုကင်းစွာနဲ့ ခေါင်းလေးကို လှုပ်ရမ်းကာ ခါခဲ့ဖူးတာလည်း အဲ့ဒီကောင်မလေးပါတဲ့...။

ဒါဆိုရင်... ရောင်စုံ မီးပုံးလေးတွေ တလှုပ်လှုပ်နဲ့ လက်နေတဲ့ သတင်းကျွတ် ညလေးတွေကရော..!! အိပ်မက်ခဲ့တာလား ကိုယ်တိုင် တွေ့ကြုံစားခဲ့ရတာလားကွယ်..။ ဗျောက်အိုးသံလေးတွေ ဆူညံနေတဲ့ လမ်းမတွေပေါ်က ဝေ့တက်လာတဲ့ ခပ်ပျော့ပျော့ ယမ်းနံ့လေးတွေကို ကျွန်မကိုယ်တိုင် ရဖူးခဲ့တာ သေချာပါတယ်..။ ခြံကျယ်ကြီးထဲမှာ ပြေးလွှားဆော့မြူးရင်း....

“မေမေရေ... သမီး လေယာဉ်ပျံ တောင်ပံကို ကိုကိုကြီး သူ့ကားနဲ့ ဝင်တိုက်လို့ မီးလောင်သွားပြီ” 
အသံသေးသေးလေးနဲ့ တိုင်တမ်းရင်း တအိအိငိုခဲ့မိတဲ့ ကလေးငယ်လေးကျွန်မ..။

“ဟာ... မေမေ့သမီး ကျွန်တော့်ကားကို လာဖျက်နေတယ် လုပ်ပါဦးမေမေ..”  
 ကျယ်ကျယ် လောင်လောင် မြည်တွန်တောက်တီးရင်း... စိုးရိမ်မှုတွေနဲ့ ပြေးလွှားနေတဲ့ ကိုကိုကြီး အသံ..။

“သားကြီးနဲ့ သမီးကြီးရေ... ညီမလေးရဲ့ ကားလေးကို လဲမသွားအောင် ဖေးဖေးမမ ကူတွန်းပေးမှပေါ့ကွယ်...”
 ညီမလေးကို ကူညီငဲ့ညှာဖို့ သတိပေးသံနဲ့ မေမေ..။

“အဟိ.. ဟိ”
တိတ်တဆိတ်နဲ့ ပုံ့ပုံ့လေးထိုင်ငေးရင်း ခပ်တိုးတိုး ရယ်မောနေခဲ့သူ အေးဆေးလွန်းတဲ့ မမ..။

“ကဲ.. သားတို့ သမီးတို့ရေ နောက်နှစ်ရက်တောင် ကျန်သေးတယ်.. ဒီည ပျက်သွားရင်လည်း  မနက်ဖြန်နေ့လည်ကျ ဖေဖေပြန်ဝယ်ပေးမယ် ဟုတ်ပြီလား ရန်မဖြစ်ကြနဲ့နော်..”
မေမေ့ကို တိုင်တော အော်ဟစ်သံတွေကြောင့် အေးရာအေးကြောင်း ဝင်နားချဖြေသိမ့်ရင်း  ပြုံးနေတဲ့ ဖေဖေ..။

အိပ်မက်...!! နိုးးး  ကျွန်မရဲ့ သိပ်ကိုချိုမြလွန်းတဲ့ တကယ့် အတိတ်တွေပေါ့..။ ဒါတွေ.... ဒီအဖြစ်ပျက်တွေ အားလုံးဟာ......။

ခုတော့ ကျွန်မဟာ မြွေတစ်ကောင်လို တကိုယ်စာ မြေတွင်းခပ်ကျဉ်းကျဉ်းမှာ ခွေနေတတ်ပြီလား..!! ဆာလောင် ငတ်မွတ်လာချိန်မှာ ကျားသစ်တစ်ကောင်ရဲ့ အမြန်နှုန်းမျိုးနဲ့ သားကောင်ကို ခုန်အုပ်တတ်သူလား..!! ယုန်ဖြူလေး တစ်ကောင်လို နူးညံ့ဖြူစင်ယောင် ဆောင်တတ်သူလား..!! စက်ရုပ်တစ်ရုပ်လို ခြေကိုချ လက်ကိုလှုပ် ခေါင်းတွေ ညိတ်တတ်နေသူလား..!! မာယာများတဲ့ လောကကြီးကို မာယာတွေနဲ့ ပြန်ပြုံးပြတတ်သူ မိန်းမလား...!! လကွေးကွေးကို မော့ကြည့်ငေးမောရင်း လပြည့်လိုညမျိုးမှာ တိတ်တဆိတ် အခန်းအောင်း တတ်နေသူလား..!! ဝှက်ဖဲတစ်ချပ်ကို ခပ်သာသာဖိလို့ ပြိုင်ဖက်တစ်ယောက်ယောက်ရဲ့ ရှိုးဆိုတဲ့ စိန်ခေါ်သံကို နားစွင့်နေချင်သူလား..!!

အိုကွယ်.. လှလိုက်တဲ့နေ့.. လှလိုက်တဲ့ ညရယ်လို့ ယစ်မူးမှု အတုတွေကို ကျွန်မ ချဉ်ခြင်းတပ် မနေတာတော့ သေချာပါတယ်..။ တန်ဖိုးကြီး ပွဲတက်ဂါဝန်တစ်ထည်က  ကျွန်မရဲ့ အဖြူရောင် ကျောင်းအင်္ကျီလေးလောက် မက်မောစရာ ကောင်းလို့လား။ ဟော.. ကြည့် တလက်လက်ထနေတဲ့ ဇွန်း ခက်ရင်းတွေကိုင်ပြီး ဓါးပါးနဲ့ ခပ်ဖွဖွလှီးဖြတ် စားသောက်ရတဲ့ ဟင်းပွဲတွေကို မေမေ့ ချဉ်ပေါင်ကြော်နဲ့ ယှဉ်စရာလား။ လင်းထိန်တောက်ပလွန်းတဲ့ အဆောက်အဦးတွေကို မော့ကြည့်ခံစားဖို့ ကျွန်မမှာ ရင်ခုန်ချိန်မရှိဘူး..။ ကျွန်မ ရပ်ရွာက ဖွားဖွားအိမ်အိုဟောင်းလေးကို တမ်းတရဦးမယ်..။ 

ကြွေကွဲစရာ အဲ့ဒီ အိမ်အိုဟောင်းလေးထဲမှာ ဖွားဖွားမရှိတော့ဘူး..။ ဖွားဖွားအရိပ်ငွေ့လေးတွေကို ဖမ်းဆုပ်ရင်း နေဝင်ချိန်တွေကို ကြိုးစားကျော်ဖြတ်နေတဲ့ ဖိုးဖိုးရှိနေတယ်..။ အိမ်ဘေးက အသက်တွေကြီးလာတဲ့ ပိတောက်ပင်အိုကြီးရှိတယ်..။ ပိတောက်ပင်ကြီးအောက်မှာ သံချေးတွေ အထပ်ထပ်တက်နေတဲ့ ဒန်းလေးရှိတယ်..။ ဖေဖေလည်း မရှိတော့ဘူး..။ ဖုန်တက်နေတဲ့ ဖေဖေ့ဂစ်တာလေး ဖေဖေ့ကို လွမ်းနေတယ်..။ မေမေကလည်း ကျွန်မနဲ့ အဝေးကြီးမှာ..။ မေမေ့ အသံချိုချိုလေးတွေကို ကြားနိုင်တာ လေလှိုင်းတွေက တဆင့်ပါ..။ ကိုကိုကြီးလည်း သူ့ကိုယ်ပိုင် မိသားစုအရေးတွေနဲ့..။ မမ လည်း သမီးတစ်ယောက်ကို ပြုစုပျိုးထောင်လို့..။ ညီမလေးလည်း သူ့သမီးနဲ့ သားအတွက် ရင့်ကျက်စွာ ရှင်သန်လို့..။ မိခင်နဲ့မခြား ကျွန်မကို ပြုစုစောင့်ရှောက်ခဲ့တဲ့ အဒေါ်တွေလည်း ရှင်သန်မှု ကိုယ်စီအတွက် ရုန်းကန်လို့...။

အလွမ်းတွေ အလိမ့်လိမ့်နဲ့ ကျွန်မမျက်နှာပေါ်က အရေးအကြောင်းတွေကို မိတ်ကပ် မဖို့ချင်ဘူး..။ အဲ့လို အချိန်ပေးမဲ့အစား မျက်လုံးလေးမှိတ်ထားရင်း ဖေဖေ့ဂစ်တာသံကို ကျွန်မနားထောင်ရဦးမယ်..။ လူတွေစည်ကားလွန်းတဲ့ ကမ္ဘာ့နံမည်ကြီး နေရာတွေကို ကျွန်မလမ်းမလျှောက်ဘူး..။ ဝရမ်တာလေးမှာ တိတ်တဆိတ်ရပ်လို့ အာရုံတွေနဲ့ လေထဲက ပိတောက်နံ့တွေ ရှုရှိုက်ရဦးမယ်..။ ဂျိုလီ့နှုတ်ခမ်းနှစ်လွှာအတွက် ချီးမွမ်းခန်းတွေဖွင့်ပြနေတဲ့ ဖန်သားပြင်ကို ငဲ့ကြည့်ဖို့ ကျွန်မ မလိုအပ်ဘူး..။ မေမေ့ အပြုံးချိုချိုတွေကို ကျွန်မ အိပ်မက်ရဦးမယ်..။ ပလူပျံနေတဲ့ ကျည်ဆန်ရထားတွေအကြောင်း ကျွန်မနားလည်ဖို့ မလိုဘူး..။ ဖေဖေမောင်းပို့တတ်တဲ့ ကားအစုတ်လေးကို ကျွန်မရင်ဘတ်ထဲက ထုတ်ပြီး ဖုန်သုတ်ရဦးမယ်..။ 

အို..... သွားပါ သွားကြစမ်းပါ...။  ကျွန်မကို မသနားကြပါနဲ့။  အဲ့ဒီအကြည့်တွေကို ကျွန်မ မကြိုက်ဘူး.. မုန်းတယ်။ ကျွန်မအတွက် နှစ်ဆယ့်လေးနာရီဟာ တိုလွန်းနေတာ မှန်တာပေါ့..။ ကျွန်မမှာ အချိန်တွေ မလုံလောက်ဘူး..။ အချိန်တွေကလွဲရင် ကျွန်မဘာကိုမှ တကယ် မလိုအပ်ပါဘူး..။ ကျွန်မငယ်ဘဝရဲ့ အဖြူစင်ဆုံးအချိန်က လှပလွန်းတဲ့ ပုံပြင်ဟောင်းတွေကို မရိုးနိုင်စွာ တစ်ပုဒ်ပြီးတစ်ပုဒ် တစ်ရွက်ပြီးတစ်ရွက် လှန်လို့ ကျွန်မဖတ်ရဦးမှာမို့ပါ..။ 
ကျွန်မ တစ်ယောက်တည်းပါပဲ...။ 

အဖြူရောင် အတိတ်ကို ပြန်မရောက်နိုင်တော့တဲ့ ကျွန်မက အခုတော့ တစ်ယောက်တည်းပါပဲ...။

(ခင်လေးငယ်)

16 comments:

chan said...

မရေ..

Morning ပါနော်း)
မြန်လွန်းတဲ့ အချိန်တွေရယ် ၊ အချိန်တွေကပဲ ကုန်ဆုံးခဲ့တဲ့ အတိတ်တွေရယ် ဖြူစင်ခဲ့ပါတယ်ဆိုတဲ့ နုပျိုချင်းတွေရယ် အရာအားလုံးပာာ ပြန်ပြောင်းမရတော့သလို ၊ တစ်ယောက်ထဲလာခဲ့တဲ့ ဒီခရီးကို နောက်ဆုံးတော့လဲ တစ်ယောက်ထဲပဲ ကျန်ခဲ့မှာပါပဲ ၊ ရှိနေတဲ့ အချိန်မှာ ဖြစ်တည်ရာ အကောင်းဆုံးတွေအဖြစ်နဲ့ အဖြူစင်ဆုံး ဖြတ်ကျော်နိုင်ဖို့ ပြောရတော့မှာပါပဲနော် ဘုရားသခင်ဖန်တီးတဲ့အတိုင်းပေါ့ ......ကိုယ် ကိုယ်တိုင်လဲ ကျိုးစားလို့ ကုန်ဆုံးသွားတဲ့အတိတ်တွေရဲ့ အဖြူရောင် အချိန်တွေအတွက် အစားထိုးဖို့ ရာ အချိန်တွေက အရမ်းကိုကျော်လွန်လွန်း ခဲ့ပါပြီ အတိတ်ဆိုတဲ့အတိုင်း လွမ်းစရာ ကြည်နူးစရာတိုင်းကို အတိတ်အဖြစ်နဲ့ ပြန်ပြောင်း သတိရ မြင်ယောင်ဖို့ ပဲ ရှိပါတော့တယ် .... ဒီတော့ ဖြစ်လာမယ့် အနာဂတ်အတွက် အကောင်းဆုံးကျိုးစား ဖို့ ပဲ ရှိပါတော့တယ် ....။

ချစ်တဲ့
ငြိမ်း

ချော(အစိမ်းရောင်လွင်ပြင်) said...


ခုတစ်လေအိမ်လွမ်းနေတယ်လား..
ဒီပိုစ့်လေးဖတ်ပြီး စိတ်မကောင်းဘူး..
ဘယ်လိုဘဲဖြစ်ဖြစ် ငယ်ဘ၀ဆိုတာ အိပ်မက်ဖြစ်သွားခဲ့ပြီနော်.. လက်တွေ့ဘ၀နဲ့ ကွာခြားသွားပြီ..
တမ်းတယုံကလွဲလို့ ဆုပ်ကိုင်လို့မရတော့တဲ့အရာ..
လူတိုင်းကိုယ်စီမှာ အမှတ်ရစရာငယ်ဘ၀အကြောင်းလေးတွေ ရှိကြမှာပါဘဲ... အရေးအဖွဲ့ကောင်းတဲ့ မခင်လေးရဲ့ စာသားလေးတွေကတော့ ယခင်ကလို လတ်ဆတ်ချိုမြိန်နေတုန်းပါဘဲ...
ပျော်ရွှင်တဲ့ ပစ္စုပ္ပန်ကို ပိုင်ဆိုင်ဖန်တီးနိုင်ပါစေ " မ " ရေ

ချစ်တဲ့
ချော

သဒ္ဓါလှိုင်း said...

မမခင်လေး..
အခုမနက်မှပဲဖတ်ရတော့တယ်..။အမြဲတမ်းလှပသပ်ရပ်
လှတဲ့စာကိုဖတ်ဖို့မျှော်နေရတာလေ.။စကားလုံးတိုင်းက
လည်းအဓိပ္ပါယ်တွေအပြည့်နဲ့မို့...
စကားလုံးတိုင်းမှာအလွမ်းအဆွေးဝေဒနာတွေ.အတိတ်
ရဲ့ဖြူစင်တဲ့ပန်းချီကားချပ်တွေ.စုစုစည်းစည်းနဲ့ပျော်ရွှင်စွာ
နေခဲ့ရတဲ့မောင်နှမသံယောဇဉ်တွေ.မိသားစုတွေ....
ဒါတွေအားလုံးဟာ တချိန်တုန်းက တကယ့်ကို ကိုယ့်ဘေးနားမှာ ရှိခဲ့.ရပ်တည်နေခဲ့တဲ့.အရာတွေပဲနော်
သဒ္ဓါလည်းလွမ်းသွားရပြီပေါ့ မမခင်လေးရေ..

ချစ်တဲ့
ညီမသဒ္ဓါ

ခိုင်နုငယ် said...

အမရေ..
ဖတ်ရင်းနဲ့ဖြူစင်သောငယ်ဘ၀အတိတ်လေးကို
ထပ်တူခံစား..လွမ်းမိတယ်။
စကားလုံးတိုင်းကအသက်ဝင်နေတယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

လုလု said...

လေးငယ်ရေ့ 
ရေးတတ်လိုက်တာ။ အတိတ်က ချိုမြိန်တာတွေရော၊ ပျော်စရာတွေ၊ သတိရလွမ်းဆွတ်စရာတွေရော အားလုံးကို ခွန်အားတစ်ခုလို အသုံးပြုပြီးတော့ ပစ္စုပ္ပန်အတွက် အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ပါစေနော်။
ချစ်တဲ့
လု

ကိုကိုမောင် (ပန်းရနံ့) said...

ပြက္ခဒိန်တွေ ဟောင်းနွမ်းသွားတာနဲ့အမျှ ပစ္စုပ္ပန်ဝတ်ရုံလွှာတွေ တစ်ထည်ပြီး တစ်ထည် လဲဝတ်ရင်း အတိတ်တမ်းချင်းကို ကျနော်လဲ တစ်ခါတစ်ခါ ဟစ်အော်နေမိတယ်။ ဒါပေမဲ့ နာရီတွေ ပြောင်းပြန်မသွားတာကခက်တယ်နော်။

စာအဖွဲ့အနွဲ့လေးတွေဖတ်ပြီး အဲဒီလို ရေးတတ်ချင်စိတ် ပေါက်မိတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ဟိုးအဝေးမှာ
ဂါဝန်ဖြူဖြူလေးနဲ့ ဆိတ်ဖလူးပွင့်ကြွေတွေ သီနေတတ်တဲ့ ကောင်မလေးတစ်ယောက်
ကိုယ်ဘယ်လို အော်ခေါ်ခေါ်
သူ .. မကြားတော့ဘူး ...
.............
မနော်

အိန္ဒြာ said...

ခင်လေးးးးးးးး

ခုတလော ဓါတ်ခံမကောင်းဘူး..နော်...
စကားလုံးတစ်လုံးချင်းဖွဖွလေးပဲ ဖတ်ကြည့်ရဲပါတယ်...

တစ်ယောက်တည်းပဲ....လေ...
ဒါပေမယ့်



ချစ်တဲ့

မယ်ကိုး said...

မမအိန္ဒြာလိုပဲ ခုတလော နာကျင်စရာများလွန်းလို့ စာကြောင်းတိုင်းကို မရဲတရဲပဲ ချောင်းကြည့်ရဲတယ် ချစ်မလေးရယ်။

နွေးနွေးသဲမွန် said...

အတိတ်ရဲ့ အရိပ်လေးတွေ...ပြန်လည်မြင်ယောင်မိလာတယ်... မမရယ်...

နွေဆူးလင်္ကာ said...

ကိုရင်နော်ကြီးကိုကျော်ပီး ငယ်ဘဝကို သတိရနေတာလား

အွန်စော said...

ဘာပဲပြောပြော။ ထိပ်တည့်တည့်ကနေ လူကို မကြည့်ချင်တဲ့ပုံစံနဲ့ ကျောခိုင်းထားတာတော့ အကောင်းဘူး။

Ko Min Htet said...

အန်တီခင်ရေ့ ဖတ်ရတာ လွမ်းမိသဗျား။

ဒေါင်းမင်း said...

ဒီစာဖတ်ပြီး ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ သီချင်းကိုဆက်
နားထောင်နေမိတယ်။

jr said...

ခင်လေးရဲ့ ..
လူတိုင်းလွမ်းတတ်ကြတဲ့ အလွမ်းကို ခင်လေးရေးတာကြ ဖတ်လို့ကောင်းလိုက်တာ။
ပြန်ပြန်ထုတ်ကြည့်ချင်ဖွယ် အတိတ်တွေရှိတာကိုက တမျိုးကံကောင်းတာနော်။

ခင်မင်လျှက်
ဂျူနီယာလွင်ဦး

မန်းကိုကို said...

မိုးချုပ်တော့မယ် ..
တိမ်တွေကလည်း တောက်ပနေတယ် ..
တပိုင်းတစ်ပျက် သက်တံကလေးဟာ ကဗျာတစ်ပုဒ်ပေါ့ ..

တေးဆိုနေတဲ့ ဌက်ကလေးတွေလည်း အသံတွေတိုးသွားကြပြီ ..
ရှေ့ကမီးပုံပေါ်မှာကင်ထားတဲ့ စာကလေးသုံးကောင်ဟာလည်း ကျက်တော့မယ် ..

ဟီး .. နောက်တာပါ။
အပေါ်ကလူတွေ ရေးသွားကြတာကိုအားကျလို့။
အထွေထူးတော့မဟုတ်ပါဘူးဗျာ၊ စာကဗျာတွေ မခံစားတတ်ပေမယ့် ရောက်ကြောင်းကလေး စာတင်သွားတာပါ။ စိတ်မဆိုးကြေး :-)