Monday, August 10, 2009

ကျနော်လူဆိုး (၇)

“သားရေ..”
“ဟုတ်.... မေ့..”

“ထစမ်းထစမ်း.. နိုးတာနဲ့ တီဗွီဂိမ်းထိုင်နှိပ်ဖို့ပဲ.. ဒီမှာမုန့်ဟင်းခါးကျက်ပြီ.. လာစားတော့.. ပြီးရင် ခင်လေးတို့အိမ် သွားပို့ရမယ်..”
“ဟုတ်မေ့... ခဏလေး ဒီမှာ နောက်ဆုံး Stage ရောက်နေပြီ အောင်တော့မှာ..”

“ဒါပဲ ပြောလိုက်ရင် ခဏလေး.. ခဏလေးနဲ့.. မထတော့ဘူး.. ကျောင်းပိတ်ရက်လေး အမေ့ကို ကူမလား မှတ်တယ်.. မိုးလင်းတာနဲ့ ဆော့ဖို့ပဲ..”

“ဟုတ်.. ပါ.. မေ့ကလည်း... ဒီရက်လေး ကစားရတာကို..”

ပါးစပ်ကြီးကို ဟောင်းလောင်းဟ.. တီဗွီကို မျက်လုံးပြူးကြီးနဲ့ ကြည့်ပြီး ခလုပ်တွေကို အားရပါးရ နှိပ်နေလိုက်တာ လူတစ်ကိုယ်လုံးလည်း ရမ်းလို့.. ခါလို့..။ မေမေက ကျနော့်ကို မျက်စောင်းထိုးပြီး စတီးချိုင့်ကြီးထဲကို မုန့်ဟင်းခါးတွေ ထည့်နေလေရဲ့..။

မေမေက ကျောင်းပိတ်ရက်တိုင်းဆို အိမ်မှာ မုန့်တစ်ခုခု လုပ်စားတတ်တာ..။ တစ်ခါတစ်ခါ အုန်းနို့ခေါက်ဆွဲလိုမျိုး.. တစ်ခါတစ်ခါ ကြာဇံချက်.. တစ်ခါတစ်ခါ ကြက်သား ပလာတာလိုမျိုး..။ ဒီနေ့တော့ မုန့်ဟင်းခါးတဲ့..။ မေမေထည့်ထားပေးတဲ့ မုန့်ဟင်းခါးကို အကြော်များများ.. ဟင်းရည်များများ ထပ်ထည့်ပြီး စားပစ်လိုက်တာ နှစ်ပန်းကန်တောင်..။

“သားရေ.. ခင်လေးတို့ အိမ်အတွက် ချိုင့်ကို ဆင့်လိုက်.. ဟင်းရည်ချိုင့်ကို အောက်ဆုံးထားနော်.. သေချာလုပ်.. မဖိတ်စေနဲ့..”
“ဟုတ်... မေ့..”

ချိုင့်တွေကို ဆင့်နေရင်း.. စိတ်ထဲမှာ ပြုံးလိုက်မိတယ်..။ ခင်လေးက မုန့်ဟင်းခါး သိပ်ကြိုက်တာလေ.. မေမေချက်တဲ့ မုန့်ဟင်းခါဆို အရမ်းကြိုက်ပေါ့..။ ဒင်းကို မစရ မနေနိုင်တဲ့ အကျင့်တော်အတိုင်း အစားအသောက်ပျက်အောင် လုပ်ဖို့ စိတ်ကူးက ရလာပါလေရော..။

“သားရေ.. စက်ဘီးကို ဖြေးဖြေးစီးနော်.. မြန်မြန်လည်း ပြန်လာ.. ကြားလား..”
“ဟုတ်.. မေ့..”
ဘယ်လက်က ချိုင့်ကိုဆွဲရင်း ညာလက်နဲ့ စက်ဘီးလက်ကိုင်ကို ဖွဖွကိုင်ကာ နင်းထွက်လာခဲ့လိုက်တာ ခင်လေးတို့ အိမ်ဆီကို..။

.................... ၂ ....................

ကျနော်တို့ မြို့လေးရဲ့ ဆောင်းတွင်း နံနက်ခင်းလေးက အေးချမ်းလှပ သာယာလိုက်တာလေ..။ နှင်းမှုန် ခပ်ပါးပါးလေးတွေက ကျနော် ဆောင်းထားတဲ့ သိုးမွေးဦးထုပ်လေးနဲ့ ဂျာကင်လေးပေါ်မှာ ကပ်လို့ပေါ့..။ အသက်ရှူပြီး မှုတ်ထုတ်လိုက်တဲ့ လေငွေ့တွေကလည်း မီးခိုးငွေ့လေးတွေလို..။ ဓါတ်ကြိုးတွေပေါ်မှာ နားနေကြတဲ့ ငှက်ကလေးတွေကလည်း တစ်ကောင်နဲ့ တစ်ကောင် ပူးလို့ ကပ်လို့..။ ပိကျိပိကျိနဲ့..။

“ကလင်း ကလင်း ကလင်း လင်းလင်းးးး ခင်လေး.. ခင်လေးရေ..”
စက်ဘီးဘဲလ်ကို ဆက်တိုက်တီးပြီး အော်ခေါ်လိုက်တော့..

လှေကားထစ်တွေကို ခုန်ပေါက်ပြေးဆင်းလာတာက “ခင်လေးငယ်” ဆိုတဲ့ အပေအတူးမပေါ့..။ ကျနော့်နားရောက်တော့ မုန့်ဟင်းခါးချိုင့်ကိုကြည့်ပြီး ခုန်ဆွ ခုန်ဆွနဲ့ ခုန်နေတာက အစာတောင်းစားနေတဲ့ ခွေးမလေးလိုလို..။

“နင်ကလည်း ကြာလိုက်တာ ငါဗိုက်ဆာနေပြီ.. နင့်မေမေ ဖုန်းဆက်တာဖြင့် ကြာနေပြီ နင်က အခုမှ ရောက်တယ်..”

“ဟဲ့.. ဘယ်လို ဖြစ်နေတာလဲ.. ဒီမှာ လက်တစ်ဖက်နဲ့ နင်းလာရတာ ဒီလောက်တော့ ကြာမှာပေါ့.. ပြီးတော့ ချိုင့်က အလေးကြီးဟ.. ရော့ရော့.. ချိုင့်ကိုယူ..”

“ဟီးးးး နင်ကလည်း ငါက ဗိုက်ဆာနေပြီကိုးဟ..”

ပြောပြောဆိုဆို ကျနော့် လက်ထဲက ချိုင့်ကို ယူရင်း အပြေးတစ်ပိုင်းနဲ့ အိမ်ပေါ်ပြန်တက်သွားလေရဲ့..
“အငတ်မ..”
ကျနော် စက်ဘီးကို ဒေါက်ထောက်ပြီး အိမ်ပေါ်လိုက်တက်သွားလိုက်တယ်..။

“လာ.. သား.. ဒီမှာ သမီးက ဆာလှပြီတဲ့.. သိတဲ့ အတိုင်း သူက မုန်ဟင်းခါးဆို မရဘူး..”
“ဟုတ်.. အန်တီ..”

“သမီးရေ.. ထည့်စားနှင့်နော်.. မေမေ အဝတ်တွေ လှန်းလိုက်ဦးမယ်..”

ခင်လေးကတော့ သူ့မေမေပြောတာတောင် နောက်ကျနေပြီ.. ပန်းကန်နဲ့ ဇွန်းကို ကိုင်ပြီး ချိုင့်ထဲက မုန့်ဖတ်တွေကို ပြောင်းထည့်နေလေရဲ့..။

ကျနော် ထမင်းစား စားပွဲမှာ ဝင်ထိုင်ပြီး ပြုံးကြည့်နေလိုက်တယ်..။
ချိုင့်ထဲက ဟင်းရည်တွေကို ပန်ကန်ထဲ ထည့်မယ် အလုပ်..

“ဟဲ့.. ဟဲ့.. ခင်လေး.. နေ.. နေဦး..”

ကျနော် လန့်သလို ဖြန့်သလို တစ်ခုခု စိုးရိမ်သလိုနဲ့ တားလိုက်တော့..
“ဟမ်... ဘာတုန်း.. ဘာလို့လဲ..”

“အင်... ဘာ... ဘာမှ မဟုတ်ပါဘူးလေ.. စား.. စားပါ.. စားလိုက်ပါ..”

“ဟဲ့.. နင်ဘာ အကျင့် ပုပ်ထားလဲ ပြောစမ်း.. နင်မဟုတ်တာ လုပ်ထားပြီ ထင်တယ်..”
ခင်လေးက ပြောရင်းဆိုရင်း မုန့်ဖတ်တွေကို မွှေနှောက်ရှာပါလေရော.. သူကျနော့် အကြောင်းသိတယ်လေ.. ဖုန်မှုန့်ကို လျက်ဆားလုပ်ပြီး ကျွေးတာမျိုး.. ကြာဇံကြော်ထဲ သားရေကွင်းတွေ ထည့်ကျွေးဖူးတာမျိုး.. လုပ်ခဲ့ဖူးတော့ ဘယ်မေ့မလဲ.. မယုံဘူးပေါ့..။

“ဟီးးဟီးးး.. နင်ကလည်း မလုပ်ပါဘူးဟာ.. စားမှသာ စားစမ်းပါ.. ပြီးမှ ပြောပြမယ်..”

“ဘာ... ပြီးမှ ပြောမယ် ဟုတ်လား.. အဲဒါဆို နင် တစ်ခုခု လုပ်ထားလို့ပေါ့..”

“ကဲ.. ခက်ပြီ.. မလုပ်ပါဘူးဆို.. စာမှသာ စားစမ်းပါ... ပြီးမှ ပြောပြမယ်..”

“နင်နော်.. နင်... နင် တစ်ခုခု လုပ်ထားတယ် မလား..”
ခင်လေးမှာ ဗိုက်ကလည်းဆာ.. မုန့်ဟင်းခါးနံ့ကလည်း မွှေးမွှေးလေးဆိုတော့ စားကစားချင်.. စားလည်း မစားရဲ..။
ကျနော်ကတော့ သူ့ကို စိတ်ဒုက္ခပေးနေရလို့ သဘောတွေ တခွီခွီနဲ့..။

“တော်ပြီ.. မစားတော့ဘူး.. ငါ နင့်မေမေကို ဖုန်းဆက်ပြီး တိုင်မှာ..”
“စားပါဆို.. ငါဘာမှ မလုပ်ဘူး... ဘုရားစူး.. ပြီးမှ ပြောပြမယ်.. ဟီးးးဟီးးးးး..”
ခင်လေးခမျာ ဗိုက်တော်တော်ဆာနေပြီ ထင်ပါတယ်.. ကျနော့်နားထဲ “ဂွီ..” ဆိုတဲ့ သူ့ဗိုက်ထဲက အသံရော.. “ဂလု..” ဆိုတဲ့ တံတွေးမျိုချသံရော ကြားလိုက်သလိုလိုပဲ..။ ကျနော်ရဲ့ ရယ်ချင်ပက်ကျိ မျက်နှာနဲ့ “ပြီးမှပြောပြမယ်..” ဆိုတာကြောင့်လည်း မစားရဲပြန်ဘူး..။

အဲ့ဒီ အချိန်မှာပဲ ခင်လေး မေမေက ထမင်းစားခန်းထဲ ပြန်ဝင်လာတယ်..။
“ဟဲ့... သမီး မစားသေးဘူးလား..”
“စားမလို့လေ မေမေ.. ဒီမှာ သူက မုန့်ဟင်းခါးထဲ ဘာထည့်ထားမှန်း မသိဘူး.. စပ်ဖြဲဖြဲနဲ့.. နောက် စားပြီးမှ ပြောပြမယ်တဲ့..”

“အော်... သမီးကို စနေတာ နေမှာပါ.. ဟုတ်တယ်မလား.. သား..”

“ကျနော် ဘာမှ မထည့်ပါဘူး အန်တီ.. သူ့ဟာသူ မစားရဲပဲ ဖြစ်နေတာ..”
“ကဲ.. ဘာမှ မထည့်ထားဘူးတဲ့ စားစား...”
ခင်လေးက မုန့်ဟင်းခါး ပန်ကန်ထဲကို ဇွန်းနဲ့ တဒေါက်ဒေါက် ထိုးခေါက်ပြီး မကျေမနပ် မွှေလိုက်ပြန်တယ်..။

“စားပါ သမီးရယ်.. ဗိုက်ဆာနေပြီမလား.. ကဲ မေမေ စားပြမယ် ဟုတ်ပြီလား..”

ခင်လေးမေမေက ပြောပြောဆိုဆို ခင်လေးရှေ့က မုန့်ဟင်းခါ ပန်ကန်ကို ဆွဲယူရင်း ကျနော့်ကို လှမ်းကြည့်သေးတယ်..။ “သေချာရဲ့လား...” ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့..။ ပြီးတော့ တစ်ဇွန်း နှစ်ဇွန်း စားပြလိုက်မှ ခင်လေးလည်း စိတ်ကျေနပ်သွားတယ် ထင်ပါတယ်.. မုန့်ပန်ကန်ယူပြီး စူစူပုပ်ပုပ်နဲ့ ပလုတ်ပလောင်း စားလေတော့တယ်..။

“ပြီးမှ ပြောပြမယ်နော်.. ဟီးးးး..”
“သေနာ နင်.. အကျင့်ကို ပုပ်တယ်.. ပြောချင်ပြော မပြောချင်နေ ငါကတော့ စားလို့ကောင်းတယ်.. စားမှာပဲ”
ခင်လေးက စားလို့ ပြီးတော့ ဟောဟဲ ဟောဟဲနဲ့ အမောဖောက်ရင်း ရေတစ်ခွက်ကို မေ့သောက်နေလေရဲ့...။

“မဟုတ်ပါဘူးဟာ.. နင့်ကို စတာပါ.. ငါဘာမှ မလုပ်ပါဘူး.. အင်းး မုန့်ဟင်းခါးက စားလို့တော့ ကောင်းတယ်နော်.. ဒါပေမဲ့ သူ့အရည်ပုံစံက ဘယ်လိုကြီးမှန်း မသိဘူးဟ.. ပျစ်ချွဲချွဲနဲ့..တစ်နေ့က ငါဝမ်းလျှောတုန်းကလည်း အဲ့လိုကြီးဟ..”
“ဟမ်.... သေနာ.. ကောင်စုတ်... နင်နင်..”
ခင်လေးက ဆိုဆိုဆဲဆဲနဲ့ ကျနော့်ကို လိုက်ရိုက်တော့.. ကျနော့်မှာ တဟီးးဟီးးး (ရီ) ရယ်ရင်း နောက်ဖေးပေါက်က တွေ့တဲ့ ဖိနပ် ကောက်စီးပြီး ပြေးတော့တာ ဟိုးးး... အိမ်နောက်ဖက် ခြံထဲကို...။

.................... ၃ ....................

ခင်လေးတို့ အိမ်နောက်ဖေး ခြံလေးက နေရောင် ခပ်ပျပျလေးနဲ့ နှင်းကလေးတွေကြားမှာ စိမ်းစိမ်းစိုစို လှပလိုက်တာလေ..။ မြေနေရာ ခပ်ကျယ်ကျယ်မှာ ဒေလီယာပန်းတွေလည်း စိုက်ထားတယ်..။ ပြီးတော့.. ပန်းမုံလာပင်တွေ၊ မုန်ညှင်းပင်တွေ.. နောက်.. ကော်ဖီပင်ပေါက်လေးတွေ ပျိုးထားတဲ့ ပျိုးပင်တွေ..။ ခြံစည်းရိုးနားမှာတော့ အလေ့ကျပေါက်နေတဲ့ နေကြာပန်းပင်တွေ.. ဝင်းလို့ ဝါလို့ ဝင်းဝင်းကို ဝါလို့ပေါ့..။

“ဟယ်... ခင်လေး.. ဒီမှာ လာကြည့်စမ်း.. နေကြာပန်းပေါ်မှာ ပျားလေးတွေ ဝတ်ရည်စုပ်နေကြတာ အများကြီးပဲဟ.. ပွတာပဲ..”
ကျနော်က ပြောပြောဆိုဆို နေကြာပန်း တစ်ပွင့်ကို ဆတ်ကနဲ ချိုးခူးလိုက်တယ်..။ ပြီးတော့ ကုန်းကုန်း ကုန်းကုန်းနဲ့ သူခိုးခြေလှမ်းလို လှမ်းရင်း နှင်းစက်လေးတွေ စိုစွတ်နေတဲ့ နေကြာပန်းလေးပေါ်က ဝတ်ရည်စုပ်နေတဲ့ ပျားလေးကို လက်ထဲက နေကြာပန်းနဲ့ ဖုံးပြီး အုပ်လိုက်တယ်.. ပြီးတော့ ဖိထားလိုက်တယ်..။

“ဟယ်... ဟဲ့ဟဲ့.. ငရင်.. နင်ဘယ်လို လုပ်လိုက်တာလဲ.. ပျားလေး သေသွားမှာပေါ့..”
ခင်လေးက အလှန့်တကြား လှမ်းအော်ရင်း ကျနော့်နား ပြေးလာတယ်..။

“ဟဲဟဲ ဟဲ.. နင့်ကို ငါပြမယ်..”
ကျနော်က ပြောပြောဆိုဆို အုပ်ဖမ်းထားတဲ့ နေကြာပန်းလေးကို ဟ လိုက်တော့ ပျားလေးက မူးပြီး.. မွန်းပြီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတာပေါ့..။ ပျားဂုတ်ကို လက်ကလေးနဲ့ အသာလေး ဖမ်းကိုင်လိုက်တော့ ပျားလေးက လှုပ်လှုပ်ရှားရှား သူ့ဖင်လေးကို ကောက်နိုင်သလောက် ကောက်ထားပြီး ကျနော့်လက်ကို တုပ်ဖို့ ကြိုးစားတာပေါ့..။ ဘယ်ရမလဲ ကျနော်ကလည်း ကျွမ်းနေပြီးသား..။ စီးထားတဲ့ ရာဘာဖိနပ်ကို ချွတ်ပြီး ဖိနပ်ဘေးလေးမှာ ပျားဖင်လေးကို တို့ပေးလိုက်တော့ ပျားက တုပ်ထည့်လိုက်တာ အဲ့ဒီ ရာဘာဖိနပ်ကို..။ အဲ့ဒီတော့ ပျားဆိပ်အဆူးလေးက ရာဘာဖိနပ်မှာ လှုပ်တုတ် လှုပ်တုတ်နဲ့ ကျန်ခဲ့တာပေါ့..။ အဆိပ်ထုတ်ပြီးသား ဖြစ်သွားရော..။

“ဟယ်.... ငရင်စုတ်.. နင်.. နင်.. ရင်စက်လိုက်တာ..”
ခင်လေးက ရင်ဘတ်လေးကို ဖိပြီး ကျနော့် လုပ်ရပ်ကို အံ့သြတကြီး.. ပါးစပ်ကလေး ဟောင်းလောင်းနဲ့လေ..။

“ဟဲဟဲ.. ငါပြမယ်ကြည့်..”

ပြောလည်းပြော လက်ကလည်း ပျားလေးရဲ့ ဂုတ်နားကနေ.. နှစ်ပိုင်းပြတ်အောင် ချိုးချလိုက်တယ်..။
“ဟာာ....”
ပြီးတော့ ခေါင်းတစ်ပိုင်းကို လွှင့်ပစ်လိုက်ပြီး ဖင်ပိုင်းဖက်မှာ မြင်နေရတဲ့ ပျားရည်အိတ်လေးကို ပြလိုက်တယ်..။

“တွေ့လား... ချိုမှ ချို..”

“ဖလွတ်” ဆိုပြီး အဲ့ဒီ ပျားရည်အိတ် ကြည်ကြည်လေးကို ပါးစပ်ထဲထည့်ပြီး စုပ်ချလိုက်လေရော...။

“ဟာ.. နင်နင်.. သူများ အသက်ကို သတ်တယ်.. ပျားလေးတွေ သူ့ဟာသူနေတာကို နင် သတ်တယ်.. ကြည့်စမ်း ပျားလေး သနားပါတယ်.. နင်တော်တော် ရက်စက်တယ်.. အငတ် နင်ဟာ အငတ်ပဲ..”
ခင်လေးက အောက်ပိုင်း မရှိတော့တဲ့ ပျားခေါင်းပိုင်းလေးကို ထိုင်ကြည့်ရင်း စိတ်မကောင်း ဖြစ်နေတယ်.. အဲ့ဒီပျားလေးကတော့ သက်တမ်း ကုန်သွားရှာပြီပေါ့..။

နောက်တစ်ခါ ကျနော် ကုန်းကုန်း ကုန်းကုန်းနဲ့ နောက်တစ်ကောင်ဖမ်းဖို့ ကြိုးစားပြန်တယ်..။
“ဟဲ့.. နင်.. တော်ပြီနော်.. ငါ မေမေနဲ့ အော်တိုင်တော့မှာ..”
ပြောနေတုန်းမှာပဲ ကျနော့် လက်ကလည်း မြန်သလား မမေးနဲ့ ပန်းချင်း အုပ်ဖမ်းတာမျိုးတောင် မလုပ်တော့ပဲ ဝတ်ရည်စုပ်နေတဲ့ ပျားလေးကို ဂုတ်ကနေ “ဆတ်” ကနဲ ဖမ်းကိုင်လိုက်တယ်..။ ဒီပျားလေးကလည်း ဖင်လေးကောက်ပြီး တုပ်ဖို့ ကြိုးစားပြန်တယ်..။

“ဟဲဟဲ.. ဒီတစ်ခါ နင့်ကို ကျွေးမယ်.. အရမ်းချိုတယ်ဟ..”
ပြီးတော့ ကျနော်က လက်ထဲမှာ ဖမ်းထားတဲ့ ပျားလေးကို လေယာဉ်ပျံ ပျံသလို ခင်လေး မျက်နှာနား “ဝှီး..” ဆိုပြီး စလိုက်တော့.. သူက ကြောက်ကြောက်လန့်လန့်နဲ့.. “အာာားးး....” ဆိုပြီး ကျနော့် လက်ကို ရိုက်ချလိုက်တော့ လက်ထဲက ပျားက လွတ်ပြီး လွှင့်ထွက်လာတာ ကျနော့် မျက်နှာ တည့်တည့်ကို... အဲ့ဒီမှာတင်ပဲ အဆိပ်မထုတ်ရသေးတဲ့ ပျားက ဒေါသတကြီးနဲ့ တုပ်ချလိုက်တာ ကျနော့် အပေါ်နှုတ်ခမ်းဖျားကို..။

“အားးးးးးးးးးးး))))))...”

ကျနော် လက်နဲ့ပုတ်ချတဲ့ အထိကို ပျားက ဒေါသတကြီး ခဲပြီး တုပ်ထားပါတယ်.. ပျားတစ်မျိုးလုံးအတွက် အသက်စွန့်ပြီး ကလဲ့စား ချေလိုက်တာထင်ပါရဲ့..။

“ကောင်းတယ်.. ကောင်းတယ်.. နည်းတောင် နည်းသေးတယ်..”
ခင်လေးကတော့ ပျားလေးတွေဘက်ကနေ.. ကျနော့်ကို မုန်းပြီး လက်ခုပ်တီး သြဘာပေးနေပါတယ်..
“အာားးး... အားးရားးရားးး..”
ကျနော်အပေါ်နှုတ်ခမ်းက ခဏချင်းမှာပဲ လေထိုးလိုက်တဲ့ ပူစီဖောင်းလို ဖောင်းပြီး ယောင်တက်လာလိုက်တာလေ.. နာလိုက်တာ..။

“ဟယ်.... ယောင်လာပြီ.. ယောင်လာပြီ.. နင် အဆိပ် တက်တော့မယ်... မေမေ..))) မေမေရေ...)))) ဒီမှာ..”

ခင်လေးက အော်ရင်းဟစ်ရင်း မီးဖိုချောင်ဖက်ကို ပြေးသွားတော့ ကျနော်လည်း ထူအမ်းအမ်းကြီး ဖြစ်လာတဲ့ ယောင်ကိုင်းကိုင်း ကျနော့် နှုတ်ခမ်းကြီးကို လက်နဲ့ အုပ်ပြီး ပြေးလိုက်သွားတော့တယ်..။

ခင်လေး မေမေက “ဟယ်...” ဆိုပြီး အလန့်တကြားနဲ့..
ကျနော့် မျက်နှာကြီးကလည်း လန့်ချင်စရာ အပေါ်နှုတ်ခမ်းကြီး ဖောင်းကားလာလိုက်တာ.. ဝက်ကြီး စိတ်ကောက်ပြီး နှုတ်ခမ်း စူထားသလို..။

ခင်လေး မေမေက ကြင်သွန်ဖြူကို အခွံမြန်မြန်ခွာပြီး ဓါးနဲ့ နှစ်ပိုင်း ဖြတ်ကာ ကျနော့် ပျားတုပ်ထားတဲ့ နှုတ်ခမ်းပေါ်ကို ပွတ်ပါတော့တယ်..
“အ... အ... အာာားးးး.....”
ဖိပွတ်တော့ နာတာပေါ့.. ခင်လေးကလည်း ဘေးကနေ မျက်လုံးလေးပြူးလို့.. ပြီးတော့ ကြက်သွန်ဖြူတွေ အခွံထပ်ခွာပေးနေတယ်..

ကြက်သွန်ဖြူတွေ ပွတ်လိုက်တော့ စပ်ဖျဉ်းဖျဉ်းနဲ့..။ နှုတ်ခမ်းကြီး နီနီရဲရဲ ထော်တက်လာတာကလည်း မိုက်တိုက်ဆန်နဲ့ အပြိုင်ထိုးသတ်ပြီး သူ့လက်သီးစာ မိလိုက်သလို..။

“အဲ့ဒါ နင် ဝဋ်လည်တာ.. နင်သူတို့ အသက်ကို သတ်လို့ နင် ဝဋ်လိုက်တာ..”
ကျနော်သူ့ကို ဘာမှ ပြန်မပြောနိုင်တော့ပါဘူး..။ ပျားတုပ်ဒဏ်ရာက ယောင်ကိုင်းသွားလိုက်ပုံများ အပေါ်နှုတ်ခမ်းက နှာခေါင်းပေါက်တစ်ဖက်ကို ပိတ်လုမတတ်..။ နှုတ်ခမ်းနဲ့ နှာခေါင်း တစ်သားတည်း ပူးကပ်သွားတဲ့ အထိပါပဲ..။ မျက်ရည်တွေလည်း အလိုလို ဝဲနေမိတယ်..။

ကိုယ့်အပြစ်နဲ့ ကိုယ်.. ဘာမှကို မပြောနိုင်တော့ဘူး..
စက်ဘီးလေးကို တွန်းပြီး ခင်လေးတို့ အိမ်ကနေ ဖြေးဖြေးချင်း ပြန်ထွက်လာခဲ့လိုက်တော့တယ်..။

.................... ၄ ....................

အိမ်ရောက်တော့ မေမေက တံခါးဝကနေ ခါးထောက်ပြီး စောင့်နေလေရဲ့..။ သေချာပြီ ခင်လေး ဖုန်းဆက်ထားပြီနေမှာ..။ ရိုက်ခံရဦးမယ် ထင်ပါတယ်..။ မေမေ့ အနားလည်း ရောက်ရော...

“ဟယ်..... သား.. သားလေးရယ်...”
မေမေက ကျနော့်ကို ပြေးဖက်ပြီး မေးစေ့လေးကိုကိုင်ကာ ကျနော့် ထူအမ်းအမ်း ပျားတုပ်ရာကို လက်လေးနဲ့ ပွတ်ကြည့်နေတယ်..။ ကျနော့် မျက်ရည်တွေ ဝဲတက်လာပါတယ်.. ငိုတာ မဟုတ်ပေမယ့် မျက်ရည်တွေ သူ့အလိုလို လိမ့်ဆင်းကြွေကျကုန်တယ်.. ဝမ်းနည်းတာရော နာတာရောပေါ့..။

“သားလေးရယ်.. သားကို မေမေ့လောက် ဆုံးမတာ မေမေပဲ ရှိတယ်.. ဘာလို့ ဒီလောက် ဆိုးတာလဲကွယ်.. ပျားလေးတွေ သူ့ဟာသူ နေနေကြတာကို ဘာလို့ သွားသတ်တာလဲကွယ်.. သူများ အသက်ကို သတ်လို့ အခုလက်တွေ့ ကိုယ်ပြန်ခံရတာပေါ့..”
“........................”

မေမေက ကျနော့် မျက်ရည်တွေကို ဖွဖွသုတ်ပေးရင်း မွေးကင်းစ ကလေးလေးတစ်ယောက်လို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်ပါတယ်..။ ကျနော်မှာတော့ မေမေ့ရင်ခွင်ထဲမှာ ခွေးပေါက်ကလေး တစ်ကောင်လို တအိအိ နဲ့ ညည်းညူရင်း ဝမ်းနည်းနေမိတာ..။

မေမေ့ရဲ့ မေတ္တာဓါတ်တွေနဲ့ မျက်ရည်တွေက ကျနော့်အတွက် နောင်တဆိုတာကို သတိထားမိသွားသလိုပါပဲ..။
ကျနော် ဘာမှ ပြန်မပြောဖြစ်ပါဘူး.. မေမေမျက်နှာလေးကို ကြည့်ရင်း အမှားတွေကို ဝန်ခံနေမိတယ်.. “နောက် မဆိုးတော့ပါဘူး”.. လို့ စိတ်ထဲကနေ ကတိတွေ ပေးနေမိတယ်..။ တံတွေးမျိုချဖို့၊ အသက်ရှူဖို့တောင် အခက်အခဲ ဖြစ်သွားတဲ့ အထိ ယောင်ကိုင်းနေအောင် အဆိပ်တွေ ပျံ့နှံ့နေတာ ကျနော်ဆိုးမိလို့ပါပဲလေ..။

“သားရယ်.. မေမေ စိတ်ပူလိုက်တာ.. ခဏနေ ဖေ့ ပြန်လာရင် ဆေးခန်းလိုက်ပို့ခိုင်းမှ ဖြစ်မယ်.. ပျားဆိပ်နဲ့ဆို အန္တရာယ်များတယ်.. အဖျားတွေဘာတွေ ဝင်တတ်တယ်.. သွားသွား ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေး သွားလဲနေနော်..”
“ဝုတ်.. မွေ့..”

နှုတ်ခမ်းကြီး ယောင်ကိုင်းသွားလိုက်ပုံများ စကားမပြောနိုင်လောက်အောင် ဖြစ်တဲ့အထိ “ဟုတ်.. မေ့..” ဆိုတာတောင် ဗလုံးဗထွေးနဲ့ “ဝုတ်.. မွေ့..” ဖြစ်သွားလေတော့တယ်..။

ကျနော့် အိပ်ခန်းထဲက မှန်ရှေ့မှာ ရပ်ရင်း ကျနော့်မျက်နှာ ကျနော်ကြည့်မိတော့..
ဘယ်လို ဥပမာပေးရမှန်း မသိတော့လောက်အောင် နှုတ်ခမ်းက ထော်လန်ပျံနေပါလား...
မျက်နှာတစ်ခုလုံးလည်း ပူထူ.. ပါးတွေလည်း ဖောလာသလို.. နှာခေါင်းကြီးလည်း ပွယောင်ယောင်.. အပေါ်နှုတ်ခမ်းက နှုတ်ခမ်းမရှိတော့ပဲ အသားပို အဖုလုံးကြီး တစ်ခုလိုကို ဖြစ်နေတော့တာ..။

တော်တော် အဆိပ်ပြင်းတဲ့ပျား.. ပျားကို သတိရမိတော့ ခင်လေး မျက်နှာကိုပါ မြင်ယောင်လာတယ်..
ဒင်းလုပ်လို့ ငါရုပ်ဆိုးရပြီ.. ဟုတ်တယ်.. ဒင်းလုပ်လို့ ငါပျားတုပ်ခံရတာ..
စိတ်တစ်ဖက်က မကျေမနပ်ဖြစ်ပေမယ့် စိတ်နောက်တဖက်က ငါမှားတာပါလေ..
ငါကိုက ဆိုးလွန်း မိုက်လွန်းပြီး သူများ အသက်သွားသတ်မိတာ..
ဒါကြောင့် ငါခံရတာ.. ဘုရားရိုက်တာ.. ဟုတ်တယ်.. ဘုရားရိုက်တာ..။

အရင့်အရင် ကျနော်ဆိုးခဲ့တိုင်း မေမေရိုက်တာကြီးပဲ ခံခဲ့ရတာပါ.. ဒီတစ်ခါ ကျနော် ဆိုးလိုက်ပုံက မေမေတောင် မရိုက်တော့ပဲ ဘုရားကိုယ်တိုင် ရိုက်လိုက်တာပါ..။ ကျနော် သူ့အသက်ကို သတ်မိပြီ.. ကျနော် မှားမိမိုက်မိပြီ.. သေချာပါပြီ ကျနော်က တကယ့် လူဆိုးပါ.. ကျနော့်ကို မသနားကြပါနဲ့..။

ကျနော် နှုတ်ခမ်းကို လက်နဲ့ အုပ်ထားပြီး ဝမ်းနည်းနေမိတယ်.. မျက်ရည်တွေလည်း တွင်တွင်ကျလာတယ်..
မှန်ထဲမှာ ကိုယ့်ကိုကိုယ် ကြည့်ရင်း ပြောနေမိတယ်..
ကျနော် တကယ် နောင်တရပါပြီ..
နောက်ဆို ကျနော် မဆိုးတော့ပါဘူး..
မဆိုးတော့ပါဘူး....
မဆိုးတော့ပါဘူး........

မဆိုးတော့ပါဘူးလို့ ဘယ်လောက်ပဲ ပြောနေ.. ပြောနေ မွေးရာပါ ဗီဇက ဖျောက်ဖျက်မရတော့...
ဒါတွေက နောင်တအတုတွေ ဆိုတာ ကိုယ့်ကိုကိုယ်တော့ သိနေသလိုပါပဲလေ....

(ကိုရင်နော်)

28 comments:

ဖိုးစိန် said...

်တစ်

မွန် said...

သနားပါတယ်
လူဆိုးလေး
ရယ်လဲရယ်ချင်တယ်.. ဝုတ်ျွေ့ဆိုလို့ မိဘတွေကတော့ တော်တော်လဲခ်ျ လက်လဲတော်တော်ယားမယ့် ကလေးလေး
အဲလို ဂျစ်တူးလူလည်လေးတွေဆို ချစ်တယ်

အိန္ဒြာ said...

အင်း..ကိုရင်
ထင်ရတယ်ဟ..
ဘယ်လောက်သောင်းကျန်းမလဲဆိုတာ..

ခင်လေးမက ကြက်သွန်များခွာပေးနေသေးသတဲ့..
ငါသာဆို..
တေဇောဘမ်းပွတ်ပေးလိုက်တယ်...းP

ဇော် said...

မြင်ယောင်ကြည့်နေတာ အူးနော်ရဲ့ ပုံကို။ ခွီးခွီး။
ထမင်းတောင် သီးသွားတယ်။ နောက်ဆို ထမင်းစားရင်း အူးနော်စာတွေရယ် ကိုလူထွေးစာတွေရယ် ဖတ်တာကို ရှောင်မှ။ ဟီးဟီး။

ဖိုးစိန် said...

ဦးနော်သနားပါတယ်...

သားလဲ ပျားတုတ်ခံထိဘူးတော့

ပျားတုတ်ခံရတဲ့ အရသာကို သိတယ်လေ...


ဦးနော်ကလဲ အစလွန်


မခင်လေးကလဲကြောက်လန့်တကြားဆိုတော့

ဦးနော် နှုတ်ခမ်းလေး ထော်သွားတာပေါ့နော်...


ဒီတစ်ခါ ကျနော်လူဆိုးလေးကို သနားသွားတယ်...


ဦးနော် နှုတ်ခမ်းပြီး နီပြီးထော်နေတာကို မြင်ယောင်သနား လို့ 

ချစ်တဲ့

ဖိုးစိန်

မယ်ကိုး said...

ဟုတ်ကဲ့။ ဒီတစ်ခါ လူဆိုးလေး ပျားတုပ်ခံလိုက်ရတဲ့အတွက် ပြင်းပြင်းထန်ထန် နင့်နင့်နဲနဲ သနားသွားပါတယ်။ပျားတုပ်ခံတဲ့အပြင် အပြောလည်းခံရတော့ တော်တော်နာကျင်နေမှာ ...

ဒါပေမယ့် မမခင်လေးက ဝဋ်လည်တာ.. လို့ ပြောတာလည်း မှန်နေပါသေးတယ်။ :P (ချတာနော်... မမခင်လေးရဲ့ ချစ်ညလေးဆိုတော့ နှစ်ဖက်မျှပြောရသေး :P )

ခင်ခင်မင်မင်လေးလေးစားစားချစ်ခင်ခြင်းများများစားစားဖြင့်
:D

ဖိုးစိန် said...

ကြည့်ပါအုံးးးးးး



မမဒါက သားသားဦးနော် ကို တေဇောပန်း ပွတ်မယ်တဲ့လေ...


မမဒါကလေး သားဦးနော်ကို စိတ်ကောင်းမထားဘူး...

သူခမျာ နီပြီးထော်နေတာကိုနော် ဝင်မခံစားပေးနိုင်ကြဘူး...


စိတ်ဆိုးတွားပြီးး မမဒါကို


း))))



ချစ်တဲ့

မျောက်မျောက်

ဖိုးစိန် said...

နောက်တစ်ခါ မုန့်ဟင်းခါး စားဖို့ တော်တော် စဉ်းစားရမယ်...


တော်ကြာ ဦးနော်ကို သတိရနေမှဖြင့်း)


သတိရလို့လာပြန်မန့် တာရယ်...


ဘယ်သူများဦးနော်ကိုတေ ဇောဘမ်းထပ်ပွတ်မလဲ ဆိုတာရယ် လာချောင်းတားးး


ချစ်တဲ့


မျောက်မျောက်

မမသီရိ said...

ဒီ လူဆိုးဆီးရီးစ် တွေ ဖတ်ပြီး
Tom & Jerry ကို သတိရတယ်
ဒီတခါ တော့ မမ တို့ (ကိုရင် Tom)
..
ဒီဇာတ်လမ်းလေးရဲ့ဇာတ်အိမ်ကခါတိုင်းထက်ပို ကျစ်လစ်နေတယ် စာရေးဆရာ ပေါက်စလေးရေ

pandora said...

တော်တော် ဆိုးတဲ့ ကိုရင်
ဆိုးခြင်းရဲ့နောက်ကွယ်မှာ ဘာတွေတွေ့မလဲ
အသစ်တက်တိုင်း လာလာချောင်းပါတယ်

ဝေလေး said...

ဒီတစ်ခါတော့ ဦးနော် သနားပါတယ်။ ပျားတွေဖမ်းပြီး အဲလိုစားလို့ရတာ ခုမှသိတယ်။ ပျားဆိုတာနဲ့ ဝေးဝေးရှောင်တာပဲ... တုပ်ခံထိမှာစိုးလို့...

sin dan lar said...

ဓာတ်ပုံနှင့်တကွ ပြရင်ကောင်းမယ်.. ပုံမြင်ရတော့ ပိုပြီး ကရုဏာသက်မိမှာပေါ့....ဟိဟိ။

အိမ်မှာတုံးက ၂ တန်းကျောင်းသူ တူမလေး ပျားတုတ်ခံရတော့ ငိုတော့မလိုဖြစ်နေတုံး စာအုပ်ထဲဖတ်ဖူးတာ သွားသတိရပြီး "သမီးမငိုနဲ့ ၊ ပျားတုတ်ခံရတဲ့လူက ကင်ဆာရောဂါ မဖြစ်ဘူး တဲ့" ဆိုပြီးပြောတော့ ကလေးက ငိုရမလို ဝမ်းသာရမလိုဖြစ်သွားတာ မှတ်မိသေးတယ်...။

စည်သူ said...

တောင်းတယ်.. တောင်းတယ်..

တားတား အန်တီကို အဲလိုလုပ်လို့ ဖြစ်တာ

တားတားတာ ပျားချိုလို့ကတော့ ဟင်းးးးး

နှာခေါင်းကိုပါ တုပ်ပလိုက်မမှာ... အဲဒါမှ

ပြောတော့ဘူးကွာ.. ဘယ်လိုပုံဖြစ်သွားမယ်တော့မသိဘူး

လေးစားစွာဖြင့်
စည်သူ။

MANORHARY said...

အင်းးးးးဆိုးပ...
ပျားလေးတွေကိုဂုတ်ချိုးသတဲ့
ရက်ရက်စက်စက်
ရုပ်ကလေးနဲ့မှမလိုက်..း))
မျက်ရည်ကျတာဘယ်လိုနေလဲလို့
နောက်မှ ခင်လေးကိုမေးဦးမယ်း))

အိန္ဒြာ said...

မမ..

ရုပ်နဲ့မလိုက် ဟုတ်လား....းD

ကျောပိုးအိတ် said...

ဦးနော်

မဆိုးတော့ဘူးမဆိုးတော့ဘူးနဲ့ နော်။ ဟွန့် ။
ဝုတ်မွေ့ ။

ဟားဟားဟား။

မေဇင် said...

ဦးနော် သနားပါတယ်... ။ နောက်တစ်ခါ မဆိုးတော့နဲ့နော်...း)

MgThaJan said...

အရေးသားကတော့ ညက်ပါပေ့ဗျာ။ ဒီတခါ လူဆိုးလေး ခံရတဲ့အလှည့်ပေါ့။ ပရိတ်သတ် သနားအောင် တခါတလေလည်း ခံပေးဦးမှပေါ့ :D

Moe Myint Tane said...

တကယ်ဆိုပျားက တစ်ခါတည်းကိစ္စတုံးအောင် တုပ်လိုက်ရမှာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုလူထွေး said...

နောက်ဆို မုန့်ဟင်းခါးမစားတော့ဘူး...

းဝ)

မီယာ said...

ရက်စက်တတ်သူကြီးကိုရင် ပျားရည်သောက်ချင်ရင် လက်ဆောင်ပို့ပေးပါ့မယ်... ပျားပိစိလေးရဲ့ ဂုတ်ကိုချိုးစရာမလိုတော့အောင်ပါ

ဖိုးစိန် said...

ဦးနော်


မမဒါ ဦးနော်ကို ကလိသွားပြန်ပီး

ဦးနော် ချောတာကိုပဲ ဟာပဲ ဟာပဲ ကိုဟာပဲနော်။။။။


မမဒါးးးးးးးးးးးးးးးးးးးးး

မမဒါးးးးးးးးးးးးးးးးးးးးးးးးးးးး


ကျေနပ်သေးဖူးနော်းးး

အဟိ

ချစ်တဲ့

မျောက်မျောက်

vista said...

တော်သေးတာပေါ. ဟိုနေရာမတုတ်လိုက်လို. မဟုတ်ရင်မလွယ်ဘူး ..မျက်လုံးပြောပါတယ် .. ဟိဟိ

မေတ္တာရောင်ပြန် said...

ဟီး ဦးနော်နှုတ်ခမ်းကို ပျားတုတ်လို့ ရောင်ပြီး ထော်နေတာကို မျက်စိထဲ မြင်သွားတယ်။ ဟဟဟ

ဒီမိုဝေယံ said...

လာဖတ်သွားပါတယ်။ ကိုရင့်နှုတ်ခမ်းပျားတုတ်နေဆိုပြီး သီချင်းပြောင်းဆိုရမယ်နော်။

ခင်မင်စွာဖြင့်

Anonymous said...

“ဝုတ်.. မွေ့..”
ကိုရင်နော်ရေးတဲ့ ကျနော်လူဆိုး စီးရီးတွေထဲက “ဟုတ်.. မေ့..” ဆိုတာကို အရမ်းသဘောကျတယ်

တာရာ said...

ဘုရား ဘုရား ဒီနေ.ပဲ မုန်.ဟင်းခါးချက်ထားတာ....ဘယ်လိုစိတ်နဲ.စားရမှန်းတောင် သိတော့ပါဘူး... ဦးနော်ကတော့ တကယ်မလွယ်တာပါနော်...ပျားကိုတောင် ဂုတ်ကကိုင် အရည်စုပ်တယ်ဆိုတော့... အမလေးလေး တွေးတောင်မတွေးရဲဘူး.....

မေတ္တာရောင်ပြန်ဆိုတာ said...

ထပ်ဖတ်ပြီး မျက်စိထဲမြင်ယောင်သွားတယ် ဦးနော်။ ပျားကို အဲလိုဖမ်းလို့ ရတယ်ဆိုတာလည်း ခုမှသိတော့တယ်။ ပျားရည်အိပ်လေးက အနောက်မှာကိုး။ ပျားတုတ်ရင် ကြက်သွန်ဖြူနဲ့ ပွတ်ရတယ်ဆိုတာလည်း ခုမှသိတာဦးနော်ရ။
တော်သေးတယ်နော် မုန့်ဟင်းခါးစားပြီးသွားမှ လူဆိုးလေးကို ပျားကတုတ်လို့။ နို့မို့ဆို စားလိုက်ရမှာ မဟုတ်ဘူး။ တချိန်လုံး အရိုက်ခံခဲ့ရပြီး နောက်ဆုံးတော့ ပျားလေးက ဆုံးမပေးလိုက်တယ် ထင်တယ်။ ဦးနော်သနားပါတယ်။

လေးစားလျှက်
ရောင်