Friday, September 17, 2010

ရွေးကြမယ်၊ ကောက်ကြမယ်


“သမီးလေးရေ.. လာပါဦး.. မေကြီးကို ဆန်ရွေးကူနော်..”
လေးနှစ်အရွယ် သမီးငယ်လေးက ဆော့လက်စ အရုပ်လေးကို လက်တစ်ဖက်က ပိုက်ရင်း ခုန်ဆွခုန်ဆွ ပြေးကာ အနားရောက်လာလေရဲ့..။

“ပေး အဲ့ဒီအရုပ်လေးကို ဒီနားမှာ ထိုင်ခိုင်း.. သမီးက ဒီမှာ ထိုင်.. မေကြီးကို အလုပ် ကူလုပ်နော်.. မေကြီးက ဒီဇကောကြီးထဲက ဆန်တွေ ရွေးမယ်.. သမီးလေးက ဒီဇကောသေးသေးလေးထဲက ဆန်တွေ ရွေးပေးနော်..” 

သမီးငယ်က ဆံပင်စုတ်ဖွားလေးကို လက်တစ်ဖက်က ကုတ်ရင်း..
“တမီး အလုပ်တတ်ဖူး”
 
“လာပါ သမီးလေးရယ်နော်... မေကြီး သင်ပေးမှာပေါ့.. လာရွေး.. လာ.. ဒီဝါဝါလေးတွေကို တစ်လုံးချင်း ကောက်နော်.. ဒါ စပါးလုံးလို့ ခေါ်တယ်.. နော်.. ဒီလိုလေး ဆန်တွေကို လက်လေးနဲ့ ဖယ်ပြီး စပါးလုံးတွေကို လိုက်ရွေး.. တွေ့ရင် တစ်လုံးချင်း ကောက်..နော်.. ပြီးရင် ဒီနို့ဆီဗူးခွက်ထဲ ထည့်... နော်.. လိမ္မာတယ် သမီးလေးက..” 

သမီးငယ်က ဇကောထဲက ဆန်ကြမ်းတွေကို လက်သေးသေးလေးနဲ့ ထိုးဖွ ဆော့ကစားရင်း..
“မေရီး ဂျဘရုန်းတွေက ချားရို့ ရဖူးရား..”

“စပါးလုံးတွေက စားလို့ဘယ်ရမလဲ သမီးရဲ့.. အခွံတွေနဲ့လေ.. သမီးရဲ့နော်.. ရွေးရွေး အဲ့ဒီစပါးလုံးလေးတွေကို ရွေးနော်.. ဒါမှ သမီးထမင်းစားရင် စပါးလုံးတွေ မပါမှာပေါ့.. ဟော.. ဒီမှာကြည့်.. စားပါးလုံးလေးတွေ.. ဟော.. ဒီမှာ ကျောက်ခဲတုံးလေး.. တွေ့လား.. ဒါလေးတွေကိုလည်း ကောက်ပြီး ပစ်နော်.. သမီးမန်မန်း စားလို့ ဝါးမိရင် သမီးသွားလေးတွေ ကျိုးသွားလိမ့်မယ်..”

“မေရီး ကျောက်ဂဲတေ ချားရင် တမီး.. တွားတေ ကျိုးတုန်မှာနော်..”

“အင်းပေါ့ သမီးရဲ့ ကျောက်ခဲတွေ ဝါးမိရင် သမီးသွားတွေ ဂျွတ်ဂျွတ် ဂျွတ်ဂျွတ် ဆိုပြီး ကျိုးကုန်မှာ... ကောက်.. ကောက် အဲ့ဒီ ကျောက်ခဲတွေကို ရွေးပြီး ကောက်နော်..”
“ဟုတ်တဲ့..”

သမီးလေးက သူ့သွားလေးတွေကျိုးမှာ ကြောက်လို့ ထင်ပါရဲ့ ခါးကလေးကုန်းကာ မျက်လုံးလေး အဝိုင်းသားနဲ့ ဇကောနား မျက်နှာလေး ကပ်ရင်း စိတ်ဝင်တစား ရွေးလို့.. ကောက်လို့..။

“မေရီး.. ဒီမဲမဲရေးက ဘာရေးရဲ..”
“အော်.. သမီး.. အဲ့ဒါ ကြွက်ချေး သမီးရဲ့ ကောက်ကောက်.. နို့ဆီခွက်ထဲ ထည့်လိုက်.. သေချာရှာနော်.. ပြောင်အောင် ရွေးနော်သမီး.. စားမိရင် အောအော့တွေ..”

သမီးလေးက ကြွက်ချေးတုံး မဲမဲလေးကို မသတီသလို ခပ်ဖွဖွကိုင်ရင်း နို့ဆီဗူးခွက်ထဲ ပစ်ထည့်လိုက်ပြန်တယ်..။

“အာာာ... မေရီး ဒီမှာ အကောင်အကောင်.. အကောင်တေ”
“အော်.. သမီး အဲ့ဒါ ဆန်ပိုးကောင်ပါ.. မကိုက်တတ်ဘူး သမီးရဲ့ မကြောက်နဲ့.. ဒီလိုလေးကိုင်ပြီး... ဒီလိုလေးထည့်လိုက်..”

သမီးမကြောက်အောင် ဆန်ပိုးကောင်လေးကို ကောက်ပြီး ပစ်လိုက်တော့ သမီးက မျက်လုံးလေး ဝိုင်းလို့..။

“မေရီး တူက ဘာရို့ ချန်ထဲမှာ ရာနေတာရဲ..”
“အော်.. သူက ဆန်ထဲမှာနေတာ ဆန်တွေကို စားတာပေါ့ သမီးရယ်.. ဆန်ထဲမှာ အိမ်လေးတွေ ဆောက်ပြီးနေတယ်.. ဆန်တွေကို စားတယ်.. လူဆိုးတွေပေါ့ သမီးရယ်.. အဖျက်သမားတွေပေါ့.. ဆန်ထဲမှာနေပြီး ဆန်တွေကို စားကြတာပေါ့ကွယ်..”

“မေရီး.. ချန်ကညစ်ပတ်တယ် ကြက်ချီးတေရော အကောင်တေရော.. ဂဲတေရော..”
“အင်းပေါ့ သမီးရဲ့ ဒါကြောင့် ဆန်ရွေးရတာလေ.. ဆန်ထဲမှာ အမှိုက်တွေနဲ့ ညစ်ပတ်တာတွေ အများကြီးရှိတယ်လေ.. မေကြီး တစ်ယောက်ထဲ မနိုင်လို့ သမီးကို ကူခိုင်းတာပေါ့.. ဒါကြောင့် သမီးလေးကို မကောင်းတာတွေ ရွေးပြီး ကောက်ခိုင်းတာပေါ့.. လိမ္မာတယ်နော်.. သမီးလေးက ဆန်ရွေးတတ်ပြီ.. မေကြီးကို ကူလုပ်တယ်နော်..”
“ဟုတ်တဲ့..”

သမီးက ရွေးရင်း.. ကောက်ရင်း.. ပျင်းလားတယ် ထင်ပါရဲ့ ဆန်ဗန်းထဲမှာ လက်ကိုယက်ပြီး ဆော့နေပြန်တယ်..။

“သမီးငယ် ဆန်ကို မဆော့ရဘူးနော်.. ဖိတ်ကုန်လိမ့်မယ်.. ဆန်စေ့ဖြူဖြူလေးတွေက သိပ်တန်ဖိုးရှိတာ သမီးရဲ့.. မဖိတ်စေနဲ့နော်.. အောက်မကျစေနဲ့..”
“ချိတော့ဖူးရေ.. ဂျဘရုန်းတေ များရီး ရပီရေ..”

“အင်းအင်း.. ပေး.. စပါးလုံးတွေ အများကြီးရပြီဆိုရင် ပေး... မေကြီး တချက်ကြည့်မယ်.. ပြောင်ပြီလားလို့.. နော်..”
“ဟုတ်တဲ့..”

သမီးလေးက အတော်ညောင်းသွားပြီ ထင်ပါတယ်.. လက်လေးနှစ်ဖက်ကို လိမ်ရင်း ကြမ်းပေါ် လှဲချလိုက်တော့တယ်..။

“တော်လိုက်တာနော်.. မေ့သမီးလေးက.. ဆန်ရွေးတာ ပြောင်နေတာပဲနော်.. စပါးလုံးတွေ ကျောက်ခဲတွေ ကြွက်ချီးတွေလည်း အများကြီးပဲရတယ်နော်..”
“အကောင်တွေရဲ ပါတယ်ရေ..”

“ဟုတ်တာပေါ့.. အကောင်တွေ အများကြီးပဲနော်.. ဆန်ပိုးကောင်လေးတွေ တော်တော်များတာပဲ.. ကဲ.. ရော့ ဒီနို့ ဆီခွက်ထဲက သမီးကောက်ထားတာတွေ ခြံထဲမှာ ပစ်လိုက်နော်.. ငှက်တွေ.. ကြက်တွေ လာစားလိမ့်မယ်နော်.. ပြီးရင် လက်လည်း ဆေးနော်.. အောအော့တွေနဲ့ ညစ်ပတ်တယ်နော်”
 “ဟုတ်တဲ့.. မေရီး..”

သမီးက နို့ဆီခွက်လေးကို ကိုင်ရင်း  တုတ်တုတ် တုတ်တုတ်နဲ့ အိမ်နောက်ဖက် ခြံထဲပြေးထွက်သွားလေရဲ့..။

သမီးလေး ရွေးသွား.. ကောက်သွားတဲ့ ဇကောလေးထဲမှာတော့ အညစ်အကြေးကင်းသွားတဲ့ ဆန်ဖြူဖြူလေးတွေ ဝင်းလဲ့တောက်ပလို့...။

(ကိုရင်နော်)

စကားချပ်။         ။ ကျွန်ုပ် ပျောက်ခြင်းမလှ ပျောက်လွန်းလှ၍ မကြာခဏ သတိတရ မေးကြလေသော မိတ်ဆွေအပေါင်းအား အထူးပင် ဇူးတင်မိပါသည်။ ကျွန်ုပ် မရေးဖြစ်သော်ငြား ရေးအားကောင်းသူတို့ စာများအား တလေးတစား အလေးထား ဖတ်မှတ်ပါကြောင်းနှင့် ကျွန်ုပ်တစ်ယောက် ငယ်ရုပ်မပျောက် သက်ရှိထင်ရှား နိုးနိုးကြားကြား ရိုးသားစွာ ရှိနေပါကြောင်း...း) ။

ခင်မင်လေးစားချစ်ခြင်းအားဖြင့် (ကိုရင်နော်)

26 comments:

အိပ်မက်ရှင် said...

မင်္ဂလာပါ အကိုရေ
ပျောက်ချက်သား ကောင်းနေပြီး ပြန်ပေါ် လာတော့ ဆန်ဗန်းလေးနဲ့ပါလားဗျာ၊
ကောင်းတယ် အကို၊ ဘရာဗိုပါ ...။

အစဉ်သတိရလျှက်
ချစ်ညီ အိပ်မက်ရှင်

မေဇင် said...

သမီးလေး ရွေးသွား.. ကောက်သွားတဲ့ ဇကောလေးထဲမှာတော့ အညစ်အကြေးကင်းသွားတဲ့ ဆန်ဖြူဖြူလေးတွေ ဝင်းလဲ့တောက်ပလို့...။

ရွာမှာနေတုန်းက ကောက်ရသပေါ့...ခုတော့ စပါးလုံး မမြင်ရတော့ပဲနဲ့..ဆန်ဖြူဖြူလေးတွေပဲ မြင်နေတာကြာနေပြီ။

လင်းဒီပ said...
This comment has been removed by the author.
လင်းဒီပ said...

ကိုရင်နော်ကြီး...
ရွေးကြ ကောက်ကြနဲ့ အလုပ်များနေသကိုး :P

ခင်လေးငယ် said...

အော့... အော်....

နင်ပျောက်နေတာ လက်စသပ်တော့ ရွေးကောက်ပွဲ
ဝင်နေတာကိုးးးဟ...

ဂျဘရုန်းတွေရယ်... ကျောက်ခဲတွေရယ်... ကြွက်ချေးတွေရယ်... ချန်ကိုစားပြီး ချန်ထဲမှာပဲနေတဲ့ ချန်အဖျက်သမား ဆန်ပိုးကောင်တွေကိုရယ်သာ ရွေးထုတ်ပစ်လိုက်ရင်......!!!!!!!!!!!! :'(

((ငါ့အထင်တော့.....)) အညစ်ကြေးကင်းတဲ့ ဆန်ဖြူဖြူလေးတွေ တစ်စေ့မှကို ကျန်မယ်မထင်တော့ဘူး.....

ခင်လေးငယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပါ့မလား ကိုရင်
ဇကောထဲမှာ ဒီလိုဆန်ဖြူဖြူတွေ ကျန်ပါ့မလား။
ကြွက်ချေးတွေ ပိုးကောင်တွေ စပါးလုံးတွေကို ချန်ခဲ့ပြီး ဆန်ဖြူဖြူလေးတွေကို ရွေးတာက ပိုမြန်မယ်ထင်တယ်နော်။ ဆန်ဖြူဖြူထက် ကြွက်ချေးတွေ ပိုးကောင်တွေ စပါးလုံးတွေက ပိုများနေရင်
ငယ်ငယ်တုန်းကတော့ ဆန်ဖြူဖြူတွေကိုသာ ရွေးပစ်လိုက်တယ်
ဇကောထဲမှာ ကြွက်ချေးတွေ ပိုးကောင်တွေ စပါးလုံးတွေကြီးဘဲ ကျန်ခဲ့ရော

သိင်္ဂါကျော် said...

ကလေးကို ညာခိုင်းနေတာ.. :P

Anonymous said...

အကိုရင် အမောင် ....
မထင်ပေါင် ဆန်ဖြူကျန်ခဲ့မယ်ပါ့
ကောက်သောသူ မောချင်မောလိမ့်မယ်
ကြွက်ချေးထူ သည်အဖျက်သမား
ပြေးလွတ်မယ်လားးးးး ။။။

ကိုပေါ said...

မှန်ပါတယ် ကိုရင်မောင်။

တချို့နေရာတွေမှာ ဆန်ရွေးသလိုပဲ။ ရွေးတယ်ဆိုတာ ရွေးပြီးရင် လွှင့်ပစ်ဖယ်ထုတ်ဖို့ ဦးတည်ချက်နဲ့ ရွေးကြတာကိုး။ ပြောင်စင်အောင် ရွေးနိုင်ကြပါစေသတည်း။

ကိုပေါ said...

ဆောရီးပါဗျိုး။ အပေါ်မှာ ကိုရင်နော် လို့ ရေးတာ လောလော လောလောနဲ့ ကိုရင်မောင် မမယ်မ ဖြစ်သွားတယ်။

မောင်မျိုး said...

မိနော် ရေ့ အအသက်မပျောက်သေးဘူးဆိုတာ သိရလို့ ၀မ်းသာ အနုမောတနာ ခေါ်ဆိုသွားပါကြောင်းး

း)

ယောက်ျားရသွားပြီလားလို့ စိတ်ပူနေတာ ကောင်မရေ့ ဟဟား အကွက်ရတုန်း နှိပ်ထည့်လိုက်အုံးမှ ။

ခိုင်နုငယ် said...

ရွေးတယ် ကောက်တယ်ဆိုလို့
အရောက်လာကြည့်တာပါ။
မကောင်းတဲ့ ခဲ သလဲ ကျောက်ခဲတွေ
ရွေးထုတ်ပြီးရင် စားသုံးတဲ့ခါ
ရေရှည်အတွက် ရောဂါကင်းတာပေါ့နှော်။

GreenGirl said...

ကူရွေးပေးရဦးမလား ကိုရင်နော် :)

တလနွန် said...

ရွေးပီးတော့ ကောက်မယ်
မကောင်းတာတွေ လွှင့်ပစ်မယ် (အော့ အော့ တွေ :))) )


ခင်မင်လျက်
တလနွန်

ကိုဇော် said...

ရွေးတယ် ကောက်တယ် ဆိုတာ . .
မကောင်းတာတွေကို ရွေးတာပေါ့နော်။
သိလိုက်ပါပြီ..ဒို့ သိလိုက်ပါပြီ။
ပြောပြသူမှာ ကိုရင်နော် ဖြစ်ပါသည်။
( အချွန်နဲ့ပါ မသွားတယ်။ )

မေနိုင်း said...

ဦးနော်ရေ...... ရွေးကြမယ် ကောက်ကြမယ်ဆိုလို့ ဘာများလဲလို့ လာဖတ်တာ။

ဦးနော် ရေးထားတဲ့ စာပိုဒ်တိုင်း၊ စကားလုံးတိုင်းကတော့ တွေးစရာတွေချည်းပဲ။

ဒါပေမယ့် ဦးနော် ပြောသလို သမီးလေး ရွေးသွား ကောက်သွားတဲ့ ဇကောလေးထဲမှာ အညစ်အကြေး ကင်းသွားတဲ့ ဆန်ဖြူဖြူလေးတွေ ရှိရင် ရှိပေမယ့် စပြီး ရွေးကတည်းက ဇကောလေးထဲမှာ ရွေးစရာ မရှိအောင် အညစ်အကြေးတွေပဲ ရှိနေမယ်ဆိုရင်တော့ ဆန်ဖြူဖြူလေးတွေဆိုတာ ရှိမလာနိုင်တော့ပါဘူး..။

ခင်တဲ့
မေနိုင်း

Mogok Thar said...

မမြင်ဖူးရသေးတဲ့ သမီးလေးက ချစ်ချာ...

ငယ်ရုပ်တော့ မပျောက်
ငယ်ဗိုက်လေးတော့ ပျောက်နေဘီ ထင်ပါ့

:-P

Dream said...

ရွေးမယ်..ရွေးမယ်....မီးရဲရွေးမယ်...
...အဟေအဟေးးးး....

ချပရုံးဒွေဂရဲ များချီးဖဲ....တော်ဖီ...ရွေးဒေါ့ဖူးးးးးး
ချိုင်မာဖဲ မန်းတွားချားမယ်....

သဒ္ဓါလှိုင်း said...

ဟုတ်ပါတယ်ပျောက်ခြင်းမလှပျောက်နေပါတယ်..။
ဆန်ဗန်းကြီးကိုကြည့်ပြီး ဟင်းးးးးးးးကနဲသက်ပြင်းချ
လေမှုတ်ထုတ်သွားပါတယ်ကိုရင်နော်..။

ခင်တဲ့
သဒ္ဓါ

မြသွေးနီ said...

ကိုရင်နော်ရေ...
မတွေ့တာကြာပါပကော..။ နေကောင်းတယ်နော်..။

မြသွေးနီတို့ကတော့ ရွေးတာ....ကောက်တာ... တွေနဲ့ ဝေး....ဟေး...ဟေး... နေလေပြီ ဆိုတော့.. ရွေး...တတ်... ကောက်..တတ် ပါတော့မလားတောင် ကိုယ့်ကိုယ်ကို မသေချာချင် တော့ဘူး။ စပါးလုံးတွေ၊ ကြွက်ချေးတွေ၊ ဆန်ပိုးတွေနဲ့လည်း မစားချင်သူဆိုတော့ သူများ ရွေးထားပြီးသား စားရမယ့်ပုံဘဲ။ မဟန်ရင်တော့ အန္တရာယ်ကင်းဘေးရှင်း၊ ရေသောက် ဗိုက်မှောက်ပြီးပဲ နေတော့မယ်ရှင်။ ၀ိတ်တောင်ကျသေး.. ဟေး ။ :)

Moe Myint Tane said...

အင်းးးးး။ ပြတင်းပေါက်ရှေ့က ခန်းဆီးလိုက်ကာစလေးနဲ့ တူသဗျ။ လေအတိုးမှာ ခန်းဆီးလေး လှုပ်သွားတော့ မြင်ကွင်းတစ်ချို့ကို လှစ်ခနဲ မြင်လိုက်ရသလိုမျိုးပေါ့။ ရိပ်ခနဲ လှစ်ပြလိုက် ရိပ်ခနဲ ပြန်ပိတ်လိုက်ပေါ့။ ပေးချင်တဲ့ မက်ဆေ့ခ်ျလေးကို လှလှပပလေး လှစ်ဟပြသွားတာ ပညာသားပါပါ့ဗျာ။

ဒါနဲ့ စကားမစပ် နိုးနိုးကြားကြား ရိုးသားစွာ ရှိနေပါကြောင်းဆိုတာကတော့.....
အင်း.....ဓါတ်သိတွေ ရင်နာတယ်ဆိုသလို ဖြစ်နေပြီ။ ကြို ပို့ ကြို ပို့ ကြို ပို့။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

ကိုရင်ရေ

ငယ်ရုပ်ဘယ်ပျောက်ပါ့ မလည်း တလော က ဘိုတော့ သွားထိုးတယ်ဆို...

ဒီအသက်ပဲရောက်နေပီ ကြိုပို့ ကလည်း မလွတ်သေးဘူးးဝ)



ဂန့် 

ချစ်ကြည်အေး said...

အမ ဉာဏ်မမီဘူး ၊ ဘာရယ်...ရွေးသွား.. ကောက်သွားတဲ့ ဇကောလေးထဲမှာတော့ အညစ်အကြေးကင်းသွားတဲ့ ဆန်ဖြူဖြူလေးတွေ ဝင်းလဲ့တောက်ပလို့...။ ဟုတ်ပါ့မလားဟယ် အားလုံး ကြွက်ချေးတွေပဲ ဟုတ်ဖူးလား...:)

ကိုချစ်ဖေ said...

ကိုရင်နော်ဆန်ဗန်းထဲက ဆန်လေးတွေကကောင်းသား ကျောက်ခဲ ကြွက်ချေး စပါးလုံးရောပါလာတာ ကြိတ်စက်ကြီးကိုက ညံ့နေလို့ဗျာ အခြားစက်သစ်မှာသွားကြိတ်ပြီး ဆန်သန့်သန့်ကောင်းကောင်းလေးတွေ စပါးလုံး သိပ်မရွေးရပဲ စိတ်ချမ်းသာလက်ချမ်းသာနဲ့ ခပ်ချက် အဆင်သင့် ချက်နိုင်ပါစေဗျားးးးးးးးးးးးးးး

~ဏီလင်းညို~ said...

ဖတ်လို့....သိပ်ကောင်းတယ်အစ်ကို.......။
တစ်ကယ်ပါပဲခင်ဗျာ........။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

နှင်းဟေမာ said...

အစ်ကိုရင်နော်...

ခုမှ လာဖတ်ဖြစ်ပါတယ်
ဘယ်တွေပျောက်နေတာလဲ စဉ်းစားရင်း သတိရဖြစ်လို့
သမီးလေးဆန်ရွေးတာပါ ကြည့်သွားပါတယ်
အရမ်းသဘောကျမိတဲ့ ပို့စ်လေးပါး)

ခင်မင်လေးစားလျှက်
နှင်း