Friday, April 30, 2010

သွားနည်းသွားဟန်သရုပ်မှန်

ကျွန်ုပ်တို့သည် သဘာဝတရား၏ အမြော်အမြင်ကြီးစွာ တပ်ဆင်ပေးလိုက်သော မွေးရာပါ ခြေနှစ်ချောင်းကြောင့် နားရသည်မရှိ သွားပြီးရင်း သွားနေကြရသည်။ လူတို့တွင် ခြေထောက်ဆိုသော နှစ်ချောင်းထောက်များသာ မပါရှိလျှင်လည်း တုံးတိတိနှင့် အတော် မချိစရာကောင်းပေလိမ့်မည်။ လှမ်းစရာ မလို သွားစရာ မလိုနှင့် လူငုတ်တုတ်များ ဖြစ်ကြပေမည်။ ထိုနှစ်ချောင်းထောက်များ ရှိပြန်တော့လည်း ဘယ်တစ်လှမ်း၊ ညာတစ်လှမ်းဖြင့် လှမ်းပြီးရင်း လှမ်းနေရပြန်သည်။ တစ်ဦးနှင့်တစ်ဦး မတူညီသော ဦးတည်ရာများသို့ သွားလာနေကြသည်ဟု ထင်ရသော်လည်း အမှန်မှာ ကျွန်ုပ်တို့သည် တစ်ခရီးထဲ သွားနေကြသော ခြေလျင်လျှောက်သူများပင်။ မြန်မြန်လျှောက်လျှောက်၊ နှေးနှေးလျှောက်လျှောက် အချိန်တန်လျှင်တော့ ထိုပန်းတိုင်သို့ ရောက်ကြရမည်။

ကျွန်ုပ်သည် အလွန်ပေါက်ကရနိုင်သော ကြောင်စီစီတွေးတတ်သူ ဖြစ်သည့်အလျောက် ထိုနှစ်ချောင်းထောက်များ၏ သွားနည်းသွားဟန်များအား သရုပ်ခွဲ၍ တွေးကြည့်နေမိသည်။ ခြေနှစ်ချောင်းချင်း အတူတူ လျှောက်ပုံလျှောက်ဟန်များ တူညီမှုမရှိပဲ မသိမသာ ကွဲပြားနေကြကြောင်းလည်း တွေးလေလေ မြင်လေလေဖြစ်သည်။ မြင်လေလေ (ရီ) ရယ်ချင်ပက်ကျိ ဖြစ်လေလေဖြစ်သည်။ လူတို့တွင် ခြေနှစ်ချောင်းသာရှိ၍ တော်တော့သည် ထိုနှစ်ချောင်းကိုပင် ပုံစံအမျိုးမျိုး ထွင်လျှောက်ကြသည်။ လေးချောင်းများသာရှိလျှင် ပို၍ အဆန်းထွင်လျှောက်၍ ကောင်းမည်ထင်သည်။

ကျွန်ုပ်ပထမဆုံး ပြောပြလိုသော လမ်းလျှောက်ဟန်မှာ ကျွန်ုပ်၏ ငယ်ပေါင်း သူငယ်ချင်း တစ်ယောက်၏ လမ်းလျှောက်ဟန်ကိုပင်။ အတော်ငယ်ငယ် ကလေးဘဝမှစ၍ ထိုအတိုင်းသာ လျှောက်လာခဲ့သူဖြစ်၍ ဒင်း၏ လမ်းလျှောက်ဟန်အား စတိုင်ထုတ်၍ လျှောက်သည်ဟူ၍ ကျွန်ုပ်မထင်မိပေ။ ဒင်းလမ်းလျှောက်ပုံမှာ.. ခါးအား မတ်မတ်ထား၍ ရင်အား ကော့ထားသည်။ ခေါင်းလည်း မော့ထားသည်။ လက်နှစ်ဖက်အား လွှဲလျှောက် လျှောက်ရာတွင် အရှိန်အတော်များများဖြင့် လွှဲတတ်သောကြောင့် လက်ကြီးမှာ အလွန်ရမ်းနေသည်။ ခြေထောက်သည်လည်း ဒူးခေါင်း (တံကောက်ကွေး) အား ကွေးသည်ဟု မထင်ရလောက်အောင် တောင့်တောင့်ကြီးဖြစ်သည်။ ဆန်းပြားသည်မှာ ခြေဖဝါး နှစ်ခုအား အပြင်သို့ ကား၍ လျှောက်ခြင်းဖြစ်သည်။ သတိအနေအထားဖြင့် ခြေအစုံးပူး၍နေလျှင် ဒင်းခြေထောက်မှာ အင်္ဂလိပ်အင်္က္ခရာ (V) ပုံသဏ္ဍာန်မျိုး ဖနောင့်နှစ်ဖက်ပူး၍ ခြေမနှစ်ဖက် အတော်ဝေးနေသည်။ ထိုသို့ ခြေဖဝါးနှစ်ဖက်အား အပြင်သို့ကား၍ တစ်ကိုယ်လုံး တောင့်တောင့်ကြီးလျှောက်သော လမ်းလျှောက်ဟန်မှာ ရယ်ချင်ပက်ကျိဖြစ်စရာပင်။ ဆိုတော့ဖြင့် ဒင်းလမ်းလျှောက်ပုံမှာ လက်ကြီး ဝှီးကနဲ ဝှီးကနဲနှင့်။ ဖိနပ်သံ ပလပ်ပလပ်နှင့်။ ခြေကားရား လက်ကားရားနိုင်လှသည်။

ဒုတိယ ပြောပြလိုသော လျှောက်နည်းလျှောက်ဟန်မှာ ဆန်းပြား၍ ကဗျာဆန်နေသည်။ ထိုသူမှာ အခြားသူ မဟုတ်ပေ အထက်တွင် ဖော်ပြခဲ့သော ကားရားပုံစံလျှောက် သူငယ်ချင်း၏ ချစ်လှစွာသော ရည်းစားဖြစ်သည်။ သူမ၏ လမ်းလျှောက်ဟန်မှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။ အတိအကျ ပုံဖော်ပြရသော်.. ခါးအား ခပ်ကိုင်းကိုင်းထား၍ ဒူးခေါင်းအား ကွေးကာလျှောက်သည်။ လက်နှစ်ဘက်မှာ လွဲသည်ဟု မထင်ရလောက်အောင် လှုပ်ရုံသာ လှုပ်သည်။ လက်နှစ်ဖက်အား ခန္ဓာကိုယ်ဘေးတွင် အသေကပ်၍ ခေါင်းငုံ့လျှောက်တတ်သည်။ တစ်ကိုယ်လုံးခြုံကြည့်လျှင် ခါးကုန်းကုန်းနှင့် အားမရှိသူဟု ထင်ရလောက်အောင် ပျော့ခွေဟန် ပေါက်နေသည်။ ဆန်းပြားသည်မှာ ခြေဖဝါးနှစ်ဖက်အား အတွင်းသို့ ခွင်၍လျှောက်တတ်ခြင်းပင်။ ရိုးရိုး ခွင်ခြင်းမျိုး မဟုတ်ပဲ ခြေလှမ်းလိုက်လျှင် ဝိုက်၍ ဝိုက်၍ ခွင်ခြင်းမျိုး ဖြစ်သည်။ စတိုင်ထုတ်သည်ဟု ထင်စရာ ရှိသော်လည်း သူမလမ်းလျှောက်ဟန်လည်း (ရီ) ရယ်ချင်ပက်ကျိ။

ဒင်းတို့ စုံတွဲ အတူများတွဲလာလျှင် လူတိုင်း သတိထားမိလောက်အောင် ဆန့်ကျင်ဘက် ဆန်လှသည်။ အလွယ်ပြောရလျှင် တစ်ယောက်သည် တောင့်တောင့်ကြီးနှင့် ကားကားကြီး၊ နောက်တစ်ယောက်သည် ကုန်းကုန်း ပျော့ပျော့နှင့် ခပ်ခွင်ခွင်။ ဒင်းတို့အတွဲ လူပြောများ၍ နာမည်ကျော်လှပေသည်။ ကလေးများမွေးလျှင် မည်သို့လျှောက်မည်မသိ။ မွေးမည့်ကလေး အတည့်ပြန်၍ ဖြစ်သွားနိုင်ကောင်းသည်။

ကျွန်ုပ်စိတ်ပျက်မိသော လမ်းလျှောက်ပုံ တစ်ခုရှိသေးသည်။ တခြားတော့ မဟုတ်ပေ ကြောင်လျှောက်ဆိုလား Cat Walk ဆိုလား နာမည်ကျော် လမ်းလျှောက်ဟန်မျိုးပင်။ အမှန်အတိုင်း ပြောပြရလျှင် ကျွန်ုပ်လည်း ခေသူမဟုတ်ပေ။ ခေသူ မဟုတ်ဆို၍ မခေသူဟူ၍လည်း အထင်မရောက်စေလိုပေ။ ကျွန်ုပ် ရည်းစားများများစားစား မထားခဲ့ဖူးပေ။ ထားခဲ့ဖူးသော အချောအလှ ၁၀ ယောက် ၁၅ ယောက်ကျော်ထဲတွင် မော်ဒယ်မလေး တစ်ယောက်ပါဖူးသည်။ ကျွန်ုပ်နှင့်ဒင်းကလေး စတင် ကျွမ်းဝင်ခါစက ပိန်သွယ်သွယ်နှင့် ချစ်စရာလေးဖြစ်သည်။ လမ်းလျှောက်ဟန်သည်လည်း သာမန်အရပ်သူများကဲ့သို့ ရိုးရိုးယဉ်ယဉ်လေးသာဖြစ်သည်။ ကျွန်ုပ်နှင့်ကြိုက်ပြီး သုံးလေးလအကြာတွင် ဖြတ်ဖြတ်လူး၍ ရူးလေတော့သည်။ ရူးသည်ဆို၍ အံ့သြမစောကြစေလိုပေ။ ဒင်းရူးခြင်းမှာ မော်ဒယ်ရူး ရူးခြင်းဖြစ်တော့သည်။ ဘယ်သူက ဘယ်လို မြောက်ပေးလိုက်သည် မသိ မော်ဒယ်သင်တန်း ရောက်သွားတော့သည်။ တဖြည်းဖြည်းနှင့် သူ၏ လမ်းလျှောက်ပုံမှာ ပြောင်းလဲလာသည်။ ဒေါက်မြင့်ဖိနပ်လည်း မချွတ်တမ်း စီးလာသည်။ ဝတ်စားပုံလည်း ပြောင်းလဲလာသည်။ အတူတွဲလျှောက်ရန် ကျွန်ုပ် ရှက်ဖွယ်အတိ ဖြစ်မိလေတော့သည်။

ဒင်းကလေး၏ လမ်းလျှောက်ပုံအား ခပ်ပါးပါး ပုံဖော်ပြရသော်.. ခြေလှမ်းက ခပ်ကျဲကျဲဖြစ်သည်။ ပျဉ်တစ်ပြားတည်း ခင်းထားသော တံတားပေါ်လျှောက်သကဲ့သို့ ဘယ်ခြေလှမ်း၊ ညာခြေလှမ်း တစ်ထပ်တည်းကျသည်။ မြောက်ကြွမြောက်ကြွလေးလည်း ဖြစ်သည်။ ကြောင်လျှောက်ဆိုသည်မှာ တကယ်ပင်မှန်လှသည်။ လက်နှစ်ဖက်လွှဲသည်ကလည်း စည်းချက်ညီသည်။ လှလည်း အလွန်လှပေသည်။ ရင်ခုန်လှိုက်မော လေထဲလွှင့်နေသလိုဖြစ်သည်။ ဒင်းကလေး၏ မော်ဒယ်လမ်းလျှောက် လေ့ကျင့်ပုံမှာလည်း အဆန်းပင်။ ဒင်းတို့အိမ်အနီး ရထားသံလမ်းပေါ်တက်၍ ခြေလှမ်းငြိမ်အောင် လျှောက်သည်ဟူ၏။ ရထားတိုက်မသေသည်မှာ ကံကြီးလှသည်။ အလွန် စိတ်ပျက်စရာ ကောင်းသည်မှာ စင်ပေါ်လျှောက်ပြီးလျှင် အားမရသေးပဲ အရပ်ထဲ၊ ရပ်ကွက်ထဲ၊ လမ်းထဲ ထိုပုံစံအတိုင်းသာ လျှောက်နေလေတော့ ကျွန်ုပ်ရှက်လွန်လွန်းလှသည်။ ကျွန်ုပ်လက်မောင်အား ချိတ်၍ လျှောက်နေပြန်လျှင်လည်း ကျွန်ုပ်မှာ ဒရွတ်တွဲလိုက်ရတော့မလို အနေခက်လှသည်။ ဤသို့ဖြင့် ကျွန်ုပ်လည်း စိတ်မကောင်းစွာ “ဒုန်းး” ကနဲ ဖြတ်ချလိုက်တော့သည်။
(“ဖြတ်သည်” ဆိုခြင်းအား တလွဲမတွေးစေလို.. ဒင်းကလေးအား ချစ်မိသောစိတ်နှင့် သံယောဇဉ်အမျှင်တန်းများအား ဖြတ်ခြင်းသာဖြစ်သည်။)


ထိုမော်ဒယ်မလေးကဲ့သို့ပင် ကျွန်ုပ်သည် လှတပတ ချာတိတ်မလေး တစ်ယောက်နှင့် စုံတွဲခုတ်ဖူးပြန်သည်။ ဒင်းကလေးသည်လည်း ခေသူမဟုတ်ပေ။ မယ်ပြိုင်ပွဲတွင် မယ်ဘွဲ့ရဖူးသည်။ ဒင်းကလေး၏ လမ်းလျှောက်ဟန်မှာ ကျွန်ုပ်အား မထိတထိနှင့် ကလိကလိ ဖြစ်စေသည်။ ပြိုင်ပွဲလျှောက်ဟန်အား ကျွန်ုပ် မျက်ဝါးထင်ထင် မမြင်ဖူးသော်လည်း အတူတွဲသွားလျှင် လျှောက်တတ်သော လမ်းလျှောက်ဟန်အား အမှန်ပင် စွဲလမ်းမိသည်။ လျှောက်ပုံမှာ.. ချစ်စရာကောင်းလွန်းသည်။ ခြေငါးလှမ်း လှမ်းပြီးလျှင် တစ်ကြိမ် ခြေဖဝါးလေးအား ကြွ၍ ခုန်ဆွဆွလေး လုပ်တတ်သည်။ ပုံမှန် ခြေလှမ်း လှမ်းနေရာမှာ လေးငါးလှမ်းကို ခြေလှမ်းစိပ်စိပ်ပြေး၍ သွားတတ်သေးသည်။ ခုန်ဆွဆွလေး လုပ်ပြန်သည်။ ပြီးလျှင် ခပ်လှမ်းလှမ်း ပြေးသွားရာမှ မျက်နှာခြင်းဆိုင် နောက်ပြန်လျှောက်တော့သည်။ နောက်ပြန်လျှောက်လျှင်လည်း ခြေကို ငြိမ်ငြိမ်မလျှောက် ကလေးလေးလို ခုန်ဆွခုန်ဆွ လုပ်နေတတ်သည်။ ဒင်းအပြောအရ “မျက်နှာကြည့်၍ လမ်းလျှောက်ချင်သည်” ဟူ၏။ ကျွန်ုပ်မှာလည်း ထိုခုန်ဆွမလေးကို အူလှိုက်သည်းလှိုက် ဖြစ်သွားတော့သည်။
(ရည်းစားများ၏ လမ်းလျှောက်ပုံများအား တစ်ယောက်ခြင်းရေးနေလျှင် ကျွန်ုပ်အား မြင်ပြင်းကပ်ကြမည်ထင်သည်။ ဤတွင် ရပ်လိုက်ပါမည်။)

လျှောက်နည်းလျှောက်ဟန်များတွင် ပြုံးချင်စဖွယ် လမ်းလျှောက်ဟန်တစ်ခု ရှိသေးသည်။ “ရင်ဘတ်ဖြင့် လမ်းလျှောက်သည်” “ခေါင်းဖြင့် လမ်းလျှောက်သည်” ဟု ဆိုလျှင် ထူးဆန်းပေလိမ့်မည်။ အမှန်ပင် ထိုသို့ တင်စားထိုက်သော လမ်းလျှောက်ဟန် ရှိသည်။ အခြားမဟုတ်ပေ ပြေးရမည်လည်းရှက်၊ နှေးလို့လည်း မဖြစ်သော အချိန်မျိုးတွင် ထိုသို့ လျှောက်တတ်ကြသည်။ ဥပမာ အလုပ်ချိန်နောက်ကျ၊ ကျောင်းချိန်နောက်ကျ၊ ရထားမမီမှာစိုး၊ ကားမမီမှာစိုး စသည့်အချိန်များတွင် တွေ့ရတတ်သည်။ အထူးသဖြင့် ရထားဘူတာများတွင် အတွေ့များသည်။ လျှောက်ပုံမှာ.. ခါးအား အစွမ်းကုန် ကုန်းထားသည်။ စိတ်က ခြေထောက်ထက် ပိုမြန်နေသောကြောင့် ဟတ်ထိုးဟတ်ထိုးဖြင့် ခြေလှမ်းက နောက်ကျနေသည်။ မြင်မြင်ရာ ဝင်တိုက်တော့မယောင် အလွန်မြန်နှုန်းမြင့်လျှောက်သည်။ လက်တွင်လည်း အထုပ်အပိုး၊ အိတ်၊ ဖိုင်တွဲ၊ ထမင်းဘူး စသည်ဖြင့် ပါတတ်သည်။ အသေအချာကြည့်လျှင် ရင်ဘတ်ကြီးဖြင့် သွားတော့မယောင်၊ အရှိန်လွန်၍ ခေါင်းစိုက်တော့မယောင်။ လျှောက်သူ မသိသော်လည်း ဘေးမှကြည့်သူအဖို့ အလွန် (ရီ) ရယ်ချင်စဖွယ်ကောင်းပေသည်။

သွားခြင်းအား အထူးပြုရာတွင် “လှုပ်လီလှုပ်လဲ့” ဆိုသော စကားလုံးသည် အာရုံတွင် ပုံပေါ်လာအောင် အလွန်ကျစ်လစ်သော သရုပ်ဖော် စကားလုံး တစ်ခုဖြစ်သည်။ ထိုစကားလုံးအား ဖတ်မိရုံဖြင့် အမျိုးသားများအနေဖြင့် မိန်မပျိုလေးများအား မြင်ယောင် လာတတ်ကြသည်။ မြင်လျှင်လည်း များသော အားဖြင့် နောက်ကျောဘက်မှသာ မြင်ယောင်တတ်ကြသည်။ ဤသည်မှာ ကျားသဘာဝ သို့တည်းမဟုတ် ဆွဲအားကြောင့် ဖြစ်နိုင်သည်။ ကွမ်းတောင်ကိုင်လေး၏ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဟန်၊ ရေခပ်သူလေး၏ ရေအိုးရွက်၍ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဟန်၊ မြန်မာဆန်ဆန် ယဉ်သူလေး၏ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဟန်၊ စသည်ဖြင့် နိမ့်တုံမြင့်တုံ လျှောက်ပုံမျိုး မြင်တတ်ကြသည်။ ဆိုလိုသည်မှာ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဟန်သည် ကြောင်လျှောက်နှင့် မတူသော်လည်း “လှပါသည်” ဟူ၍သာ ရယ်ကျဲကျဲဖြင့် “ဂလု” ကနဲ ပြောပြလိုခြင်း ဖြစ်သည်။ (ဤနေရာတွင် စိုင်းစိုင်းခမ်းလှိုင် ၏ “အိုးကလေး လှုပ်ပါဟေ့ ရေအိုးလေး လှုပ်ပါဟေ့” ဆိုသည့်အကြောင်းအား အကျယ် မရေးလိုတော့ပေ။ ထိုသို့ လျှောက်ဟန်များအကြောင်း တွေး၍သာ မြင်ကြည့်ကြပါကုန်။)

အတော်အနေခက်မည် ထင်ရသော လမ်းလျှောက်ဟန် တစ်ခု ရှိသေးသည်။ ပြောရမည်ကိုလည်း စိုးတော့ စိုးရိမ်နေမိသေးသည်။ ကျွန်ုပ်အား “ဒါတွေပဲ လိုက်ကြည့်နေတယ်” လို့ ပြောမည့်သူများ ရှိကြောင်းလည်း သိနေသည်။ သို့သော်လည်း “သွားနည်းသွားဟန် သရုပ်မှန်” ဆိုသောကြောင့် သရုပ်မှန်အတိုင်း ပြောပြဖို့တော့ လိုနေသည်။ အခြားမဟုတ်ပေ.. ကျွန်ုပ်တို့ ရွှေပြည်ကြီးတွင် နှမငယ်လေးများ၊ အမကြီးများ၊ အန်တီကြီးများ၊ ဘွားဘွားကြီးများ အထိ စကက်များ ဝတ်တတ်ကြသည်။ ထိုထဲတွင် A စကက်၊ ထမီစကက်၊ ဖိစကက် စသည်တို့ အလွန်အဝတ်များသည်။ ပတ်ရုံသာ ပတ်ထားသော ပတ်ထမီများလည်း ရှိသေးသည်။ တည်ထွင်သူများ အလွန်တော်လှသည်။ မြန်မာထမီကို မော်ဒယ်မြင့် လိုက်သလိုပင်။

ကိုယ်လုံးနှင့် ကွက်တိထက် ပို၍ တင်းကျပ်စွာ ချုပ်ဝတ်ကြသည်။ ကောက်ညှင်းထုပ်အား နှီးကြိုးဖြင့် တင်းနေအောင် ထုပ်ထားသကဲ့သို့ တင်းလွန်းသည်။ လမ်းလျှောက်လျှင် စကက် အနားသားကို ကန်၍ တရွှမ်းရွှမ်း ကန်လျှောက်လျှောက်ကြသည်။ အရေးအကြောင်း ပြေးလွှားစရာများပေါ်လျှင် စိုးရိမ်စရာ ကောင်းသလို၊ ရယ်ချင်စရာလည်း ကောင်းလှသည်။ ဒူးကွေး၍ မရလောက်အောင် တုပ်နှောင်ထားသောကြောင့် ခြေသလုံးလေးသာ လှုပ်ရုံလှုပ်၍ တုပ်တုပ်တုပ်တုပ်နှင့် ခုန်ဆွဆွ ပြေးရသည်။ တချို့ ပြေးရမည်ကို စိုးကြသည်။ တချို့လည်း လေတိုက်မည်ကို စိုးရိမ်ကြသည်။ လေလည်းလာ လန်လည်းလန် လန့်လည်းလန့် ဆိုသည်မျိုး ဖြစ်မည်။ “လန်ထွက်နေတာပဲ” ဆိုသောစကား ပေါ်ပေါက်လာပုံနှင့် သက်ဆိုင်ကောင်း သက်ဆိုင်နိုင်သည်။ စိတ်ကျဉ်းကျပ်စရာပင်။

သို့သော်လည်း လျှောက်သူ လျှောက်၍ ပြေးသူ ပြေးကြသည်။ အချို့ ကားပေါ်ကျော်ခွ တက်ကြသည်။ အချို့လည်း ခြေဖြင့် စတက်၍ မရသောကြောင့် ခုံပေါ်အရင်ထိုင်၍ ပြီးမှ ခြေကို တုပ်ကာ မပြီး တက်ရသည်။ လှချင်စိတ်၏ ဒုက္ခပင်။ ဆိုတော့ဖြင့် ခေတ်ကာလ နှမငယ်များ ဝတ်စားဆင်ယင်မှု အလိုက် လမ်းလျှောက်ပုံများ၊ နေပုံထိုင်ပုံများ ပြောင်းလဲတတ်ကြောင်း ဤနေရာတွင် သတိထားမိတော့သည်။ ဘောင်းဘီဝတ်၍ ပေါ့ပေါ့ပါးပါး လျှောက်ဟန်၊ စကပ်ဝတ်၍ သတိထားလျှောက်ဟန်၊ လုံခြည်ဝတ်၍ လျှောက်ဟန်၊ ဒေါက်ဖိနပ်အမြင့်ကြီးစီး၍ စိုးရိမ်ထိတ်လန့်စွာ လျှောက်ဟန်၊ တစ်စုံတစ်ယောက် ကြည့်နေမည်စိုး၍ ခြေလှမ်းမှားသော လမ်းလျှောက်ဟန်၊ စသည်ဖြင့် ပြောချင်စရာ အတော်များသည်။

တွေးမိတိုင်းသာ အကျယ်ချဲ့ သရုပ်ဖော်နေလျှင် ကျွန်ုပ်လည်း ရိုက်ပေါက်ဖြစ်မည်။ ဆိုတော့ဖြင့် သတိထားမိလောက်အောင် ထူးဆန်းသော လျှောက်နည်းလျှောက်ဟန်းများ ရှိသေးကြောင်း အတိုချုံ့၍ ပြောချင်သည်။ လမ်းလျှောက်တတ်စ ကလေးငယ်လေး၏ လှမ်းလိုက်၊ ယိုင်လိုက်၊ ထိုင်ချလိုက် ပြန်ထလိုက် စသော လမ်းလျှောက်ဟန်၊ ကျွန်ုပ်တို့ ဘဘကြီး၏ တုန်ချိတုန်ချိ လမ်းလျှောက်ဟန်၊ ဘယ်ညာ ဖိနပ်သံခပ်ကြမ်းကြမ်း ထီမထင်သော လမ်းလျှောက်ဟန်၊ အစုအဖွဲ့ ချီတက် လမ်းလျှောက်ဟန်၊ ထီးမိုးသူ၏ ကြောက်ဒူးတုန်နေသော လမ်းလျှောက်ဟန်၊ အနှေးလျှောက် အမြန်လျှောက် လျှောက်ဟန်၊ ကျီးကြည့် ကြောင်ကြည့် လျှောက်ဟန်၊ ချည့်နဲ့နေသော လမ်းလျှောက်ဟန်၊ တက်ကြွနေသော လမ်းလျှောက်ဟန်၊ ရဟန်းသံဃာများ၏ ဝိနည်းနှင့်အညီ လမ်းလျှောက်ဟန်၊ ဒေါသထွက်သူ၏ ခြေလှမ်းကျဲကြီးဖြင့် လျှောက်ဟန်၊ လူမိုက်၏ လက်နောက်လွဲ ရိုက်ပေါက်လျှောက်ဟန်၊ လှယဉ်ကျေးမယ်၏ ကြွကြွရွရွ လမ်းလျှောက်ဟန်၊ မျက်မမြင် တစ်ယောက်၏ စမ်းတဝါးဝါး လျှောက်ဟန်၊ “ကျား” မဟုတ် “မ” မဟုတ် အခြောက်တစ်ယောက်၏ လျှောက်ဟန်၊ ဝလွန်းသူ၏ ပေါင်းခပ်ကားကား လျှောက်ဟန်၊ စသည်တို့အပြင် ပင့်ကွင်းငှက်ကြီး၏ ဝဝလိမ်လိမ် လမ်းလျှောက်ဟန်၊ မျောက်များ၏ ခုန်ပေါက်၍ လမ်းလျှောက်ဟန်၊ ဂဏန်းကောင်တို့၏ ကန့်လန့်သွားသော လမ်းလျှောက်ဟန်၊ ပက်ကျိ၊ လိပ်၊ မြွေ၊ ကြောင်၊ ပင့်ကူ၊ ပရွက်ဆိတ် စသော တိရိစ္ဆာန်များ၏ လျှောက်ဟန်၊ ထို့ပြင် ဖနောင့်ဖြင့် ခပ်ကြမ်းကြမ်း ဖိလျှောက်ဟန်၊ ခြေဖဝါးဖြင့် ခပ်ဖွဖွလျှောက်ဟန်၊ ဖိနပ်တရှပ်ရှပ် လျှောက်ဟန်၊ ကြိုးတန်းပေါ်လျှောက်ဟန်၊ အရက်သမား၏ ယိမ်းထိုးလျှောက်ဟန်၊ ချာလီချက်ပလင်၏ လျှောက်ဟန်၊ ငတက်ပြား၏ လျှောက်ဟန်၊  ရာဇာနေဝင်း၏ လျှောက်ဟန်၊ ကိုရင်နော်၏ လျှောက်ဟန်... စသည်ဖြင့် စုံလွန်းလှသည်။
(ကိုရင်နော်၏ လျှောက်ဟန် ဆို၍ စာဖတ်သူ ပြုံးချိချိနှင့် စိတ်ဝင်စားသွားမည်ထင်သည်။)


ကျွန်ုပ်၏ လမ်းလျှောက်ဟန်မှာ “စတိုင်ကျကျ မော်ဒယ်ဘွိုင်းကဲ့သို့” ဟု မပြောလိုပေ။ အမှန်အတိုင်း ပြောရလျှင် ကျွန်ုပ်လည်း ခြေနှစ်ချောင်းသာပါ၍ သူလိုကိုယ်လိုသာ ဘယ်တစ်လှမ်း ညာတစ်လှမ်း လှမ်းနေသည်။ ရံဖန်ရံခါ မြောက်ကြွကြွ၊ ကားရားကားရား။ ရံဖန်ရံခါ ခုန်ဆွဆွ၊ ထော့နင့်နင့်။ ရံဖန်ရံခါ ကုပ်ချောင်းချောင်း။ ရေချိန်ကိုက်လျှင် ဒယီးဒယိုင်၊ ဟတ်ထိုးဟတ်ထိုး၊ လေးဖက်ထောက်၊ ဝမ်းလျားထိုး။ တခါတရံ တွေ့ကရာ ကန်၍ စသော လျှောက်ဟန်များ အလျင်းသင့်သလို လျှောက်တတ်သည်။ ဘယ်ခြေ လှမ်း ဘယ်လက်လွှဲ၊ ညာခြေ လှမ်း ညာလက်လွှဲသော ကိုးရိုးကားရား ပုံမျိုးတော့ မလျှောက်တတ်ပေ။ သေချာသည်မှာ ကျွန်ုပ် လှုပ်စရာ မရှိ၍ လှုပ်လီလှုပ်လဲ့တော့ မလျှောက်ရိုး အမှန်ပင်။

အတည်ပြောလျှင် ကျွန်ုပ်အနေဖြင့် မူပိုင်လျှောက်ဟန် ထူးထူးခြားခြား မရှိသော်လည်း သွားနေသော လမ်းကြောင့် ခြေလှမ်းပျက်ရသည်များ၊ ခလုပ်တိုက်ရသည်များ၊ ခြေချော်လက်ချော် ဖြစ်ရသည်များတော့ ကြုံတွေ့ရသည်။ ထိုသို့ ကြုံတွေရခြင်းမှာလည်း အဆန်းတော့ မဟုတ်ပေ။ ကျွန်ုပ်တို့ လျှောက်လှမ်းနေကြသော ဘဝခရီးလမ်း ဆိုသည်မှာ တစ်ခရီးထဲ ဖြစ်၍ လူတိုင်းကြုံတွေ့နေရသလို ကျွန်ုပ်လည်း ကြုံတွေ့နေရခြင်းပင်ဖြစ်သည်။

အသေအချာ ပြန်တွေးကြည့်လျှင် ကျွန်ုပ်တို့ အားလုံးသည် လမ်းစလျှောက်တတ်စ ကလေးငယ်လို လဲလိုက် ပြန်ထလိုက်နှင့် ကိုယ့်အားကိုယ်ကိုးနေကြရသည်။ ရှေ့လှမ်းမလိုလိုနှင့် ခြေလှမ်းက နောက်ပြန်ရောက်တတ်သော အရက်သမား တစ်ယောက်လိုလည်း ဒယီးဒယိုင် ခြေလမ်းများ မှားကြသည်။ တစ်ခါတလေ ဘယ်ခြေ ညာခြေ ခလုပ်တိုက်၍ မှောက်လျက် လဲကြသည်။ တခါတလေ အတက်လမ်းတွင် လေးဖက်ထောက်၍ သွားကြရသည်။ အဆင်းလမ်းတွင် ခြေချော်လဲရသည်လည်းရှိသည်။ တခါတလေ မျက်မမြင်တစ်ယောက်လို စမ်းတဝါးဝါးနှင့် လမ်းပျောက်နေတတ်သည်။ တခါတလေ ကြိုးတန်းပေါ် လျှောက်နေသလို ဟန်ချက်ညီအောင် စွန့်စားနေရသည်။ တခါတလေ ချောက်ကမ်းပါးနား လျှောက်နေသလို သည်းထိတ်ရင်ဖို ဆန်လှသည်။

ထိုသို့ ပုံသဏ္ဍာန် အမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုးနှင့် လျှောက်နေကြ၊ သွားနေကြသူများတွင် လက်တွဲဖေးကူတတ်သူများ ရှိသလို အတ္တကြီးစွာ တွန်းတိုက်တိုးဝှေ့ သွားသူများလည်း ရှိသည်။ ကျွန်ုပ်တို့ တစ်ခရီးထဲ သွားနေကြသော ခရီးသွားဖော်ချင်းအတူတူ တစ်ဦးနှင့်တစ်ဦး မေတ္တာမထား ရန်သူများလို ကိုက်ရင်းဖဲ့ရင်း သွားနေကြခြင်းမှာ စိတ်ပျက်စရာ ကောင်းလှသည်။ ကျွန်ုပ်တို့၏ လျှောက်ပုံလျှောက်ဟန်များ ပုံစံမတူ ကွဲပြားတတ်ကြသော်လည်း သွားနည်းသွားဟန်များ သရုပ်မှန်ရန် လိုအပ်နေသည်။

ကျွန်ုပ်တို့ လျှောက်လှမ်းနေကြသော ခြေလှမ်းတိုင်း၏ ဦးတည်ရာသည် “သေဆုံးခြင်း” ဆိုသော သိပ်မဝေးလှသည့် ပန်းတိုင်တစ်ခု ဖြစ်ကြောင်း သတိချပ်၍ များနေသော အတ္တများ လျော့၍ မှားနေသော ခြေလှမ်းများ ပြင်ရပေတော့မည်...။

(ကိုရင်နော်)

မှတ်ချက်။ ။ ရည်းစားများကြောင်း လူအထင်ကြီးအောင် ကြွားရေးထားသည်များအား မသိချင်ယောင်ဆောင်၍သာ ဖတ်ပေးကြပါကုန်။ အမှန်မှာ ဂေါ်မစွံ အသိုးကြီးဖြစ်ကြောင်း ဝန်ခံပါသည်။ (ကျွန်ုပ် ဝန်မခံလျှင် ဖွမည့်သူများရှိ၍ ဝန်ခံလိုက်ခြင်း ဖြစ်သည်။)  
ခင်လေးငယ်၏ လမ်းလျှောက်ဟန်အား ရေးပြလိုသော်လည်း စာဖတ်သူတို့ လွန်စွာ စိတ်ပျက် အံ့သြ သနားဂရုဏာသက်ကြမည်စိုး၍ ချန်လှပ်ထားခဲ့ပါသည်။

သရုပ်မှန်ပိုစ့်များ။       ။ အိပ်နည်းယောင်နည်းစားနည်းသေနည်း


28 comments:

Nyein said...

ဝါးးးး))))) ခေသူမပာုတ် မခေသူပာူ၍လည်မထင်ပါ ...အတော်စွံတာပဲပါဗျာ ၊ အကို့ သူငယ်ချင်းစုံတွဲကိုတော့ စိတ် အ၀င်စားဆုံးပဲ တကယ့်ကိုမြင်ချင်တယ် ခဏလေးပဲကြည့်ချင်တာပါ ...ပီားး ။။

Anonymous said...

ကိုရင် အတော်စွံ

ကိုရင်ေ၇ ခေါင်းနဲ့ လျှောက်တာတော့  ဟုတ်မယ် မြင်ဘူးတယ် မြန်ခြင်လွန်းအားကြီးတော့  ခေါင်းကရှေ့ ရောက်သွားတာဖြစ်မယ်

ကိုရင် မလေးကျန်းမာပါစေ
ချစ်တဲ့ ဂန့် 

HAPPY CLOUD said...

ဂဏန်းသွားလျှောက်တဲ့ ၀င်းဦးပါ ထည့်ရေးသင့်တယ်။ ဒီဖက်ခေတ်ဆိုရင်တော့ ရာဇာနေ၀င်းပေါ့။ မခင်လေးလျှောက်တဲ့ပုံလည်း ထည့်ရေးဖို့ မေ့သွားတယ်ထင်တယ်။း))

အနှစ်ချုပ်လေး သိပ်သဘောကျတယ်။(ရည်းစားများတာ ပြောတာမဟုတ်):D

ကိုရင်နော် said...

ကမိုးမောင်ကြီးရေ...
ဟုတ်ပါ့ဗျာ.. ကျန်တာလေး စုံသွားအောင် ဖြည့်ထားလိုက်သဗျို့.. အဟဲ့ဟဲ့ဟဲ့.. ဟဲ့..း)))

ရေလည်းဇူး...း)

ခင်မင်လေးစားမဟားဒယားချစ်ခြင်းအားဖြင့်
ကိုရင်နော်

သဒ္ဓါလှိုင်း said...

ကိုရင်နော်ပြောလို့လူတွေရဲ့လမ်းလျှောက်ဟန်ကို
တွေးကြည့်မိတယ်။ဟုတ်တယ်နော်..လမ်းလျှောက်ဟန်
သာမတူကြတာ..သွားနေကြတဲ့ခရီးကတော့ပန်းတိုင်
အတူတူပါပဲ..။အတတ်နိုင်ဆုံးအတ္တတွေကိုလျှော့ပြီး
မှားတဲ့ခြေလှမ်းကိုလည်းပြင်နိုင်အောင်ကြိုးစားပါ့မယ်..။
မမခင်လေးကိုလည်းသတိရပါတယ်..နေကောင်းတယ်နော်

ခင်တဲ့
သဒ္ဓါ

မေဇင် said...

လမ်းသွားပုံ သွားနည်းတွေကို မျက်စိထဲ တန်းမြင်အောင် ရေးတက်လိုက်တာ..ဦးနော်း) ။ နောက်ဆုံး ဦးတည်ရာက သေဆုံးခြင်း ဆိုတာကတော့ အမှန်ပါပဲလား။

khin oo may said...

ဖြည့်စွက်ချက် .ခင်လေးငယ်ထည့်ပေးပါ။

မေလေး said...

ကြွားချက် လန်ထွက်နေတာဘဲ

ဖြည့်စွက်ချက် (မမကေအိုအမ်ဆီကကော်ပီတာ :D )
ဦးနော်လမ်းလျှောက်ပုံလမ်းလျှောက်နည်း ဒါပုံနှင့်တကွ ပို့စ်သက်သက်တင်ပါရန် ........

ဒဏ္ဍာရီ said...

ကိုရင်နော်ရဲ့ သရုပ်မှန်ပိုစ့်တွေ ကြော်ငြာဝင်ပြီးထဲက စောင့်နေတာ ခုမှဖတ်ရတော့တယ်။ သရုပ်မှန် ဆိုတဲ့အတိုင်း သွားနည်းသွားဟန် လျှေက်နည်းလျှောက်ဟန်တွေကို ရေးထားတာ မျက်စိထဲမြင်တော့ ပြုံးမိပါတယ်။ သူငယ်ချင်းအတွဲကိုလည်း မျက်လုံးထဲ ပုံဖေါ်ကြည့်သွားတယ်။ ကိုရင်နော်ရဲ့ ချစ်ချစ်လေးတွေ လျှောက်ဟန်ကလည်း အဆန်းသားပဲ။

သွားနေကြရတဲ့ ပုံသဏ္ဍန် မတူကြတာပဲ ရှိတာပါ။ လူ့ဘ၀ဆိုတာ မွေးကတည်းက သေဆုံးချိန်ထိ ကိုရင်နော် ပြောသလို နောက်ဆုံး ဦးတည်ချက်ကတော့ တစ်ခုတည်းပါပဲ။ လိုရာ မရောက်ခင် ခြေလှမ်းမမှားအောင် သတိလေးနဲ့ သွားလို့ လောဘ၊ ဒေါသတွေ လျှော့ပြီး အတ္တကင်းတဲ့ လမ်းကို လျှောက်လှမ်းနိုင်အောင် ကိုယ်တိုင်လည်း ကြိုးစားရပါဦးမယ်။
အသိတရား အမြဲပေးတဲ့ ပိုစ့်လေးတွေအတွက်တော့ ကျေးဇူးတင်ပါတယ် ကိုရင်နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

မောင်မျိုး said...

ကျနော်ကတော့ လမ်းလျှောက်ရင် လဲကျတာ ပြန်ကိုမထတော့ဘူး ဖြစ်ချင်တာဖြစ်ဆိုပြီး တေပေပြီး ထိုင်နေလိုက်တော့တယ်း) ရသကို ကိုယ်လိုချင်တဲ့ဘက်ဆွဲတွေးသွားတယ်နော့်။

♥ကိုဇော်♥ said...

ရေးလည်း ရေးတတ်ပါ့ ကိုရင်ရယ်. . .
ကိုရင်က ဘယ်တစ်လှမ်း ညာတစ်လှမ်း လှမ်းတာလား.
ကျနော်က ညာတစ်လှမ်း ဘယ်တစ်လှမ်းဗျ. . .
ကျနော်က လက်ဝဲ သမား မဟုတ်ဘူး. .ဟိ
ညာသန်ဗျ. . .

ဟဲဟဲ..အဟုတ်မှတ်လို့ ဖတ်နေတယ် မလား. .
မှတ်ထား . . အဲဒါ အညာ ခံရတာပဲ. .

~ဏီလင်းညို~ said...

အစ်ကိုရေ.......

မော်ဒယ်လ်မလေး...... လမ်းလျှောက်ကျင့်တာ..... ရထားသံလမ်းပေါ်တက်ကျင့်တယ်ဆိုလို့ ရယ်လိုက်မိသေးတယ်...........း))

ဖတ်ရတာ ကျေးဇူးဗျာ.......။

ခင်မင်တဲ့
ဏီလင်းညို

မယ်ကိုး said...

ရသနဲ့ ဟာသနဲ့ အချိုးညီညီကောင်းမွန်တဲ့ ဒီလိုစာလေးတွေကို မျှော်နေတာ။
ဆက်ရေးပါဦးအစ်ကို
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

မေနိုင်း said...

ဦးနော်ရေးထားသလို စမ်းပြီး သွားကြည့်ဦးမယ်။ ရေးထားတာက သရုပ်ပါတော့ မျက်စိထဲတန်းမြင်တယ်။ ရီတော့ရီရတယ်နော် ကြွားလိုက်တာလည်း လွန်ရေား)

များနေတဲ့ အတ္တနဲ့ လှမ်းနေမှတော့ မှားနေတဲ့ ခြေလှမ်းတွေပဲပေါ့။ ဒါကြောင့် ဦးနော်ပြောသလို ပန်းတိုင်မရောက်ခင် ခြေလှမ်းမမှားအောင် သတိထားသွားရမယ်နော်။

ကျေးဇူးဦးနော်
မေနိုင်း

ချော (အစိမ်းရောင်လွင်ပြင်) said...

ရယ်စရာလိုလိုနဲ့ ပေးချင်တဲ့ Message လေးကို ပညာပါပါလေး ထည့်ပေးထားတာ
သိပ်သဘောကျစရာကောင်းပါတယ်.
တစ်ခရီးတည်းသွားချင်းချင်း တိုက်ခိုက်ချင်ကြတယ် ဆိုတာလေးက အနှစ်ကလေးပါဘဲ...
အင်း မခင်လေးရဲ့ လမ်းလျှောက်ပုံလေးကိုတော့
တကယ်သိချင်မိသားး...
ဟိဟိ
မြောက်ပေးတာမဟုတ်ကြောင်းပါ... မခင်လေးရေ..

မဗေဒါ said...

ဟလိုကိုရင်ရေ

တွေးအားလည်းကောင်း ရေးတာလည်းမိ.. ထိ..ပါ့..။ အင်း ရည်းစားတွေကလည်းများခဲ့.. ဟုတ်ပေါင် တကယ်မရှိခဲ့တာ သိရလို့ ပန်းတိုင် ဟိုကိုမရောက်ခင် စွံပါစေလို့ ဗေဗေ ဆုတောင်း၏..။

လာဖတ်တာ နောက်ကျသွားတယ်.. နှောင့်ယှက်သူ တွေရှိနေပြီ.. နှစ်ချောင်းနဲ့သတ္တ၀ါတွေပါပဲ..

ခင်တဲ့

ဗေဗေ

mek said...

ရောက်တယ် သတိတရ အမြဲပါ -

မေ့သမီး said...

ရည်းစားလှတပတလေးတွေရှိခဲ့ဘူးတယ်ဆိုတာ ကြွားတာလား။ ဒီတိုင်းပြောလို့ကတော့မယုံဘူး။ မုန့်ကျွေးပြောမှ အားနာပါနာနဲ့ယုံမယ်။ :)

Nchan said...

ကျွန်ုပ်လည်းစာများအားဖတ်ရှုသွားသည် နောက်နောင်လမ်းလျောက်လျင် စတိုင်ကျကျလျောက်တော့မည်
:D

ရွှေနတ်သား said...

လမ်းလျှောက်နည်းများ..မှတ်သားသွားပါကြောင်း.....မျှဝေပေးခြင်းအားအထူးကျေးဇူးတင်ပါတယ်ခင်မျာ

T T Sweet said...

လမ်းလျှောက်နည်းပေါင်းစုံ ကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရေးလဲ ရေးတတ်ပ ကိုရင်နော် ... နောက်ဆုံးက message လေးလဲ မှတ်သွားပါကြောင်း။ မဖတ်ရသေးတဲ့ ပို့စ်တွေ အများကြီးလဲ ဖတ်သွားပါကြောင်း။

မိုးခါး said...

မလျှောက်တော့ဘူး
စုံပဲ ခုန်ခုန်သွားတော့မယ် .. :D

ကျောပိုးအိတ် said...

သြော်

တာမီးရဲ့ ဦးနော်က တော်တော်စွံပါလားလို့ ဆိုပြီး အထင်တွေကြီးနေတာ။

အောက်ဆုံးရောက်မှ လူအထင်ကြီးအောင် ကြွားထားတာတဲ့။
း)

ဇရပ်ခုန်ခုန်ပြီးလျှောက်တဲ့လူ တွေ့ ရင်တော့ အူယားတယ်။ တစ်ချို့ ကလဲ ဖနောင့်သံစူးလမ်းလျှောက်ပုံလို့ ပြောတယ်။
း(

Republic said...

စီပုံးလဲ မတွေ့မိဘူး ကိုရင်ကြီး ။
ဒီဘလော့ဂ်ရွာထဲရောက်ရင် တော့ဝင်ဝင်ကြည့်ပါတယ် ။
ပေါ်တစ်ခါ ပျောက်တလှည့် မို့အားနာလှတယ် ။
ကိုရင် ခင်လေး နေကောင်းတယ်ဟုတ်။
ဆုံဦးမယ် တစ်နေ့တော့ ကိုရင်ကြီး။

ကိုလူထွေး said...

အမှန်က ဖြတ်ချလိုက်တယ်ဆိုတာ ခြေထောက်သုံးချောင်းနဲ့ လမ်းလျှောက်ရတာ အဆင်မပြေလို့ မဟုတ်လား...

းဝ)

Anonymous said...

ဟေ့လူကြီး ...
ဘတ်ဒီး ဟတ်ဒေးဆိုလား ..
ဟတ်ပီးဘတ်ဒေး ဆိုလား ....။
ဖြစ်ချင်တော့ ကျွန်တော့်အမေနဲ့မွေးနေ့လာတူနေပါပကောလား ....။

လမ်းလျှောက်တဲ့အခါတော့ ကိုရင်က စတိုင်ကျတယ်။
မျက်မှန်အမည်းကြီးတပ်ပြီး တုတ်ကောက်မပါဘဲ အဖြောင့်လျှောက်နိုင်တာနဲ့တင် ...နံပါတ်တစ်စွဲနေပြီ။

ခင်မင်စွာဖြင့်
Zephyr

MANORHARY said...

လမ်းလျှောက်တာ စတိုင်လ်ကျ မကျတော့မသိဘူး
မျက်မှန်မည်းမည်းကြီးနဲ့ သေချာရပ်တတ်တာတော့
သိတယ် ....

Anonymous said...

နောက်ဆုံးကမှတ်ချက် ဖတ်မိလိုက်လို့ပေါ့ဗျာ။ နို့မို့ အလကားကြွားနေတာလို့ ဆော်ထည့်မလို့။ ကလူသစ်လမ်းလျှောက်ပုံ ဘယ်လိုရှိသလဲမသိဘူး။ တခါမှလဲ သတိမထားမိဘူး။ မှန်ကြည့်ပြီးတော့လဲ လမ်းမလျှောက်ဘူးဘူး။ ဒါနဲ့ လမ်းမလျှောက်တတ်တဲ့သူ၊ မလျှောက်နိုင်တဲ့သူလဲ သေလမ်းမြန်းကြတာပါပဲဗျာ။