Tuesday, September 30, 2008

ရင်ခုန်နေသော သက်မဲ့အရုပ်လေး...

“အရုပ်လေးရေ... တို့ အရမ်းချစ်တယ်.. သိလား..” တဲ့
သူခဏခဏပြောတတ်တဲ့ စကားသံလေးကို ကြားယောင်နေမိတယ်...။
အရင်ကဆို စာကြည့်စားပွဲလေးပေါ်က ကွန်ပျူတာလေးဘေးမှာ အမြဲနေခွင့်ရခဲ့တာပါ..။ သူ့မျက်နှာလေးကို နေ့တိုင်းမြင်ခွင့်ရခဲ့တယ်.. သူ့အသံလေးကို အမြဲကြားခဲ့ရတယ်.. ဆော့ကစား ကြည်စယ်မှုတွေကိုလည်း ကြည်နူးခဲ့ရတယ်.. သူ့ရဲ့ ယုယကြင်နာစွာ ပွေ့ဖက်နမ်းရှိုက်မှုတွေကိုလည်း ရင်ခုန်ခဲ့ရပါတယ်..။ အခုတော့ မှောင်မဲမွန်းကြပ်မှုတွေနဲ့ သူ့မျက်နှာ အလင်းရောင်လေးကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်စောင့်စားနေရတဲ့ အရုပ်လေးရယ်ပါ...။

အရုပ်မျိုးစုံရောင်းတဲ့ အရုပ်ဆိုင်ကြီးတစ်ဆိုင်မှာ ဝယ်သူကို စောင့်နေရတဲ့ အရုပ်လေးအဖြစ် နေခဲ့ရတာ နှစ်တွေ တော်တော်ကြာခဲ့ပါတယ်.. ဒီအရုပ်ဆိုင်ကြီးကို စရောက်ခါစက အရုပ်စင်ရဲ့ ရှေ့ဆုံးတန်းမှာ နေခွင့်ရခဲ့သေးတယ်.. အချိန်ကြာလာတာနဲ့အမျှ ဝယ်သူလည်းမရှိလေတော့ တဖြည်းဖြည်း တန်ဖိုးကျကာ အနောက်ဖက်တန်းကို ပို့ခံရတယ်.. အရောင်အသွေးစုံ မျိုးတူပုံတူ အရုပ်လေးတွေ အစုအဖွဲ့အလိုက် အတူတကွနေရချိန်မှာ Koala (ကာဝါးလား) ရုပ်လေးဖြစ်တဲ့ ကျနော်ကတော့ အဖော်မရှိ တစ်ရုပ်တည်း အထီးကျန်စွာနဲ့ပေါ့..။

ဆိုင်ကို အရုပ်ဝယ်သူတွေလာရင် ကိုယ့်ကို ဝယ်နိုးဝယ်နိုးနဲ့ မျှော်လင့်ခဲ့ရတာ နေ့တိုင်းပါ.. တစ်ချို့ဆို ကိုင်ကြည့်ပြီး ပြန်ချသွားကြတယ်.. တစ်ချို့ဆို လည့်တောင်မကြည့်သွားကြဘူး.. ဘာလို့ကျနော့်ကို မဝယ်ကြတာလဲ.!! ကျနော်က ချစ်စရာမကောင်းလို့လား.!! ရုပ်ဆိုးနေလို့လား.!! ကျနော့် လက်သည်းတွေ ဆူးမှာစိုရိမ်လို့လား.!! Teddy Bare ရုပ်လေးတွေ.. Pooh ရုပ်လေးတွေကို မနာလိုဖြစ်မိတယ်.. သူတို့ကတော့ ဝယ်သူတွေ ရောက်လာတိုင်း ပျော်ရွှင်မြူးတူးစွာနဲ့ လိုက်ပါသွားကြတာ.. သူတို့တွေ အရုပ်ပိုင်ရှင်တွေနဲ့ ပျော်ရွှင်နေကြမှာကို တွေးမိပြီး အားကျမိတယ်..။ ကျနော့်ကိုသာ ဝယ်မည့်သူမရှိ.. ကယ်မည့်သူမရှိ.. ဒီဆိုင်ထဲမှာ တစ်ရက်ပြီးတစ်ရက်...။

ဒီလိုနဲ့ စိတ်ဓါတ်ကျ ပျင်းရိငြီးငွေ့စွာ အိပ်ငိုက်နေတဲ့ နေ့လေးတစ်နေ့မှာပေါ့.. နွေးထွေးညှင်သာသော အထိအတွေ့နဲ့အတူ.. ကျနော်လေ.. သူ့လက်ဖဝါးနုနုလေးပေါ်ကို ရောက်ရှိနေခဲ့ပါပြီ...။ ကျနော့်ကို ပြုံးကြည့်နေတဲ့ သူ့မျက်နှာလေးက ချစ်ခင်စဖွယ် အေးမြကြည်လင်နေတယ်..။ “ချစ်စရာလေး” လို့ ပြောလိုက်တဲ့ သူ့အသံလေးကလည်း ချိုမြိန်နေတယ်..။ ကျနော် ရင်တွေခုန်လာတယ်.. သူ.. ကျနော့်ကို တကယ်ဝယ်တော့မှာလား..!! “ဝယ်ပါနော်.. ကျနော် လိုက်ခဲ့ပါရစေလို့” ပြောလိုက်ချင်တယ်..။ ကျနော့် လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ ဈေးနှုန်းလေးက နည်းနည်းလေးရယ်ပါ...။

ကျနော် ပျော်လိုက်တာဗျာ.. သူ.. ကျနော့်ကို တကယ်ဝယ်လိုက်ပါပြီ.. ကျနော် ဝဋ်ကျွတ်ပြီပေါ့.. ကျနော် သူနဲ့လိုက်သွားရတော့မယ်တဲ့.. ကျနော် ဒီဆိုင်ထဲက ထွက်သွားရတော့မယ်.. ဆိုင်ထဲက အရုပ်တွေကို ကြည့်မိတော့.. တစ်ချို့ ကျနော့်ကို ပြုံးပြနှုတ်ဆက်နေကြတယ်.. တစ်ချို့ကျတော့လည်း ကျနော့်ကို မနာလိုဖြစ်နေကြတယ်.. တစ်ချို့ ကျနော့်အတွက် ဝမ်းသာပေးနေကြတယ်.. ကျနော် သူတို့အားလုံးကို လက်ပြနှုတ်ဆက်ရင်း သူလေးရဲ့ခေါ်ဆောင်ရာနောက်ကို ရင်ခုန်ကြည်နူးစွာနဲ့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့တော့တာပေါ့...။

သူ့အခန်းလေးက သန့်ပြန့်ပြီး နေချင်စဖွယ် ချစ်စရာလေးပါ.. စာကြည့်စားပွဲလေးပေါ်မှာ ကွန်ပျူတာလေး တစ်လုံးရယ်.. စာအုပ်စင်လေးရယ်.. ပန်းအိုးလေးရယ်.. သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်လေးပေါ့.. ကျနော့် ကျောကုန်းလေးကို သပ်ရင်း “ဟိတ်.!! အရုပ်လေး.. နင်က အရမ်းချစ်ဖို့ကောင်းတယ်.. ငါနဲ့ အမြဲနေရမယ်နော်” ဆိုပြီး ကျနော့် လက်သည်း ချွန်ချွန်လေးတွေနဲ့ သူ့ ပါးနုနုလေးကို ကုတ်ခြစ်ဆော့ကစားနေတယ်.. သူ့ပါးပြင်လေးက ချိုအေးတဲ့ မွှေးရနံ့တွေကြောင့် ကျနော့် ရင်တွေခုန်နေတယ် ဆိုတာတော့ သူမသိလောက်ဘူးထင်ပါတယ်လေ..။

ကျနော့်ကို ပန်းပင်လေးရဲ့ အကိုင်းလေးပေါ်မှာ အမြဲချိတ်ထားတတ်တယ်.. တစ်ခါတစ်လေ မော်နီတာလေးပေါ်မှာ.. တစ်ခါတစ်လေ စာအုပ်စင်လေးပေါ်မှာ.. တစ်ခါတစ်လေ ဆံပင်လေးတွေကို ချည်ဖို့ စုစည်းထားတဲ့ ကလစ်ကလေးတွေ နေရာမှာ.. တစ်ခါတစ်လေတော့လည်း စိတ်ကူးပေါက်ရင် ပေါက်သလို ကျောပိုးအိပ်လေးမှာ ချိတ်တွယ်ပြီး ကျောင်းကိုခေါ်သွားတတ်သေးတယ်.. ကျနော်ကတော့ သူဘယ်မှာ ထားထားပါ ကျေနပ်ပျော်ရွှင်နေတာပေါ့.. သူ့မျက်နှာလေးကို အမြဲမြင်ခွင့်ရနေတယ်လေ.. သူ့အသံလေးကို ကြားနေရတယ်ဆိုတော့..။ သူကျောင်းသွားနေရင်လည်း သူ့ကို မျှော်နေမိတာပေါ့.. အချိန်တိုင်း သူ့နားမှာ ရှိနေချင်တာပါ..။ သူကျောင်းက ပြန်လာရင် ကျနော့် ခေါင်းလေးကိုပုတ်ပြီး “ဟိတ်.. ပျင်းနေပြီလား..” လို့ နှုတ်ဆက်တတ်တယ်..။ လက်ဖဝါးလေးပေါ်တင်ပြီး ကျနော့်ကို စကားတွေ ပြောနေတတ်သေးတယ်..။ အနမ်းလေးတွေနဲ့ ပါးလေးနားကပ်ထားရင် ကျနော့် ရင်တွေ “တဒိန်းဒိန်း” နဲ့ပေါ့...။

တစ်ရက်မှာပေါ့ သူအပြင်ကပြန်လာတော့ သူ့လက်လေးထဲမှာ ပန်းရောင်ဖဲကြိုးလေးနဲ့ ထုပ်ထားတဲ့ လက်ဆောင်ထုပ် လှလှလေး တစ်ထုပ်..။ ဘယ်သူပေးလိုက်တဲ့ လက်ဆောင်ပါလိမ့်နော်.. ချစ်သူများ ရနေလေပြီလား..! သူ့မျက်နှာလေးက ကြည်နူးပျော်ရွှင်နေတယ်.. သူပျော်နေတာမြင်တော့ ကျနော်လည်း လိုက်ပျော်တာပေါ့နော်.. သူသာ ငိုနေမယ်ဆို ကျနော်လည်း လိုက်ငိုမိမှာပါ သေချာပါတယ်..။ သူ.. လက်ဆောင်ထုပ်လေးကို ဖေါက်နေတော့ ကျနော်လည်း ရင်ခုန်စွာ စိတ်ဝင်တစား ကြည့်နေမိတယ်.. စက္ကူဗူးအဖုံးလေးကို သူ.. ဖွင့်လိုက်တော့... ကျနော့်လေ စိုရိမ်ထိပ်လန့်သွားမိတယ်.. လက်ဆောင်လေးက ဝက်ဝံရုပ်လေးတစ်ရုပ်..။

စာကြည့်စားပွဲ အံဆွဲလေးထဲက မှောင်မဲမွန်းကြပ်လွန်းနေပါတယ်.. အခုတော့ ကျနော်ဟာ အံဆွဲလေးထဲမှာ ပိတ်လှောင်ခံနေရပါပြီ.. ဝမ်းနည်းကြေကွဲစွာ တစ်ယောက်တည်းပေါ့.. ကျနော် အလင်းရောင်ကို မမြင်ရဘူး.. မှောင်မဲနေတယ်... သော့ပေါက်လေးကနေ သူ့ကိုများ မြင်ရမလားလို့ ရှာဖွေနေမိတယ်.. အံဆွဲလေးနားကို နီးကပ်လာတဲ့ သူ့လှုပ်ရှားသံလေး တစ်ခုခုများကြားရင် ဆုတောင်းနေရတာအမော.. အံဆွဲလေးကို သူဆွဲဖွင့်လိုက်ပါစေလို့..!! သူ့မျက်နှာလေး.. သူ့အပြုံးလေးကို မြင်တွေ့ခွင့်ရချင်တယ်.. သူ့လက်ဖဝါးလေးပေါ်ကနေ သူ့မျက်နှာလေးကို ငေးကြည့်နေချင်တယ်.. ဒါပေမဲ့ ကျနော့်ဆုတောင်းလေး မပြည့်ပါဘူး.. အရမ်းနှစ်သက် စွဲလန်းမိတဲ့ သူ့မျက်နှာလေးကိုလည်း မြင်တွေ့ခွင့်မရတော့ပါဘူး.. သူ့ပါးလေးတွေပေါ်က မွှေးညှင်းနုနုလေးတွေကိုရော ဘယ်သူကထိတွေ့လို့နေပြီလဲ..!!

ဟော... သူသီချင်းလေးတစ်ပိုင်းတစ်စ ငြီးနေတယ်.. အရင်ကဆို သူ့သီချင်းသံလေးကို နားထောင်ရင်း သူ့မျက်နှာလေးကို မြတ်မြတ်နိုးနိုး ငေးမောနေခဲ့ဖူးတာလေ.. သူ့ရဲ့နွေးထွေးတဲ့ လက်ဖဝါးလေးတွေနဲ့ ဘယ်သူ့ကိုများယုယစွာ ထွေးပွေ့ထားပြီလဲ..!! အံဆွဲလေးနားက သူ့ခြေသံလေးတွေ ဝေးသွားတယ်.. အိပ်ခန်းလေးကနေထွက်ပြီး.. ထမင်းစားခန်းဖက်ကိုများ လျှောက်နေတာလား.!! သူပြန်ဝင်လာပြန်ပြီ.. ဒါ.. သူလွယ်နေကျ ကျောပိုးအိပ်လေးရဲ့ ဇစ်လေးကို ဆွဲပိတ်လိုက်တဲ့အသံလေး.. သူကျောင်းသွားတော့မှာ.. ဟုတ်တယ်..!! သူသိပ်ကြိုက်တဲ့ ရေမွှေးလေးရော စွပ်ပြီးနေပြီ မဟုတ်လား.!! သူဘယ်ဖိနပ်လေးစီးမှာလဲ..!! အရင်ကလိုဘဲ သူ့စိတ်ကြိုက် ပြင်ဆင်ပြီးချိန်မှာ မှန်လေးထဲကို ခေါင်းလေးငဲ့ကြည့်ရင်း သူပြုံးနေမှာပဲလား..!!

ကျနော်ဟာ သူ့ကို အရူးအမူးချစ်မိသွားတဲ့ ရင်ခုန်တတ်သော သက်မဲ့အရုပ်လေး တစ်ရုပ်ရယ်ပါ.....။ အံဆွဲ နံရံတွေကို ကုတ်ခြစ်ထားတဲ့ ကျနော့်လက်သည်းလေးတွေ ကြိုးပဲ့ကုန်ပြီ.. ကျနော်ရင်ဘတ်တွေ အောင့်လာတယ်.. မျက်ရည်တွေ ရစ်ဝိုင်းလာတယ်.. အရာရာအားလုံးကို ကျနော် ဆုံးရှုံးသွားခဲ့ပါပြီ.. ကျနော့်ကို အရမ်းချစ်တယ်ဆို...!! ဘယ်နေ့မှာများ ကျနော်ရှိနေတဲ့ အံဆွဲလေးကို သူ ဆွဲဖွင့်များမှာလဲ...!! နောက်ဆုံးတော့ သူ့မျက်နှာလေး မြင်တွေ့ခွင့်ရဖို့.. သူ့နားမှာ အချိန်ပြည့်နေခွင့်ရဖို့.. ပြန်လည် လွတ်မြောက်ရချိန်လေးကို မျှော်လင့်ရင်းနဲ့......။

(ကိုရင်နော်)

30 comments:

မုဒိတာ said...

ငိုတောင်ငိုချင်တယ်။
သနားစရာကောင်းလိုက်တာ
အရုပ်မို့လို့ပဲ လူသာဆိုရင်တော့……

မိုးမောင်(happycloud) said...

ကိုရင်.... သက်မဲ့အရုပ်မှန်း သိပေမယ့်... ဖတ်နေရင်း သက်ရှိ အရုပ်လို့ တကယ်ထင်မိတယ်ဗျို့... အရေးညက်ပါပေ့ဗျာ။

Dream said...

ဟင့်.. ရုတ်ရုတ်ယေးတနားဘာဒယ်။
အထုချိုအတက်ချုကျတ်နေဘီနဲ့တူတယ်။

ပိုင်ချင်ယေးရေ...မန်မန်အန်ဆွဲဖွင့်ပေးပါနော်....

ရုတ်ရုတ်ယေးတနားပါဒယ်။

ဦးဦးနော်ဂယဲ..
တော်တော်လန်းတယ်။
ဖတ်ရတာကောင်းတယ်။
ဂဲပေါဒါ...

မိုးသောက် said...

ကျနော့် လက်သည်း ချွန်ချွန်လေးတွေနဲ့ သူ့ ပါးနုနုလေးကို ကုတ်ခြစ်ဆော့ကစားနေတယ်.. သူ့ပါးပြင်လေးက ချိုအေးတဲ့ မွှေးရနံ့တွေကြောင့် ကျနော့် ရင်တွေခုန်နေတယ် .....
ဖတ်ရင်းနဲ့ ကျနော်တောင် ရင်တွေ ခုန်လာသလိုပဲ :D
အရေးအသား တစ်ကယ် ဂွတ်တယ်ဗျာ ..
ဆက်ရေးပါဦးဗျို့ :P

mgngal said...

စိတ်ကူးလေးနဲ့  အရေးအသားကတော့ မိုက်တယ်ဗျို့  ။
ကြိုက်တယ်ဗျ။အားပေးနေပါတယ်။

MgANT said...

တော်တော်ဖွဲ့တတ်တဲ့ ကိုရင်နော်ပါပဲ။ ကာဝါးလား ကလည်း ၀က်ဝံရုပ်ကလေးပဲ မဟုတ်ဘူးလားဟင်။

အိတာ said...

လန်းတယ်နော်...ရေးထားပုံလေးက......
ဆက်ရေးပါ.....
အားပေးနေမယ်......

ဝါ၀ါခိုင်မင်း said...

ကိုရင်နော်..ကိုရင်နော်
တကယ်တော်တဲ့..ကိုရင်နော်..။

ပို့စ်ကောင်းလေးတွေ ရေးကာထား
ထမင်းမစားအား...။

အလုပ်သွားတော့ နောက်ကျတယ်
ကိုရင်နော်က ဆိုပါတယ်...။

ဒါပေမယ့်ကွယ် ၀ါသနာမို့
ကြိုးစားကြပါစို့...။


(ဟီးဟီး.. ဘာမှတော့ မဆိုင်ဘူး..ခေါင်ထဲတွေ့တာ
ရေးချသွားတာ.. ကိုရင်နော်ရေ..ဖတ်လို့တကယ်ကောင်းတာသိလား.. သိပါဘူး ကိုရင်နော်က အံဆွဲထဲရောက်နေပြီဆိုလို့ မခင်လေး
အတင်းတွန်းထည့်ထားတာလားလို့.. လာကြည့်တာ.
ဂယ်တော့ ..အရုပ်ကလေးကိုး.... သနာပါတယ်နော်.
အဲလိုပဲပေါ့..ကိုရင်နော် ရယ်.. အသစ်တွေ့ရင် အဟောင်းမေ့ ..အဟီး..မီးမီး ကတော့ အဟောင်း
ဘယ်တော့မှ မေ့ဘူး.. ဟဟား.. ရီတာတွေများသွားပြီ။
ပြန်တော့မယ်နော်..ဘိုင်းဘိုင်။း)

ခင်လေးငယ် said...

ဟေ့ယောင်..!!
အဲ့ဒီ.... ကာဝါးလား အရုပ်လေးဆိုတာ
နင်ကြီးလား..!! ဟယ်.. ဒါဆို အံဆွဲလေးနဲ့တော့ ဆန့်ဖူးထင်တယ်ကော...
အံဆွဲအကြီးကြီးမှ ရမယ်ထင်တယ်...
၆ပေလောက်ရှိတဲ့ အံဆွဲကြီးတော့ လိုမှာပေါ့..
အံဆွဲ ရှည်ရှည်မျောမျောကြီးလေ...
ဟက်... ဟက်..!!

ချီးကျူးဦးမယ်.. ခဏ..
နင့်လို အပေအတူးကြီးက ဒါမျိုးလေးတွေရေးပြန်တော့လည်း တစ်ကယ်ကို ဟုတ်နေတာဘဲနော်...
တော်လိုက်တာ.. ငှဲ..ငှဲ

မုဒိတာလေးက ငိုသွားတယ်တဲ့။(ဟင့်.ဟင့်.)

ကိုမိုးမောင်ကြီးက သက်ရှိထင်ဆိုဘဲ..(အဟိ)။

မက်မက်က ရုပ်ရုပ်လေးကို တနားရယ်တယ်တဲ့..
(အတက်ချူကျတ်ယုံမက အရှုပါရပ်တော့မှာ...ဟီးးး)

ကိုမိုးသောက်ကြီးတောင် ရင်တွေခုန်သွားဆိုဘဲ...
(ဘယ်လိုခုန်..?? :P :P )

ကိုမောင်ငယ်က စိတ်ကူးလေးကောင်းဆိုပါလား..။
(ကောင်းတာဟုတ်ဖူး.. ဂေါက်နေတာပါဆို.!! )

ကိုမောင်အံ့ကြီးက ဖွဲ့တာကောင်းသတဲ့.(ဂယ်ရီးလား..မတိ..!! နောက်နေတာပါနော် ခင်လေးသိတယ်.. ဟီးး)

အိတာလေးက လန်းမှလန်းတဲ့
(နင်က ရေတွေစွတ်လောင်းတာကိုးး )

မဝါက ကဗျာလေးနဲ့..
“ပို့စ်ကောင်းလေးတွေ ရေးကာထား
ထမင်းမစားအား...။”
(နာတိဒယ်ကွ..မမ်မမ်စားဖို့ ပိုက်ပိုက်မရှိလို့ဟုတ်..!! )

သက်တန့် said...

အရေးအသားကတော့ ရှယ်ပဲနော် ဦးနော်...
အံဆွဲထဲမှာ မွန်းကျပ်နေတဲ့ အရုပ်လေး သနားပါတယ်... :)

ဇင်ယော် said...

ကိုရင်နော်ကြီးရေ အရုပ်လေးရဲ့နေရာကနေ ခံစားပြီး ရေးထားတာ ပို့ စ်လေးက အရမ်းလန်းတယ်ဗျာ။ ကဲ ပိုင်ရှင်ရေ အရုပ်လေးကို အံဆွဲထဲက ပြန်ထုတ်ပေးလိုက်ပါဦးနော်။

ယုန်ကလေး said...

ကိုနော်ရေ.... အခုထိအရုပ်က အံဆွဲထဲမှာပဲလား။ ဒါဆိုရင် တော့ မြန်မြန်သွားဖွင့်ဦးမှပဲ တော်ကြာအသက်ရှုရပ်ပြီး ဘ၀ကူးသွားဦးမယ်။ ဟဲဟဲ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အားပေးတယ်နော် အရေးအသားကောင်းတယ် တကယ်အရုပ်တွေကိုတော့ ယုန်လေးလည်း ချစ်တယ်။ ၀က်ဝံတို့. ဘာတိုပေါ့။ ဟီးဟီး............

မီးငယ် said...

အဲဒါကြောင့်မလို့ မီးငယ်ဆိုရင် အရုပ်တွေကိုအံဆွဲထဲဘယ်တော့မှ မထည့်ဘူး..
ဗီရိုထဲထည့်ထားလိုက်တာအေးရော... :Dအဲထဲမှာလည်းသူ့လိုအဖော်တွေရှိတယ်လေ...ဟီး...

မွန် said...

အဲလိုအဖြစ်မျိုးလေး ဖြစ်ခဲ့ဖူးတယ် ဒီစာလေးဖတ်ပြီးတော့ အရုပ်ဟောင်းလေးတွေကို ပြန်ဖက်တော့မယ် ဝက်ဝံရုပ်လေးကိုပဲ ဂရုစိုက်နေမိတာ အချိန်တွေအကြာကြီး ဒါလေးဖတ်ပြီး နောင်တရမိတယ်

မိုးသောက်ယံ said...

ကိုရောနင် ရေ (မောင်သံရိုးလေ မှတ်မိလား ဟွန်း ) :P ကောင်းလိုက်တဲ့ ရေးသားချက်လေးဗျာ .. မျောသွားတာပါပဲ အားကျမိတယ် .. :)

Republic said...

လောကဓမ္မတာ တရားတွေပါပဲ ၊၊ အသစ်တွေ အတွက် အဟောင်းတွေက နေရာ ပေးရစမြဲပါ တယ်ရင်းရေ ၊၊ သက်ရှိ သက်မဲ့ အားလုံးအတွက်ပါပဲ ၊၊မမြဲခြင်းအရာတွေပဲလေ ၊၊
တယ်ရင်း ကိုရင်ရေးထားတာလေး လက်ရှိ စိတ်ကူးပေါက်တာ ကိုဆွဲပြီးတွေးလိုက်တာပါ ၊၊ မလွဲမသွေ ကြုံလာရမယ်နေ့ တစ်ခုအတွက် ကြိုတင် နားလည်သဘောပေါက်ထားဖို့ပဲ လိုပါတယ် ၊၊ ဒါဟာအကောင်းဆုံးပြင်ဆင်မှု တစ်ခုပါပဲလေ ၊၊ ကောင်းတယ် တယ်ရင်း ၊၊

အမြဲခင်မင်လျက်..
ကိုလစ်

အိမ် said...

မိုက်တယ်ဗျာ ရေးချက်လေးတွေ အရုပ်တစ်ရုပ်ရဲ့နေရာဝင် ခံစားပြီးရေးထားတာ။
ကိုယ့်ဆရာလုပ်မှပဲ အရုပ်တွေကို သနားရမလိုဖြစ်နေပြီဗျ။

Suburban Area said...

စိတ်ကူးလေးကလန်းတယ်..ဝတ္ထုတိုလေး အရမ်းကောင်းတယ်ဗျာ...။လာလာဖတ်ရင်းနဲ့မနေနိုင်တော့လို့ဝင်ပွားခဲ့တာ..
ကိုရင်နော်ကတော်ပြီသားပါ အခုတော့ တော်ပြီရင်တော်ပေါ့။ခေါင်းစဉ်ပေးထားတာလေး မိုက်တယ်...
"မျှော်လင့်ချက်နဲ့ရန်ခုန်တတ်သော သက်မဲ့အရုပ်လေး"ကိုအားပေးသွားတယ်...

မောင်မျိုး said...

ကိုရင်ရေ့ ရေးတက်လိုက်တာဗျာ အဖွဲ့ လေးတွေ အားလုံးလှတယ် အရမ်းကောင်းတာပဲ ။ အရုပ်ကလေးကို သနားတယ် အသစ်တွေ့ တော့အဟောင်းမေ့သွားတာလားးး

Anonymous said...

စာရေးကောင်းတယ်ဗျို့ ...mk

အလွမ်းပြေ said...

ဟင် နောင်တရနေပြီ... ပြီးခဲ့တဲ့လက ကျွန်မ တူမလေးကို ကျွန်မရဲ့ နှစ်ခုတည်းသော အရုပ်ထဲက တစ်ကောင်ပေးလိုက်ရတယ်..ကျွန်မပေးလိုက် ကတည်းကသိတယ် သူက ကလေးဆိုတော့ ရတုန်းခဏပဲ ပြီးရင်ပြစ်ထားမှာ.. အခု အချိန်လောက် ကျွန်မရဲ့ ရုပ်ဆိုးလေးများ အဲဒီလို ဖြစ်နေပြီလား... :(

BLACK DREAM said...

ကျွန်တော့်အံဆွဲ ကတော့ အခုထိ အပိတ်ခံထားရတုန်းပဲ အစ်ကိုရေ...။ Essay အရေးအသားကတော့ ကျွန်တော် အရင် ပြောခဲ့သလိုပဲ တကယ်ကို ကလောင်စွမ်းထက်ပါ ပေတယ်ဗျာ..။

မျက်ဝန်းနက် said...

အင်းသူများတွေပြောသွားကြာဘာများပြောစရာလိုသေး မှာလဲ တစ်ကယ့်အရေးအသားညက်ညောသောဦးနော် ကိုလေးစားပြီးရင်းလေးစားရင်းဗျာ ပိုစ့်တင်နာကျဲပေမယ့် တစ်ပုဒ်တင်တိုင်း တစ်ပုဒ်ဆိုသလောက်လောက်ကိုရင်ကို ထိရှပါပေတယ်ဦးနော်ရေ မအားလပ်လို့ခုမှလာ ဖတ်ရတော့ နောက်တောင်ကျနေပြီ

tha said...

တွေးတတ်ပါပေ့..ရေးတတ်ပါပေ့..

ဝေလေး said...

ဦးနော်ရေ....
အရုပ်ကလေး အံဆွဲထဲမှာပဲလား
အရုပ်လေးနေရာကရေးထားတာ ကောင်းလိုက်တာ..
တစ်ကယ်ဂွတ်တယ်...
အရှုပ်တွေလုပ် အလုပ်တွေရှုပ်နေတာနဲ့ မရောက်ဖြစ်တာ..
တစ်ကယ်တော်တယ်ဗျာ. ဦးနော် :D

သံလုံငယ် said...

အားကျတယ်ဗျာ ... များလိုက်တဲ့ ကွန်မန့်တွေ ဟီဟီ .. ။ ကောင်းတယ်ဗျာ .. တကယ်ကောင်းတယ် .. ထပ်ရေးဦးနော်. အရင်က ဆရာကောင်းသန့်ရဲ့ ပုရွတ်ဆိတ် စာအုပ်လေး ဖတ်ပြီး ကျနော် ပုရွတ်ဆိတ်လေး တစ်ကောင် ဖြစ်ဘူးတယ်။ အခု အစ်ကိုရေးတာ ဖတ်ပြီး ကျနော် အရုပ်တစ်ကောင် ဖြစ်သွားပြန်ပြီ။ ကျေးဇူးအစ်ကိုရေ ... အစ်ကိုပေးတဲ့ ခံစားမှုတွေ အတွက်

အိန္ဒြာ said...

သူငယ်ချင်းနှစ်ယောက်လုံး...မင်္ဂလာပါ. သေသေချာချာကို..ဖတ်ပြီးချီးကျူးဝေဖန်ပေးတဲ့အတွက်..အရမ်းကျေးဇူးပါ..။ ရိုးရိုးရှင်းရှင်းလေးတွေနဲ့...ကိုယ်တင်ပြချင်တာလေးကို..နူးနူးညံ့ညံ့..ပညာသားပါပါ..ရေးတတ်တာလေးက..သိပ်လှပါတယ်..။ အမြဲအားပေးသွားပါ့မယ်.။ အခု Blog ရောဂါက..စိုးရိမ်ရေမှတ်ကို..ရောက်နေပါပြီ..။ ဘယ်သူ..တားတား..ဆက်ရေးတော့မလားလို့..

လေးစားခင်မင်ခြင်းတို့ဖြင့်...

အိန္ဒြာ(Happy Cloud)

missthonnthonn said...

ဒီမျိုးစာလေး တစ်ခါဖတ်ဖူးတယ်။ ECO ကျောင်းထုတ် အမှတ်တရ မဂ္ဂဇင်း။ ဘယ်ခုနှစ်လဲ မမှတ်မိတော့ဘူး။ သူကတော့ အရုပ်မဟုတ်ဘူး။ Calculator လေး အကြောင်း။ အီကိုကျောင်းသူတွေရဲ့ အသက်ကလည်း Calculator ပဲကိုး။ တရုတ်တံဆိပ် Calculator လေးက သူ့သခင်မကို အရမ်းချစ်တဲ့ အချိန်မှာ နောက်ပိုင်း ကောင်မလေးရည်းစားက သူ့မွေးနေ့မှာ Japan Brand Calculator တစ်လုံး ဝယ်ပေးတော့ တရုတ်ဘရန်းလေးကို မသုံးတော့ဘူး။ ဒီလိုပဲ Calculator နေရာက ခံစားရေးဖွဲ့ထားတာ။ အဲဒီ မဂ္ဂဇင်းလေး ဖတ်တုန်းကလည်း ရင်ထဲကို စူးစူးနစ်နစ်ရောက်တယ်။ ဒီ အရုပ်ကလေး အကြောင်း ထပ်ဖတ်ရတော့လည်း ရင်ထဲကို စူးစူးနစ်နစ် ရောက်တယ်။

မယ်ကိုး said...

အစ်ကို ရေးထားတာ အရမ်းကောင်းတာပဲ။ ဇာတ်လမ်းသိပြီးသားပေမယ့် ဖတ်ရတာ တော်တော်စိတ်မကောင်းဘူး။


ခင်ခင်မင်မင်လေးလေးစားစားချစ်ခင်ခြင်းများများစားစားဖြင့်

မေတ္တာရောင်ပြန်ဆိုတာ said...

ဦးနော်ရေ ...... ဒီပိုစ့်လေးကို ဖတ်ပြီး ငိုချင်သွားတယ်။ အသစ်ကိုရလို့ အဟောင်းလေးကို စွန့်သွားတာနော်။ ရောင်လည်း ဒီလိုပဲပေါ့။ ဒါပေမယ့် အဲဒီအရုပ်လေးလိုပဲ ဖြစ်ချင်တယ်။ ဘယ်တော့များ ပြန်ကြည့်မလဲဆိုပြီး စောင့်နေသလိုပေါ့နော်။

လေးစားလျှက်
ရောင်