Monday, March 15, 2010

ကျွန်ုပ်၊ ကလေးလေးနှင့် အမယ်အို

“ဦးနော်... ဦးနော်..”
“ဟေ... ဟဲ့.. ဟဲ့.. ဘယ်သူလဲ..”
မျက်မှန်ထူထူပေါ် ဖြာကျနေသော နေရောင်အား လက်တစ်ဖက်ဖြင့် အုပ်ကာရင်း အသေအချာ ကြည့်သည်အထိ မည်သူ၊ မည်ဝါ မသဲကွဲသေး။ ဝိုးတဝါးမြင်နေရသည်မှာ မိန်းမငယ်တစ်ယောက်နှင့် အမယ်အိုတစ်ယောက်။

“ဦးနော်.. သမီးလေ.. ကလေးလေး လေ..”
ကျွန်ုပ် အံ့သြဝမ်းသာဖြစ်လွန်း၍ တုတ်ကောက်ကို အားပြုရင်း ထိုင်ခုံမှ ထရပ်လိုက်သည်။
“ဟေ.. ကလေးလေး.. ဟား... သမီးကလေးလေး.. ဘယ်ကဘယ်လို ရောက်လာတာလဲ.. သမီးမေမေခင်ရော..”
အနီးနား လက်တစ်ကမ်းရောက်သည်အထိ ငယ်ရုပ်ဖော်မရလောက်အောင် ကလေးလေးမှာ အပျိုကြီးဖားဖားဖြစ်နေပြီ။

“ဦးနော်.. ဒီမှာလေ မေမေခင်..”
ကျွန်ုပ် မျက်မှန်ကို အသာပင့်ကာ မျက်စေ့ကို ပွတ်ရင်း အသေအချာကြည့်မိပြန်သည်။

“အလိုလေ.. ခင်လေးငယ်..!!!!”

ကျွန်ုပ် မယုံကြည်နိုင်လောက်အောင် အံ့သြသွားရတော့သည်။ ကလေးလေးနှင့် အတူပါလာသော အမယ်အိုကြီး ဆိုသူမှာ အခြားသူမဟုတ် ကျွန်ုပ်၏ ငယ်ပေါင်း ဘော်ဒါကြီး ခင်လေးငယ် ဖြစ်လို့နေသည်။ ဒင်းခမျာ သက်တူရွယ်တူ ကျွန်ုပ်ထက်ပင် များစွာ အိုမင်းရင့်ရော်နေလေပြီ။ ခါးလည်း အတော်ကိုင်း၍ နားလည်း အတော်ထိုင်းပုံပေါက်နေပြီ။ ပါးရည်များ တွန့်လိပ်၍ အသားမှာ မွဲခြောက်ခြောက် ဖြစ်နေပြီ။ ပါးရိုးများ ငေါထွက်၍ မေးစေ့လည်း ချွန်ထွက်နေလေပြီ။ သွားများကျိုးနေသည်မှာလည်း ကျိုးတိုးကျဲတဲနှင့် တောင်တစ်ချောင်း၊ မြောက်တစ်ချောင်း ဖြစ်လို့နေလေပြီ။ သွားများ မရှိတော့သောကြောင့် ပါးနှစ်ဘက်ချိုင့်ဝင်၍ နှုတ်ခမ်းလည်း အတွင်းသို့ လိပ်ဝင်နေလေပြီ။ လည်ပင်းလည်း အနည်းငယ်တိုသွားသည်ဟု ထင်ရလောက်အောင် ပုခုံးနှစ်ဘက်ကြား ပုဝင်နေလေပြီ။ “အော်... ဇရာ.. ဇရာ ခင်လေးငယ် အိုစာသွားလိုက်ပုံများ ငယ်ကလို ပြည့်ဖောင်းဖောင်းမဟုတ် လေလျော့သွားသည့် ပူစီဖေါင်းနှယ်....”

ကျွန်ုပ်ကိုယ် ကျွန်ုပ် အိုသွားပြီဟု ထင်နေသည်မှာ မှားလေပြီ။ ဒင်းနှင့်နှိုင်းလျှင် ကျွန်ုပ်က အလတ်ကြီးရှိသေးသည်။ ကျွန်ုပ်က ဆံပင်အနည်းငယ် ဖြူသွားသည်မှ အပ အသားအရည်လည်း စိုစိုပြေပြေရှိသေးသည်။ မျက်စိမှုန်သည်မှာလည်း ပြောသလောက်မဟုတ်သေးပေ အသေအချာကြည့်လျှင်  မြင်ရသေးသည်။ သွားလည်း အတုမစိုက်စရာ မလို မာလကာသီးတောင် ကိုက်နိုင်သေးသည်။ တုတ်ကောက်ဖြင့် သွားခြင်းမှာလည်း ခြေမသန်၍ မဟုတ် သက်ကြီးစတိုင်ထုတ်ခြင်းတစ်မျိုးသာဖြစ်သည်။ ခါးမှာ မကုန်းသည့်အပြင် ပို၍တောင် မတ်လာသည်ထင်ရသည်။ သေချာသည်မှာ ကျွန်ုပ် အသက်သာ ကြီး၍လာသည် မပျက်စီးသေးပေ။ ငယ်တုန်းကလိုပင် တောင့်တောင့်တင်းတင်းနှင့် ဖြောင့်ဖြောင့်စင်းစင်းကြီးဖြစ်သည်။ အတည်ပြောရလျှင် အရွယ်တင်သည်ဟု ဆိုရမလိုပင်။

“ဟဲ့.. ကိုရင် ငါ့ကို မမှတ်မိလောက်အောင် နင့်နှယ် ကြောင်တောင်ကန်းနေပါပေါ့လား..”
“အေ့ဟေ့ဟေ့... ဟုတ်ပါ့ ခင်လေးရယ်.. နင်တို့ သားအမိရယ် ပျောက်ရန်ကော.. မတွေ့အတော်ကြာလို့ နင့်ကို မနည်းမှတ်မိအောင်ကြည့်နေရတယ်.. တော်သေးရဲ့ မျက်လုံးမှုန်သွားပေလို့ မျက်လုံးများ ကောင်းနေရင် နင့် ကို ငါမမှတ်မိလောက်ဘူး..”
ခင်လေးက အသံပင် တုန်တုန် တုန်တုန်နှင့် အဖွားကြီး အသံ ပေါက်နေလေပြီ။

“ဘာရယ်... မျက်လုံးကောင်းနေရင် မမှတ်မိလောက်ဘူး ဟတ်လား.. ကောင်စုတ် ငယ်အကျင့်က မပျောက်ဘူး စကားပြောရင် အရွဲ့အစောင်းက ပါတုန်း..”
“အေ့ဟေ့ဟေးဟေး.. ဟုတ်ပါ့ ဟုတ်ပါ့..”

ခင်လေးနှင့်တူတာဆို၍ ဒင်းမျက်နှာတွင် မျက်စောင်းတစ်ခုသာ ကျန်တော့သည်။ ဒင်းခမျာ အသက်သာကြီးသွားသည် ငယ်ကျင့်က မပျောက်။ နှုတ်ခမ်းမွဲမွဲကို အနီရဲရဲ ဆိုးထားသေးသည်။ မျက်ခုံးမွေးမရှိတော့သော မျက်ခုံးအား ခဲတံဖြင့် ခပ်ကွေးကွေးမျဉ်းတစ်ခု ဆွဲထားသည်။ နားတွင်လည်း နားကွင်းတစ်ခုက တန်းလန်းဆွဲထားသေးသည်။ ဆံပင်ပွရှုပ်ရှုပ်က ပြောင်းဖူးမွေးနှင့် ဆောက်ထားသော ငှက်သိုက်လို ဖြူတစ်ကွက် ညိုတစ်ကွက်နှင့်။

“ဟဲ့ ကိုရင်.. နင် လေဖြတ်သွားသေးတယ်ဆို ငါတို့ကြားလိုက်သေးတယ်..”
“ဘယ့်နှယ် လေဖြတ်ရမှာလဲ ပေါက်ပေါက်ရှာရှာ မနေ့တစ်နေ့ကတောင် ရွာထဲက ကလေးတွေနဲ့ ဘော်လုံးသွားကန်သေးတယ်.. လေက ဖြတ်ဖို့ နေနေသာသာ လေတောင် မလည်တာ ကြာပေါ့.. အေးဟေးဟေးဟေး..”

“ခိခိ.. ဦးနော်က ရယ်စရာတွေ ပြောတုန်းပဲ... သမီးမှတ်မိတယ်.. သမီးငယ်ငယ်တုန်းကလေ.. ဦးနော် ရန်ကုန်လာတုန်းကလေ သမီးဦးနော့် အရက်ပုလင်းကြီး ဖွက်ထားတာ ဟိဟိ..”
“ဟေးဟေး... ဟုတ်ပါ့ သမီးရယ်... အဲ့ဒီတုန်းက ဦးနော် ငတ်သွားတယ်.. သမီးကလည်း ဆိုးပါ့.. ညည်းအမေကလည်း ဦးနော် မြန်မြန်ပြန်ပါစေ ဆုတောင်းနေတာလေ..”
ပြောရင်း ကျွန်ုပ်၏ ပထမဆုံးအကြိမ် ရန်ကုန်ရောက်ဖူးသော ခရီးစဉ်အား သတိရသွားသည်။  အဲ့ဒီတုန်းက ကလေးလေးက တကယ့် ကလေးလေးရှိသေးသည်။ (တောသားမြို့ကြောက်)

“ကဲ ကဲ ကိုရင် ရှေ့ဟောင်းနှောင်းဖြစ်က နောက်မှ ပြောမယ်.. ကလေးလေး နင့်ဆီလာဖို့ ပူဆာတာက..”
“အေ့.. အေ့.. ဟုတ်ပါ့ရဲ့ ပြောဦး လာရင်းကိစ္စ.. ဘာစိတ်ကူးပေါက်လို့ နင်တို့ သားအမိ ရောက်လာကြတာတုန်း..”

“အာာ... ဦးနော်က မေ့ပြီပေါ့ ဒီနေ့ ကလေးလေး မွေးနေ့လေ အဲ့ဒါ ဦးနော်ကို ကန်တော့မလို့ လာတာ.. နောက် ဘလော့ပေါ်မှာ သမီးမွေးနေ့လုပ်တုန်းက တီတီအိန္ဒြာတို့၊ ဦးဦးကောင်းကင်ကိုတို့၊ ဦးမိုးမောင်တို့ ဦးဦးမိုးမြင့်တိမ်တို့ ဟိုကောင်လေးခရေတွန်တို့ ဘလော့ဂါတွေ အများကြီးပဲလေ ကဗျာတွေ ရေးပေးပြီး ဆုတောင်းပေးတာလေ အဲ့ဒါ သမီးအဲ့ဒီကဗျာတွေ ပြန်လိုချင်လို့ ဦးနော်ဆီမှာ လာတောင်းတာ..”
“ဟေ.. သမီးရယ်.. ဒါများ အင်တာနက်ထဲကနေ ဘလော့ထဲ ဝင်ပြီး ပြန်ရှာလိုက်ရတာပဲလေ...”

“အာ.. ဦးနော်ကြီးကလည်း ကလေးလေးတို့ ရန်ကုန်မှာက အင်တာနက်မှ မရှိတာ..”
“ဟေ.. သမီးရယ် ဟုတ်ရဲ့လား နှစ်ပေါင်းပဲ မနည်းကြာနေပြီ ခုထိ ရန်ကုန်မှာ အင်တာနက်က မရသေးဘူးလား..”
“ဟုတ်တယ်လေ ဦးနော်ရဲ့ အခုဆို ရန်ကုန်က တောမြို့ကြီး ပြန်ဖြစ်သွားပြီ.. အင်တာနက်လည်း မကြည့်ရ၊ မီးလည်းမရ...”

“ကဲ... တော်တော့ ကိုရင်ရယ်.. နင့်ကိုပြောရင် ဘလော့ပြန်ရေးချင်စိတ်ပေါက်သွားမယ်... ပြောမနေတော့ဘူး.. ကလေးလေးလိုချင်တာသာ ပေးလိုက် နင်ပိုစ့်တွေအားလုံး ပရင့်ထုတ်ထားတာ ငါသိတယ်..”
“ကဲဒါဆိုလည်း ကလေးလေးရေ သမီးသာ သွားယူပေတော့ ဟော.. ဟိုက စာအုပ်စင်ပေါ်မှာ ကလေးလေးမွေးနေ့ကဗျာပြပွဲ ဆိုတဲ့ ဖိုင်ရှိတယ်.. အဲ့ဒါသာ ယူသွားပေတော့ သမီးရေ.. ဦးနော် ချစ်တဲ့ တူမလေးလည်း ကျန်းမာပါစေ ချမ်းသာပါစေ လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝ ပြည့်ဝရရှိပါစေလို့ ဦးနော်က ဆုတောင်းပေးလိုက်ပါတယ်နော်..”

“ဟုတ်.. ဦးနော်.. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ..”
“အေအေ.. သာဓု သာဓု သာဓု..” “ဟဲ့ ခင်လေး နင်လည်း ဂရုစိုက်ကွယ် အရွယ်က အချိန်မရွေးခေါက်ကနဲ ဖြစ်သွားနိုင်တဲ့အရွယ်ရောက်နေပြီ.. ကလေးနဲ့ ပြိုင်ပြီး လှချင်မနေနဲ့တော့... ဘုရားတရားလေးဘာလေး လုပ်ဦး..”

“သေနာ.. ဒီအရွယ်အထိ ငါ့ကို အကောင်းမပြောဘူး..”
“ခိခိ.. ဦးနော်နဲ့ မေမေခင်ကတော့ အခုထိကို မတည့်ကြဘူး..”
“..................................”

(ကိုရင်နော်)

ချစ်တူမလေး ကလေးလေးရေ..
Happy Birthday နော်..Photobucket
ဒီနေ့ (၁၅-၃-၂၀၁၀) နေ့မှာ ကျရောက်တဲ့ သမီးကလေးလေးရဲ့မွေးနေ့ကို အပျော်သက်သက် အမှတ်တရ ရေးလိုက်ပါတယ်နော်..။ ဦးနော်လည်း မအားဘူးကွယ်။ ခရီးတွေ ထွက်နေတာနဲ့ အရင်လို စာတွေအများကြီး မရေးဖြစ်ဘူး။ သမီးမွေးနေ့ နှုတ်ဆက်ချင်လို့ နောက် သမီးမွေးနေ့မှာ ပျော်သွားအောင် မြန်မြန်ကောက်ရေးလိုက်ရတယ်။ မနှစ်က ကဗျာလေးတွေ ပြန်သတိရအောင် ပြန်ဖတ်ဖြစ်အောင် သတိပေးတဲ့ သဘောပေါ့ သမီးရယ်။ မနှစ်ကလို မွေးနေ့ပွဲလေး မလုပ်ပေးဖြစ်တော့တာ ဦးနော်တို့ မအားလို့ပါကွယ်။ သမီးမေမေခင်လည်း မအားဘူးထင်ပါတယ်.. ဦးနော်နဲ့လည်း အဆက်အသွယ်ပြတ်နေတယ်။ ဒီပိုစ့်ထဲမှာတော့ သမီးမေမေခင်ကို ရန်စလိုက်တယ် ဆိုပါတော့ စာမရေးတာ ကြာနေတဲ့ ဒင်းကို ပြန်ရေးအောင် ကလိလိုက်တာပါကွယ်။ သမီးကျန်းမာရေးဂရုစိုက်ပါနော်။ တူမလေး ပျော်ရွှင်ပါစေ..။

ချစ်တဲ့
(ဦးနော်)

မေချစ်တဲ့ သမီးကလေးလေး
သမီးနှလုံးလေး တစ်ချက်ခုန်လိုက်တိုင်း နေ့သစ်အတွက် တောက်ပမယ့် အလင်းလေးက ပြေးပြီး ပွေ့ဖက်ချင်လွန်းလို့ပေါ့.... သမီးဝင်သက်လေငွေ့ငွေ့လေး တစ်မျှင်ဟာ နေ့သစ်ကိုကြိုဖို့ ခွန်အားများစွာကို ပေးချင်လို့တဲ့လေ... သမီးထွက်သက်လေးကို မှုတ်အထုတ်မှာ ခြေလှမ်းသစ်အတွက် နေ့အဟောင်းလေးက လည်တွေတောင် စင်းပေးလို့နေပြီ... သမီးမျက်ဝန်းက မျက်တောင်လေးအခတ်ဟာ ပန်းလေးတွေကို ငေးလို့.. ငှက်လေးတွေကို မော့ကြည့်ဖို့လေ သမီးရယ်... သမီးဆံနွယ်လေးတွေ သပ်အတင်မှာ သမီးဆီ သယ်ဆောင် ယူလာမဲ့အရာဟာ လတ်ဆတ်ခြင်းတွေပေါ့... သမီးလက်ကလေး အလွှဲမှာ ပန်းလေးတွေက အလုအယက် ပြုံးပြကြဖို့ ကြိုပြီးမြူးနေကြပြီလေ... သမီးခေါင်းလေး အဆတ်မှာ ငှက်ကလေးတွေက တေးဆိုချင်လွန်းလို့ စောင့်နေရင်း ငိုမဲ့မဲ့လေးတွေတောင် ဖြစ်နေကြပြီ... သမီးခြေလှမ်းလေး ဖွဖွအချမှာ စမ်းချောင်းလေးက ရေအေးလေးတွေ ပြေးစီးလာဖို့ အရှိန်တွေတောင်ယူလို့... သမီးရယ်သံလေးတစ်စမှာ ကဗျာလှလှလေးတွေက ခုန်ပေါက်ပြီး ကောင်းချီးသံတွေ ညံချင်လွန်းနေပြီ... ကြိုလင့်နေတဲ့ နွေးထွေးတဲ့ လောကအိမ်ထဲမှာ သမီးကိုချစ်တဲ့ သူတွေအများကြီး စောင့်လို့နေကြရောပေါ့... ဟော... ကြည့်စမ်း..!! နေ့သစ်ရဲ့ ရောင်ခြည်လေးတွေတောင် သမီးပါးလေးတွေပေါ်မှာ ဝဲဖြာကျလို့....။

ကဲ... ချစ်စရာ မေ့ သမီး အိတ်ပုတ်မလေးရယ် မေ Birthday kiss လေး ပေးမလို့ မြန်မြန် ထ... ပါတော့...!!

သမီးကိုချစ်တဲ့
(မေမေခင်)

38 comments:

ဒဏ္ဍာရီ said...

ကလေးလေးကို ကြားဘူးနေပေမယ့် ပိုစ့်အဟောင်းလေးတွေ (မွေးနေ့ပိုစ့်) မဖတ်ဘူးသေးဘူး ဦးနော်. ... အခု သွားပြီး ဖတ်လိုက်အုံးမယ်။

အသက်တွေသာ ကြီးသွားတယ် ဒီပိုစ့်ထဲက ဦးနော်နဲ့ မမခင်လေးက ခုထိ မတည့်ကြသေးဘူး။ ကလေးလေး ပြောတာပဲ သဘောကျတယ်။ အခု ရန်ကုန်မြို့ကြီးက တောဖြစ်သွားပြီး အင်တာနက်တောင် မရှိတော့ဘူးတဲ့။ တဖြည်းဖြည်း တိုးတက်လာတဲ့ သဘောပေါ့နော်။း)

မမခင်လေးရဲ့ မွေးနေ့ဆုတောင်းလေးက အရမ်းကို လှပတဲ့ စကားလုံးလေးတွေကို ရေးဖွဲ့ထားလိုက်တာ။ လေးစားပါတယ် မမရေ..။

ဒီဘလော့လေးထဲက ကလေးလေးရဲ့ ဒီနေ့ကျရောက်တဲ့ မွေးနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လှပတဲ့ ဘ၀ရဲ့ အနာဂတ်များစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်ပေးလိုက်ပါတယ် ကလေးလေးရယ်။

ခင်မင်လေးစားလျှက်

ဝက်ဝံလေး said...

ကိုင်း ကိုင်း ဓားပြဂျီး ကိုရင်နော်ရေ လာလည်ကာမှ မွေးနေ့နဲ့တိုးနေတယ် ဘာမှလဲ မစားရပါလား ဟိ

ကလေးလေးရေမွေးနေ့မှာ ပျော်ရွှင်ပါစေနော်

မေလေး said...

ကလေးငယ်လေး Happy Birthday !!!!!!!!

ကျောပိုးအိတ် said...

ကလေးလေးရေ

ဟတ်ပီဘတ်ဒေးပါရှင့်။
မွေးနေ့ မှာ အများကြီးပျော်ရွှင်ပါစေလို့  မမပိုးက ဆုတောင်းပေးလိုက်ပါတယ်။

မေမေခင်ရဲ့ မွေးနေ့ ဆုတောင်းလေးက လှလွန်းလို့  အသက်ရှုရပ်မတတ်ဘဲ။ ချစ်ခြင်းမေတ္တာတွေ များလွန်းလို့ လေ။

ဦးနော်ကတော့လေ
မေမေခင်က ပြောထားတာ အမယ်အိုဆိုပါ့လား။
း) ပျော်စရာကောင်းတဲ့ ဦးနော်က မေမေခင် ကိုစသွားတဲ့ ဇာတ်လမ်းတွေကို ရယ်မောသွားပါကြောင်း။

ပျော်ရွှင်သော နေ့ ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေရှင်။

ခင်တဲ့
ပိုးပိုး
း)

မိုးမောင် said...

တစ်နှစ်ဆိုတဲ့အချိန်က ဖြုတ်ကနဲကို ပြန်ရောက်လာတာပဲ။ မနှစ်က ကဗျာတွေ ၀တ္တုတွေ ၀ိုင်းရေးပေးကြတာကို သွားသတိရတယ်။ ကလေးလေးတင် တစ်နှစ်ထပ်ကြီးတာမဟုတ်ဘူး။ ကျနော်တို့ အားလုံးအသက်တွေ ထပ်တိုးလာပြီ ကိုရင်ရေ။ ဒါပေမယ့် ရုပ်ရည်ရူပကာ ထိန်းသိမ်းနိုင်တာချင်းတော့ နောင်ကြီးနဲ့ကျုပ် အတော်တူတယ်ဗျာ။ မခင်လေးငယ် မျက်စောင်းထိုးမယ်ဆိုလည်း ထိုးချင်စရာပါပဲ...
ကျုပ်တို့ရဲ့ မွေးရာပါရုပ်ဖြောင့်တာကြီးကို ဘယ့်နှယ့်လုပ်ရပါ့ဗျာ။ အဟေး...။

မနှစ်က ဒီလိုအချိန်လေးကို ပြန်သတိရရင်းနဲ့ ကလေးလေးကို Happy Birthday လို့ တခါတည်း နှုတ်ဆက်ခဲ့ပါတယ်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ....။

မေဇင် said...

ပျော်စရာတွေ ပြောတတ်တဲ့ ဦးနော် နဲ့ ချစ်စရာကောင်းတဲ့ မေခင်တို့ရဲ့ ချစ်သော ကံကောင်းတဲ့ ကလေးလေး ... ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေ...။း)

Anonymous said...

ံကလေလေး အတွက် မွေးနေ့ လက်ဆောင်ဇာတ်လမ်းလေးကို ဖတ်
ရင်း.......

Happy Birthday ပါ ကလေးလေးရေ
မွေးနေ့ မှ သည် နောင်လာမယ့် မွေးနေ့ ပေါင်းများစွာ
ရောက်တဲ့အထိ ပျော်ရွှင်စရာကောင်းသော အမှတ်တရတွေကို ချစ်သောသူအားလုံး နဲ့ တူတူကျော်ဖြတ်နိုင်ပါစေလို့ .....

ချစ်ကြည်အေး said...

မင်္ဂလာရှိသော၊ ပျော်ရွှင်ဖွယ် မွေးနေ့ပါ ကလေးရေ...ကိုရင်နော်ရော၊ မခင်လေးပါ တမျိုးစီ အရေးကောင်းကြတယ်...ဟိုတခေါက်က လင့်ခ်မယူသွားခဲ့ရလို့ လာပြန်ယူသွားတယ်နော်....:)

ခင်လေးငယ် said...

ဟဲ့ ..... ငရင်နော်... သေနာကောင်... ကာလနာ... မြွေပွေးကိုက် ....

င့ါသမီး မွေးနေ့မှာ ငါ့ကို အလှဆင်ထားလိုက်ပုံများ လန်ပျံထွက်နေတာပဲ...င့ါကိုများ ရေးထားလိုက်တာ ပယ်ပယ်နယ်နယ်.... နင်လုပ်မှ ငါလည်း အခုပဲ ခေါက်ခနဲ သေတော့မလို အဖွားအိုကြီးကို ဖြစ်လို့... ငါမအားလို့ အခွင့်ကောင်းယူပြီး ငါ့ကို နှိပ်ကွပ်တဲ့စာတွေ နင်ရေးထားဦးပေါ့... ငါအားလို့ကတော့ သေပြီသာမှတ်...

ပရိပ်သတ်ကြီးရေ........ ဒင်းပြောတာတွေ မယုံနဲ့ဗျို့ ...
ဒင်းကမှ ဂလန်ဂလား... အရိုးအပြိုင်းပြိုင်းနဲ့ ပုဆိုးသိုင်းမူးနေတဲ့ ကောင်... နဖူး ပြောင်ပြောင်နဲ့ ရူးကြောင်ကြောင်ဆိုတာ သူ့လိုကောင်ပေါ့.... တွေ့ဘူးကြတယ် မှလား အဲလို ပိန်ညှောင် ကုန်း ချိ နဲ့ ဒယိမ်းဒယိုင် ရှုနာ ရှိုက်ကုန်း ရောဂါသည် တောသား အဖိုးအိုရုပ်မျိုး...။

ဒင်းရေးတာ ချင့်ယုံတော်မူကြပါကုန်........

သမီးကလေးလေးရေ........ မေ့ ဖုန်းဆက်မယ် သိလား... အာဘွားနော်........။

ကိုရင်နော် said...

((((( တိန် ..... !!! ..... )))))

ဘွားတော် ခင်လေးငယ်၏ ကွန်မန့်အား ဖတ်ပြီးသကာလ ကျွန်ုပ် ခေါင်းကိုကုတ်၍ ဇက်ကို ပုထားမိလေတော့သည်...။
း)))

လုလု said...

ပျော်ရွှင်သောမွေးနေ့ပေါင်းများစွာကို ချစ်သော ဦးနော်၊ မေမေခင်တို့နဲ့ တူတူ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေနော်။
လေးငယ်လည်း အရင်တုန်းကလိုပဲ နုပျိုလန်းဆန်းနေတုန်းပဲ။ ဦးနော်က လေးငယ်ကို ချစ်စဖွယ် နောက်ပြောင်ထားတာလည်း ဖတ်ရင်း ကြည်နူးမိပါတယ်။ ကလေးလေးရော လေးငယ်ရော စာတွေ ရေးကြပါဦးနော်။
ချစ်ခင်စွာဖြင့်
လုလု

Kaung Kin Ko said...

Happy Birthday ပါ ကလေးလေးရေ။ အရင်နှစ်က မွေးနေ့ လေးကိုတောင် သတိရသွားတယ်။

sweetpeony said...

happy birthday kalay lay!!! :)

like the way U naw n T nge greet each other!!
he heee...
cant type mm font!!!!!!
;(
sad~~

jr.လွင်ဦး said...

မွေးနေ့ ပို့စ်လေးက ကြည်းနူးပျော်ရွှင်ဖွယ်။
ပျော်ရွှင်ဖွယ်မွေးနေ့ပါ ကလေးလေးရေ..

ခင်မင်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy Birthday ပါနော် ကလေးလေးရေ..
ကိုရင်နော်ရဲ့ အလှဖွဲ့က ပီပြင်လွန်းလို့ မခင်လေးငယ်ရဲ့ ရုပ်ကို
ကွက်ကွက်ကွင်းကွင်း ကို မြင်ယောင်လာမိစေတယ်..
မပြုံးဘဲ မနေနိုင်အောင်ပါဘဲရှင်....
မခင်လေးငယ်ကျတော့ နုနုညံ့ညံ့ စာသားလေးတွေနဲ့
သိမ်မွေ့တဲ့ ခံစားချက်လေးကို ဖော်ကျူးထားတယ်..
၂ယောက်လုံးကို တော်လွန်းလို့ လက်ဖျားခါ ချီးကျူးမိပါတယ်ရှင်...

သဒ္ဓါလှိုင်း said...

ဦးနော်ရေးထားတာကွက်ကွက်ကွင်းကွင်းကိုမြင်ယောင်သွား
မိတယ်။
ကလေးလေးရဲ့မွေးနေ့မှစပြီး နောက်နှစ်ပေါင်းများစွာအထိ
စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုရာဆန္ဒပြည့်ဝပါစေလို့ဆုမွန်
ကောင်းတောင်းလိုက်ပါတယ်။
မမခင်လေးရဲ့စာအရေးအသားကလည်းဖတ်လို့ကောင်း
လိုက်တာ။
ခင်တဲ့
သဒ္ဓါ

Craton said...

Happy Birthday, ချစ်ဆုံးမမ!!!!!!!!!!!!!!

Craton said...

ဖုန်းဆက်လို့လည်း ရဘူး မမရေ..
ဘာဖြစ်တယ်မသိ။ ညစ်လာပြီ။ ဖုန်းဆက်ပြီး ကိုယ်တိုင်ပြောချင်တဲ့ဟာကို ။ voice mail ထားခဲ့တယ်နော်။ မွေးနေ့မှာပျော်ရွှင်ပါစေ..............

အိန္ဒြာ said...

တစ်နှစ်တဲ့

မြန်လိုက်တာ...

အချစ်တွေ မနှစ်ကအတိုင်းပဲ မပြောင်းမလဲပေါ့ သမီးလေး....

+++++++++++++++++++++

ခင်လေးရယ်...
ငါ့မောင်လေးများ ပြောရက်လိုက်တာ
ဒီလောက်လဲမဟုတ်ပါဘူး..
ခွေးကျွေးလို့ ၀က်မစား သရဲ ၃ ရက် ဖျားရုံ လောက်ကလေးကို..းP

အိန္ဒြာ said...

ကျန်ခဲ့တယ်

ငရင်နော်...
ဂျပန်မှာ မယ်ဗမာရွေးရင် ပြိုင်ဘက်မရှိမယ့် ငါ့ညီမလေးကို ပြောတာဆိုတာဆင်ခြင်ပါ

Moe Myint Tane said...

ကလေးလေးရေ

" HAPPY BIRTHDAY '

ဘာလိုလိုနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ကာလလေးကို ဖြတ်သန်းကြီးပြင်းခဲ့ပြန်ပြီပေါ့ သမီးရေ။နောက်နောင် နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဖြတ်သန်းစီးဆင်းနိုင်ပါစေလို့ ဦးဦးမွေးနေ့ဆုတောင်းပေးပါတယ်။ သမီး ဦးရင်နော်က မွေးနေ့မလုပ်ပေးနိုင်တာကို စိတ်မကောက်နဲ့နော် သမီး။ သူ့ခမျာ ယောကျာ်းယူဖို့ လုံးပန်းနေရလို့ပါ သမီးရေ။ သမီးမေမေခင်ကတော့ သိတဲ့အတိုင်းဘဲလေ။ ပါးရေ နားရေတွေ တွန့်ပြီး အဖွားကြီးဖြစ်နေပြီဆိုတော့ သူ့ခမျာ စာမရေးနိုင်ရှာလို့ပါကွယ်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ဝေလေး said...

HAPPY BIRTHDAY!!!..

ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေ ကလေးလေးရေ။

မေ့သမီး said...

မနှစ်ကတုန်းကမွေးနေ့ဖိတ်တာလေးကို သတိရတယ်။ တနှစ်ဆိုတာ မကြာလိုက်သလိုပဲနော်။ Happy Birthday ပါ ညီမကလေးလေးရေ။ ဒီနှစ်မွေးနေ့မှသည် နှစ်ပေါင်းရာချီပျော်ရွှင်သောမွေးနေ့များကို ဖြတ်ကျော်နိုင်ပါစေနော်။

ကလေးလေး said...

ဦးနော်နဲမေ့ အရမ်းကိုချစ်ရပါတယ်..ကလေးလေးမွေးနေ့
ကိုမမေ့ဖဲသတိတရလုပ်ပေးလိုကျေးဇူးလဲတင်ပိုပြီးလဲချစ်ရပါတယ်..ဖုန်းထဲနေကမွေးနေ့ wish လုပ်ပေးတာပျော်လွန်းလိုမျက်ရည်ကျရပါတယ်..မေရဲ့အရမ်းကိုနူးညံနဲစကားတွေကြောင့်ခွန်အားတွေရလာတယ်..ဦးနော်ရဲ့ပျော်ဖိုကောင်းတဲ့အရေးအသားကြောင့်ကလေးလေးစိတ်တွေပေါ့ပါးလွတ်လပ်သွားခဲ့ရတယ်.. thank ပါနော်

ကလေးလေး said...

ဦးပေါ်နဲအစုတ်ပလုပ်ခရေတွန် ဖုန်းထဲကနေမွေးနေ့
wish တာကျေးဇူးပါနော်..မွေးနေ့အတွက်မန့်ပြီး
ဆုတောင်းပေးတဲ့သူတွေအားလုံးကိုလဲကလေးလေးကကျေးဇူးအထူးတင်ပါကြောင်း..အားလုံးကိုလဲအရမ်းသတိရပါ
ကြောင်း..အခုတလောနေမကောင်းဖြစ်နေလိုကျေးဇူး
တင်ပိုစ်မရေးနိုင်တာခွင့်လွှတ်ပေးကျပါ...အားလုံးအမြဲ
သတိရနေပါတယ်..
ဦးနော်.မေမေခင်.ကလေးလေး

မင်္ဂလာပါ .... said...

ရောက်လာပါတယ် ...
ဖတ်လိုက်ရတာ ကြည်နူးချမ်းမြေ့စရာပါပဲ
မွေးနေ့ရှင်သမီးလေး Happy Birthday ပါကွယ်
အန်တီနှင်းဟေမာ

မိုးခေတ် said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ...
ကလေးလေး ရေ....
Happy birthday to u , baby !!

မိုးခေတ် said...

သြော်...ဒီမှာပဲပြောခဲ့လိုက်တော့မယ်...
လင့်ခ်ချိတ်ထားပါရစေ...ဦးနော်..ရေ...
နောက်လဲ လာလည်ပါဦးခင်ဗျာ ။

အစဉ်အားပေးလျှက်......

ကိုလူထွေး said...

ဟက်ပီး ဘလွတ် ဒေးပါ ကလေးလေး..
နောက်တောင်ကျနေပြီ...

ရန်ကုန်မှာ မီးမရသေးတာတော့ ဆိုးတယ်ဗျာ...

းဝ)

မယ့်ကိုး said...

ကလေးလေးရေ....


နောက်ကျမှ မွေးနေ့ဆုတောင်းပေးမိလို့ စိတ်မကောင်းဘူးတကယ်။
ကလေးလေးရဲ့ ပျော်ရွှင်ဖွယ်မွေးနေ့မှ အစ ရာသက်လုံး လိုတရပျော်ရွှင်ငြိမ်းချမ်းပါစေနော်။

khin oo may said...

့happy birthday ကလေးလေး။

khin oo may said...

အသစ်ကိုချိတ်တာ အဲသလိုဖြစ်နေတယ်။ Could not detect a feed for this URL. Blog posts and update time will not be shown. Add URL anyway?
ဘာဘဲဖြစ်ဖြစ်ဆိုပြီးတော့တော့ချိတ်လိုက်တယ်။ ပေါ်မပေါ်တော့မသိ။

ကိုလူထွေး said...

ဒေါ်ကွန့်ဆိုပြီး ကလေးလေး ပြန်ဖြစ်သွားပြီလား...

းဝ)

Ree Noe said...

happy birthday ပါ
ကလေးလေးရေ

မေကျော် said...

း))))))

Angel Shaper said...

ခစ်ခစ်.....
ကလေးငယ်ငယ်လေးးးးးးးးးးးးး
ဟက်ပီဘတ်ဒေးးးးးးးးးးးးးးးးးးးးးးးးးးးးးးနော်။
အောင်မြင်ပျော်ရွှင်ပါစေ။

မြသွေးနီ said...

Happy Belated Birthday ပါ ကလေးလေးရေ။

ခင်မင်စွာ..
မြသွေးနီ

Unknown said...

ကလေးလေး...
Happy birthday ပါနော်...။
နောက်ကျသွားပေမယ့်မွေးနေ့ ဆုတောင်းလေးပေး
ချင်လို့ ရေးဖြစ်အောင်ရေးခဲ့ပါတယ်..။
ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်သွားခဲ့ပြီနော်..
အရာရာအတွက်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်..။
ကလေးလေးဆိုတဲ့နာမည်ကြားတိုင်းရင်ထဲမှာမကောင်းဘူး
တစ်ချိန်က ကိုယ့်ကြောင့်နာကျင်ခဲ့ရတဲ့ကောင်မလေး..
အခုတော့ဘ၀သစ်မှာပျော်နေမယ်လို့ မျှော်လင့်တယ်..
ကလေးလေးကျန်းမာလို့ ပျော်ရွှင်ပါစေလို့ 
ဒီကနေပဲဆုတောင်းပေးလိုက်တယ်နော်...
(ရင်ထဲကလာတဲ့စကားတွေပါ..ယုံပေးပါ)