Friday, July 2, 2010

သို့...

စည်းဆိုပြီး ခြားခြားသွားတဲ့ အရာတွေထဲ
ထိုင်ပြီးဂျီးများရင်း ညည်းတွားရဖန်များလာတော့
ည.. ည.. တွေမှာ
အသက်ရှုရတာတောင် မဝတော့ပါဘူး..။

အပူရုပ်ကို ဟန်လုပ်လို့ ခွက်ခွက်လန် ရှုံးနေရတာ
ဘယ်သူမှ မသိလေကောင်းလေပဲဆို..!!
ခင်ဗျား ချရေးဖူးတဲ့ စာတွေကိုပဲ ပြန်ပြန်ဝါးရင်း
အာခေါင်တွေ ခြောက်ကပ် ရင်တလှပ်လှပ်ဖြစ်ရတဲ့
ည.. ည.. တွေမှာ
ကျွန်တော့်ကို ဘယ်သူ ရေတိုက်မှာလဲ..။

နေကောင်းပါရဲ့လား..!!
ဆေးသောက်ရဲ့လား..!!
စောစောအိပ်ရဲ့လား..!!
ယောင်ယောင်ပြီး လန့်အော်ဆဲလား..!!
တအိအိနဲ့ ငိုနေဆဲလား..!!
အားတွေငယ်နေမှာလား..!!
ကံကြမ္မာကို ဟားတိုက်ရယ်နေမှာလား..!!
လမ်းတွေလျှောက်နေမှာလား..!!
ကျွန်တော့်အတွက် ဟင်းတွေထချက်နေမှာလား..!!
လားပေါင်းများစွာနဲ့
ည.. ည.. တွေမှာ
ကျွန်တော့်စိတ်က တ တ နေမိမှတော့
ခင်ဗျားအိပ်မက်ထဲ ကျွန်တော်ရောက်နေမှာပဲ..။

တယောက် တနေရာမှာ
လမသာ ကြယ်မလင်း အမှောင်တွေသာ အထင်းသား
နှုတ်က ဟလို့ လွမ်းတယ် ပြောဖို့်တောင် ဖြစ်နိုင်ခြေမရှိမှတော့
ခင်ဗျားရော ကျွန်တော်ပါ သက်ပြင်းသာ တွင်တွင်ချပေါ့
တတ်မှ မတတ်နိုင်တာလေဗျာ..။

ပြုံးနေတတ်တဲ့ ခင်ဗျားမျက်နှာမှာ
အပြုံးတွေ လစ်ဟာလို့
မျက်လုံးတွေ အစ်မို့နေတာ နှစ်ချို့နေပြီမဟုတ်လား
ကျွန်တော်ကိုယ်တိုင်ကော...!!!!

လူတွေပြောတတ်တဲ့ ဆောင်ရန်ရှောင်ရန်မှာ
ကျွန်တော့် အတွက်က ရှောင်ရန် ရှောင်ရန်တွေပဲ
ကြားကြားနေတဲ့ ဝင်္ကပါ ညအမှောင်ထဲ
တမင်သာ ခေါင်းထိုးထိုးချနေရတဲ့ စိတ်အန်ဖတ်တွေနဲ့
အို.. ဗျာ....
မခင်လေးငယ်ရေ....
ည.. ည.. တွေမှာ
စိတ်လိုလက်ရ တေးမဆိုဖြစ်တာ
ကျွန်တော် ခင်ဗျားနဲ့ ဝေးပြီးကတည်းက..။

(ခင်လေးငယ်)

လှစ်ဟဝန်ခံချက်..။။ စာမရေးတော့ဘူးရယ်လို့ နာကျင်ကျင်တွေးရင်း ခင်လေးငယ်နှင့် ခပ်ခွာခွာနေခဲ့ဖူးသော နေ့ရက်များသို့ ကိုယ်တိုင် ရေးဖွဲ့ပါသည်..။

20 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မ..
ဘာအတွက်ကြောင့် စာမရေးရမှာလဲ
စာရေးတယ် ဆိုတာ ကိုယ့်ခံစားချက်တွေကို ချရေးလဲ ဖြစ်တာဘဲ..
ဘာဘဲ ခံစားနေရပါစေ.. စာနဲ့ချရေးလိုက်တော့လဲ နေသာသွားမှာပါ...
မရေးဘဲတော့ မနေပါနဲ့...
ခံစားချက်တွေပျော်ဝင်နေတဲ့ ကဗျာလေးဖတ်ပြီး စိတ်မကောင်းဘူး...
ပျော်အောင်နေပါနော်..

ချစ်တဲ့
ချော

သဒ္ဓါလှိုင်း said...

မမခင်လေး...
စာမရေးပဲတော့မနေပါနဲ့နော်..။ မမခင်လေးရဲ့စာတွေကို
ဖတ်ရတာကောင်းလွန်းလို့ပါ..။
သဒ္ဓါလည်းခွက်ခွက်လန်ရှုံးနေတာပေါ့မမခင်လေးရေ..။
ဖတ်ရင်းခံစားရပါတယ်.။တန်ဖိုးရှိတဲ့ကဗျာလေးကို
ရင်နင့်စွာနဲ့ဖတ်သွားခဲ့ရတယ်...။
ခင်တဲ့
သဒ္ဓါ

Anonymous said...

လမသာ ကြယ်မလင်း အမှောင်တွေသာ အထင်းသား
ဝင်္ကပါ ညအမှောင်ထဲ
တမင်သာ ခေါင်းထိုးထိုးချနေရတဲ့ စိတ်အန်ဖတ်တွေ


စကားလုံးတွေ မိုက်တယ်...

ချစ်ကြည်အေး said...

နေပါအုံး
ခပ်တုံးတုံး ပြောချင်ပြော...
ဒါ ကိုရင့်လက်ရာလား ခင်လေးရေးတာလား.....

ကဗျာအရတော့ ကိုရင်က တမ်းတလို့ လွမ်းပြနေတာ မှုတ်ဖူးလား....
ဘယ်သူရေးရေး....ရင်ထဲရောက်တဲ့ ကဗျာလေးပါ

မမသီရိ said...

သို့
ခင်လေး
စာတွေ ကဗျာတွေ မရေးပဲ မနေပါနဲ့

မှ
ချစ်တဲ့ မမ

Moe Myint Tane said...

သို့

မခင်လေးငယ်...

ဝက်သားများများစားပါ။ ကဗျာများများရေးပါ။
အဲ ဘာမှလဲ မဆိုင်ဘူးနော်။ မထူးပါဘူး ရေးပြီးမှတော့ ပြန်မဖျက်တော့ဘူး။ ဟိုတစ်ယောက်ကိုတော့ ခေါင်းခေါက်ပြီးခေါ်မှ ရမယ်ထင်တယ်။ ကြိုပို့တွေ များနေတယ် စာကို မရေးဘူး။ ကဗျာ မရေးတာကြာပေမယ့်လဲ ရေးလိုက်တော့လဲ အနှစ်တွေကြီးပါပဲလား...

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

နေ၀သန် said...

ခံစားချက်တွေကို ဖွင့်ချတဲ့နေရာမှာ စာရေးခြင်းက အကောင်းဆုံးပါပဲ။ စာတွေ ဆက်ရေးနိုင်ပါစေ တီငယ်။ ဦးနော်ရဲ့ စာတွေလည်းမျှော်နေပါတယ်..။ မဖတ်ရတာ ကြာပြီ။

ခင်မင်တဲ့
နေ၀သန်

Anonymous said...

မရေ.............

Morning ပါနော် .......နေကောင်းအောင်ရဲ့ လားပဲ
သိပ်ကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ကို ခံစားသွားရင်း
မ တစ်ယောက် စိတ်၏ ချမ်းသားခြင်းများစွာကို ပိုင်ဆိုင်ပါစေလို့ ...........း)

ချစ်တဲ့
ငြိမ်း

ဏီလင်းညို said...

အစ်မရေ.....

ကဗျာကောင်းလေးကို....တစ်ဖက်လှည့်ခံစားသွားတယ်ဗျာ.......။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

RePublic said...

အခြစ် ဆိုတဲ့ အရာများလား ။ တစ်ခုခု တော့ တစ်ခုခုပဲ

မယ့်ကိုး said...

ချစ်မလေး...

အားလုံးဟာ စာမရေးပဲ မနေနိုင်သူတွေပါ။ စာဖတ်သူတွေကိုပါ ထည့်တွက်ပြီး ရက်ရက်စက်စက် လမ်းမခွဲလိုက်ပါနဲ့နော်။ အစ်ကိုရင်နော်လည်း စာပြန်ရေးပါဦးနော်။

ချစ်ညလေး

အိမ့်ချမ်းမြေ့ said...

ဒီကဗျာက ဆန်းကျယ်တယ်..

အိန္ဒြာ said...

စာမရေးတော့ဘူးဆို...
မချစ်ဘူးလို့မှတ်လိုက်မယ်....

Anonymous said...

မလေး၇ယ်

လွမ်း၇အောင်တော့ မလုပ်နဲ့ လေေ၇းပါကွာ

ကဗျာထဲ က အတိုင်းဆို ....................
ပြုံးနေတတ်တဲ့ ခင်ဗျားမျက်နှာမှာ
အပြုံးတွေ လစ်ဟာလို့
မျက်လုံးတွေ အစ်မို့နေတာ နှစ်ချို့နေပြီမဟုတ်လား
ကျွန်တော်ကိုယ်တိုင်ကော...!!!!

အဲ့ လို မျိုးတွေသိနေ၇င် လိုက်သွားမှာ ပဲ ၂ဦး၂ဘက်ခံစားနေ၇မှတော့ေ၇ှ့ ကိုဇွတ်တိုးလိုက်မှာ .................


ချစ်တဲ့ 
ကံ့ကော်

Anonymous said...

ဒီနေ့  ဒီကဗျာ ကိုပြန်လာဖတ်ပြန်ပီကွာ

အာခေါင်တွေ ခြောက်ကပ် ရင်တလှပ်လှပ်ဖြစ်ရတဲ့
ည.. ည.. တွေမှာ
ကျွန်တော့်ကို ဘယ်သူ ရေတိုက်မှာလဲ..။
*********

သွားတိုက်တံအသစ်လေးတွေနဲ့  အဆင်သင့် ပြင်ထားတဲ့ မျက်နှာသုတ်ပုဝါ လေး တွေ က သခင်မ၇ယ် မျှော်၇တာ မောလှပီတဲ့  မလေး၇ယ်

*******
ည.. ည.. တွေမှာ
ကျွန်တော့်စိတ်က တ တ နေမိမှတော့
ခင်ဗျားအိပ်မက်ထဲ ကျွန်တော်ရောက်နေမှာပဲ.


******
ဒါဆို ကိုယ့် အိမ်မက် တွေ ထဲေ၇ာက်ေ၇ာက်လာတာကေ၇ာ သူက တ တ နေလို့ လား
ကိုယ် က လွမ်းတသ သ ဖြစ်နေလို့ လား

*******
တယောက် တနေရာမှာ
လမသာ ကြယ်မလင်း အမှောင်တွေသာ အထင်းသား
နှုတ်က ဟလို့ လွမ်းတယ် ပြောဖို့်တောင် ဖြစ်နိုင်ခြေမရှိမှတော့
ခင်ဗျားရော ကျွန်တော်ပါ သက်ပြင်းသာ တွင်တွင်ချပေါ့
တတ်မှ မတတ်နိုင်တာလေဗျာ..။

*******
သူကြည့် တဲ့ မြင်ကွင်းတွေက နီယွန်ေ၇ာင်စုံ တွေ ဖြစ်လိမ့် မယ် ကိုယ် မြင်၇တဲ့ မြင်ကွင်းတွေ ကေ၇ကန်ကြီးနဲ့ တောင်တန်ူးတွေဖြစ် ချင်ဖြစ်လိမ့် မယ်

ဖြေသိမ့် တဲ့ နည်းလမ်းက ........ တူညီတဲ့  မိုူးကောင်းကင်တခုတည်းအောက်မှာ ရှိနေကြသေးတယ်လို့  လေ


<3<3<3
၇င်ဘတ်နဲ့ ပြန်ဖတ်သွားတယ်


ချစ်တဲ့ 
မေလေး

အရုပ်ကလေး said...

သို့ ....
ကဗျာဖတ်ဖို့ နောက်ကျကျနေတာ ..
ယနေ့ ဖတ်ဖြစ်သည် ..
သို့သော် ..
ဆက်ရေးရန် အားအလျင်ကို
မျှော်နေမယ် ..

ခင်ခင်မင်မင်
idulize(အရုပ်ကလေး)

မယ် said...

ကဗျာလေးကိုဖတ်ရှုခံစားသွားပါတယ်...

မြသွေးနီ said...

ကိုရင်နော်နဲ့ မခင်လေးငယ်ရှင်...

မင်္ဂလာပါ..။
မတွေ့တာကြာပြီမို့ မြသွေး comment ပေးလို့ ရတုန်းလေး အပြေးရောက်ခဲ့ပါတယ်။ ပို့စ်အသစ်တွေ မျှော်နေပါတယ်နော်..။

ခင်မင်စွာ..

မြသွေးနီ
www.myathwayni.com (New)

Unknown said...

ခင်လေးငယ်
လာလည်သွားတယ် ။
ဇော်နေမျိုး

Anonymous said...

:)