Sunday, September 21, 2008

နောက်ဆုံးနေ့မှသည် ထိုနေ့များဆီသို့...

အခန်းတံခါးကို ဖွင့်လိုက်တော့ မိုးစက်လေးတွေ လေနဲ့အတူ တိုးဝင်လာတယ်.. အိပ်ယာကနိုးရင် ပြူတင်းပေါက်တံခါးကို ဖွင့်လေ့ဖွင့်ထ မရှိပါဘူး.. ဒီနေ့တော့ လောကကြီးကို ဖွင့်ကြည့်နေမိတယ်.. ရေအဝသောက်လိုက်တယ်.. ရေလည်း သောက်လေ့သောက်ထ မရှိပါဘူး.. ဒီနေ့တော့ ထူးထူးခြားခြား သောက်နေမိတယ်...။

“ကလင်း..လင်း.. ကလင်း.. လင်း.. လင်း... ”
စားပွဲပေါ်က နာရီနိုးစက်သံကလည်း သူ့အလုပ်သူလုပ်လို့ အချိန်ရောက်ပြီဆိုတာ အသိပေးနေသလို..။ ဒီနေ့တော့ ထူးထူးခြားခြား နာရီသံထက် ကိုယ်က ဦးအောင်နိုးနေမိတယ်..။ ခေါင်းရင်းက ဖေဖေနဲ့ မေမေ့ ဓါတ်ပုံကလည်း မြင်နေကျအတိုင်း ပြုံးပြနှုတ်ဆက်မြဲ..။ ခါတိုင်းနေ့တွေ တစ်ခါလောက်သာ ကြည့်မိပေမယ့် ဒီနေ့တော့ အချိန် တော်တော်ကြာကြာ ကြည့်နေမိတယ်..။ ဘုရားစင်ပေါ်က ပန်းလေးတွေတောင် နွမ်းခြောက်နေပြီ..။ ဒီနေ့တော့ ပန်းလေးတွေ ဝယ်လာပြီး ကပ်မယ်လို့ စိတ်ကူထားလိုက်တယ်..။ လက်အုပ်ချီလိုက်မိတဲ့ ကျနော့် လက်ဖဝါးနှစ်ဖက်က အေးစက်လွန်းနေတယ်..။

အိပ်ယာနိုးတိုင်း ပုံမှန် လုပ်နေကျအလုပ်တစ်ခုဖြစ်တဲ့ ဂျီတော့နဲ့ဘလော့လေးကို ဝင်ကြည့်မယ်လုပ်တော့ ကွန်နက်ရှင်က လုံးဝကိုပြတ်နေတယ်..။ အချိန်က မရတော့ဘူး.. အလုပ်ကလည်း သွားရဦးမှာဆိုတော့.. ရုံးရောက်မှ ဖွင့်ကြည့်တော့မယ်လို့ စိတ်ကူးပြီး ရေအရင်ချိုးလိုက်တယ်.. ရေမိုးချိုးပြီး ဖုန်းလေးကို ကြည့်လိုက်မိတော့ “သူ့”ဆီက မစ်ကော တစ်ခု ဝင်ထားတယ်.. ချက်ခြင်းပြန်ခေါ်လိုက်ပေမယ့် လုံးဝ ခေါ်လို့မရဘူးဖြစ်နေတယ်..။ ကျနော့်စိတ်တွေ ခါတိုင်းထက် လေးလံနေတယ်.. ဘယ်မှမသွားချင်ဘူး.. ဘားမှမလုပ်ချင်ဘူး..။

ကားကို ခပ်မှန်မှန်လေးပဲ မောင်းလာခဲ့တာပါ......
တကယ့်ကို ဖြေးဖြေးမှန်မှန်လေးရယ်ပါ.....
ကျနော့်စိတ်တွေ ကျနော်နဲ့အတူရှိနေသလား.. ဟိုး.. အဝေးတစ်နေရာမှာလား.. ဆိုတာကတော့.......

ကျနော် မှားသလား.. မှန်သလား.. ကျနော် ဘာဖြစ်သွားတာလဲ.. ဘာကိုမှမသိလိုက်ခင် ကျနော် ဘေးမှာ.. ကျနော်မသိတဲ့သူတွေ ကျနော့်ကို ဝိုင်းအုံကြည့်နေကြတယ်.. ကျနော့်ကိုယ်ကျနော် ပြန်ကြည့်မိတော့.. အမြင်တွေအားလုံး ပျောက်ကွယ်နေတယ်.. အသံတွေအားလုံး တိတ်ဆိတ်နေတယ်..။ လူနာတင်ယာဉ်ရဲ့ ဥသြသံက ကျနော့်ကို ဟိုး..အဝေးဆုံးသို့ ခေါ်ဆောင်သွားခဲ့ပါပြီ..။

ကျနော်.. ပထမဆုံးရောက်သွားတာ အေးစက်စက် အခန်းငယ်တစ်ခုထဲကို..။ ငြိမ်သက်နေတဲ့ အခန်းထဲမှာ ကျနော် အထီးကျန်စွာ တစ်ယောက်တည်း..။ ဟိုးအဝေးက သီချင်းသံခပ်တိုးတိုးလေး ကြားနေရတယ်.. ရယ်မောသံတွေ.. ဓါးသွေးသံတွေ.. သက်ပြင်းချသံတွေ.. ငိုရှိုက်သံတွေ..။

ကျနော်.. ရောက်နေတာ လွင်ပြင်ကျယ်ကြီး တစ်ခုထဲကို..။ ငြိမ်သက်နေတဲ့ လွင်ပြင်ကျယ်ကြီးထဲမှာ ကျနော်တစ်ယောက်တည်း အထီးကျန်စွာ..။ လေပြင်းတွေ တိုက်နေတယ်.. ခေါင်းလောင်းထိုးသံတွေ ကြားနေရတယ်.. နေမင်းကြီးမရှိတဲ့ ကွင်းပြင်ကြီးက ပူပြင်းလွန်းနေတယ်..။

ကျနော်.. ရောက်နေတာ ခြံဝင်းကျယ်ကျယ် အိမ်အိုကြီးတစ်လုံးထဲကို..။ တိတ်ဆိတ်နေတဲ့ အိမ်အိုကြီးထဲမှာ ကျနော် တစ်ယောက်တည်း..။ ဖေဖေနဲ့မေမေ့ရဲ့ ဘုရားဝတ်ပြုသံတွေ ကြားနေရတယ်.. မီးဖိုချောင်က ဟင်းနံ့တွေ မွှေးလွန်းနေတယ်.. ကျနော့်အိပ်ခန်းထဲက စန္ဒယားသံ တစ်ချက်တစ်ချက် ကြားနေရတယ်.. နရံမှာချိတ်ထားတဲ့ ကျနော့်ဓါတ်ပုံက ကျနော့်ကို ပြုံးပြနေတယ်..။

ကျနော်.. ရောက်နေတာ နိုင်ငံကြီးတစ်ခု.. လမ်းဆုံကြီးတစ်ခုရဲ့ ဓါတ်တိုင်အောက်မှာ..။ မိုးရေတွေထဲမှာ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေတာ ကျနော် တစ်ယောက်တည်း...။ မိုးချုန်းသံတွေ ကြားနေရတယ်.. ဖုန်းမြည်သံတွေ.. ဆူဆူညံညံ စကားသံတွေ.. ဗုံတီးသံတွေ.. ကားသံတွေ.. ရထားခုတ်သံတွေ.. နောက်.. “သူ့” ရဲ့ ရင်ခုန်သံတွေ.. ခြေသံတွေ..။

ကျနော်.. ရောက်နေတာ ဆီပူပူ ဒယ်အိုးထဲက အောက်ဆုံးတစ်နေရာမှာ..။ ကျနော် တစ်ယောက်တည်း ဆိုတာထက် များစွာသော အပြစ်သားများ..။ ပူလောင်နေတယ်.. နာကျင်နေတယ်.. သွေးညှီနံ့တွေ.. ညှော်နံ့တွေ.. အပုပ်နံ့တွေ.. ခရင်းသံတွေ.. ဓါးသံတွေ.. အော်ဟစ်ငိုယိုသံတွေ.. ခွေးအူသံတွေ..။

ကျနော်.. ရောက်နေတာ တိမ်တိုက်တွေထက်မြင့်တဲ့ ဟိုးအမြင့်ဆုံးက ငြိမ်းချမ်းသောနေရာ တစ်နေရာ..။ ကျနော် တစ်ယောက်တည်း ဆိုတာထက် များစွာသော ဖြူစင်သန့်ရှင်းသူများ..။ သာယာလှပနေတယ်.. လွတ်လပ်နေတယ်.. ပေါ့ပါးလန်းဆန်းနေတယ်.. ငြိမ်းချမ်းနေတယ်.. ဓမ္မတေးသံတွေ ကြားနေရတယ်.. ငှက်ကလေးတွေ ပျော်ရွှင်စွာတေးသီနေကြတယ်..။

ကျနော်.. ရောက်နေတာ ခရီးလမ်းဆုံး တွင်းနက်နက်ထဲက ခေါင်းတလားတစ်လုံးအတွင်းမှာ..။ ကျနော်.. တစ်ယောက်တည်း အထီးကျန်စွာ အိပ်စက်နေတယ်..။ ငြိမ်သက်နေတယ်... တိတ်ဆိတ်နေတယ်... ငြိမ်းချမ်းနေတယ်.. ဝိညာဉ်မဲ့နေတယ်... အသားတွေရိရွဲ ကွဲအက်နေတယ်.. ရွံရှာဖွယ် ပုပ်ပွနေတယ်..။

တစ်ရက်တော့ ကျနော့်ကို အားလုံး မေ့သွားကြမှာပါ.. သေချာပါတယ် ဒါဟာသဘာဝ.. ကျနော်ကတော့ တစ်ယောက်တည်း အရိုးဆွေးနေတယ်....။

(ကိုရင်နော်)

မှတ်ချက်။ ။ မသေခင် (၁၀) ရက်အလို ဘာတွေလုပ်မလဲတဲ့ ညီမလေးDream က Tag ထားတာ လွန်ခဲ့တဲ့ (၁၀) ရက်ကပေါ့..။ ရေးမယ်ရေးမယ်နဲ့ (၉) ရက်လုံးလုံး စဉ်းစားလာတာ ဘာတွေလုပ်ရင်ကောင်းမလဲ.. အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေမလဲလို့..။ ဒီတော့ ကွေးသောလက်နဲ့ ဆန့်သောလက်ကြားမှာ သန့်ရှင်းဖြူစင်သူ တစ်ယောက်အဖြစ်နဲ့ ပျော်ပျော်ကြီး သေနိုင်အောင် ကြိုးစားနေမယ်လို့ပဲ ပြောပါရစေ..။ (၁၀) ရက်မြောက် နောက်ဆုံးနေ့နဲ့ နောက်ပိုင်းကာလလေးကိုတော့ စိတ်ကူးရေးသားထားတာပါ..။ :) ဒီပိုစ့် တင်အပြီး ကိုရင်နော် တစ်ယောက် ဘလော့လောကထဲက တကယ်ပျောက်သွားခဲ့ရင် သွားရှာပြီလို့သာ မှတ်လိုက်ပေတော့.. :P

23 comments:

Dream said...

ဦးနော်ရေ..အမျှ..အမျှ..အမျှ... အဲ..ဟုတ်ပါဘူ..
ဦးနော်ကြီးကလည်း..အဲလိုလုပ်ပါနဲ့..
ဖတ်ပြီးတော့ရင်ထဲမှာတောင်နင့်သွားတယ်။
တကယ်တမျိုးပဲဖြစ်သွားတယ်။ :(

ဘာပဲပြောပြောလေ..ခုလိုရေးပေးတာအရမ်းကို
ကျေးဇူးတင်ပါတယ်။ရေးပုံရေးနည်းကသူများနဲ့ မတူတော့အမှန်ပဲ။လေးစားရပါတယ်ဦးဦးနော်ရေ။

Moe Cho Thinn said...

စာရေး အင်မတန် ကောင်းတာပဲ။ လူပါ ကိုရင်နော် နဲ့အတူ မျောသွားတယ်။

Republic said...

ကိုရင် ပြောပြသွားတဲ့ အရာတွေက အများကြီးပါပဲ ၊၊ တန်ဖိုးရှိလှပါတယ် ၊၊ ဆူညံစွာအော်ဟစ်နေတဲ့ အများစု
ုဝေးနေတတ်တဲ့ နေရာထက် ငြိမ်သက်အေးချမ်းတဲ့ တစ်နေရာမှာ တိတ်တဆိတ်တစ်ယောက်တည်း ရဲရဲဝံ့ဝံ့ နေလိုက်စမ်းပါ တယ်ရင်းကြီး ကိုရင် ၊၊

ခင်မင်စွာဖြင့်
ကိုလစ်

ခင်လေးငယ် said...

ကိုရင်...
နင်နော်... မှားလားမှန်လားတောင် မသိလိုက်ဖူးလားဟာ.!!
နင်မကောင်းဘူး.. ငါစိတ်မကောင်းဖြစ်အောင်လုပ်တယ်..
စိတ်ပုတ်ကြီးးးး
ဟွန်းးးး

အညာသား said...

ကျုပ်ဖြင့်... ဖတ်ရင်းနဲ့ တစ်ကယ်သေသွားသလိုမျိုးကြီး ဖြစ်သွားတယ်ဗျာ။
ဖြစ်သေးပါဘူး.... သေရင် ကောင်းရာမွန်ရာရောက်အောင် ဘုရားတရားလေးဘာလေး လုပ်အုံးမှ။ :P

ဝေလေး said...

ငိုချင်အောင်လုပ်တယ် ဦးနော် မကောင်းဘူး.... ဟီးး ဟီးး (ငိုသွားပြီ..)
ဒါပေမယ့် မှန်တာတွေပဲ တစ်နေ့တော့ အားလုံးမေ့သွားမှာပါ... အဲဒါတွေးပြီးကြောက်တယ်.. သတိရနေမယ့်လူရှိရင်ကောင်းမယ်နော် အဟိ. :P

အိတာ said...

သေခါးနီးတောင် ဖုန်းသံကကြားချင်တုန်း....ဟီဟီ
စတာ
ခင်မင်လျက်
အိမွန်တာ

Taungoo said...

tag ကို ပြန်ဖြေထားတာလို့ ကိုနော်မပြောခဲ့ရင် ဒါဟာ
ဝတ္ထုတစ်ပုဒ်လား
အက်ဆေးတစ်ပုဒ်လား
သံဝေဂလင်္ကာလား........
ရသမြောက်လှပါတယ် ကိုနော်

မေတ္တာဖြင့်

ခင်လေးငယ် said...

ကျနော်.. ရောက်နေတာ နိုင်ငံကြီးတစ်ခု.. လမ်းဆုံကြီးတစ်ခုရဲ့ ဓါတ်တိုင်အောက်မှာ..။ မိုးရေတွေထဲမှာ ကြေကွဲစွာ ငိုကြွေးနေတာ ကျနော် တစ်ယောက်တည်း..။ မိုးချုန်းသံတွေကြားနေရတယ်.. ဆူဆူညံညံ စကားသံတွေ.. ဗုံတီးသံတွေ.. ကားသံတွေ.. ရထားခုတ်သံတွေ.. “သူ့”ရဲ့ ရင်ခုန်ရသောခြေသံတွေ..။
...............
.........................
ဟေ့ယောင်..!!
အဲ့ဒီနေရာလေးကို ငါသိနေတယ်နော်.. သရဲမချောက်နဲ့.. ဒါဘဲ..

(((ဟွန့်... သရဲကလည်း နှပ်ချေးတွေနဲ့ :D ဟက်..ဟက်)))

ဇင်ယော် said...

ကိုနော်ကြီး ရေးထားတာဖတ်ပြီး သေရမှာ ပိုလန့် လာ တယ်ဗျ။ ဘုရားစင်ရှေ. ကြာကြာလေး အချိန်ပေးဦးမှပါ။ အင်း ကြာရင်တော့ မေ့သွားကြဦးမှာပါ။ ခုတော့ မသွားနဲ့ ဦးလေဗျာ။ ကိုလစ်ကြီး သောက်ဖော်သောက်ဖက် ပျောက်သွားဦးမယ်။

မောင်မျိုး said...

ကိုရင် ရေးထားတာ သူများတွေနဲ့ မတူပဲ အက်ဆေး ကောင်းကောင်းလေး အားကျတယ် ရေးတက်တာ မမေ့ပါဘူးဗျာ..........း)

မာရေးသျှင် said...

တကယ်ကို စာရေးတတ်တဲ့သူပါပဲ ခင်များ။
တော်လိုက်တာဗျာ။

Anonymous said...

စာရေးကောင်းတယ်ဗျို့ 

BLACK DREAM said...

အရေးအသား အရမ်းကောင်းတယ်ဗျာ...။

လားရှိုးသူ said...

အင်းးးးးးးးး လောကရဲ့ တရားလေးတွေပါလားနော်၊ တကယ်ကို သံဝေဂရတယ်၊ ငြိမ်းချမ်းတဲ့နေရာလေး ကို တယောက်တည်း မသွားချင်ဘူး၊ အဖော်များများပါအောင် ကြိုးစားအုံးမှဘဲ။

တားမြစ် ထားသော... said...

ကိုရင်နော်။
တွေ့မိသမျှ ဒီ Tag Game မှာ ဒီပိုစ့်ကို သဘောကျတယ်။ နောက်ဆုံးအပိုဒ်လေးကိုတော့ အနှစ်သက်ဆုံးပဲ။

“ကျနော်.. ရောက်နေတာ ခရီးလမ်းဆုံး တွင်းနက်နက်ထဲက ခေါင်းတလားတစ်လုံးအတွင်းမှာ..။ ကျနော်.. တစ်ယောက်တည်း အထီးကျန်စွာ အိပ်စက်နေတယ်..။ ငြိမ်သက်နေတယ်... တိတ်ဆိတ်နေတယ်... ငြိမ်းချမ်းနေတယ်.. ဝိညာဉ်မဲ့နေတယ်... အသားတွေရိရွဲ ကွဲအက်နေတယ်.. ရွံရှာဖွယ် ပုပ်ပွနေတယ်..။

တစ်ရက်တော့ ကျနော့်ကို အားလုံး မေ့သွားကြမှာပါ.. သေချာပါတယ် ဒါဟာသဘာဝ.. ကျနော်ကတော့ တစ်ယောက်တည်း အရိုးဆွေးနေတယ်..။”

သုခမိန်(E-Journal)

ကောင်းကင်ကို said...

Tag ကို ရသမြောက်အောင် ရေးသွားတာ ကောင်းတယ်ဗျာ။

GreenGirl said...

တကယ်ကြီးလားလို့...း(((

photochitoo ချစ်ဦး ช่างภาพ-วิชาญ said...

စိတ်ကူးကောင်းပါတယ်။ ဒါကြောင့်အရေးအသားလက်ရာမြောက်တာပေါ့။

လေးစားစွာဖြင့်
ချစ်ဦး

ဟန်သစ်ငြိမ် said...

တားတား နိုချင်ရာဘီနော်... တားတို့ဂို ခွဲတွားရ၀ူးလေ... ဦးနော်...။

ဒီဇင်ဘာနှင်း said...

ကိုရင်နော်စာကိုဖတ်ရတာ အရမ်းကောင်းပါတယ်

ဝါ၀ါခိုင်မင်း said...

ကိုရင်နော် ရေ..
တော်တော်လေး အရေးအသားကောင်းတာပဲနော်။
ဖတ်လို့ကောင်းလိုက်တာ ။ အသိတရားတွေလည်း
ရသွားတယ်. ၁၀ ရက်ဆိုတာကြိုမသိပဲ ချက်ချင်းသေသွားခဲ့ ရင် ဘယ်ဘုံကို ရောက်သွားမလဲ
မသိဘူးနော်. အဟီး.. ကျောချမ်းလိုက်တာ။စေတနာ
တွေ၊ ကုသိုလ်တွေ ၊ မြဲအောင်နေမှပဲ။
ကျေးဇူးပါ..ကိုရင်နော်။

မေတ္တာရောင်ပြန် said...

ဟုတ်တယ်နော် ဦးနော်။ လူဆိုတာ သေမျိုးတွေချည်းပဲ ဒါပေမယ့် ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ သေသွားလို့ ဘယ်ဘုံရောက်မယ်ဆိုတာလည်း မသိဘူး။ မမိပြုတဲ့ ကံသာလျှင် မိမိနောက်ကို ပါလာမှနော်။ မသေခင်လေး ကောင်းတဲ့ကံကိုပါနိုင်အော် ပြုလုပ်ရမယ်နော်။ ကျေးဇူးပါ ဦးနော်။ အသိဥာဏ်တွေ ရလိုက်ပါတယ်။

လေးစားလျှက်
ရောင်