Friday, October 15, 2010

အနားသတ်မရှိသော...

မှိုင်းတက်လာတဲ့ ကောင်းကင်ကို မော့အကြည့်မှာပဲ ကျွန်မမျက်နှာပေါ် မိုးဖွဲသေးသေးလေးတွေ ကျလာခဲ့သည်။
ထိုင်နေမိတဲ့ ခုံတန်းပေါ်က ထရပ်ပြီး ဟိုး... ခပ်လှမ်းလှမ်းက ထီးလိုအမိုးနဲ့ နေရာတစ်ခုဆီ လျှောက်သွားလိုက် ရလေမလား.. ပေပေတေတေနဲ့ ကျွန်မ ဆက်ထိုင်နေသင့်သလား..!! မိုးက သူ့ရာသီမဟုတ်ပဲ ရွာအချမှာ ကျွန်မကတော့ ကျွန်မစိတ်ရာသီ အကျင့်တစ်ခု အလိုအတိုင်း ထ... မရပ်ဖြစ်လိုက်..။ အို... မိုးက မိုးပဲ... သူရွာချင်ရွာမယ်.. ကျွန်မလည်း ဆက်ထိုင်ချင် ထိုင်နေမယ် ဒါပါပဲ။ ကံတရားကပဲ ကျွန်မကို အလိုလိုက်လိုက် လေသလားတော့မသိ... မိုးဖွဲလေးတွေက မိုးပေါက်တွေအဖြစ် ပြောင်းမသွားခဲ့။ ခပ်ကျဲကျဲနဲ့ ဖွဲဖွဲဖွဖွလေး သူ့တာဝန်သူ ငြိမ်ငြိမ်လေး ဆက်ထမ်းဆောင်လို့..။

မနေ့က ခုလိုအချိန်မှာလည်း ဒီလိုပဲ မိုးတွေအုံ့နေခဲ့ပါသည်။ ငွေ့ငွေ့လေး နွေးနေတဲ့ စကားသံတွေကလည်း ကျွန်မ နားထဲမှာ မနေ့က အတိုင်း။  အေးစိမ့်စိမ့်နိုင်တဲ့ လေတွေကလည်း မနေ့ကလိုပဲ ကျွန်မခန္ဓာကို ပွေ့ဖက်လို့။ မတူတာတစ်ခုကတော့ မနေ့က ခုလိုမိုးဖွဲလေးတွေ ရွာမနေခဲ့တာပဲ ဆိုပါတော့။ ကျွန်မ တစုံတရာကို လွမ်းဆွတ်ရင်း သတိတရ ရှိလွန်းနေသည်။ ကိုယ်တိုင် ဟန်ဆောင်ပြီး ခေါင်းကို ရမ်းခါထုတ်ပစ်လိုက်ရင်ကော..!! ဒါမှမဟုတ်..!!!  အားသန်နေသည့် အရာကတော့ အဲ့ဒီတစုံတရာကို ကျောက်စိမ်းရောင် ပိုးကတီပါတစ်စနှင့် တယုတယလေး ထုပ်ပိုးရင်း အစိမ်းရင့်ရောင် သော့တစ်ချောင်းခတ်ကာ သိမ်းထားချင်မိခြင်းပဲ ဖြစ်နေ၏။ ထိုအစိမ်းရောင်အထုပ်မှာ ရနံ့တစ်ခုသာ ရှိနိုင်မည် ဆိုလျှင် ထိုရနံ့သည်.. ပန်းနုရောင်ပန်းတစ်ပွင့်၏ နူးညံ့လွန်းတဲ့ ချိုမြိန်ရနံ့လေး ထုံသင်းနေမှာ သေချာလေသည်..။

သူပြောသွားခဲ့သော စကားအတော်များများမှာ ခဏခဏပါတတ်သည့် စကားတစ်ခွန်းကို အကြိမ်ကြိမ် သတိရနေမိသည်။ 

“ခင်ဗျားဟာ အတော်နားလည်ရခက်တဲ့ မိန်းမတစ်ယောက်ပဲ...” 

တွေးရင်း ပြန်ပြန်ရောက်သွားမိတဲ့ မနေ့ကဆိုသည့် ထိုအချိန်များထဲတွင် ကျွန်မပြန်လည် မွေ့လျော်နေလိုသေး၏။

“တကယ်ဆို ဘာမှန်းမသိတဲ့ ခင်ဗျားလို အမျိုးသမီးကို ကျနော် စိတ်မဝင်စားသင့်ဘူး...”

ကျွန်မကိုယ်တိုင် မှန်တစ်ချပ်ထဲ အတင်းတိုးဝင် ဖွေရှာပြန်တော့လည်း ကျွန်မစိတ်တွေကို မြင်နိုင်သည်မဟုတ်။ သူပြောသလိုပဲ ကျွန်မ ဘယ်သူလဲ..!! ဘာကိုတွေးပြီး ဘာတွေကို အကောင်ထည်ဖော်ဖို့ ဆန္ဒရှိသူလဲ..!! ကျွန်မ အာသီသ ရှိနေသည့် အရာတွေဟာ ဘယ်လိုပုံပန်း သဏ္ဍာန်မျိုးနဲ့ ကောက်ကြောင်းထင် နေတတ်တာလဲ..!! ကျွန်မနဲ့ ခပ်နီးနီးမှာရှိနေတတ်လား..!! ဟိုး.. ကောင်းကင်ပေါ်က တိမ်တိုက်ညိုတွေထဲမှာ ပုန်းအောင်းကွယ်ဝှက်နေတဲ့ မူပိုပို ကဗျာတစ်ပုဒ်လို ရှိနေမလား..!!

“ခင်ဗျားဟာ အိပ်မက် မမက်တတ်သူပဲ... အချစ်ကို ခံစားတတ်သူမှ မဟုတ်တာ..” 

ကောက်ကာငင်ကာနှင့် သူပြောချလိုက်သည့် ထိုစကားမျိုးမှာ မှင်တက်သွားမှုမရှိ။ ကြောင်အမ်းအမ်းမနိုင်။ ကျွန်မစိတ်တွေက ပကတိ အလျားလိုက် ရွေ့လျားလို့နေခဲ့ပါသည်။ ထိုက်သင့်တဲ့ ရင့်ကျက်မှုတစ်ခု ရှိလာသည့် လူတစ်ယောက်အဖို့ အချစ်ဆိုတာကို နားမလည်တတ်သူ ရှိမည်မထင်။ ကျွန်မ ခံစားတတ်ပါသည်။ တွေးယူ နားလည်တတ်ပါသည်။ သို့သော် ထိုအရာနှင့်ပတ်သက်၍ ကျွန်မမှာ ရှင်းပြဆွေးနွေးလိုစိတ် မရှိပြန်။

လူချင်းနီးကပ် ပေါင်းစပ်ဖို့၊ တစ်စုံတစ်ဦးထံမှာ အချစ်ကိုအပ်နှံဖို့၊ ချစ်ခြင်းတွေကို ရယူပိုင်ဆိုင်ဖို့၊ ဒါမှမဟုတ်... အသစ်အသစ်သော ဘဝတစ်ခုကို အတူတကွ အခြေခိုင်ခိုင် အုပ်မြစ်ချဖို့ ဆိုတာမျိုး ကျွန်မ မတွေးမိခဲ့ချိန်တွေ နှစ်ချို့လာခဲ့ပြီ။ ကျွန်မစိတ်တွေ အတိတ်တစ်စမှာ ဒဏ်ရာရဖူးခဲ့သည်လား..!! ဟင့်အင်း.. မှားပါသည်။ ချစ်ရမှာကို သတ္တိမရှိသူမျိုးလား..!! ဒါလည်း မဟုတ်ပြန်။ အတွေး လွန်တတ်သူတစ်ဦးလည်း မဟုတ်သလို နုံချာချာနှင့် လွယ်လင့်တကူ ခေါင်းညိတ် တတ်သူလည်းမဟုတ်။ ဒါဆို.. အတ္တကြီးသူလား...!!! ဒီစကား တစ်လုံးကတော့ ကျွန်မအတွက် နီးစပ်ကောင်း နီးစပ်ပါလိမ့်မည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ..............”

တုံးတိတိ ထိုစကား၏ နောက်ကွယ်ကို ကျွန်မ ပုန်းလျှိုးကွယ်လျှိုး လိုက်ရှာမိခဲ့သေးသည်။ ကောက်ကျစ်စဉ်းလဲမှုမျိုး မတွေ့ရ။ ရမ္မက်ပြင်းသော ပူပူလောင်လောင် စိတ်မျိုးမမြင်ရ။ သူပြောလိုသည်ကို ခပ်ရိုးရိုးရှင်းရှင်းနှင့်  စွပ်စွဲခြင်း၊ သို့မဟုတ် တင်ပြခြင်း သက်သက်မျှသာဖြစ်နေ၏။ တွေဝေမှုကင်းစင်နေသည့် အမျိုးသားတစ်ဦး၏ မျက်နှာကို စက္ကန့်အတော်များများရင်း၍ ကျွန်မငေးမောကြည့်ခဲ့ပါသည်။ သူ့မျက်နှာပေါ်တွင် အလင်းတချို့ တစ်ဝက်တစ်ပျက် ကျနေခဲ့သည်။ သူကိုယ်တိုင် ပြောချလိုက်သော စကားတိုင်းကို တာဝန်ယူလိုစိတ်၊ ယုံကြည်စိတ်ချစိတ် အပြည့်ရှိနေသူ မျက်နှာမျိုးလည်းဖြစ်သည်။ လေးစားစိတ်ဖြင့် ကျွန်မပြုံးမိတော့ သူက ခပ်လှမ်းလှမ်း ခုံတန်းရှည်ပေါ်တွင် နားနေသော ငှက်တစ်ကောင်အား စိုက်ကြည့်နေခဲ့၏။

“တခါတလေတော့ ခင်ဗျားဟာ ကျွန်တော် သိပ်ဖတ်ချင်တဲ့ ကဗျာတစ်ပုဒ်ပါ..”

ကဗျာ...!! ကျွန်မ....!!! ကဗျာမဆန်တဲ့ ကျွန်မကို ကဗျာတစ်ပုဒ်လို ဖတ်ချင်နေသူ တစ်ယောက် ကျွန်မဘေးမှာ ထိုင်နေပါလျှက် တိမ်တိုက်ကို မော့ကာကြည့်ပြန်သည်။ ထိုသူသည် ကျွန်မအတွက်  အန္တရာယ်ကင်းစွာ  နှစ်လိုဖွယ်ကောင်းနေပါသည်။ သို့သော်... ကျွန်မပါးစပ်မဟဖြစ်။ နှုတ်ဆိတ်မြဲ ဆိတ်နေခဲ့၏။ သူ့မျက်လုံးတွေရဲ့ လားရာအတိုင်း ကျွန်မလိုက်ကာ မော့ကြည့်မိတော့ အုံ့မှိုင်းစပြုနေသော တိမ်တိုက်တို့သည် ရုတ်ကနဲ မည်းမှောင်သွားသည်။ တိမ်တိုက်တွေတောင် ကျွန်မစိတ်တွေကို နှစ်မြို့ဟန်မတူပါ။

“ကျွန်တော် ဘာကို ကြားချင်တယ်လို့ မပြောလိုတော့ပါဘူး”

ထိုစကားအတွက် ကျွန်မ သူ့ကို ကျေးဇူးတင်မိသွားပါသည်။ ရုန်းထလာသော ကျွန်မစိတ်တို့သည်လည်း အလိုကျ ပျော်ရွှင်လွတ်လပ် ပေါ့ပါးသထက် ပေါ့ပါးနေကြပေလိမ့်မည်။ ကျေးဇူးတင် ကျေနပ်စိတ်တွေနှင့် မှိုင်းဝေဝေ ညနေခင်းကို ကျွန်မတို့ ကိုယ်စီ နှုတ်ဆက်ဖို့ ပြင်ဆင်ခဲ့ကြ၏။ အမျိုးသားတစ်ဦး၏ အပြုံးသည် တည်ငြိမ်ကြည်စင်နေသလို ကျွန်မ၏ နှုတ်ခမ်းနှစ်လွှာသည်လည်း ပြေလျော့လျော့ ရှိနေခဲ့ပါသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ပါ.... ခင်ဗျားထင်တာထက် ကျွန်တော် ပိုချစ်နေမယ် ဆိုတာပါပဲ... အချိန်ရယ်.. ခင်ဗျား သတိမမှုမိတဲ့ ကျွန်တော့် နားလည်မှုရယ်တွေက အကောင်းဆုံး သက်သေပြပါလိမ့်မယ်”

တိတ်ဆိတ်သွားခဲ့သည်။ အိမ်ပြန်ချိန်အတွက် နှုတ်ဆက် ခွဲခွာလိုက်ကြသည်။ အင်မတန်မှ ရိုးရှင်းခဲ့ပါသည်။

သို့သော်.....!!!

မနေ့က ရိုးရှင်းလွန်းသည်ဟု ထင်အပ်ခဲ့မိသော တစုံတရာသည်... ယခုမိုးဖွဲများအောက်မှာပင် မထင်မှတ်လောက်အောင် ကျွန်မအတွက် ဆန်းကျယ်လွန်း နေခြင်းပင်ဖြစ်တော့၏။ မျက်စေ့ကို မှိတ်ကာ အမြင်အာရုံကို ဖျောက်လိုက်သည်။ အစိမ်းရောင် ပိုးပုဝါကို ဖွဖွလေးဖြည်ချ၍... အရာတစ်ခုကို တယုတယ ထည့်လိုက်သည်။ ထို့နောက် သွေးစအချို့ဖြင့် ရဲနေသည့် အစိမ်းရောင် သော့တစ်ချောင်းနှင့်  ထိုအရာကို တစ်သက်လုံးစာ ခတ်လိုက်မိတော့သည်...။

“ကျွန်မ ရှင့်ကို...........”

ထိုအစိမ်းရောင် အထုတ်လေးထဲသို့ တိုးဖျော့ကာ မရဲတရဲနှင့် တိမ်ဝင်သွားခဲ့သော ကျွန်မစကားသံလေးမှာ ဝန်ခံလိုမှု အင်အားကင်းမဲ့၍ နေပါလိမ့်မည်...။ ထိုစကားတစ်ခွန်း၏ အနားသတ်မျဉ်းကို မဆွဲလိုက်သူမှာ ကျွန်မကိုယ်တိုင်ပင် ဖြစ်ပါသည်။ မည်သည့် တစ်ဦးတစ်ယောက်မှ သိရန် မလိုအပ်တော့ပါ။

(ခင်လေးငယ်)

ဖွင့်ဟချက်။      ။ ကျွန်မ၏ ထုံးစံများအတိုင်း စကားစုများကို အမှတ်တရ အနေဖြင့် ချရေးထားခြင်း သက်သက်သာဖြစ်ပါသည်။

18 comments:

mitoelay said...

T Nge..,
It is so lovely. Really nice and touchful!

သဒ္ဓါလှိုင်း said...

တခါတရံမှာ ၀န်ခံလိုမှုကင်းမဲ့နေတာက ဝေးကွာမှုတွေနဲ့
ပက်ပင်းတိုးမိသွားခဲ့ကြတယ်နော်..။ တသက်လုံးစာ
ခတ်မယ့် သော့တချောင်းက ဘယ်လိုသော့လေးပါလိမ့်.

ချစ်တဲ့
ညီမသဒ္ဓါ

angelaranin said...

I REALLY LIKE MA MA TI NGE ! GO ON...

Anonymous said...

အရမ်းဂွတ်တယ် တီငယ်
ကျွန်မစကားသံလေးမှာ ဝန်ခံလိုမှု အင်အားကင်းမဲ့၍ နေပါလိမ့်မည်...
ကျွန်မ ရှင့်ကို------------------------
အရမ်းဂွတ်တယ် တီငယ်

ချိုခ

နှင်းဟေမာ said...

လာရောက်ခံစားဖတ်ရှုသွားပါတယ် မငယ် ...

နှင်း

အိပ်မက်ရှင် said...

"ခင်ဗျားဟာ အိပ်မက် မမက်တတ်သူပဲ... အချစ်ကို ခံစားတတ်သူမှ မဟုတ်တာ" တဲ့ ။

သိပ်ဟုတ်တာပေါ့ ... ။ အိပ်မက် မက်တတ်တဲ့သူတွေသာ အချစ်ကို ခံစားတတ်ကြတာ ...။ ကျွန်တော် အယူအဆနဲ့ တိုက်ဆိုင်တယ်လို့ ... ။

ပျော်ရွှင်ပါစေ ..
အိပ်မက်ရှင်

Nyein said...

အချစ်အတွက် စိတ်ကုန်စ ပြုနေတာများလားလေလို့ ..... !!
အဲ့ဒီ့ အနားမသတ်နိုင်တဲ့ မျဉ်းရယ် ၊ “ ကျွန်မ ရှင့်ကို ....” နောက်မကျသေးတဲ့ အချိန်မှာ ဘယ်သူမှမသိသေးခင် မဆွဲဖြစ်လိုက်တဲ့ အနားလေး ပြန်သတ်လိုက်နော် မး)

ချစ်လျှက်
ငြိမ်း

Anonymous said...

အစိမ်းရောင် သော့လေးတစ်ချောင်း ...
အနားသပ်မျဉ်းတစ်ကြောင်း ..
နောက်...
...
mnhy

M said...

လုပ်ပြန်ဘီ.... :)
အင်မတန်မှ ရိုးရှင်းခဲ့ပါသည်။ :PP

အိန္ဒြာ said...

ကျွန်မရှင့်ကို.....ဆက်ပြောလေ...

း)

စကားလုံးတွေက အနားသတ်ပေးနေစရာမလို့ပဲ
တိတိကျကျပုံပေါ်နေတဲ့ အခါ.....

စ ကား လုံး မ ရှိ တဲ့ ကောင်း ကင်.....တဲ့

အလိုလို နားလည်နေတတ်တာ ပိုသိမ်မွေ့နေပေါ့

ကိုဇော် said...

ကောင်းပါပေတယ်။ အရေးအသားရဲ့ နုညံ့မှုကတော့ ပြောနေမနေနဲ့တော့။ ဂွတ်...

ချော(အစိမ်းရောင်လွင်ပြင်) said...


အပြာရောင်စာလုံးတွေက တစ်စုံတစ်ယောက်က ပြောခဲ့လေသလားနော်။
တခါတလေတော့လဲ ကိုယ့်ရင်ထဲက စကားလုံးတွေကို သော့တစ်လုံးနဲ့ခတ်ပစ်လိုက်မိတတ်ပြီး ဘယ်တော့မှ ပြန်မဖွင့်ဘဲ နေလိုက်တာက ပိုများကောင်းလေမလား မသိဘူးနော်.
မရဲ့ ရင်ထဲက စာလုံးတွေက အမြဲတမ်း ဖတ်ချင်စဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်စွမ်း ရှိနေပါတယ်.. ထပ်ပြီး ရေးပါဦးလို့ မျှော်လင့်နေပါရစေ။
ခုမှ အွန်လိုင်းတက်လာနိုင်လို့ နောက်ကျသွားတယ်.. ခွင့်လွှတ်

Anonymous said...

မြစ်တစ်မြစ်ထဲမှာ ရေနှစ်ခါချိုးလို့မရဘူးတဲ့
သော့ခတ်သိမ်းချင်ဟာ ပိုင်ဆိုင်မှုလား
ဘဝဆိုတာ
နောက်ပြန်လှည့်ကြည့်စရာမရှိအောင် တိုလွန်းတယ်
အိပ်မက်ထဲမှာ ပွင့်တဲ့ပန်းကို အမိအရ ခူးဖို့ပဲ

မယ်ကိုး said...

အမြဲလှနေသော စကားလုံးများး)

မီးလေးဇာ said...

ခင်ဗျားဟာ အတော်နားလည်ရခက်တဲ့ မိန်းမတစ်ယောက်ပဲ......) တီငယ်ရေ မှင်ပြာတွေနဲ့ရးတဲ့ထဲမာ တိုက်ဆိုင်တာတွေက နည်းနည်များနေတယ် ဟိဟိ..... ဒီစကားလုံးက ခဏခဏပြောလွန်းလို့ ....မီးလေးဇီဇာကြောင်လွန်းလို့ ထွက်လာတဲ့စကားဖြစ်လိမ့်မယ် တစ်ခါတစ်လေ သူ့ကိအရမးချစ်ပြနေပြီး တစ်ခါတစ်လေကျတော့လဲ ဂရုမစိုက်သလိုနေတတ်လို့လေ နားလည်ရခက်ရင်လဲ လွယ်အေင်ကြိုးစားပေါ့နော် ဟီးးးးးးးးး မွှားးတီငယ်

ဖိုးမောင် said...

မခင်ရေ...
မဖတ်ဖြစ်တာ အတော်ကြာပါပီ... နုညံလှပတဲ့စကားလုံးတွေနှင့်... သီကုံးထားတဲ့... ကဗျာလေး တစ်ပုဒ်လိုပါပဲ...
တခါတလေ ပြောတဲ့စကားတွေထက်.... မပြောပဲ ထားဖြစ်ခဲ့လိုက်တာကပိုပြီး နက်ရှိုင်းနေတတ်ပြန်တယ်... သံသရာ ဆိုတာ အနားသတ်မရှိတဲ့ ဟင်းလင်းပြင်ကြီးဆိုရင်... အချစ်ဆိုတာ သံသရာ ဟင်းလင်းပြင်ကြီးထဲက လှပတဲ့ တိမ်အရုပ်လေး တစ်ခုလေများလား...

လေးစားစွာဖြင့်
ဖိုးမောင်

Cho said...

အစ်မတော်။

ရောက်တုန်းလေး အပြေးဝင်ဖတ်မိတာ
အရေးလေးတွေပြောင်းနေသလိုပဲ ဘယ်လိုပဲရေးရေးကောင်းလိုက်တာ..
ပေးတတ်တဲ့ရသကိုတော့မပြောင်းလဲဘဲရနေဆဲနော်။

ချစ်တဲ့ ညိမ
Cho.

mayzin said...

ုအခု ပထမ ဦးဆုံး အကြိမ် ဖတ်မိတာ ပါ ကောင်းပါတယ် .....
( နားလည်ရ ခက်တဲ့ မိန်းမ တစ်ယောက်ကို များ ဘာလို့ ကဗျာ တစ်ပုဒ် လိုမျိုး များ ဖတ်ချင်နေတာ ပါလိမ့် ဒါမှမဟုတ် နားလည်ရခက်တဲ့ ကဗျာ တွေ ကိုပဲ စိတ်ဝင်စား တဲ့ လူဖြစ်နေလို့လား)
ကိုရင် .......