Monday, April 19, 2010

ကျွန်မ၏ နေ့လယ်တစ်ခင်း

ကိုယ့်အတွက် အင်မတိ အင်မတန် ထူးထူးခြားခြားနဲ့ အားအားယားယား ရှိနေတဲ့ နေ့ခင်းလေးဖြစ်ပါတယ်..။ တောင်ကြည့် မြောက်ကြည့် ဟိုဝင်ဒီထွက် ထိုင်လိုက်ထလိုက် ကွန်ပြူတာဖွင့်လိုက် ရီစတတ်လိုက် ရေသောက်လိုက် ရေချိုးခန်း ဝင်လိုက်နဲ့ တောင်လုပ်မြောက်လုပ် ဘဝကနေ ပြောင်းလဲကုန်တဲ့ မိုးခပ်အုံ့အုံ့ နေ့လယ်တစ်ခင်း ဆိုလည်း မမှားပါဘူး..။ ဒီလိုနဲ့ ထိုင်ခြင်းထခြင်း ဖွင့်ခြင်းပိတ်ခြင်းတွေ ပတ်လည်ရိုက်ပြီး သကာလ စာရေးမယ် စိတ်ကူးရင်း ကွန်ပြူတာ အဖုံးကိုဖွင့် ဟီတာက အပူချိန်ကိုမြှင့်လို့ နေရာမှာ အပီမှီကာ အာရုံကိုယူ လိုက်တယ် ဆိုပါတော့...။ ကျွန်မတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လို့ ကိုယ့်ကိုကိုယ် ဘဝင်တွေခွေ့နေတုန်းပေါ့.... အဲ... ဘာစဖြစ်တယ်ထင်လဲ...!!

ကျွန်မနေထိုင်ရာ အရပ်ဒေသမှာ အလွန့်အလွန် ရှားပါးလွန်းသော အကောင်တမျိုးက ကျွန်မအခန်းမှာ တဝီဝီနဲ့ ဟာမိုနီကာတွေ လာကျင့်နေပါလေရဲ့..။ ဒီလောက်တံခါးတွေ အထပ်ထပ်ပိတ်ပြီး လုံခြုံမှုရှိနေတဲ့ ကိုယ့်အိပ်ခန်းလေးကို နည်းနည်းတော့ ငြိုငြင်သွားမိတာ အမှန်ပါ..။ ကိုယ်တိုင် လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တုန်းက သတိမထားမိခဲ့တဲ့ ဒင်းက အသံကုန်မြှင့်လို့ အတက်အကျ အဆွဲအငင် မှန်မှန်နဲ့ သူ့ဗိုကယ်လ် ထရိန်နင်သူ ဆက်ယူနေဟန် တူပါတယ်..။ တင်းကနဲ ဖြစ်သွားတဲ့ စိတ်နဲ့ ရေးမယ်ကြံထားတဲ့ အနုအရွလေးတွေက ကြက်ပျံငှက်ပျံ ထွက်ပြေးသွားကြရော ဆိုပါတော့..။ ဒင်းမျက်လုံးတွေကို တည့်တည့်ကြီး ဂြိုလ်ကြည့်ရှိုးဖို့ လိုက်ရှာတာနဲ့တင် မသောက်ပါပဲ ခေါင်းတွေစမူး လာတာပေါ့..။ အဲ့လိုနဲ့ ကျွန်မရဲ့ ရှားပါးနေ့လည်လေးဟာ မျက်မှောင်ကြုတ်ရင်း အသွင်တွေ ပြောင်းလာတယ်..။

ငြိမ်ငြိမ်နေဖို့ ကံပါမလာတဲ့ ခြင်ဆိုတဲ့ သတ္တဝါက ကမ္ဘာဦးအစမှာ ဘယ်လို ပေါ်ပေါက်လာလည်းဆိုတာ ခေါင်းထဲရောက်လာရော...။ အသံတွေသာကြားနေရပြီး ထင်ထင်ရှားရှား ကိုယ်ထင်မပြပဲ သရဲတကောင်နဲ့ တူနေတဲ့ ဒင်းကြောင့် ဒေါသက ငယ်ထိပ်ရောက်နေပြီ...။ ဒီလိုယှဉ်ပြလို့ သရဲကိုတွေ့ဖူးသလား မမေးပါနဲ့ ဘုရားစူး မတွေ့ဖူးပါဘူး.. ကြုံလည်း မကြုံဖူးတာပါ..။ သူများတွေ ပြောတဲ့ ကြားဖူးနားဝလေးနဲ့ နှိုင်းပြောတဲ့ သဘောလောက်ပါ..။ ထားပါလေ... ကျွန်မကလည်း ကလေးဘဝက လက်သွက်လွန်းလို့ ကိုယ့်မိသားစုမှာ ခြင်ဖမ်းချန်ပီယံ ရထားဖူးသူ မဟုတ်လား..!! လာစမ်းပါစေ.. ဒီနိုင်ငံက ခြင်ဆိုတာ ကျွန်မတို့မွေးရပ်မြေက ခြင်တွေလောက် ခြင်ပီသခွင့်ရပြီး ပါးရည်နားရည်နပ်လို့ ခြင်လည်ကျ တတ်လောက်မယ် မထင်ပါဘူး.။ အို... ဒင်းလောက်တော့ အေးဆေးပေါ့.. အသေးအဖွဲပါ။ ကိုယ့်မာနနဲ့ကိုယ် စိတ်လေးကို ဟန်ဆောင်လျှော့ချပြီး ဒီကောင်ကိုယ့်အနား ရောက်အလာကို မိန့်မိန့်ကြီး စောင့်နေလိုက်တယ်..။

အမယ် ကြာကြာမစောင့်လိုက်ရပါဘူး... ဘသားချောက ကီးဘုတ်ပေါ်မှာ တင်ထားတဲ့ ညာလက်ဖမိုးနားကို ပေစောင်းစောင်းနဲ့ ရောက်လာတယ်..။ သူကလည်း အလာသား.. ကိုယ့်လက်ပေါ်မှာ နားပြီး ကိုယ့်သွေးကို စုပ်ယူဖို့ကို မသိမသာ အကဲခတ်ရင်း ဝေ့ကာဝိုက်ကာနဲ့ ပျံပုံပျံနည်း အမျိုးမျိုးနဲ့ ပဲတွေများလို့ ကိုယ်ဟန်တွေ  ပြပြီး ကိုယ့်လက်အခြေအနေကို လေ့လာနေလိုက်တာ ဘယ်လောက် အသဲယားဖို့ကောင်းလဲ..။ အူယားလာတဲ့ စိတ်တွေကို မျိုချပြီး အသက်ဝဝမရှူပဲ စောင့်နေလိုက်တယ်..။ ဒင်းအသံတိတ်သွားပြီ...။ ကိုယ့်လက်ပေါ် သူလာနားပြီ.. ကျွန်မအောင့်ပြီး ဆက်ငြိမ်နေလိုက်တယ်..။ ဒီကောင် ဘာစိတ်ကူး ပေါက်သွားတယ်မသိ.. သူ့နှုတ်သီးကို ကိုယ့်အရည်ပြားပေါ် စိုက်မချလိုက်ပဲ ရုတ်ကနဲ ထပျံပြေးလို့ ကီးပေါင်းစုံနဲ့ နိမ့်မြင့်တက်ကျ ဗိုကယ်လ်တွေ ထပ်ကျင့်ရင်း  ကျွန်မကို ချက်ကင်းတွေ လိုက်နေပြန်ပြီ...။ ထပြီးလိုက်ဖမ်းမယ် မထင်နဲ့နော်.. ထစရာလား..!! ဟွန်း.. ပျင်းတောင်ပျင်းသေးတယ်..။ နင်ငါ့ဆီ ပြန်လာမှာ ငါသိနေတာပဲ လို့ စိတ်ထဲက ပြောရင်း ရုပ်တည်ကြီးနဲ့ နေလိုက်တာပေါ့..။

အံကိုကြိတ်ပြီး တံတွေးကို အသံမမြည်အောင် မျိုချရင်း.. စိတ်တော့ နည်းနည်းထပ်ရှည်ပေး ရဦးမှာပေါ့..။ ဒီတစ်ခေါက်တော့ ဒင်းက တိကနဲ အသံကိုဖြတ်လို့ ရုတ်ကနဲ ဘာမပြော ညာမပြော စွေ့ကနဲ လက်ဖမိုးပေါ် တက်ရပ်လိုက်တယ်.. စက္ကန့်ပိုင်းလေးပါပဲ ဒင်းနှုတ်သီး စအစိုက်မှာပဲ “ဖြန်း” ကနဲ.. အဟက်..!!  ဘယ်ရမလဲ တစ်ချက်ဆိုမှ တချက်တည်းပါ.. သွားလေရော့.. သနားဖို့ စိတ်တောင် မကူးလိုက်မိခင်မှာပဲ ဒင်းခမျာ အတုံးအရုံး ကျဆုံးရှာပေါ့..။  ခံနိုင်ရိုးလား.. ဒါတောင် ဒီကောင့်ကို ကစ်လိုက်တာ ဘယ်လက်နဲ့နော်.. ။ ကျွန်မ ဘယ်ကျော်မဟုတ်ပါဘူး ညာကျော်သမားပါ..။ အသက်သာကြီးလာပေမယ့် လေ့ကျင့်မှု မရှိတော့ပါပဲ ကျ မသွားတဲ့ ကိုယ့်လက်ရည်ကို ကိုယ် သဘောတွေတွေ့လို့..။ စိတ်ထဲကတော့ ခုမှ တိတ်တိတ်လေး ကြိတ်ပြီး တောင်းပန်မိသေးတယ်.. ဆောရီးပါ ခြင်လေးရယ်ပေါ့..။  ရန်တော့အေးသွားပြီ.. စိတ်မကောင်းစွာနဲ့ပဲ ကျွန်မ လက်ထဆေးလိုက်တယ်..။ လက်ဆေးအပြီး Hand Cream မွှေးမွှေးလေးတောင် လိမ်းလိုက်သေး..။ ကဲ... အတွေးနုနု လှလှလေးတွေနဲ့ စာပြန်ရေးတော့မယ် လုပ်တုန်းပဲ...။

နားမခံသာလောက်အောင် တဝေါဝေါနဲ့ အသံတွေပေးပြီး မောင်းလာတဲ့ မီးသတ်ကားသံတွေ...။ ဘုရား ဘုရား..!! ကိုယ်တို့ တိုက်ခန်းနားမှာ မီးတွေများ ထလောင်နေပလား မသိ...။ ကိုယ်နေတာက ငါးလွှာက တိုက်ခန်း.. ကိုယ့်အိပ်ခန်းက မှန်တံခါးကနေထွက်မှ ဝရံတာ..။ ကြောက်စိတ်နဲ့ လန့်ဖြန့်ပြီး စပ်စုဖို့ ဝရံတာ ထွက်ရပ်လိုက်တယ်..။ စိမ့်အေးနေတဲ့ အော်ရီဂျင်နယ် ရာသီဥတု အေးစက်စက်ကြီးက ကိုယ့်အနွေးထည် ခပ်ပါးပါးကို မခန့်လေးစားပေါ့..။ ဆူညံနေတဲ့ တဝေါဝေါသံတွေရယ်... ခဏလေးနဲ့ တခိုက်ခိုက်တုန် ချမ်းလာတဲ့ ခန္ဓာရယ်... ကြောက်စိတ်တွေရယ်နဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိ..။ မီးသတ်ကားတွေ ငါးစင်းလောက် ရပ်ထားတာက ကျွန်မတိုက်ခန်းရဲ့ သုံးတိုက်ကျော်လောက်မှာ... ရဲကားတွေလည်း ထပ်ရောက်လာပြန်ပြီ...။ ခြေမကိုင်မိ လက်မကိုင်မိ..  အိပ်ခန်းထဲ ပြန်ဝင်ပြီး အနွေးထည် ထူထူဝတ် ပြန်ထွက်.. ကြာကြာရပ်ကြည့် နိုင်ဖို့ကလည်း ထပ်မဝတ်လို့ မရ...။

တစ်ယောက်ထည်း ကြောက်လည်းကြောက် ချမ်းကလည်းချမ်းနဲ့ အလုပ်တွေရှုပ် စိတ်တွေရှုပ် နားတွေကအူပေါ့..။ ခဏနေတော့ ရဲကားလော်စပီကက စကားပြောသံတွေ ထွက်လာတယ်..။ ဝေဝေဝါးဝါးမို့ သေချာနားကို စွင့်ပြီးနားထောင်မှ တောင်းပန်သံတွေပါ..။ လူတစ်ယောက်ကို နားချနေတဲ့ အသံတွေပါပဲ..။ ကျွန်မတိုက်ခန်းရဲ့ သုံးတိုက်ကျော်တိုက်က ရှစ်ထပ်လောက်ပဲ မြင့်တဲ့တိုက်ပါ..။ အော်ပြောနေတဲ့ ရဲတွေ မော့ကြည့်နေတာကလည်း အဲ့ဒီတိုက်ရဲ့ ခေါင်မိုးပေါ်ကို..။ သေချာပါပြီ နေရင်းထိုင်ရင်း တယောက်ယောက်က ခုန်ချဖို့ ကြိုးစားနေပြီဆိုတာ..။ ဒါဆို မီးသတ်ကားတွေကကော.. ဘာလို့...!! စဉ်းစားနေရင်း သတိရသွားတာက ဖုန်းဆက်ဖို့ကိုပါ..။ အခင်းဖြစ်နေတဲ့တိုက်ရဲ့ ရှေ့တိုက်မှာ ကျွန်မသူငယ်ချင်း လင်မယားနေတာ မေ့နေလိုက်တာ..။ ကျွန်မသူငယ်ချင်းရဲ့ လက်ကိုင်ဖုန်းကို ခေါ်လိုက်တယ်ဆိုရင်ပဲ ဆူညံသံတွေနဲ့ အော်ပြောနေတဲ့ သူ့အသံက ရဲကားတွေနားက လမ်းပေါ်ကပဲ ဆိုတာ မှန်းလိုက်မိပြီးသား..။

သူက ကိုယ်ဝန်ကြီးနဲ့ရယ်.. ဒါတောင် မြန်လိုက်တာ လမ်းမပေါ် တောင်ရောက်နေပြီ..။ ဖုန်းထဲက ကိုယ့်အသံတွေ ကြားနိုင်ဖို့တောင် သူ့မှာအနိုင်နိုင်ဖြစ်မယ်..။ ခပ်လှမ်းလှမ်းကို လျှောက်လိုက်ဖို့  ကျွန်မအော်ပြောမှ “အေး... ခဏစောင့်” တဲ့... သူ့အသံကတော့ သိပ်ကြောက်လန့် နေဟန်မရှိဘူး.. ခပ်အေးအေးပါပဲ..။ ဘာဖြစ်တာလဲ ဆိုတာ သူငယ်ချင်းဆီမှာ စနည်းနာလိုက်တော့မှ... သက်ပြင်းကော သက်မပါချပြီး အဲဒီလူကို စိတ်ထဲကနေ ကျိန်ဆဲချင်ချင် ဖြစ်သွားတာ ကျွန်မ မညာပါဘူး..။ နောက်ဆုံး ကောက်ချက်ချမိတဲ့ အကျဉ်းချုံးကတော့ အမူးသမားတစ်ယောက် အရက်မူးပြီး တိုက်ခေါင်မိုးပေါ် တက်ပါသည်..။ အရက်ပုလင်းကိုင်ကာ သောက်ရင်း သူ့အိမ်မှာရှိတဲ့ ခြုံစောင်တွေ ယူသွားပြီး  တိုက်ခေါင်မိုးပေါ်ထိုင်ကာ စိမ်ပြေနပြေ မီးရှို့ပါသည်...။ လက်ကိုင်ဖုန်းကို ကိုယ်တိုင်ယူသွားကာ မီးလောင်နေပြီဟု မီးသတ်ဌာနကို ဖုန်းဆက်ခေါ်ပါသည်..။ မီးသတ်ကားများ ရောက်လာသော် မူးမူးနှင့် ခုန်ချမည်ဟု ကြိမ်းပါသည်..။ ရဲများပြာယာခတ်နေသည်ကို အပေါ်မှ ငုံ့ကြည့်ရင်း အော်ရယ်သေးသည်..။ တကယ်တမ်းတော့ ထိုလူ ဟန်ရေးပြရုံသာ ခုန်မချခဲ့ပါ.။  ဂလို ဂလိုပင် ဖြစ်လေ၏..။

တိုက်ခေါင်မိုးပေါ်အထိ လိုက်တက်သွားကြတဲ့ မီးသတ်များနဲ့ ရဲအချို့ စိတ်ထဲမှာတော့ ဘယ်လိုရှိနေမယ် မသိ..။ ဖြစ်ကြောင်းကုန်စင် ကြားရတဲ့ ကျွန်မ ကျိမ်ဆဲချင်စိတ် ပေါက်တာတောင် အတော်လေး နုနေဦးမှာ..။ ခက်လိုက်တဲ့ လူတွေပါလားနော်..။ ဘယ်လိုအတွေးတွေပါလိမ့်..!! မူးသာမူးတာ အဖမ်းခံရပြီး နံမည်က ကျော်ချင်သေးပါတကား..။ သူငယ်ချင်းလည်း သူ့တိုက်ပေါ် ပြန်တက်သွားပြီ...။ အေးစက်နေတဲ့ ကိုယ့်လက်ဖျားလေးတွေကိုတောင် ခုမှ သနားရကောင်းမှန်း သတိရကာ ကျွန်မလည်း စိတ်တိုတိုနဲ့ အခန်းထဲ ပြန်ဝင်ခဲ့ပါတယ်..။ မိုးကအေးအေး.. ရာသီကချမ်းချမ်းတုန်.. ခြင်ကတမျိုး.. အမူးသမားကတဖုံ..  သူတို့ကြောင့် ကျွန်မရဲ့ ရှားပါး နေ့လယ်ခင်းလေးလည်း ပျက်သုန်းလို့..။ အကြင်နာတွေနဲ့ အသာအယာရေးမဲ့ စာသား အနုအရွလေးတွေလည်း အသံပေါင်းစုံနဲ့ အတူ ကိုယ့်ကို ဘိုင့် ဘိုင်းး သွားကြပြီ..။

နေ့အချိန်တွေ ကုန်လွန်လို့ ညနေခင်းလည်းရောက်ခဲ့ပေါ့...။ ဖြစ်ကြောင်းရယ် ကုန်စင်ပြီးသကာလ တင်းနေတဲ့ ကိုယ့်မျက်နှာကြော ကိုယ်ပြန်လျှော့... ရေတစ်ခွက်ကို မော့သောက်.. ဆာနေတဲ့ ဗိုက်ကိုဖြည့်ဖို့ လျစ်လျူရှု.. ကွန်ပြူတာကို ရှပ်ဒေါင်း... ကုတင်ပေါ်တက်.. စောင်ကိုခေါင်းမြီးခြုံ... နားနှစ်ဖက်ကိုပိတ်... အိပ်စက်ခြင်းသည်သာ အကောင်းဆုံးဖြစ်တော့မည်..။ ဒါတောင် ကိုယ်တိုင် အပြစ်တင်ချင်နေမိ သလိုလို သနားနေမိ သလိုလိုတွေက ဖြစ်မိနေသေး...။ အေးအေးလူလူနဲ့ စာရေးဖို့ ဘာညာမတွေးတောပဲ အစကတည်းက ဘာမီတွန်လေးသောက် စောင်ထူထူလေးခြုံပြီး ဇိမ်လေးနဲ့ အိပ်ခဲ့မိရင် အကောင်းသား...။ အို... တော်ပါလေ ခုမှ နောင်တရနေလည်း အပိုပဲပေါ့..။ ဒီတော့ ဖြစ်သမျှအကြောင်း အကောင်းရယ်လို့ မှတ်ယူရင်း မျက်လုံးကို စုံမှိတ်အိပ်ကာ နားအေးပါးအေး အိပ်မက် ချိုအေးမွှေးလေးမက်လို့ လှပစေဖို့ ဆုတောင်းရုံသာ ရှိလေတော့၏..........။

(ခင်လေးငယ်)

ဝန်ခံချက်..။။ စာမရေး ပို့စ်တွေထွက်မလာလို့ အပြစ်ဖို့နေကြသူ ဘော်ဘော်အပေါင်းအား ဤသို့သော ကျွန်မ၏ အဖြစ်မှန်များအား ရေးထုတ်ချပြခြင်းအားဖြင့် မုချပင် နားလည်ခွင့်လွှတ် ကြပါလိမ့်မည်..။ ခွင့်လွှတ်ပေးရုံတင်မကပဲ ကျွန်မခင်လေးငယ်လေးအား သနား၍ပေ နေကြမည်ကိုလည်း ရင်မှ အလိုလိုသိနေပါကြောင်း..။။
 

21 comments:

Nyein said...

မရေ....

ပီားးးး တော်တော် နောက်တယ် ၊
လက်ရည်မကျသေးတဲ့ ခြင်ဖမ်းချံပီယံ မမ ၊ အိပ်နေသေးလား အမြဲတမ်းတော့ ဘာမီတွန် သောက်မအိပ်နဲ့ နော် မ ရေ ၊ ဒီလိုပါပဲ မ ရယ် သဘာဝအနှောက်အယှက်ကတော့ဘယ်တော့မှ လွတ်မှာမပာုတ်ဘူးဗျ ၊ အဲလက်စ် ဆိုသလို တောထဲကသစ်ပင်ပေါ်မှာ သွားနေမယ် ကျားကြီးလဲကိုက်ချင်ကိုက်ပစေကွယ် ၊ ခုတော့ခြင်ကျားကြီးကိုက်တာ ခံနေရတဲ့ ငြိမ်း မမ ကိုတကယ်သနားတာပါကွယ်...မပူနဲ့နော် ကျန်တဲ့ စာဖတ်တဲ့ မ ဘော်ဘော် တွေလဲ မ ရင်ထဲကသိနေသလို သနားကြမှာပါ.... :P

HAPPY CLOUD said...

ခြင်ရိုက်လို့ ငရဲကြီးတာက တစ်ပြစ်...
ကိုယ့်ဖာသာ စာမရေးချင်ပဲနဲ့ အမူးသမား ၀ရုန်းသုန်းကားလုပ်တာကြောင့် ဖီးလ်ငုတ်ပါတယ် ကြေငြာပြီး အိပ်လိုက်တာက တစ်ပြစ်...။ သဘောတွေ ပေါက်တယ်နော်..။း))

ဒဏ္ဍာရီ said...

ရှားရှားပါးပါး မခင်လေးရဲ့ ပိုစ့်လေး အခုမှ ဖတ်ရတော့တယ်နော်။ ဒါပေမယ့် သင်္ကြန်တွင်းကြီး ငရဲကြီးပြီနော်။း))
လူတွေများနော် တကယ်ထူးဆန်းတယ် ရှာရှာကြံကြံ သူများတွေ အလုပ်ရှုပ်တာကို သူက ရီနေနိုင်သေးတယ်။ ကောင်းတယ် ခုတော့ အချုပ်ထဲရောက်ပြီပေါ့။
စာရေးပျင်းနေတဲ့ မခင်လေး ဒီစာလေး ထွက်လာအောင် လုပ်ပေးတဲ့ ဘ၀တပါးက ခြင်နဲ့ အမူးသမားကိုတော့ ကျေးဇူးလှမ်းတင်လိုက်မိတယ်။း)

စကားမစပ် မခင်လေးရဲ့ နိုဝင်ဘာ ပိုစ့်လေး ဖတ်လို့ အရမ်းကောင်းတယ်။ ဒါပေမယ့် အဆုံးမသတ်ရသေးတော့ ဖတ်ရတာ အားမရဘူးနော်။ အချိန်ရရင် ဆက်ရေးပါအုံးလို့ တောင်းဆိုပါရစေ...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

အိပ်မက် ရှင် said...

အိုင်ဒီယာတွေ နှမြောစရာကောင်းလိုက်တာဗျာတို့ ~
စာရေးဖို့ Mood ဆိုတာမျိုးက တစ်ခါတစ်လေမှ ရှားရှားပါးပါးရတတ်တာမို့
မချင့်မရဲ ဖြစ်မိပါရဲ့ဗျာ ...
ဒါပေမယ့် အိုင်ဒီယာတွေ ပျောက်သွားတဲ့အကြောင်းလေး ရေးတာတောင်
စိတ်ဝင်စားအောင် ရေးတတ်တာမို့ သဘောကျနေမိပါရဲ့ :)

ခင်လေးငယ် said...

ကိုကလောက် နဲ့ ညလေး ဒန်ဒန်ရေ...

ဟင့်အင်း....
ငရဲကြီးမယ်တော့ ထင်ဖူးကော...
ဟီးးး (ကိုယ့် ကို ကိုယ် ပြန်ဖြည်ခြင်းဖြစ်၏)

အဲ့ ခြင် က ဘဝပြောင်းပြီး ခုဆို....
အဆိုတော်လုပ်ဖို့ မေမေ တယောက်ယောက်
ဗိုက်ဗိုက်ထဲ ရောက်နေလောက်ပြီ... :P

သဒ္ဓါလှိုင်း said...

မမခင်လေးရေ...
ဆိုဒ်ပြောင်းတာမသိလိုက်လို့..အခုမှသိရတာလေ..။
နှစ်သစ်မှာ စာအသစ်တွေနဲ့ ရွှင်လန်းချမ်းမြေ့စေကြောင်း..

ခင်တဲ့
သဒ္ဓါ

မိုးခေတ် said...

ဖတ်ပြီး ကိုယ့်ဟာကို ရယ်နေရတယ်...အစ်မရေ...
အိပ်ချင်မူးတူးနဲ့လာဖတ်မိတာ...ခေါင်းစဉ်ကို သေချာမဖတ်လိုက်မိဘဲနဲ့ စာထဲမှာ လယ်တစ်ခင်းအကြောင်း ဘယ်နားမှာပါမှာ ပါလိမ့်ဆိုပြီး ဖတ်နေတာ... :D
နောက်မှပဲသေချာပြန်ဖတ်မှ နေ့လယ်တစ်ခင်းမှန်းသိတော့တယ်....
(မဖတ်ခင်က တွေးမိသေးတယ်...မခင်လေးငယ် လယ်စိုက်နေလို့ စာမရေးဖြစ်တဲ့အကြောင်းများရေးတာလား မသိဘူးဆိုပြီးတော့.. :P)

ခင်မင်သော...... :)

လားရှိုးသူ said...

စောစောကတည်းက အိပ်ပါလို့ပြောနေသားနဲ့ သူကလည်း ကီးဘုတ်ပေါ်လက်သွားတင်တာကိုး... ဟဲဟဲ စတာနော်... မရောက်ဖြစ်တာ ကြာတော့ မတွေ့ဖြစ်ကြဘူးနော်...

Dream said...

သတ္တ၀ါတွေ ကျန်းမာပါစေ...ခြ၊ချင်၊ဂျပိုး မပါပါ လိုဖြစ်နေပြီ။။။။ အဟီးးးးး

မယ်မယ်......ဟွန်းးနော်....


:P

Dream said...

သတ္တ၀ါတွေ ကျန်းမာပါစေ...ခြ၊ချင်၊ဂျပိုး မပါပါ လိုဖြစ်နေပြီ။။။။ အဟီးးးးး

မယ်မယ်......ဟွန်းးနော်....


:P

ချော (အစိမ်းရောင်လွင်ပြင်) said...

မဖတ်ရတာကြာလို့ပေါ့ပေါ့ပါးပါးလေးကို
ပြုံးပြုံးရွှင်ရွှင်လေးဖတ်သွားပါတယ်..
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ မခင်လေးရေ..
စာတွေအများကြီးရေးနိုင်ပါစေ.. ခြင်တွေ၊ အမူးသမားရန်တွေကနေ ကင်းလွတ်ပါစေနော်..
း)

မယ်ကိုး said...

နက်က မကောင်းတော့ မမခင်လေးစာကို ဖတ်ပြီး မန့်မယ်လုပ်တိုင်း မရဘူး ဖြစ်ဖြစ်နေတာ။
ချစ်မလေး ဒီလိုလေးရေးထားတာ ချစ်စရာလေး...

မယ် ခြင်ဖြစ်သွားတဲ့အခါ ချစ်မလေးဆီလာလည်မယ်နော်...မကိုက်ဘူး။ မယ့်ကို မရိုက်နဲ့နော် ချစ်မလေး :P

khin mu san said...

ဟဲဟဲ..x.x.x.x

ခြင်သတ်တဲ့နေ့က မီးသတ်ကားသံကြားလိုက်မိသလိုဘဲ
ဟိုလူကြီးလေ အဲ့တာဂျင်းအကျီင်္ဆိုင်ကထိတ်ပြောင်ကြီး

ချို :P

မဗေဒါ said...

အမယ်လေးသိပ်ကောင်းတဲ့အရေးအသားပါပဲ..ဆရာကြီးရွေဥဒေါင်းက မောင်ခေါ်လောက်ပါ့တော်..။

မမောတန်းဖတ်သွားတယ်.. မီးတောင်ဝိုင်းသတ်ပေးသွားတယ်..။

လာဖတ်တာနောက်ကျတာခွင့်လွတ်ပါ..။

မဗေဒါ ခေါ် ဗေဗေ

မဗေဒါ said...

အော်မေ့လို့ညီမရေ

ဟီး ဆရာလုပ်လိုက်အုံးမယ်..။

ဟိုလေ ခေါင်းစဉ်က နေ့လည်ခင်းဆိုရင် ပိုလှမယ်ထင်တယ်..။

နေ့လည်တခင်းကို အင်ဘာစိုက်လုပ်ပေမဲ့ တကယ်တမ်းပြောတော့ တစ်ပါရင် မလှဘူးလားလို့ပါနော်..။

ဗေဗေ

ခင်လေးငယ် said...

ကျေးဇူးပါ အစ်မရေ..

တစ်ပါ မပါကတော့ အမြင်အမျိုးမျိုးပေါ့..

နေ့လယ် ကတော့ နေ့လယ်လို့ပဲ ရေးရမှာမို့ စာလုံးပေါင်းအမှန်အတိုင်း ရေးထားလိုက်တာပါ..

ခင်မင်စွာဖြင့်
ခင်လေးငယ်

မဗေဒါ said...

ညီမ

ဟီး .. ခွင့်လွတ်ပါ.. နေ့လယ်ပါ..။ တော်၏..။

ဗေဗေ

Moe Myint Tane said...

ပါဏာတိပါတာ ဝေဒမဏိသိက္ခာပရံ သမာဓိယာမိ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မြသွေးနီ said...

ကိုယ်တွေ့ အဖြစ်ပျက်လေးကို စာတစ်ပုဒ် အနေနဲ့ ချရေးလိုက်တာ စိတ်ဝင်စားစရာ။ ကျွန်မ မနှစ်မြို့တဲ့ အင်းဆက်တွေထဲမှာ ခြင်လည်းအပါအ၀င်ဘဲ။ မခင်လေးငယ် ခြင်အန္တရယ်မှ ကင်းဝေးပါစေလို့..။

khin oo may said...

လောကကြီးမှာဒီလိုဘဲ။

♥ကိုဇော်♥ said...

ခြင်တစ်ကောင်ကို ရက်ရက်စက်စက် သတ်ပြီး သကာလ. . တိုက်ပေါ်မှ ခုန်ချချင်သူကို ထိန်းသိမ်းပြီး သကာလ မခင်လေးငယ်. . .စလိသွားပါတယ်... ဂလိုပေါ့လေ။