တိုးသဲ့သဲ့ အသံလှိုင်းတစ်ခုကို နားဝမှာ ကြားနေရတယ်။ အသံလေးရဲ့ ဦးတည်လားရာဟာ ကျွန်မ နားတစ်စုံဆီကိုဘဲ ဟုတ်နိုင်မလား..!! အမြန်နှုန်းဘယ်လောက် အရှိန်ဟုန်နဲ့ ဘယ်လိုနေရာမျိုးက ကျွန်မဆီကို သယ်ဆောင်လာတာများလဲ..!! သူ့ကို သယ်ဆောင်လာတဲ့ လေတိုက်နှုန်းကို ကျွန်မ ရုတ်တရက် မခန့်မှန်းနိုင်တာ အဆန်းမှ မဟုတ်ပဲကွယ်။ ပင့်သက်ရှိုက်မိတော့မလို ကျွန်မစိတ်လေး ယိုင်နဲ့နဲ့ ဖြစ်သွားခဲ့မိပေါ့။ သတိအထားမှာပဲ အဲ့ဒီစိတ်လေးကို ကိုယ်တိုင် ကျေနပ်မိ နေသူလိုမျိုး။ မျက်လွှာအချမှာ မခို့တယို့ အပြုံးလေးတစ်စ ကျွန်မ မျက်နှာပြင်ပေါ်မှာ ရိပ်ရိပ်လေး ဖြတ်ပြေးသွားခဲ့တယ်။
“အရာရာဟာ ပြောင်းလဲခြင်းတွေနဲ့ပါ..” ဆိုတဲ့ ခပ်ဆဆအတွေးက ရင်ထဲမှာ ကိန်းအောင်းနေခဲ့ပြီးသား ဖြစ်နေပြန်တော့.. အပြောင်းအလဲ တစ်ခုခု လုပ်ရမှာကို တိတ်တခိုး စိုးရွံ့မိဆဲ။ ပြောင်းလဲမှု သီအိုရီသစ်ကို ချရေးလိုက်ဖို့ ကျွန်မ လက်ဖျားလေးတွေက ထုံကျဉ်ကျဉ်၊ အေးစက်စက်။ မမြဲခြင်းတွေနဲ့ သီကျူးနေမဲ့ ကြယ်တို့ရဲ့ ဂီတမှာ တလက်လက် ဖြာနေတာက ကျွန်မ နှလုံးခုန်သံတစ်ချို့တဲ့လား..။ ကြည်နူးသလို ကြေကွဲသလိုနဲ့ နောက်ဆုံးတော့ ဟာတာတာလေးဘဲပေါ့။ သိမ်သိမ်မွေ့မွေ့လေး ပျော်ဝင်ဖို့ကို ကျွန်မ ကြောက်လန့်နေ လိုက်တာလေ..။ ကျွန်မကို နားလည်ပါနော်။ နားလည်တယ် မဟုတ်လားဟင်..!!
ဒီနေ့နဲ့ မနက်ဖြန်ရဲ့ ချိတ်ဆက်မှုကို ဘယ်လိုအရာမျိုးနဲ့ ကျွန်မ ရှင်သန်ခွင့်ပေးလိုက်ရမှာလဲ...!! အလင်းစတချို့ကို စီးမျောရင်းလား..!! ဒါမှမဟုတ် နေဝင်ချိန်တချို့ကို မီးညှိရင်းလား..!! ဟင့်အင်း..!! ပြန်မရတော့မဲ့ ညလေးထဲက စက္ကန့်တွေကို လမ်းခင်းရင်း စက္ကန့်အသစ်လေးထဲကို တိုးဝင်ဖို့ သတ္တိကို ဘယ်လိုနေရာမျိုးက ရနိုင်မှာလဲ။ လောကကြီးကို ချော့သိပ်ဖို့ ကျွန်မ ကမ္ဘာလေးကို သာယာစေဖို့ ချိုမြိန်တဲ့ ပန်းသီးလေးတစ်လုံးနဲ့ အပြာရောင်နှင်းဆီလေး တစ်ပွင့်တော့ ကိုယ်တိုင် ဆောင်ထားချင်သေးတယ်။ ရီဝေဝေ ကျွန်မအိပ်ခန်းလေးကတော့ တိမ်တိုက်တွေ အပြည့်နဲ့။ စားပွဲပေါ်မှာ ထွန်းညှိထားတဲ့ ပြာလဲ့လဲ့ ဖန်ခွက်ထဲက ဖယောင်းတိုင် မီးညွန့်လေးထဲမှာ ငှက်ကလေးတစ်ကောင်များ ပျံသန်းနေလေမလား ကျွန်မစောင့်ကြည့် နေမိပြန်ပေါ့။
ု
သီချင်းလေးတစ်ပုဒ် နေကောင်းနေပါရဲ့လား။ ကဗျာလေးတစ်ပုဒ် ချမ်းမြေ့နေပါရဲ့လား။ သတင်းလေးတစ်ပုဒ် သင်းပျံ့မွှေးချိုနေပါရဲ့လား။ ဂစ်တာလေးတစ်လက် တောက်ပြောင်လက်နေပါရဲ့လား။ စာတန်းအနီလေးတွေနဲ့ အဖြူရောင် ဦးထုပ်လေးတစ်လုံး ပျော်ရွှင်နေပါရဲ့လား။ မိုးစက်မိုးပေါက်လေးတွေ ကျန်းမာကြည်စင်နေပါရဲ့လား။ အဘိဓါန်တစ်အုပ်လို ကျွန်မစိတ်တွေကို အမှန်ကန်ဆုံး နားချပါဦး “ဖေဖေ”။ တရားဓမ္မတစ်ပုဒ်လို ကျွန်မကို နွေးထွေးငြိမ်းအေးစွာ ကြားနာစေပါဦး “မေမေ”။ သူ့ရင်ခွင် နွေခေါင်ခေါင်မှာ ရွာချလိုက်တဲ့ နှင်းမိုးဟာ ကျွန်မဖြစ်လိုမိပေမဲ့....။ ရှတတကြိုးတစ်စရဲ့ ရစ်ဘီးလုံးလေးဟာ ကျွန်မ မဖြစ်ပါရစေနဲ့နော်။ စွန်လေးတွေ လွတ်လွတ်လပ်လပ် လေထဲမှာ ဝဲလွင့်နေပါစေ။ တိုးတိတ်တိတ်လေး လွမ်းချင်းကို ဖွဲ့သီနေတဲ့ ပြတင်းတံခါးလေးတော့ ကျွန်မဖြစ်ချင် ဖြစ်ပါစေပေါ့..။
ဒီလိုနဲ့ပါပဲ.. ကျွန်မ သတိရလာတယ်။ သိပ်ကို သတိရနေမိတယ်။ စကားတွေကို တဖွဖွပြောချ လိုက်ချင်စိတ်က အတွေးထဲမှာပဲ တရှိန်ထိုးနဲ့ ကျွန်မနှုတ်ခမ်းတွေရှိရာကို အပြေးအလွှား..။ ကျွန်မ ကြောက်နေတယ်။ ကျွန်မ စိုးရိမ်နေတယ်။ ကျွန်မ ဒဏ်ရာတွေရခဲ့ဖူးတယ်။ ကျွန်မ ဒဏ်ရာတွေကျက်ဖို့ ဆေးကုထားရတယ်။ ကျွန်မ ငြိမ်သက်နေတယ်။ ရှင်သန်ခြင်းကို ကျွန်မတိတ်တခိုး ငြီးငွေ့နေတယ်။ ကျွန်မ ထုံထိုင်းတွေဝေ ဆွံ့အ နေတယ်။ ကျွန်မ သိပ်ချစ်ခဲ့တာပါ။ ကျွန်မ သိပ်ချစ်နေဆဲဘဲ။ တိုးသဲ့သဲ့ အသံလှိုင်းလေးကို ကျွန်မ တမ်းတနေပါတယ်။ ပြန်မလာပါနဲ့တော့။ ဘယ်တော့မှ...။ တကယ်ပါ။ ဘယ်သောအခါမှပါ။ ကျွန်မကိုယ်ကျွန်မ အရမ်းကြောက်ပါတယ်။ လွန်ဆွဲနေတဲ့ အရာတွေနဲ့ ကျွန်မ အစွန်းတစ်ဖက်မှာ ရပ်နေမိပါပြီ။ ဝန်ခံပါရစေတော့.. ကျွန်မ သူ့ကို နားလည်မှုတွေနဲ့ တမ်းတလွမ်းဆွတ်နေ လွန်းပါတယ်။
အပြာရောင် နှင်းဆီတစ်ပွင့်ကို ငေးရင်း
မြဲခြင်း မမြဲခြင်း ရသမှာ
အိပ်မက်နဲ့အတူ
တိမ်တွေလိုဘဲ
အသေချာဆုံး မျောလွင့်မလို့
တငွေ့ငွေ့လေး ထွေးပိုက်ထားပါ။
9 comments:
မမခင်လေး။
မီးငယ်ဒီစာလေးကို ဖတ်ပြီးပါပြီ ရွှေဒေါင်းတောင်မှာကတည်းက ခု ထပ်လာဖတ်တာပါ
ဖတ်ရင်း မောမိတယ် မမရယ်။
မီးငယ်လေး
တငွေ့ငွေ့လေးပါပဲ တမြေ့မြေ့တော့ လောင်ကျွမ်းဦးမပေါ့ ဒီလိုနဲ့ပဲ သံသရာကြိုးတွေတိုးတိုးလာခဲ့ ။
တိမ်တွေလိုဘဲ
အသေချာဆုံး မျောလွင့်မလို့
မူပိုင်ခွင့်လျှောက်လွှာတင်ပါ။ :P
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အိပ်မက်တွေက
တစ်ခါတစ်ခါ လွမ်းမောဖွယ်....။
စိတ်ထဲမှာ အလွမ်းတွေဝေနေတဲ့ သူနဲ့ သူမကို မှန်းမြင်လိုက်မိတယ်...။
ဒီလိုအရေးအသား နူးနူးညံ့ညံ့လေးတွေကို လွမ်းနေတာ
မဖတ်ရတာကြာပြီလေ။
မခင်လေးစာတွေဖတ်ပြီး တိမ်တွေပေါ်မှာ မျှောလွှင့်နေသလား မှတ်ရတယ်။
ပေါ့ပါး..နူးညံ့.. မျှောလွှင့်..... လို့
ညိမ့်ညိမ့်...အိအိလေးခံစားရတယ်
စကားလုံးလေးတွေက နူးညံ့လွန်းတော့ ဖတ်ရင်းနဲ့ ဒူးခွေကျချင်လာသလိုလို။ မတ်တပ်ဖတ်နေတာလေ။
စိတ်ကူးပေါက်တဲ့အခါ ပို့စ်လေးတင်ပါဦးလို့။
ခင်မင်လျှက်
ဖတ်လို့ ကောင်းလိုက်တာမမရယ် ...စာဆုံးသွားမှာတောင် စိုးမိတယ် ..
thank so much for you
လင်းရေ .....
လင်းရေ
တငွေ့ငွေ့ လေးခံစားသွားတယ်
အသစ်တွေရေးအုံးလေ
အလွမ်းများဖြင့်
Post a Comment